Tuesday, August 13, 2013

သတိရခြင်းများစွာ....

                                                             


သူသည်သင်တန်းဆင်းပြီး(၄၈)ရက်တွင်ဒဏ်ရာရသူဖြစ်၏။သူသည်စစ်ဆင်ရေးတွင်(၁၇)ရက်တာဝန်ထမ်းဆောင်ပြီး ဒဏ်ရာရသူဖြစ်၏။ သူသည်အလုပ်သင်ဗိုလ်ထဲတွင်ပထမဆုံးကိုယ်အင်္ဂါစွန့်လွှတ်ရ
သူဖြစ်၏။တနည်းအားဖြင့်သူသည်သင်တန်းပြီးဆုံး၍ခြေလျင်တပ်ရင်းတွင်တစ်နှစ်တိတိ အလုပ်သင်
ဗိုလ်အဖြစ် တာဝန်ထမ်းဆောင်ရမည်ဟူသောကာလကန့်သတ်ချက်မပြည့်မီ ဒဏ်ရာရခဲ့သူဖြစ်ပါ၏။

သူငယ်ချင်းအချို့ကအေပရယ်ကျောင်းဆင်း၊မေမိုင်းနင်းဟုချစ်ခင်စွာကျီစယ်ကြလေ၏။တာဝန်ထမ်းဆောင်စဉ်ကာလအတွင်းတိုက်ပွဲတွင်ကျဆုံးသွားနိုင်သည်ဟူသောအတွေးရှိခဲ့ပါသည်။ ထိုပြင်ကျေနပ်
ဖွယ်ရာတာဝန်ထမ်းဆောင်နိုင်ခြင်းမရှိသဖြင့် ပြန်တမ်းဝင်အရာရှိအဖြစ်ခန့်အပ်ရန်မသင့် ဟူသော
မှတ်ချက်ဖြင့်ဗိုလ်ဖြစ်ခွင့်ဆုံးရှုံးနိုင်ကြောင်းသုံးသပ်မှုရှိခဲ့ပါ၏။သို့သော်ယခုလို ကိုယ်အင်္ဂါဆုံးရှုံးသွား
နိုင်သည်ဟူသောအတွေးမျိုးတစ်ခါဘူးမျှမတွေးခဲ့ကြောင်းသူဝန်ခံပါ၏။

ဒဏ်ရာမရမီတစ်ပတ်လောက်ကဖြစ်သည်။သူ့စိတ်ထဲမှာ တခုခုဖြစ်တော့မည်ကိုသိနေသလိုခံစားမှု
တွေပေါ်ပေါက်ခဲ့သည်ကိုမည်သူ့ကိုမျှဖွင့်မပြောခဲ့။သူ့အိပ်ရာဘေးကဆက်သွယ်ရေးဆရာကို ကွန်လုံ
ဆေးရုံရှိရာနေရာကိုလိုက်ပြပေးဖို့တောင်းဆိုခဲ့သည်။အကြောင်းတိုက်ဆိုင်မှုလည်းမရှိ၊စကားအဆက်အစပ်လည်းမရှိပါဘဲသူ၏တောင်းဆိုမှုကိုဆရာမြသိန်းကနှစ်လိုခြင်းမရှိခဲ့ပါ။သည်နောက်မိုင်းထိမှန်
ဒဏ်ရာရသူတယောက်မည်သို့ခံစားရနိုင်သလဲဆိုသည့်စိတ်ကူးဖြင့် အိပ်ရာထဲတွင်လူးလှိမ့်အော်ငြီး
ကြည့်ခဲ့ဘူးပါ၏။လုံခြုံရေးခရီးတွင်ဝန်တင်လားသည်ဒူးတုပ်ထိုင်ချပြီးခရီးမဆက်ရန်တောင်းဆိုခြင်းသည်ပင်တိုက်ဆိုင်မှုဟုမဆိုသာ။

ထိုစဉ်ကတော့သူသည်စိတ်ထဲမှာပင်အမှတ်မထားခဲ့။နောက်တချက်ရှိသေးသည်။ဒီတချက်ကိုလည်းယနေ့ထိတိုင်သူမည်သူ့ကိုမျှမယိုးစွပ်ခဲ့ပါ။ကံတရားသည်သူ့အပေါ်အငြိုးကြီးကြီးဖြင့်ရိုက်နှက်ခဲ့သည်ဟုနှစ်သိမ့်နိုင်ခဲ့ပါသည်။ဆိုရိုးဟောင်းပင်ဖြစ်သော်လည်းဘယ်တော့မှမမှားသည့်အရင်လို၊လမ်းအိုလိုက်ဆိုသည့်စကားနှင့်လူစားထိုးမလိုက်လေနှင့် ဟူသောစကားနှစ်ခွန်းဖြစ်ပါသည်။ပြုသူအသစ်၊ဖြစ်သူအ
ဟောင်းဟုသာမှတ်ယူခဲ့ပါသည်။တကယ်တော့သူသည်မနူးမနပ်လေးသာဖြစ်၏။ဒီအတွက်ပေးဆပ်ခဲ့ရသောတန်ဖိုးကကြီးမားလှပေစွ။

ပြီးခဲ့ပါပြီ။ အားလုံးပြီးဆုံးခဲ့ပါပြီ။ အဓိကနှင့်အခြေခံအကျဆုံးအချက်မှာသူ၏ပေါ့လျော့မှုဖြစ်သည်။
သည်အတွက်လည်း ဒီနေ့အထိဘယ်သူဘယ်ဝါ၏ပယောဂကြောင့် သူ့ဘဝဆုံးရှုံးနိမ့်ပါးရလေခြင်း
ဟူသောနောင်တမရခဲ့ပါ။ ငါသာလျှင်ငါ့ဘဝ၏အရှင်သခင်၊ငါသာလျှင်ငါ့ဘဝ၏မာလိန်မှူး ဟူ
သော]အနိုင်မခံ}ထဲကဆိုရိုးအတိုင်းစိတ်ဓါတ်ကြံ့ခိုင်စွာဘဝကိုရင်ဆိုင်ခဲ့ပါ၏။ယနေ့အထိတစ်ဦးတစ်
ယောက်ကိုမျှမကျေမနပ်စကားမဆိုခဲ့ဘူးပါ။ဒါသည်ပင်သူ၏သစ္စာဖြစ်ပါသည်။

တရားသံဝေယူတတ်လေမူသင်္ခါရတရားကိုဆင်ခြင်နိုင်ကောင်းပါ၏။ဆေးရုံသို့လာပြီးစိတ်ဓါတ်မကျ
အောင်အားပေးရှာသောသူငယ်ချင်းများရှေ့တန်းရောက်ပြီးရက်ပိုင်းအတွင်းကျဆုံးသွားကြသည်။သူ့
နားကိုပင်မယုံချင်လောက်အောင်လက်သင့်မခံချင်ဘဲလက်သင့်ခံပေးနေရသည်။သူမှတ်မှတ်သားသားအရှိဆုံးသူငယ်ချင်းသုံးဦးရှိသည်။ ပဌမတယောက်က သန်းထွန်း။ဆေးရုံသို့ လာနှုတ်ဆက်ရင်းသူ
တာဝန်ကျရာဒေသသည် တိုက်ပွဲတို့ဝေးသောနယ်မြေဟုကျေနပ်အားရစွာပြော၏။ သို့သော်သူသည်
အရာရှိဖြစ်ပြီးရက်ပိုင်းအတွင်းထိုကျည်လွတ်မြေ၌ပင်ရန်သူ့ကျည်ဆံထိမှန်ကျဆုံးသွားသည်။ပြန်တမ်းဝင်အရာရှိခန့်အပ်ပြီး ဦးဆုံးကျဆုံးသွားသူမှာသန်းထွန်းဖြစ်သည်။

နောက်တစ်ဦးကကိုစိုးလွင်။သင်တန်းတူတူတက်သောသူငယ်ချင်းတွေမို့တစ်ယောက်နှင့်တစ်ယောက်
ပြောမနာ၊ဆိုမနာမင်း၊ငါဟုရင်းရင်းနှီးနှီးသုံးနှုံးခေါ်ဝေါ်ကြသော်လည်းသင်တန်းသို့တပ်ထဲမှဝင်လာသူ(၆)ဦးကိုမူဝါကြီးသူများမို့လေးလေးစားစားရှေ့ကကိုတပ်ခေါ်ကြသည်။ကိုစိုးလွင်သည်ရဲဘော်သစ်သင်တန်းကျောင်းမှတစ်ဆင့်သတင်းပို့လာသူဖြစ်သည်။သူ၏အသားဆွတ်ဆွတ်ဖြူနေပုံမှာပိုးဟတ်ဖြူတစ်ကောင်နှင့်ပင်တူလွန်းလှသည်။စကားနည်းပြီးအနေအေးသူဖြစ်၍အားလုံးကချစ်ကြလေသည်။ကိုစိုးလွင်မှာအလုပ်သင်ဗိုလ်အဖြစ်အခြားတပ်ရင်းတွင်တာဝန်ကျခဲ့ပြီးဒုဗိုလ်ဖြစ်မှသူတာဝန်ကျရာတပ်သို့ပြောင်းရွှေ့လာသူဖြစ်သည်။

၁၉၇၇ခုနှစ်၏တစ်ခုသောအောက်တိုဘာနေ့တစ်နေ့တွင်သူရှိရာဆေးရုံသို့ကိုစိုးလွင်ရောက်လာသည်။သူနှင့်အတူကိုမြင့်အုန်းလည်းပါလာသည်။နှစ်ယောက်စလုံးရန်ကုန်သားတွေမို့ခွင့်ရက်တူတူစီစဉ်ပြီး
ပြန်လာကြခြင်းဖြစ်မည်။ကိုမြင့်အုန်း၏မိခင်မှာဒဿနိကဗေဒဌာနမှဆရာမကြီးဒေါ်ကြည်ကြည်လှဖြစ်သည်။သူတို့နှစ်ဦးနှင့်တပ်ရင်းတစ်ရင်းတည်းဖြစ်သော်လည်းဆေးရုံကိုလာရောက်နှုတ်ဆက်မှတွေ့ကြရခြင်းဖြစ်သည်။ကိုစိုးလွင်ရော၊ကိုမြင့်အုန်းပါစားစရာတွေအများကြီးသယ်လာ၍အားနာရသည်။

တပ်ရင်းနားရက်မပြည့်မီစစ်ဆင်ရေးအခြေအနေ အရရှေ့တန်းပြန်ထွက်သွားကြောင်း သတင်းကြား
သည်။အချို့အရာရှိများခွင့်မှအချိန်မီမရောက်။ရှိသည့်လူနှင့်စုဖွဲ့ပြီးထွက်သွားရသည်ဆို၏။အောက်တိုဘာ(၂ဝ)ရက်နေ့တွင်ရန်သူသိမ်းပိုက်ထားသောစခန်း(ခြူးရွှေ)ကိုပြန်လည်သိမ်းပိုက်ရင်းကိုစိုးလွင်ရော
ကိုမြင့်အုန်းပါတိုင်းပြည်အတွက်အသက်စွန့်ခဲ့ရရှာသည်။ကိုစိုးလွင်ကိုစွမ်းရည်ဆိုင်ရာဘွဲ့ထူးဂုဏ်ထူးနှင့်နိုင်ငံတော်ကချီးမြှင့်သည်။သီဟသူရဗိုလ်စိုးလွင်။ဒါပေမဲ့သူ့နာမည်နောက်တွင်ကွင်းစကွင်းပိတ်
နှင့်ကျဆုံးဆိုသည့်စာတန်းလေးတွဲလျှက်ပါလာသည်။လေးစားပါတယ်ကိုစိုးလွင်ရယ်။

နောက်ဆုံးတစ်ယောက်ကမျိုးအောင်။သူ့တပ်ကရန်ကုန်မြို့နှင့်နီးသဖြင့်ဆေးရုံကိုမကြာခဏလာလေ့ရှိ၏။ရံဖန်ရံခါဆေးရုံရှိအခန်းလွတ်တွင်ညအိပ်တတ်သေးသည်။စစ်ဆင်ရေးအခြေအနေအရတပ်ရင်းနားရက်မစေ့မီရှေ့တန်းသို့အပြေးအလွှားတက်ကြရလေသည်။ဧရာဝတီတိုင်းမှလာတွေ့ရရှာသောသူ့ချစ်သူသည်ပင် ပုသိမ်သို့မပြန်ရသေး။မျိုးအောင်ရှေ့တန်းမှာမိုင်းထိသည့်သတင်းဆိုးကြားရ၏။ လားရှိုး
ဆေးရုံမှမင်္ဂလာဒုံကိုပို့မည့်နေ့တွင် သူ့ချစ်သူကိုယ်တိုင်လေဆိပ်မှကြိုသည်။ စိတ်ဓာတ်မြင့်မားသော
သူငယ်ချင်း၏ချစ်သူကိုသူလေးစားအားကျမိသည်။လှပသောနှင်းဆီပန်းစည်းတို့ဖြင့်လေဆိပ်သို့အားတက်သရောကြိုဆိုရန်ထွက်ခွါသွားလေ၏။ညနေလေယာဉ်ဆိုက်ချိန်ကိုမှန်းပြီးဘဝတူသူငယ်ချင်းကို
ဆေးရုံပေါ်ကမျှော်နေမိသည်။ဆေးရုံဧည့်တွေ့ချိန်ပင်မကုန်သေး။အော်ဟစ်ငိုယိုလျှက်သူ့လူနာခန်းအတွင်းသို့မျိုးအောင်၏ချစ်သူအပြေးဝင်လာသည်။

ကိုတင်ဝင်း၊မျိုးအောင်သေပြီ

သူလုံးဝအံ့ဩသွားသည်။မဖြစ်နိုင်ဘူး။လုံးဝဖြစ်နိုင်စရာအကြောင်းမရှိဘူး။ မျိုးအောင်မိုင်းထိဒါဏ်ရာရချိန်ကအစ၊လားရှိုးလေယာဉ်ကွင်းမှလေယာဉ်တက်သည်အထိရန်ကုန်နှင့်
ဖုန်းအဆက်အသွယ်မပြတ်ခဲ့။အခြေအနေတွေအားလုံးပုံမှန်လို့ပဲယူဆခဲ့သည်။ခုတော့အားလုံးဝမ်းနည်းငိုကြွေးရပြီ။ငါတို့ကိုနှုတ်ဆက်ပြီးထွက်သွားတာဘာကြာသေးလို့လည်းကွာ။ခုတော့ထာဝရခွဲခွါသွားပြီပေါ့။မျိုးအောင်သည်လေယာဉ်ပေါ်တွင်သေဆုံးခဲ့ရာအလွမ်းဖြင့်ဇာတ်သိမ်းလေသောရုပ်ရှင်ဆန်ဆန်အသက်စွန့်သွားခဲ့ပါ၏။

ပို၍ကြေကွဲစရာကောင်းသည့်အဖြစ်တွေရှိပါသေးသည်။သူဒါဏ်ရာရစဉ်ကသူ့ကိုရဲဘော်ရဲဘက်စိတ်အပြည့်ဖြင့်ပြုစုစောင့်ရှောက်ပေးလေသောစစ်သည်အချို့သည်လည်းကောင်း၊သူ့ခရီးစဉ်တွင်တွေ့ဆုံခဲ့ရလေသောအရာရှိအချို့သည်လည်းကောင်း၊ သူ့အရင်ကျဆုံးသွားခဲ့ကြရှာလေပြီ။သူတို့အသက်စွန့်
သွားကြောင်းတဆင့်နားနှင့်ကြားခဲ့ရဘူးသလိုဒဏ်ရာနှင့်ဆေးရုံရောက်လာပြီးသူ့မျက်စေ့အောက်မှာ
ပင်လောကကိုစွန့်ခွါသွားကြရသည်ကိုလည်းသံဝေဂဖြင့်ကြည့်ငေးခဲ့ရပါလေ၏။

သူကတော့ဘီးတပ်ကုလားထိုင် ကိုသုံးပြီးနေ့စဉ်ဘဝကိုဖြတ်သန်းလျှက်ဆရာမစိန်စိန်၏ ခရီးဝင်္ကပါ
စာအုပ်ထဲကကဗျာကိုတိုးတိုးရေရွတ်ရင်းညနေခင်းများစွာကိုသတိရလွမ်းဆွတ်ခြင်းများနှင့်ခရီးနှင်နေရဆဲပင်။

စဦးမထင်၊ဆုံးမမြင်သည့်

နှင်၍မပြီး၊သည်ခရီး၌

ကိုယ်တည်းသာပင်၊လျှောက်နေချင်သည်

ဘယ်တွင်ဆုံးရိပ်မမျှော်လို။ ။

   
         (စိန်စိန် ၏ ခရီးဝင်္ကပါ စာအုပ်မှ)