Saturday, November 2, 2013

လေထဲဝဲလို့ပျံခဲ့သူ



မောင်ပြောခဲ့သားအချစ်ရယ်_ချစ်သည်းစိတ်ကမမှု_ဇွတ်တိုးသွားခဲ့တယ်_လေယာဉ်မယ်လေး_တားဆီးလို့မရခဲ့တော့_ဝေးခဲ့ကြပြီ

သီချင်းသံကြောင့်မိမိတို့သုံးဦးခြေလှမ်းတုံ့သွားပြီးတစ်ယောက်မျက်နှာတစ်ယောက်ပြိုင်တူကြည့်ဖြစ်သွားသည်။တိုင်ပင်မထားရပဲသီချင်းသံရှိရာတပ်စု(၃)အိပ်ဆောင်တွင်းသို့ဝင်ဖြစ်သွားသည်။မိမိတို့(၃)ဦးကမင်းသူ၊ဝင်းတင့်နှင့်မိမိ။
သီချင်းကနာမည်ကြီးလေယာဉ်မယ်လေးလှိုင်။ဟော်လိုဂီတာနှင့်ဆွေးဆွေးမြေ့မြေ့သီဆိုနေသူကအုန်းလွင်။သူသည်သီချင်းကိုဖီလင်အပြည့်ထည့်ပြီးသီဆိုနေပြီမို့မိမိတို့သူ့ခုတင်ပေါ်ဝင်ထိုင်လိုက်သည်ကိုပင်သတိမပြုမိ။အုန်းလွင်သည်ထင်းရူးသေတ္တာပေါ်တွင်တင်ပါးလွှဲချိတ်ထိုင်ပြီးဂီတာကိုစိတ်ပါလက်ပါတီးခတ်နေသည်။သူ၏လက်ကွက်ကိုင်တွယ်ပုံမှာသက်သောင့်သက်သာရှိပြီးရှည်သွယ်ပျော့ပြောင်းသောလက်ချောင်းလေးများ၏အရွှေ့အပြောင်းကလည်းသိမ်မွေ့လှပလွန်းသည်။

သီဆိုသောသီချင်းကလည်းဆွေးမြေ့ဖွယ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။လေယာဉ်မယ်တင်တင်လှိုင်သည်ငပလီကမ်းခြေတွင်ပင်လယ်တွင်းသို့ပျက်ကျသွားသောလေယာဉ်ခရီးစဉ်၌ခရီးသည်များသေဘေးမှလွတ်မြောက်အောင်သူမ၏်အသက်နှင့်လဲပြီးတာဝန်ထမ်းဆောင်သွားခဲ့ရှာသည်။လူအများနှမြောတသဖြစ်နေချိန်တွင်အဆိုတော်ဇော်မင်းလေးကသီချင်းဖွဲ့သီဆိုလိုက်ရာထိုခေတ်ထိုအချိန်ကစတီရီယိုသီချင်းများကိုနှခေါင်းရှုံ့သူများကပင်တင်တင်လှိုင်ကိုဂရုဏာရှိရင်းစွဲမို့လက်ခံကြ၏။

သီချင်းကသံပြိုင်ပိုဒ်ဆီသို့ရောက်လာသည်။

တိမ်တိုက်ရဲ့နောက်ဝယ်_ပျံပြေးလို့ပျောက်ကွယ်_ဘယ်အရပ်ကိုသွားတယ်...ပြန်ခဲ့ဖို့တော့ပြောမယ်”

ပိန်ပိန်သွယ်သွယ်၊အသားညိုညို၊တိုသောပုံစံဆံပင်နှင့်အုန်းလွင်၏သွယ်သွယ်ချွန်းချွန်းဦးခေါင်းဘယ်ညာသို့ဖြည်းညင်းစွာခါယမ်းတိုင်း မိမိတို့စည်းချက်ညီညာလိုက်ဖြစ်လေသည်။ဒီဦးခေါင်းလေးသည် နောင်တွင်သူ့ကိုနာမည်ပြောင် (Nick name)ပေးဖို့ မှတ်မှတ်ရရဖြစ်စေပါ၏။
သူသည်ဂီတာကိုသေသေသပ်သပ်နှင့်စနစ်တကျတီးခတ်တတ်သည်။
သီချင်းရွေးချယ်ရာတွင်နှေးနှေးနှင့်လွမ်းလွမ်းဆွေးဆွေးသီချင်းများကိုရွေးလေ့ရှိသည်။သူ့ဂီတာကိုရိုသေစွာကိုင်တွယ်သည်။လူတကာယူပြီးတီးတာသူမကြိုက်။မိမိအပါအဝင်ကျန်သူငယ်ချင်းများသူ့အလစ်မှာယူတီးကြသည်။နောက်တော့သူမတားဆီးတော့။သီချင်းများကိုလည်းဗလာစာအုပ်ထဲတွင်သပ်သပ်ယပ်ယပ်ရေးပြီးဂီတာကော့ဒ်တွေထည့်ပေးထားသည်။မိမိတို့လိုလက်သင်လေးတွေအတွက်သူ၏စာအုပ်မှာလွန်စွာအဖိုးထိုက်ပါပေ၏။လက်ရေးလက်သားလည်းအလွန်ညက်သူဖြစ်ကြောင်းသတိပြုမိပါ၏။နောင်တွင်သူ့စာအုပ်လေးသည်ဟိုလူယူသွားလိုက်၊ဒီလူယူသွားလိုက်။အဖုံးပြုတ်၊စာရွက်တွေပြုတ်နှင့်နောက်ဆုံးတရားခံမပေါ်ပဲဇီဝိန်ချုပ်သွားရှာလေသည်။တပ်မတော်သားဖခင်ထံမှစည်းကမ်းတကျနေထိုင်သောအလေ့အကျင့်ရှိပြီးဖြစ်သည့်တိုင်ချစ်သောသူငယ်ချင်းများသူ့အပေါ်ဆိုးသမျှခွင့်လွှတ်ရသည်သာ။

ပြင်ဦးလွင်၏စနေညများသည်လွန်စွာကြည်နူးပျော်ရွှင်ဖွယ်အတိဖြစ်ပါ၏။စနေနေ့တွင်ညနေခင်းဗိုလ်လောင်းတပ်ရင်းတန်းစီမရှိ၊ညစာကြည့်ချိန်(Nightstudy)မရှိ။ထိုညများတွင်အုန်းလွင်၏ဂီတာလက်စွမ်းကိုနားထောင်ဖြစ်ကြသည်။သူဆိုလေ့ရှိသောသီချင်းတွေထဲကမှတ်မိသမျှအမေတစ်ခု၊သားတစ်ခု။ကြွေရုပ်ကလေးနဲ့ဒုတိယလူ။နှင်းပွင့်သစ္စာ။နန်းလေး။စက်ခေါင်းအမှတ်ဝဝ၉။ညနေ။အချစ်ဟောင်းရဲ့လက်ထပ်မင်္ဂလာ။ပြီးတော့စောစောကသီချင်းလေယာဉ်မယ်လေးလှိုင်}]။ခံစားချက်နှင့်ဆိုရသည့်သီချင်းများ။သူသည်အလွမ်း၌မွေ့လျော်ပုံရလေသည်။

(၆)လတာကာလကုန်ဆုံးတော့မိမိတို့မှော်ဘီကိုပြောင်းရသည်။မှော်ဘီရောက်တော့တစ်ယောက်နှင့်တစ်ယောက်ပိုရင်းနှီးလာကြသလိုနာမည်ပြောင်တွေလည်းကိုယ်စီရှိလာကြ၏။တချို့နာမည်ပြောင်တစ်ခုမကပိုင်ဆိုင်ကြ၏။နာမည်ပြောင်များသူတွေထဲမှာအုန်းလွင်လည်းပါသည်။
ကြည့်ပါ။သူ့နာမည်ပြောင်တွေက -

ပဲလင်းမြွေ(အရပ်ရှည်သဖြင့်)

လားဟူ(သူ့အဖေတပ်ရင်းကမိုင်းဆတ်ကမို့)

စပဲရိုး(စောစောကသီချင်းဆိုနေစဉ်သူ့ခေါင်းလေးကတကယ့်စာကလေးခေါင်း)

မိမိမသိသောနာမည်များရှိနိုင်သေး၏။

အုန်းလွင်ဆရာအလုပ်ကောင်းသဖြင့်မိမိတို့မဟာအရှက်ကွဲခဲ့ဘူးလေ၏။ဖြစ်ပုံကဗိုလ်သင်တန်းကျောင်းဆင်းပွဲတစ်ခု(တေဇ၂ဖြစ်လိမ့်မည်။မသေချာပါ။)၏ဝတ်စုံပြည့်လေ့ကျင့်ခြင်းကပွဲမှာဖြစ်သည်။ညခုနှစ်နာရီမှာအစီအစဉ်စမည်။ခြောက်နာရီသာသာလောက်မှာအုန်းလွင်ရောက်လာပြီးယခုညအတွက်မိမိတို့တပ်ခွဲကသီချင်းတစ်ပုဒ်ဆိုဖို့အစီအစဉ်ထည့်လိုက်ကြောင်း၊သီချင်းမှာမိမိတို့ဂီတာတီးပြီးအမြဲဆိုနေကြတေဇ(၂)မှကိုလှမြင့်သိန်းရေးသောအလုပ်သင်ဗိုလ်လောင်းသီချင်းဖြစ်ကြောင်း၊အဖွဲ့နှင့်သီဆိုမည်ဖြစ်ကြောင်း၊တပ်စု(၂)မှမင်းသူနှင့်မိမိတို့နှစ်ဦးပါဝင်ပြီးစုစုပေါင်းဆယ့်တစ်ဦးဖြစ်ကြောင်း၊သူကပင်တိုင်သီဆိုသူလုပ်မည်ဖြစ်ကြောင်းအချိန်နီးမှကပ်ပြောတော့မိမိနှင့်မင်းသူကသိတ်မလုပ်ချင်။မိမိမယုံမရဲဟန်လုပ်ပြီးဆင်ခြေတက်လိုက်သည်။

ဖြစ်ပါ့မလားကွ၊တို့ကဇာတ်တိုက်လည်းမထားဘူး၊ပြီးတော့ဆိုမဲ့ပုံစံလည်းမချရသေးဘူး

မိမိတို့မူလကျီသွန်နီနေမှန်းအုန်းလွင်မသိမဟုတ်၊သိသည်။

ဖြစ်ပါတယ်ကွ၊ငါစီစဉ်ပြီးသား။ကားလိပ်ဖွင့်တာနဲ့မိုက်ရှေ့မှာငါရပ်နေမယ်။အင်တရို(မြန်မာလိုတော့ခြေဆင်းပေါ့)ဆိုပြီးတာနဲ့မင်းတို့ကကားလိပ်ကြားထဲကတစ်ဖက်ငါးယောက်ထွက်လာ၊ပြီးတာနဲ့သံပြိုင်ဆိုမယ်။ဒုတိယအကျော့မှာWest Point ကျောင်းဆင်းပွဲစတိုင်ဆိုမယ်လေ

လွယ်ပါသည်။အုန်းလွင်ပြောတော့လည်းအားလုံးလွယ်ပါသည်။သီချင်းကလည်းမိမိတို့အားလုံးသီဆိုနေကြမို့ဘာမျှမှားသွားနိုင်စရာမရှိ။ဗိုလ်လောင်းအားလုံးရသည့်သီချင်း။ခြေတစ်ချောင်းဆတ်တောက်ဆတ်တောက်လုပ်ပြီးသီဆိုပုံကကြည့်လို့အလွန်ကောင်းသည်မို့နည်းပြဆရာများအလစ်တွင်မိမိတို့ခိုးဆိုနေကြဖြစ်သည်။ဒီတော့အခက်အခဲမရှိနိုင်။
ဒီလိုနှင့်အခမ်းအနားစတော့မည်။မိမိတို့စင်ပေါ်သို့အပြေးတက်သွားကြ၏။အုန်းလွင်ခေါင်းဆောင်သောတေဇ(၃)ဂုဏ်ဆောင်ဗိုလ်လောင်းဆယ့်တစ်ယောက်။ဘယ်သူတွေပါမှန်းလည်းမသိ။မိမိတို့တပ်စုကတော့မင်းသူနှင့်မိမိနှစ်ဦးတည်း။စင်ပေါ်ရောက်တာနှင့်ကိုယ်ပူချင်သလိုလိုဖြစ်လာသည်။ရသည်ဟုအသေအချာထင်သောသီချင်းစာသားတွေကဟိုရောက်သွားသလိုလို၊ဒီရောက်သွားသလိုလို။

သီချင်းစာရွက်ဘယ်သူ့မှာပါသလည်းကွ၊ငါမေ့ချင်သလိုလိုဖြစ်နေတယ်

တစ်ယောက်ယောက်၏အသံဖြစ်သည်။ကျောက်ပန်းမွှေးအသံထင်သည်။မသေချာ။မိမိစာသားတွေကြက်ပျောက်ငှက်ပျောက်ဖြစ်နေ၍အသာရောယောင်ပြီးသံယောင်လိုက်ဖို့စိတ်ကူးနေယုံရှိသေး။ကိုယ့်လိုလူတစ်ယောက်တိုးလာနေသည်။ဒီတော့မှဖျားချင်သလိုလိုကနေဒူးတွေအထိတုန်ချင်လာသည်။

ငါရေးထားတာရှိတယ်၊ရော့

တော်သေးသည်။ဇာတ်ဆရာအုန်းလွင်ကစာရွက်ပိုင်းလေးအပြေးပေးလိုက်သည်။
အစီအစဉ်ကြေညာသူ၏အသံအဆုံးတွင်အုန်းလွင်ဇာတ်စင်အလယ်သို့ရောက်သွားသည်။ကားလိပ်မဖွင့်သေး။မိုက်ရှေ့မှာအကျအနရပ်နေသည်။မီးတွေဖွင့်လိုက်သည်။ကားလိပ်ဆွဲတင်လိုက်ပြီ။

ကျောင်းဆင်းပြီ_တို့ကျောင်းဆင်းပြီကွယ်...”

ချီကတည်းကယဉ်ပါသည်။မိမိတို့ဖက်ကငါးယောက်ကအုန်းလွင်ထံရောက်သွားပြီးနေရာယူလိုက်ပြီ။ညာဖက်ကကောင်တွေကရောက်မလာ။ခြေတုံ့နေသည်။အုန်းလွင်ကမေးဆတ်ပြီးမသိမသာလှမ်းခေါ်မှရောက်လာ၏။မိမိတို့အစပိုဒ်ကိုဆိုပြီ။

ဗိုလ်လောင်းဗိုလ်လောင်းမှအလုပ်သင်ဗိုလ်လောင်းသည်_တစ်မူထူးကာအသွင်ပြောင်းဂုဏ်ယူဝင့်ကြွားမည်

ဗိုလ်လောင်းဗိုလ်လောင်းမှအလုပ်သင်ဗိုလ်လောင်းသည်_ခေတ်ပြောင်းစနစ်ပြောင်းအတွက်ရှေ့သို့တက်လှမ်းချီ

သူများတွေတော့မသိ။မိမိတော့မိမိအသံကိုလည်းမကြား။စာသားလည်းမမှတ်မိ၍ရောချ။ဒီလိုနှင့်ပဌမအကျော့ပြီးသွားပြီးအတီးပိုဒ်ဝင်သည်။ဒုတိယအကျော့သည်တကယ့်အသားဖြစ်ပါ၏။မိမိတို့ဘယ်ခြေကိုဆောင့်နင်းပြီးစည်းချက်အတိုင်းခြေကိုကြွရပါမည်။
အဲဒီမှာအကြီးအကျယ်အရှက်ကွဲပါတော့သည်။
တီးဝိုင်း၏တိုင်ပင်ကိုမိမိတို့ခြေလှမ်းဆောင့်နင်းချက်ကလိုက်မမီပါ။စည်းဝါးနရီပျက်သွားပါသည်။မှန်ပါသည်။တစ်ဦးခါးကိုတစ်ဦးဖက်ပြီးသီဆိုနေရသော်လည်းအဖွဲ့သားတစ်ဦးနှင့်တစ်ဦးခြေအကြွ၊ခြေအချမညီတော့ပဲအိုးနင်းခွက်နင်းဖြစ်ကုန်လေရာကားလိပ်ချလိုက်မှမိမိတို့ဒုက္ခဆင်းရဲကလွတ်မြောက်ပါတော့သည်။ရှက်လွန်းလို့အိပ်ဆောင်ကိုချက်ချင်းပြန်ခဲ့၏။မိမိတို့အရည်အချင်းကိုလူကြီးတွေသိသွားပြီးကျောင်းဆင်းပွဲတွင်ထိုအစီအစဉ်ကိုချန်လှပ်ထားလိုက်လေသည်။

အုန်းလွင်တော်ပုံတွေထဲမှာဘော်လီဘောထူးချွန်မှုကစံပြုလောက်သည်။သူသည်အင်တာနေရှင်နယ်ကစားနည်းသာမက၊အရပ်အခေါ်စားဘောဟုဆိုသည့်စီးပွါးဖြစ်ဘောလီဘောကစားနည်းကိုပါကျွမ်းကျွမ်းကျင်ကျင်ရှိရာရုံးပိတ်ရက်များတွင်မှော်ဘီမြို့မှကြေးစားဘော်လီဘောသမားများနှင့်ယှဉ်ကစားပြီးမိမိတို့ပိုက်ဆံရှာကြပါ၏။
သူနှင့်အတူစောနု၊ခင်မောင်ထွေး၊ခင်ဇော်တို့လည်းပါဝင်ကြသည်။သူကပင်တိုင်အရိုက်သမားဖြစ်ပြီးကျန်လူတွေထဲကတစ်ယောက်(သို့မဟုတ်)နှစ်ယောက်ကအဆယ်အမနှင့်အထောင်သမားအဖြစ်ဝင်ကစားသည်။တစ်ပွဲကိုကျပ်ငါးရာမှတစ်ထောင်အထိလောင်းကြေးထပ်သည်မို့ကျန်သူငယ်ချင်းများကလည်းရှိစုမဲ့စုပိုက်ဆံထည့်ဝင်ပြီးလောင်းကြေးပြည့်အောင်အားပေးထည့်ဝင်ရသည်။နိုင်သည်လည်းရှိ၊ရှုံးသည်လည်းရှိ။အုန်းလွင်အတွက်တော့သူအရာရှိဖြစ်သည့်အခါတပ်မတော်ဘော်လီဘောအသင်းတွင်ကစားသမား၊အုပ်ချုပ်သူတာဝန်ကိုပူးတွဲထမ်းဆောင်ခွင့်ရခဲ့လေ၏။

မိမိနှင့်အုန်းလွင်အတွဲဆုံးကာလသည်စစ်ဆေးရုံပေါ်တွင်ဖြစ်သည်။သူလက်နက်ငယ်ကျည်ဆံထိမှန်ဒဏ်ရာဖြင့်ဆေးရုံရောက်လာသည်။မိမိစိတ်ပူစွာအပြေးသွားကြည့်သည်။ဘုရားစူးဒဏ်ရာဖြစ်ပါသည်။ဘယ်ဖက်ရင်ပတ်အထက်ပိုင်း၊ရင်ညွန့်ရိုးကိုကျည်ဆံဖေါက်သွားသည်။မြင်လွယ်အောင်ရေးရလျှင်အိမ်ရိုက်သံသူ့ရင်မှာစူးသလောက်သာရှိလေ၏။ဒီလိုဒဏ်ရာမျိုးကဆေးရုံတက်ကောင်းယုံ၊လူကြားကောင်းယုံဒဏ်ရာမျိုးဖြစ်သည်။
သူသည်ဆေးရုံအခန်းတကာလှည့်ပြီးလူနာအရာရှိများ၏ဝေယျာဝစ္စအားလုံးလိုအပ်သမျှဖြည့်ဆည်းကူညီရှာသည်။မိမိအတွက်ဒရိုင်ဘာတစ်ယောက်ရသလိုပင်။မိမိသွားသမျှနေရာကိုမငြီးမငြူလိုက်တွန်းပေးပါသည်။
ရုပ်ရှင်ရှိသောနေ့များတွင်မိုင်ဝက်လောက်ဝေးသောရုပ်ရှင်ရုံကို သူပင်တွန်းပေး၏။

သူ့ကိုအကြောင်းပြုပြီးမိမိတို့အတော်အစားချောင်ခဲ့လေ၏။အုန်းလွင်ကိုပိုးကြေးပန်းကြေးနှင့်နံနက်စောစောစာမုန့်ဟင်းခါးလာပို့လျှင်မိမိတို့လည်းရောယောင်မုန့်ဟင်းခါးကြိတ်ရ၏။အုန်းလွင်စားဖို့လာပို့သောပုစွန်ဆီပြန်သည်မိမိတို့အတွက်အထူးဟင်းလျာဖြစ်သွားလေ၏။ပြီးတော့သူ့ဆီလာသူကိုမိမိလက်ထဲအတင်းတွန်းထည့်နေပြန်၏။အစထဲကစားသောက်ကောင်းယုံရောနေမှန်းမိမိတို့ကမသိ။သူကျွေးတာတွေစားပြီးရောယောင်ချောက်ကျတော့မလို့။သူဆေးရုံဆင်းတော့သူ့အရှိန်နှင့်မိမိတို့စားရေးသောက်ရေးဟန်ကျနေလိုက်သေးသည်။

စစ်ဆေးရုံ၏ညခင်းများတွင်လည်းအုန်းလွင်၏ဂီတဖျော်ဖြေမှုကိုခံစားနားဆင်ရမြဲပင်။သူသင်ကြားပေး၍နှင်းပွင့်သစ္စာနှင့်အချစ်ဟောင်းရဲ့လက်ထပ်မင်္ဂလာသီချင်းများ၏soloတီးကွက်ကိုမိမိတတ်မြောက်ခဲ့ပါ၏။သူငယ်ချင်းအပေါင်းအသင်းသံယောဇဉ်ကြီးသူတစ်ဦးဖြစ်ယုံမက၊မီသားစုသံယောဇဉ်ကြီးမားပုံကိုသူသီဆိုသောသီချင်းတစ်ပုဒ်မှတစ်ဆင့်မိမိတို့ခံစားနားလည်ခဲ့ရဘူး၏။

ကောင်းကင်ယံဝယ်_အလှရောင်စုံခြယ်_ညနေခင်းရယ်_သာယာပေတယ်_စိတ်အတွေးကနစ်မြောလို့ရယ်_ဟိုအဝေးကချစ်သောညီမငယ်_တမ်းတမိပြန်ပေါ့သူဘယ်လိုနေရှာမယ်_ဒီအချိန်အခါဆိုရင်_တို့မောင်နှမတွေ_တူတူပျော်ပျော်ရွှင်ရွှင်ကစားနေကြအမြဲကွယ်_ဖေဖေမေမေခေါ်ရင်_တို့မောင်နှမတွေ_အိမ်ကိုမပြန်ချင်ပြန်ချင်_နှုတ်ခမ်းစူကာပဲကွယ်_စိတ်ကောက်ဲကြတာမှတ်မိသေးတော့တယ်_ခုတော့လည်းကွယ်_ညီမငယ်လေးရယ်_ဝေးတမြေစီခြားကာ_လွမ်းနေရှာရော့မယ်_ပျော်ရာမှာမနေ_တော်ရာမှာနေရမယ်လို့_အသက်မွေးမှုနဲ့ပညာရှာချိန်ဝယ်_မလွှဲသာပေမဲ့နှမငယ်_ခွဲခွါနေကြရမယ်ကွယ်

အဆိုတော်မင်းအောင်၏အဖြူရောင်သံယောဇဉ်သီချင်းကိုအုန်းလွင်သီဆိုပုံကအဝေးရောက်သူ၏ညီမကိုလွမ်းဆွတ်စွာဖြင့်ငယ်ဘဝကို့ပြန်လည်တမ်းတနေဟန်တူသည်။သူ၏မျက်နှာတွင်ကြေကွဲရိပ်သန်းလျှက်ရှိသည်။

သူငယ်ချင်းတွေထဲမှာရန်ကုန်ကိုအစောဆုံးပြောင်းခွင့်ရတာ၊အခြေစိုက်တပ်ကိုအစောဆုံးရောက်တာလည်းအုန်းလွင်ဖြစ်လိမ့်မည်ထင်သည်။မြန်မာ့တပ်မတော်ဘော်လီဘောအသင်းမှာကစားခွင့်ရခြင်းကသူ့အပြောင်းအရွှေ့အတွက်အထောက်အကူဖြစ်သည်လားမပြောတတ်။ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးတပ်ဆိုတော့ရန်ကုန်ရှိအခြားသူငယ်ချင်းတွေကိုတတ်အားသမျှကြည့်ရှုပါသည်။ဒီအချိန်မှာမိမိဝန်ထမ်းဖြစ်နေပြီ။ရန်ကုန်ရောက်တော့ဥာဏ်လင်းပြောသောစကားတစ်ခွန်းမှတ်မိနေသည်။

ငါတို့ရန်ကုန်ပြောင်းလာကတည်းကလခလောက်တယ်မရှိဘူးကွာ၊ဆန်လေးဆီလေးကအစ၊နို့ဆီဘူးလေးအဆုံးအုန်းလွင်ထောက်ပံ့ထားပေလို့သာပေါ့
ရှမ်းကြီးခေါ်ဥာဏ်လင်း၏စကားသည်ပကတိရိုးသားမှုအပြည့်ဟုမိမိယုံကြည်ပါသည်။ရံခါမင်္ဂလာဒုံဆေးရုံဖက်ရောက်တိုင်းအုန်းလွင်ထံဝင်ဖြစ်၏။သွားလိုရာကိုသူ့တပ်က ကားနှင့်ပို့ပေးတတ်သေးသည်။

အမှတ်တရဖြစ်ခဲ့ရသောတပ်မတော်နေ့ညစာစားပွဲလေးအကြောင်းပြောချင်သေးသည်။ခုနှစ်မမှတ်မိတော့။မိမိကနယ်စက်ရုံတစ်ရုံကနေရန်ကုန်ဆင်းလာပြီးညစာစားပွဲကိုတမင်လာတက်ခြင်းဖြစ်သည်။နေရာကပြည်လမ်းရှိသမ္မတအိမ်တော်ဝင်းမှာ။
တော်လှန်ရေးနေ့ချီတက်ပွဲတွင်ပါဝင်သောစစ်ကြောင်းများမှအရာရှိများ၊ရန်ကုန်တိုင်းစစ်ဌာနချုပ်အောက်ရှိတပ်ရင်းများမှအရာရှိအားလုံးဆိုတော့အင်အားကနည်းနည်းနောနောမဟုတ်။ဘူဖေးညစာနှင့်ယမကာစိတ်ကြိုက်သောက်ခွင့်ရသည်မို့အလုအယက်တိုးဝှေ့ပြီးယမကာကောင်တာကိုဒရောသောပါးပြေးကြ၏။လမ်းတောင်အနိုင်နိုင်လျှောက်နေရသည့်မိမိအတွက်ယမကာတိုးဝှေ့ယူဖို့မလွယ်ပါ။လူကသာဘာမျှမတတ်နိုင်၊ဇီဇာကကြောင်လိုက်သေးသည်။

သူငယ်ချင်း၊မင်းဘာသောက်မလဲ

တကူးတကမိမိထံရောက်လာသူကအုန်းလွင်။

ဘီယာသောက်မယ်သူငယ်ချင်း

အရက်ကောင်တာသို့သွားပြီးတိုးတိုးဝှေ့ဝှေ့အလုအယက်ကြိုးစားရှာ၏။အတန်ကြာတွင်ဘီယာပုလင်းခါးပြတ်တစ်လုံးဆွဲပြီးအုန်းလွင်ရောက်လာသည်။သူ့လက်မှာတော့သွေးချင်းချင်းနီလို့။အရက်လုတိုးရင်းပုလင်းကွဲခါသူ့လက်ကိုရှသွားခြင်းဖြစ်သည်။ကျန်သူငယ်ချင်းသုံးလေးဦးကသူ့ဒဏ်ရာကိုအရက်နှင့်ပင်ဆေးကြောပေးရသည်။စတိုင်မကျသောညစာစားပွဲမှာသူ့လက်ပုလင်းကွဲရှသွားတာကိုမိမိသတိတရ။

အုန်းလွင်ကွယ်လွန်သွားပုံကမိမိတို့အတွက်အိပ်မက်ပမာပင်။

(၂ဝ-၆-၁၉၈၇)ရက်နေ့။

မိမိနယ်စက်ရုံမှာတာဝန်ကျစဉ်ကဖြစ်သည်။ရုံးပိတ်ရက်မို့အိမ်မှာရှိနေစဉ်နံနက်ဆယ်နာရီလောက်တောင်ကြီးကဖုန်းလာသည်ဟုဘေးအိမ်မှမြင့်ဦးကလှမ်းအော်သည်။မိမိအိမ်တွင်ဖုန်းမရှိ။စက်ရုံတွင်အော်တိုဖုန်းတစ်လုံးသာရှိရာအပြင်မှဖုန်းလာလျှင်လိုင်းခွဲကတစ်ဆင့်ခေါ်ပေးရသည်။မြင့်ဦးအိမ်ဖက်ကူးခဲ့သည်။တစ်ဖက်မှဖုန်းဆက်သူကမင်းသူ။

သူ့အိမ်မှာတောင်ကြီးကသူငယ်ချင်းတွေအပြင်ရန်ကုန်ကအုန်းလွင်ပါရောက်နေကြောင်း၊သူတို့နှင့်စကားပြောပါဦးဟုဆိုလေသည်။ဦးဆုံး သိန်းဇော်နှင့်ပြောပြီးနောက် ကျော်မြင့်ထွန်းနှင့်ပြောရ၏။နောက်ဆုံး အုန်းလွင်နှင့်ပြောရသည်။

အဖိုးကြီးမိုင်းဆတ်မှာဆုံးသွားလို့ကွ၊လမ်းပန်းဆက်သွယ်ရေးခက်လို့အိမ်ကငါတစ်ယောက်ပဲသွားသဂြိုဟ်မယ်။မနက်ဖြန်လေယာဉ်နဲ့မိုင်းဆတ်ကိုသွားမယ်၊ဖေဖေ့ကိုသဂြိုဟ်ပြီးတာနဲ့အစောဆုံးလေယာဉ်နဲ့ပြန်ဆင်းလာမယ်

အေးကွာ၊မင်းအဖေအတွက်စိတ်မကောင်းပါဘူး၊ဘယ်လိုဖြစ်လို့အငြိမ်းစားယူပြီးမှမိုင်းဆတ်ပြန်ရောက်နေတာလဲ

တပ်ရင်းကအမှုတစ်ခုအတွက်သက်သေခေါ်လို့မိုင်းဆတ်တစ်ခေါက်ပြန်ရောက်ရတာပေါ့။သက်သေထွက်နေတုံးHeart
attackရပြီးဆုံးတာသူငယ်ချင်း။တောင်ကြီးကသူငယ်ချင်းတွေလေယာဉ်လက်မှတ်ကအစအားလုံးလိုအပ်တာကူညီပါတယ်။ကွင်းကိုသွားဖို့သိန်းဇော်ကားစီစဉ်ပေးထားတယ်၊ပြန်မယ့်နေ့လည်းဒီကောင်ပဲ ဟဲဟိုးကိုလာကြိုလိမ့်မယ်

မြင့်ဦးနှင့်လည်းစကားပြောကြသည်။သူငယ်ချင်းတွေ တွေ့ကြတိုင်းမိမိတို့မှာပြောစရာစကားကမကုန်ကြ။

၂၂-၆-၁၉၈၇ရက်နေ့။တနင်္လာနေ့။

နံနက်စောစောဘီဘီစီမြန်မာပိုင်းအစီအစဉ်ကို မိမိအိပ်ရာထဲကနားထောင်နေသည်။
ယမန်နေ့နံနက်ပိုင်းကမြန်မာ့လေကြောင်းပိုင်လေယာဉ်တစ်စီးသည်ခရီးသည်(-)ဦးနှင့်လေယာဉ်အမှုထမ်း(-)ဦး၊စုစုပေါင်း(-)ဦးကိုတင်ဆောင်လျှက်ဟဲဟိုးလေဆိပ်မှထွက်ခွါသွားရာမြန်မာနိုင်ငံအရှေ့ပိုင်းတစ်နေရာတွင်ပျောက်ဆုံးလျှက်ရှိပါသည်

သတင်းကလည်းခတ်တိုတို။မိမိကလည်းအမှုမဲ့အမှတ်မဲ့။ထူးသော်လည်းမဆန်းတော့သည့်မြန်မာ့လေကြောင်းရဲ့ဇာတ်လမ်းတစ်ပုဒ်မဟုတ်လား။
နံနက်ပိုင်းရုံးသို့မင်းသူဖုန်းဆက်သည်။

ဟေ့ကောင်၊ငအုန်းလေယာဉ်ပျက်ကျတဲ့အထဲပါသွားပြီ

ဟေ

လေယာဉ်တော့ရှာမတွေ့သေးဘူး၊ဒါပေမဲ့ပျက်ကျတာပဲဖြစ်လိမ့်မယ်၊တို့ဆီကတပ်တွေတောနင်းရှာနေတယ်

မဟုတ်ပါစေနှင့်ဟုပဲဆုတောင်းနိုင်ပါသည်။မင်းသူဖုန်းချသွားသည်နှင့်မင်္ဂလာဒုံရှိအုန်းလွင်တပ်ကိုဖုန်းဆက်လိုက်သည်။သူ၏ဇနီးမာလာတောင်ကြီးလိုက်သွားပြီဆိုသည်။သမီးနှစ်ယောက်နှင့်အငယ်သားယောက်ကျားလေးစုစုပေါင်းသုံးယောက်သာအိမ်မှာကျန်ခဲ့သည်။
တောင်ဥက္ကလာပကသူတို့အိမ်သို့တစ်ဆင့်ဖုန်းခေါ်ပြီးမိမိဆက်သွယ်သည်။အုန်းလွင်အစ်ကိုကြီးနှင့်ပြောရသည်။သူတို့ဖခင်၏သတင်းကိုအရင်ဆုံးမေးရသည်။တပ်ကဦးစီးပြီးသဂြိုဟ်လိုက်ပြီဟုပြောသည်။ပြီးမှအုန်းလွင်သတင်းကိုမေးရသည်။သူတို့ကတော့ဘာမျှတိတိကျကျမသိသေးကြောင်း၊လေယာဉ်လမ်းကြောင်းမှားပြီးလာအိုနိုင်ငံဘက်ရောက်နေသည်ဟုလည်းကောလာဟလတွေကြားနေသည်ဟုဖြေသည်။သည်လိုဖြစ်ပါစေဟုပဲဆုတောင်းပါ၏။

ဆုတောင်းကားမပြည့်။

သုံးရက်အကြာမဲနယ်တောင်တန်းပေါ်တွင်လေယာဉ်ပျက်ကိုရှာဖွေတွေ့ရှိခဲ့ပါ၏။ချစ်သောသူငယ်ချင်းအုန်းလွင်၏ရုပ်အလောင်းကိုးလေယာဉ်ပျက်အတွင်းမှတွေ့ရှိခဲ့ပါ၏။သူ၏ရုပ်အလောင်းကိုအခြားကွယ်လွန်သူများနှင့်အတူဟိုပုန်းမြို့အထွက်မိုင်းပွန်ကားလမ်းဘေးတွင်စစ်အခမ်းအနားဖြင့်ကောင်းမွန်စွာသဂြØုဟ်ခဲ့ပါ၏။သူငယ်ချင်း၏ဈာပနကိုသူ၏ဇနီးမမာလာစိတ်တိုင်းကျသိန်းဇော်ကစီစဉ်ပေးခဲ့ပါသည်။သိန်းဇော်သည်လေယာဉ်ပျက်ကျသေဆုံးသူများအတွက်ဈာပနစီစဉ်ဆောင်ရွက်ပေးရန်တာဝန်ကျသည်။လူမျိုးဘာသာအလိုက်၊ပုဂ္ဂိုလ်အဆင့်အတန်း(ရဟန်းသံဃာ)အလိုက်သီးခြားစီသဂြØုဟ်ခဲ့ရ၏။

တိုက်တိုက်ဆိုင်ဆိုင်မိမိစိတ်သည်အတိတ်ဆီသို့ပြန်လည်ရောက်ရှိသွားသည်။လေယာဉ်မယ်လေးလှိုင်သီချင်းကိုသီဆိုနေသောအုန်းလွင်၏ပုံရိပ်သည်ထင်ထင်ရှားရှား။
လေယာဉ်မယ်လေးတင်တင်လှိုင်အသက်စွန့်သွားသလိုသူလည်းလေထဲမှာအသက်စွန့်ခဲ့ရလေပြီ။

နာကြင်ကြေကွဲသောအသည်းနှင့်လွမ်းမောဖွယ်သောအတိတ်ဆီသို့ခရီးနှင်မိလေတိုင်းအုန်းလွင်၏ဝိဥာဉ်လဲလျောင်းရာကမ္ဘာသည်ငြိမ်သက်အေးချမ်းသောဘုံဖြစ်စေသတည်းဟုဆုတောင်းပေးလျှက်။ ။ ။