ကျွန်တော့်တွင် ချိုင်းထောက်(၃)ချောင်းရှိပါသည်။
သုံးချောင်းဟုဆိုလိုက်သောကြောင့်
သုံးစုံမဟုတ်ကြောင်း သိနိုင်ပါသည်။ ကျွန်တော့်မှာ ခြေတစ်ဖက်မရှိသော်လည်း ကျန်ဘယ်ဖက်ခြေထောက်မှာ
ခြေသလုံးရိုးနှစ်ခုစလုံး ကျေမွကျိုးပဲ့သွားသဖြင့် ချိုင်းထောက်ဖြင့်သွားဖို့ရာ မဖြစ်နိုင်ပါ။
(ဆေးရုံက ထိုခြေထောက်အတွက် ခြေအားပြုကိရိယာ တပ်ဆင်ပေးခဲ့ပါသည်။ ထိုအားပြုကိရိယာမှာ
ပိုလီယိုဝေဒနာသည်များ လမ်းလျှောက်နိုင်ရန် တပ်ဆင်ပေးသည့် ပုံစံအတိုင်းဖြစ်ပြီး ကျွန်တော့်အတွက်တော့
ခြေထောက်ပုံစံအတိုင်း ပလပ်စတစ်လောင်းပြီး သံကိုင်းဖြင့် ထိန်းပေးထားသည် ပုံစံပြုလုပ်ပေးထားပါသည်။)
ထိုကြောင့် အားပြုကိရိယာနှင့်
ခြေတုနှစ်ဖက်စလုံး တပ်ဆင်ပါမှ လမ်းလျှောက်၍ ရပါသည်။ ချိုင်းထောက်ဖြင့် သွားဖို့ရာ ဘယ်လိုမျှ
မဖြစ်နိုင်ခဲ့ပါ။ နှစ်ကာလများကြာလာသည်နှင့် ကျွန်တော့်၏ခြေအားပြုကိရိယာမှာ ချို့ယွင်းပျက်စီး
လာပါသည်။ တချိန်တွင် ဘေးမှထိန်းပေးသော သံကိုင်းကျိုးသွားပါသည်။ သက်တမ်း(၁၅)နှစ်လောက်မှာ
ဖြစ်ပါသည်။ Welding ဖြင့် ပြန်ဆက်နိုင်မည်
ဖြစ်သော်လည်း ခိုင်ခန့်နိုင်စွမ်းကို စိတ်မချနိုင်သလို အကာဖြစ်သော ပလပ်စတစ်ကလည်း အပူဒါဏ်ကို
ခံနိုင်မည်မထင်ပါ။ စစ်ဆေးရုံရှိ ခြေတုလက်တုဌာနတွင်လည်း အဆိုပါဌာနစိတ် မရှိတော့ပါ။ တတ်ကျွမ်းနားလည်သော
စစ်သည်များ အငြိမ်းစားယူသွားခဲ့ရာ ထိုနေရာတွင် အစားဝင်မည့်သူမရှိ၍ အလိုအလျှောက် ပျောက်သွားခြင်း
ဖြစ်ပါသည်။
ကျွန်တော်လွန်စွာ စိတ်အားငယ်
သွားခဲ့ပါသည်။ နောက်ဆုံး ဖြစ်ချင်ရာဖြစ်စေတော့ဟု စိတ်ပိုင်းဖြတ်ပြီး ခြေတုတပ်၍ အရိုးမဆက်သော
ဘယ်ခြေအားကိုးဖြင့် လမ်းလျှောက်ကြည့်ရာ အဆင်ပြေသွားပါသည်။ အလွန်အန္တရာယ်များသော စွန့်စားမှုဖြစ်ပါသည်။
ခြေသလုံးရိုး(၂)ချောင်းစလုံးကျိုးနေသော ကျန်ခြေထောက်က ခြေတုတပ်ထားသော ညာခြေကို ဘယ်နည်းနှင့်မျှ
ထောက်မနိုင်မည် မဟုတ်ပါ။ မယုံမရှိပါနှင့်။ ဒီပုံစံဖြင့် ကျွန်တော့်လက်ကျန်သက်တမ်းကို
ကျော်ဖြတ်ခဲ့သည်မှာ အနှစ်(၂ဝ)ကျော်ခဲ့ပြန်ပါပြီ။ (တတ်ကျွမ်းနားလည်သော ဆရာဝန်က ဓါတ်မှန်ကော်ပြားကိုကြည့်ပြီး
ခြေသလုံးရိုးအသေး၏အောက်ပိုင်းသည် အရိုးအကြီး၏အပေါ်ပိုင်းကို ထောင့်တန်းဖြတ်၍ ဆက်နေကြောင်းပြောပါသည်။
စိတ်တော့မချရပါ။)
ချိုင်းထောက်အကြောင်းဆက်ပါဦးမည်။
ဆိုခဲ့သလို ခြေတုမတတ်ပဲ လမ်းမလျှောက်နိုင်၊
မတ်တတ်မရပ်နိုင်ပါ။ ကျွန်တော့်ခြေအားပြုကိရိယာ မပျက်စီးခင် တစ်နှစ်လောက်က မိတ်ဆွေတစ်ဦးက
ချိုင်းထောက်တစ်ဖက် လက်ဆောင်ယူလာပေးပါသည်။
ချိုင်းထောက်ဆိုသော်ငြား
သစ်သားချိုင်းထောက် မဟုတ်မူပဲ သတ္ထုအပေါ့စား လက်ထောက်လေးဖြစ်ပါသည်။ မသန်စွမ်းသူတို့
အသုံးပြုရာတွင် ချိုင်းကိုဖိဖန်များလာပါက လက်မောင်းရင်းရှိ အကြောများ ထိခိုက်နိုင်သောကြောင့်
လက်မောင်းကို အားပြုသုံးရန် စီစဉ်ထားပါသည်။ နှုတ်ကျိုးနေသဖြင့် သုံးရိုးသုံးစဉ် ချိုင်းထောက်ဟုပဲ
ဆက်သုံးပါမည်။
သူကတော့ သူ့စေတနာအလျှောက်
ဘဝတူခြင်း စာနာစိတ်ဖြင့် ပေးခြင်းဖြစ်ပါသည်။ ကိုယ့်မှာတော့ ဒီချိုင်းထောက်ကို ဘယ်နည်းနှင့်မျှ
သုံးမရနိုင်၍ တော်ရာနေရာမှာ သိမ်းဆည်းထားလိုက်ပါသည်။ ခြေအားပြုကိရိယာ ပျက်စီးသွားစဉ်က
ချိုင်းထောက်သုံး၍ လျှောက်ကြည့်စမ်းမည် စိတ်ကူးဖြင့် ပြန်ရှာခဲ့ဘူးပါသည်။ သုံးကြည့်တော့
ဘယ်လိုမျှမရပါ။ ကျွန်တော့်၏ တစ်ချောင်းတည်းသော ဘယ်ခြေမှာ မတ်တတ်ရပ်ရလောက်အောင် အားကိုးမရပါ။
ထိုပြင် ချိုင်းထောက်တစ်ဖက်တည်းနှင့် လမ်းသွားဖို့အတော်ခက်ခဲပါသည်။ကျွန်တော်ဆက်မကျိုးစားတော့ပါ။
လွန်ခဲ့သော (၃)နှစ်လောက်က
ဖြစ်မည်။ သားငယ်က ချိုင်းထောက်တစ်ချောင်း ယူလာပါသည်။ သူ့စိတ်ကူးနှင့်သူ ဆေးဆိုင်က ဝယ်လာခြင်းဖြစ်ပါသည်။
သူရည်ရွယ်ရင်းက ကျွန်တော်ခြေတုသုံး လမ်းလျှောက်သည့်အခါ တုတ်အဖြစ် သုံးစေလိုရင်းဖြစ်သည်။
ကျွန်တော်က တုတ်ကောက်ဖြင့် အားပြုသွားနေရာ သူယူလာသောချိုင်းထောက်ဖြင့် လမ်းလျှောက်ရလျှင်
ခရီးမတွင်နိုင်ပါ။ ထိုကြောင့် သားဝယ်လာသော ချိုင်းထောက်လေးကိုလည်း ယခင်ချိုင်းထောက်နည်းတူ
ချောင်ထိုးထားလိုက်ရပါသည်။
ကျွန်တော်သည် အိမ်တွင် ဘီးတပ်လှည်းဖြင့်
သွားလာလေ့ရှိပါသည်။ တစ်ရက်တွင် စိတ်ကူးပေါ်လာသဖြင့် ရှိနှင့်ပြီး ချိုင်းထောက်နှစ်ခုကို
ထုတ်ပြီး စမ်းလျှောက်ကြည့်ပါသည်။ ရှိနေသော ခြေထောက်အပေါ် ကိုယ်ခန္တာအားပြုမထားပဲ ချိုင်းထောက်လက်ကိုင်ပေါ်မှာ
မျှပြီး အားပြုကြည့်သည်။ မဆိုးဘူး။ လျှောက်လို့ရသား။ သို့သော် ချိုင်းထောက်နှစ်ခုနှင့်
လမ်းလျှောက်ရာတွင် တည်းတည်းလေးကျန်သော ခြေထောက်အပေါ် အားပြု၍မရပဲ ချိုင်းထောက်လက်ကိုင်ပေါ်ကိုသာ
အားပြုထားရပါသည်။ အလွယ်ဆိုရလျှင် လက်နှစ်ဖက်အားနှင့် လမ်းလျှောက်နေခြင်းမျှသာ။
ခြေတုတပ်ဆင် သွားလာရသည်မှာ
အိနြေ္ဒရသည် မှန်သော်ငြား မိမိကိုယ်မှာ အချုပ်အနှောင်တစ်ခုနှင့် ချုပ်နှောင်ထားသလို
ခံစားရသဖြင့် တော်ယုံတန်ယုံ သာမန်ကိစ္စကြီးငယ်လောက်ဆို ကျွန်တော် ချိုင်းထောက်နှစ်ဖက်ပဲ
သုံးပါသည်။ အခမ်းအနား၊ မင်္ဂလာဆောင်ဆိုမှ ခြေတုဖြင့် သွားပါသည်။ ခရီးရှည်သွားလျှင်လည်း
ခြေတုကိုဖြုတ်ပြီး လိုရာခရီးရောက်မှ ပြန်လည်တပ်ပါသည်။ ကိုယ့်ကားနှင့်ကိုယ် သွားလျှင်တော့
ချိုင်းထောက်ပဲသုံးပါ၏။ ခြေတုနှင့်သွားခြင်းသည် အိနြေ္ဒရသည် မှန်သော်ငြား စိတ်လွတ်လပ်မှု
မခံစားရပါ။ ဗုဒ္ဓဘာသာပီပီ ဘုရားသွားကျောင်းတက်လျှင်လည်း ခြေတုနှင့် အဆင်မပြေပြန်။ (အကြောင်းမှာ
ခြေတုတွင် ရှုးဖိနပ်ကို အမြဲတစေ ဝတ်ဆင်ထား၍ဖြစ်ပါသည်။) တော်ယုံလူရင်းမိတ်ဆွေတို့၏ အလှူအတန်းကိုလည်း
ချိုင်းထောက်ဖြင့်သွားရလျှင် တင်ပျဉ်ခွေထိုင်ပြီး စားရသောက်ရတာ အဆင်ပြေပါသည်။ ဘုန်းကြီးကျောင်း၊
တရားရိပ်သာတွင်လည်း ချိုင်းထောက်နှင့် အတော်အဆင်ပြေပါသည်။
ကြားဖြတ် ပြောချင်ပါသေးသည်။
လူပုံအလယ် ခြေတစ်ဖက်မပါပဲ နေထိုင်သွားလာရတာ ကျွန်တော်တစ်ခါမျှ သိမ်ငယ်စိတ်၊ အားငယ်စိတ်
မဖြစ်ဘူးပါ။ မိုင်းစထိစဉ်ကပင် ထိုအရှိတရားကို ကြိုးစားနှလုံးသွင်း ခဲ့ပြီးဖြစ်ပါသည်။
လောကဓံတရားကို ထိုကတည်းက အထိုက်အလျှောက် ဆင်ခြင်ခဲ့ဘူးပါ၏။
ပြန်ဆက်ရလျှင် ကျွန်တော်၏
ဒီဖက်ပိုင်း နေထိုင်သွားလာမှုတွင် ချိုင်းထောက်နှစ်ဖက်ကိုသာ အသုံးများလာပါသည်။ ယုတ်စွအဆုံး
ကားမောင်းရာတွင်ပင် ခြေတုမသုံးဖြစ်တော့ သလောက်ပင်။
ခုမှ ကျွန်တော့်ချိုင်းထောက်နှစ်ခုကို
ပြန်ကြည့်မိပါသည်။ ဖိနပ်စီးသူတို့စကားနှင့်ပြောရလျှင်“ကျွဲတစ်ဖက်၊ နွားတစ်ဖက်”။ ဟုတ်သည်။
ဦးဆုံးမိတ်ဆွေပေးသည့် ချိုင်းထောက်က ဒန်သတ္ထုစပ်ချိုင်းထောက်၊ သားငယ်ပေးသည့် ချိုင်းထောက်ကတော့
အမည်းရောင်အတိ။ ကျွန်တော်သတိမပြုမိ။ သို့သော်ကျွန်တော်၏ နေ့စဉ်သွားလာမှုသည် ဒီချိုင်းထောက်နှစ်ဖက်ဖြင့်
အဆင်ပြေနေပါ၏။
တလောက ကျွန်တော့်အဘိုး အိပ်ရာပေါ်လဲပါသည်။
အတန်ငယ် ထူထူထောင်ထောင်ဖြစ်လာသောအခါ ရေမိုးချိုးဖို့၊ အလေးအပင်ကိစ္စဆောင်ရွက်ဖို့ အခက်အခဲရှိလာရာ
ကျွန်တော်သုံးသော ဝှီးချဲလေးကို ခေတ္တငှါးလာပါသည်။ မပေးလို့လည်း မဖြစ်ပါ။ အဘိုးက ကျွန်တော့်ညီမနှင့်
အတူနေပါသည်။ (ကျွန်တော့်မိဘများလည်း ညီမနှင့်ပဲ အတူနေပါသည်။) သူတို့အိမ်တွင် သက်ကြီးရွယ်အိုတွေချည်းပင်။
ထိုအခါ လှည်းကလေးနှင့်ဆို အတော်အဆင်ပြေပါလိမ့်မည်။ ထိုအချိန်က ညီမနှင့်သူ့ခင်ပွန်းကလည်း
ရပ်ဝေးမှာ ရက်ရှည်ဆေးကုသမှု ခံနေချိန်လည်းဖြစ်သည်။
သည်လိုနှင့် ကျွန်တော့်ဝှီးချဲလေး
အဘိုးဆီမှာ အနေကြာသွားသည်။ တညနေ ညီမဖြစ်သူက ဖုန်းဆက်ပြီး လှည်းပြန်လာယူနိုင်ပြီဖြစ်ကြောင်း
ပြောသည်။ ကျွန်တော်ရောက်သွားတော့ ကားဂိုဒေါင်မှာ လှည်းကိုအဆင်သင့်တွေ့သည်။ ဘေးမှာ ချိုင်းထောက်တစ်ချောင်းလည်း
တွေ့သည်။ အဘိုးအတွက် Wheel chair ဝယ်ရင်း ကျွန်တော့်အတွက် ချိုင်းထောက်တစ်ချောင်း အဆစ်ဝယ်လာခြင်း
ဖြစ်သည်။ သူ့စိတ်ကူးနှင့်သူ ဝယ်လာခြင်းဖြစ်သော်ငြား ကျေးဇူးတင်ရပါသည်။ သည်ချိုင်းထောက်တစ်ဖက်က
ကျွန်တော့်ထံတွင် ရှိပြီးဖြစ်သည့် ချိုင်းထောက်နှင့် အရောင်ရော၊ ပုံစံပါ နီးနီးစပ်စပ်တူပါသည်။
ချိုင်းထောက်“ကျွဲတဖက်၊ နွားတဖက်”မဖြစ်တော့ဘူးပေါ့။
သူတို့သုံးဦး၏ စေတနာကို အသိအမှတ်ပြုပါ၏။
လေးစားတန်ဖိုးထားပါ၏။ တစ်ယောက်နှင့်တစ်ယောက် နှစ်သက်မြတ်နိုးသောအရာ တူညီလိမ့်မည်မထင်ပါ။
ကျွန်တော်ကတော့ ချိုင်းထောက်တစ်ခု ပေးရကောင်းမှန်း စိတ်ကူးရသော ထိုပုဂ္ဂိုလ်များ၏ ကျေးဇူးကို
အထူးအောက်မေ့ သတိရနေမည်သာ။
ဤစာရေးရင်း (၁၉၇၇) နှစ်ခန့်က
ရေးခဲ့ဘူးသော သုံးကြောင်းကဗျာလေးကို သတိရဖြစ်အောင် ရလိုက်ပါသေးသည်။
“သစ်သားချိုင်းထောက်”
တစ်သက်လုံးပဲ
တို့နဲ့တွဲလို့
အမြဲလိုက်ခဲ့ပါတော့နော်။ ။