Tuesday, July 26, 2016

ဝါသနာဘာဂီ ဆက်တိုင်းမီ




ဂီတနဲ့ပတ်သက်လာရင် လည်လည်ပတ်ပတ် တီးတတ်တာဆိုလို့ ကြေးစည်ပဲရှိတယ် ဆိုလောက်အောင် တူရိယာပစ္စည်းများနဲ့ အလှမ်းဝေးလှပါတယ်။ ကြေးစည်တောင် ချိုကို ချိန်သားမှန်အောင် မထုတတ်လို့ ရပ်ကွက်ဆွမ်းတော်ကြီးလောင်းအသင်းမှာ ကြေးစည်ထု ရာထူးတောင် မပေးကြပါဘူး။
သို့သော် ဂီတပိုးလေးက မျိုးနဲ့ရိုးနဲ့ဆိုလောက်အောင် ဆိုင်းသံဗုံသံကြားရင် ရိုးရိုးရွရွ ဖြစ်လာလေတော့ ပညာက နေပေမယ့် လူက မနေနိုင်ပဲ ဟိုနေရာဆို ဆိုလိုက်ရမှ၊ ဒီနေရာဆို တီးလိုက်ရမှ စားကောင်း အိပ်ပျော် နေသာထိုင်သာ ရှိသွားတာလည်း ရောဂါတစ်မျိုး လို့ဆိုရင် ယူသော်ရ၏ပေါ့ခင်ဗျာ။
ပြန်သုံးသပ်ကြည့်တော့ အဘိုးဖြစ်သူဟာ ကြိုးတပ်တူရိယာတွေထဲက မယ်ဒလင်၊ တယော၊ ဂီတာ ကိုပိုင်ပိုင်ကြီးတီးတာ ငယ်စဉ်က အကြိမ်ကြိမ်ကြုံခဲ့ဘူးတာပေါ့။ ပြည်မြို့က ရဲတီးဝိုင်းမှာ တယောပညာရှင် တစ်ဦးဆိုတာလည်း ကလေးအသိနဲ့ ကောင်းကောင်းမှတ်မိ နေခဲ့သေးတော့။ သူ့သားအငယ်ဆုံး၊ ကိုယ့်ဦးလေး ရုတ်တရက်ဆုံးပါးချိန်ကစ တူရိယာတီးခြင်းအမှုကို စွန့်လွှတ်လိုက်တာလည်း ကောင်းကောင်း သတိပြုမိတယ်။ အဲဒီအချိန်က သူ့ဆီမှာ တယောပညာလာသင်နေတဲ့ လူငယ်တွေ ညစဉ် အိမ်မှာတွေ့နေရလို့ပဲ။
အဖေနဲ့အမေမှာတော့ ဘာဂီတပညာမှ တစွန်းတစ မမြင်ခဲ့ရပေမယ့် လသာညတွေ ရပ်ကွက်ထဲလှည့်ပြီး ဆိုစားတီးပြန် ဝါသနာရှင် သူရို့သူငယ်ချင်းတွေ အိမ်လာပြီး ဆိုကြ တီးကြ တာတွေ ကလေးဘဝက တမေ့တမော နားထောင်ခဲ့ရတာတော့ အမှတ်တရပါပဲ။ (ဦး)ကျောင်းဆုံ၊ ရဲ(ဦး)လှကြည် တို့အဖွဲ့ဆို မကြာမကြာ ညပိုင်းထွက်ကြတဲ့ တီးဝိုင်းတွေပေါ့။ (ခေတ္တရာဝမ်းတင် ဆိုတာရှိသေး။ ကိုယ်တွေနဲ့ မရင်းနှီးမသိကျွမ်းပေမယ့် ဝါဆိုလပြည့်ကျော်တရက်နေ့မှာ နိဗ္ဗိန္ဒ၊ အင်ကြင်းမြောင် တောရကို ဝါဆိုပန်းခူးထွက်ရင် သူကအကော်ဒီယံကြီးတီး၊ အဖွဲ့သားတွေက ကကြ ခုန်ကြနဲ့ ပျော်စရာ အလွန်ကောင်းခဲ့ပုံလေး သတိရမိသေးတော့။)
အဲလိုဂီတနဲ့ မနီးယိုးစားလေး ရှိပင်ရှိငြား ကိုယ့်အလှည့်မှာတော့ တော်တော်လေး ရှော်(ညံ့)ခဲ့ပါတယ်။ စောစောက ဆိုခဲ့သလို ကြေးစည်လောက်နဲ့ ကျေနပ်ခဲ့ရတာပါပဲ။
ပြန်စဉ်းစားကြည့်တော့ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်အိမ်နီးနားချင်းတွေမှာ ဝါသနာဘာဂီ ဆက်တိုင်းမီနိုင်တဲ့ ပုဂ္ဂိုလ်တွေရှိခဲ့တာပဲ၊ ကိုယ်ညံ့လို့သာ ဘာမျှဖြစ်ဖြစ်မြောက်မြောက် မတတ်ခဲ့တာပေါ့။ အိမ်ခေါင်းရင်း နှစ်အိမ်ကျော်လောက်မှာ ဦးသိန်းဦးဆိုတာရှိတယ်။ သူက အချိန်ပိုင်း ခြောက်လုံးပတ်တီးသူ။ သူ့အလုပ်က သူတို့အိမ်ရှေ့ဆေးပြင်းလိပ်ရုံက နေ့စားလုပ်သား၊ သူ့ကိုယ်ပိုင် ခြောက်လုံးပတ်လေးတွေနဲ့ ကိုယ့်ကို စမ်းစမ်းပြီး တီးစေတယ်။ စိတ်ရှည်လက်ရှည်လည်း သင်ပေးရှာတယ်။
ခက်တာက ခြောက်လုံးပတ်ဆိုတာ သူချည်း တီးလို့ သီချင်းမဖြစ်ဘူးခင်ဗျ။ (ခုခေတ် ခေတ်ပေါ်တီးဝိုင်း စကားနဲ့ဆိုရရင် သူက ဘေ့(စ်)ဂစ်တာလိုပဲ။ လိုတာကို လိုက်ဖြည့် တီးခတ်ရတဲ့အမျိုး။) အဲတော့ ပါးစပ်ကသီချင်းဆို၊ ကိုယ်ကခြောက်လုံးပတ်တီးပြီး သူပြပေးတဲ့ စည်းကျ ဝါးကျကို လိုက်တီးနဲ့ တယ်ပြီး ခရီးမရောက်ခဲ့ပါဘူး။
အိမ်ရှေ့တည့်တည့်မှာရှိတဲ့ ပေါ်တော်မူဘုရားလမ်းလေးထဲမှာတော့ ဒုံမင်းစိန် ဆိုတဲ့ပုဂ္ဂိုလ်ရှိလေရဲ့။ သူကကြေးစားဂီတသမား၊ အခကြေးငွေနဲ့ မယ်ဒလင်၊ ဒုံမင်း၊ တယောစတဲ့ တူရိယာပညာတွေကို သင်ပေးပါတယ်။ ကိုယ်တို့လို ကလေးတွေက ညပိုင်းဆို ဒုံမင်းစိန်ကျူရှင် သွားပြီး နတ်ကရာကြည့်မော ကြပေတာပေါ့။ သူပို့ချတဲ့ သီချင်းတွေက မဟာဂီတထဲက ထူးမခြားနား၊ ဆယ်ဆယ်ရောင်၊ သာဆန်းရဂုံဘွေ စတဲ့ သီချင်းတွေဆိုတော့ အဓိပ္ပါယ်နားမလည်သော်ငြား နားရည်တော့ဝခဲ့တာပေါ့။
သူငယ်ချင်းမောင်မောင်(Ko Aung Myint)ဖေဖေရဲ့ ကိုယ်ပိုင်စာကြည့်တိုက်က မဟာဂီတသီချင်းပေါင်းချုပ် စာအုပ်ဖတ်ပြီး ကိုယ်များ နားလည်မလားလို့ ရှာဖတ်ကြည့်ရတာလည်းအမော။ တနေ့ ညိုဝင်းရဲ့“မှောင်လွန်းသောညများ”ဝတ္ထုရှေ့ပိုင်းမှာ ဇာတ်ဆရာမောင်ကျောက်ခဲရဲ့“ရွှေရင်ပေါင်”ပတ်ပျိုးကိုကောက်စာလုပ်ရေးထားတာလေး အာရုံညွှတ်ပြီး ဦးလေးဦးသိန်းဦးဆီမှာ သီချင်းကြီးတွေ အခမဲ့ သွားတက်တယ်။ မဟာဂီတရဲ့ အတိမ်အနက်ကို ဆည်းပူးခွင့်ရခဲ့တာပေါ့။
ကိုယ်ညံ့တာကဒီမှာတင်မဆုံးသေးဘူး။
နေတာက ကိုယ်ပိုင်ကျောင်း။ ကျောင်းက သူငယ်ချင်းတော်တော်များများလည်း ကျောင်းဝင်းထဲမှာ နေကြတယ်။ သူတို့က ဂစ်တာကို ထမင်းစားရေသောက် တီးနေကြတာ။ ခရစ်စမတ်မှာ အဆိုတော်(ကို)ခင်ဝမ်း စင်ပေါ်တက်ပြီး  little baby..baby..hi..hi ဆိုတာ နားထောင်ပြီး သဘောကျခဲ့ဘူးတာပေါ့။ ကိုယ်တွေက အဲဒီတုံးက မူလတန်းလောက်ရှိဦးမယ်။ ခင်ဝမ်းရဲ့ ဦးဆုံးအယ်ဘမ်“နှင်းဆီဖြူရဲ့ အဝေးက လူတယောက်”မှာ တီးပေးကြတဲ့ ပလေယာအများစုက ကိုယ်တို့ကျောင်းဝင်းထဲက ကိုအောင်မြတ်ထွန်းတို့၊ ကိုချစ်မြဝင်းတို့ပေါ့။ (နောက်အယ်ဘမ်တွေမှာ ဘေ့(စ်)တီးတဲ့ မိုးစက်က တခန်းထဲတခုံထဲထိုင်တဲ့ သူငယ်ချင်း၊ ဝင်ကြွားတာ😛 ) ပြောလိုရင်းက ဂစ်တာတီးတဲ့ အသိုင်းအဝိုင်းနဲ့ မစိမ်းလှဘူးပေါ့လေ။
ကိုယ့်ဂစ်တာ လက်ဦးဆရာကတော့ ငယ်သူငယ်ချင်း ပါတူး ပေါ့။ ကျောင်းမတက်ခင်လေးဖြစ်ဖြစ်၊ မုန့်စားကျောင်းဆင်းချိန်လေးဖြစ်ဖြစ် သူ့ဂစ်တာလေးနဲ့ သင်ပေးရှာပါတယ်။ (သူတို့က ကျောင်းဝင်းထဲမှာပဲ နေတယ်။) ကိုယ့်ပါရမီကလည်း တော်တော်နည်းခဲ့ပုံပါပဲ။ ကျွဲပါးစောင်းတီး၊ နွားပလာတာကျွေး အဖြစ်မျိုး။
ဒီပါရမီအခံလေးနဲ့ တပ်ထဲရောက်လာတော့ သင်တန်းနားချိန်တွေမှာ မန္တလေးသား သူငယ်ချင်းတယောက်ရဲ့ ဂစ်တာလေးကောက်တဲ့ပြီး စမ်းတီးကြည့်မိတယ်။ (၂)ရက်(၃)ရက်လောက်နဲ့ ဗျန်းဗျန်းဗျန်းခေါက်တတ်သွားတော့ ကျန်သူငယ်ချင်းတချို့လည်း တော်တော်စိတ်ဝင်စား သွားကြတယ်။ ဂစ်တာတီးတာ မခက်ဘူးထင်ပြီး တပွဲတလမ်း ဝင်စမ်းကြတာလေး သတိရသေးတော့တယ်။
ဘဝများစွာ ဖြတ်သန်းခဲ့ချိန်မှာတော့ ကြုံရင်ကြုံသလို အင်္ဂလိပ်တီးဝိုင်း၊ ဘိုတီးဝိုင်းတွေမှာ ဆိုခဲ့ တီးခဲ့ ယုံမျှမက၊ စင်တင်ဝိုင်းလေးများနဲ့ ဆုံခဲ့ရင်လည်း မနေနိုင် မထိုင်နိုင် စင်ပေါ်တက် ရွပိုးထိုးခဲ့ဘူးသပေါ့။ (နာမည်ကြီးဆိုင်တဆိုင်မှာ ဆိုခဲ့တုံး ဆိုင်မှာရှိသမျှ ပန်းကုံး၊စလွယ်၊ပန်းခြင်းရှိသမျှ ကိုယ့်ဆီရောက်လာအောင် ဆိုခဲ့တာလေးလည်း အမှတ်ရတယ်။ ကိုယ့်ခွဲတမ်းအားလုံး ပလေယာလေးကို အားလုံးစွန့်ခဲ့ပါတယ်😂😂။ (ဗျာ..မယုံဘူး၊ ဟုတ်လား။ ကိုကြည်သာကြီး သွားမေးကြည့်လိုက်။ သူက အဲဒီတီးဝိုင်းမန်နေဂျာ။)
ခုတော့ နစ္စ၊ ဂီတ၊ ဝါဒိတ.. တွေနဲ့ ဝေးဝေးနေခဲ့တာလည်း ဆယ်နှစ်စွန်းစွန်း ရှိလောက်ပါပြီ။ အသက်ကလည်း သုံးတွမ်းတီးကျော်ပြီ မဟုတ်လား။
တမြန်မနေ့က ဆရာသမားဖြစ်တဲ့ ရူပဗေဒဌာနက ဦးသန့်စင် ဖိတ်လို့ ဆရာဦးစီးပြီးလုပ်နေတဲ့ မြေမြှုတ်မိုင်းပပျောက်ရေး အလုပ်ရုံဆွေးနွေးပွဲ တက်ခဲ့ပါတယ်။ သင်တန်းဆင်းပွဲပြီးတော့ ဗိုလ်မှူးကြီးက နိုင်ငံခြားသားမိတ်ဆွေများအတွက် မဟာဂီတသီချင်းကို စောင်းနဲ့တွဲဖက် ဖျော်ဖြေစေပါတယ်။ စောင်းဆရာကြီးက မြန်မာ့စောင်းအကြောင်း မိတ်ဆက်ပြောကြားပြီး မြမန်းဂီရိ ယိုးဒယားသီချင်း တီးခတ်ပါတယ်။ သီချင်းပြီးတော့ ဆရာဖြစ်သူက အဆိုမပါ၊ အတီးသက်သက်ဖြစ်နေလို့ အားမလို အားမရဖြစ်ပြီး အဆိုလေးဖြည့်ပေးဖို့ တောင်းဆိုပြန်တယ်။
သူတို့အဖွဲ့မှာ စောင်းပညာရှင်နဲ့ စည်းဝါးသမားပဲ ပါကြောင်း၊ သီဆိုပြဖို့ အခက်အခဲရှိကြောင်း ပြောလာတော့ ကိုယ်လည်း ဆရာသမားရဲ့ ဆန္ဒကို ဖြည့်ဆည်းချင်လာတယ်။ ကိုယ့် တသက်နဲ့ တကိုယ်လည်း သီချင်းများစွာ ဆိုလာခဲ့ရာ၊ သီချင်းကြီးတော့ဖြင့် တစ်ပုဒ်မှ မပါလေခဲ့ပါဘူး။ နောက်ဆုံး မျက်စေ့စုံဖွင့်ပြီး ဗိုလ်မှူးကြီးကို ကျွန်တော်ဆိုပေးမယ့်အကြောင်း ပြောလိုက်တယ်။ ဆရာ ကိုယ့်ကို အံ့ဩမှင်သက်စွာ ကြည့်တယ်။ (ကိုယ့်ဆရာက သီချင်းဆို နိုင်ငံတော်သီချင်းတောင် အသံနေ အသံထားနဲ့ မဆိုတတ်ဘူး လို့ သူ့ဖါသာ ဝန်ခံထားသူဖြစ်တယ်။😀 )
ဒီလိုနဲ့ မြမန်းဂီရိ သေလာတောင်လည်း ဝမ်းစမိုးပြီး ကိုယ်လည်း မဟာဂီတ အဆိုကြော်ဘဝ ရောက်သွားခဲ့တော့တယ်။ ပိုမြိုင်သွားတာက ကိုယ်ဆိုနေရင်း တဝက်လောက်မှာ သင်တန်းသူတစ်ဦး ထွက်လာပြီး အကနဲ့အားဖြည့်ပေးခဲ့တာပါပဲ။ တခါတရံ ဇာတ်တိုက် လေ့ကျင့်ထားတဲ့ အစီအစဉ်ထက် ခုလို လျှပ်တပြက် အစီအစဉ်လေးတွေက ပိုလှနေတတ်တယ် လို့ထင်တာပဲ။
Photo credit; Myint Oo, Saw Nu