Monday, August 29, 2016

မြက်ရိတ်သမား

ပီးခဲ့သော(၅)ရက်က ဆရာဇော်ဂျီ၏“မြက်ရိတ်သမား”ကဗျာတိုလေးတစ်ပုဒ် တင်လိုက်သည်။ နှစ်သက်ကြောင်း ဆန္ဒပြုသူ(၃၇)ဦး ရှိသည်။ မှတ်ချက်ရေးသားသူ မရှိပါ။ ယင်းကဗျာကို (၁၉၃၅)ခုနှစ်က ဂန္ထလောက မဂ္ဂဇင်းတွင် ဖေါ်ပြခဲ့သဖြင့် နှစ်ကာလအားဖြင့်နှစ်ပေါင်း(၈ဝ)ကျော်ခဲ့ပြီ ဖြစ်သည်။ သို့ပင်သို့ငြား ယနေ့တိုင်အောင် ကဗျာဖတ်သူတိုင်းက စွဲမက်နှစ်သက် နေကြဆဲဖြစ်ပါသည်။ လေးလုံးစပ် ကဗျာအမျိုးအစား ဖြစ်ပြီး တစ်ပိုဒ်တည်းဖြစ်ပါသည်။ ကဗျာအပြည့်အစုံကို ထပ်မံ ဖေါ်ပြလိုက်ပါသည်။ (မိမိ၏ မူလပို့စ်တွင် အပေါ်သုံးကြောင်း ဖြုတ်ထားခဲ့ပါသည်။) “မြက်ရိတ်သမား”နေစာလှုံ၍ လူ့ဘုံလောက၊နိုးခါစတည့် ချိုးကသံရှည်၊တောဘွဲ့သီ၍ ဤမှာမြေပြင်၊မြစိမ်းဆင်လျှက် ကောင်းကင်မိုးဝယ်၊နီလာခြယ်နှင့် အိုဘယ်လူသား၊နှစ်ရောင်ကြားဝယ် ခံ့ညားပေစွ ခံ့ပေစွ။ကဗျာမှာ တိုလည်းတို၏။ အဓိပ္ပါယ် ခဲရာခဲဆစ် ရှာရန်မလို။ ချိုးငှက်တစ်ကောင် အော်နေသော နံနက်ခင်းတစ်ခုတွင် လူတစ်ဦး မြက်ရိတ်နေကြောင်း ဖေါ်ပြထားခြင်း သာဖြစ်ပါသည်။ သို့ဆိုလျှင် အဘယ့်ကြောင့် ဤမျှတိုသော ကဗျာလေးတစ်ပုဒ် အနှစ်တစ်ရာ သက်တမ်းနီးလာသည့်တိုင် စွဲလမ်းစွာ ရွတ်ဆိုနေကြသနည်း။ (၁)ဧကပိုဒ် ကဗျာတို ဖြစ်ခြင်း။ (၂)ရွတ်ဆိုရာတွင် အသံပြေပြစ်ခြင်း စသော အချက်(၂)ချက်ကို ထင်ရှားစွာ တွေ့ရနိုင်ပါသည်။ ထိုမှ တစ်ဆင့်တက်ကြည့်လျှင် မိုးကောင်းကင်နှင့် မြေပြင်ကြားရှိ လူသားတစ်ဦး၏ အားမာန်ကို ထင်ဟတ်ပြသည်ကို တွေ့ရပါသည်။ ကောင်းကင်နှင့် မြေလွှာကြားရှိ ဤလူ့ဘောင်ဝယ် လူတန်းစားများစွာ ရှင်သန်နေထိုင်လျှက်ရှိကြပြီး အသက်မွေးဝမ်းကြောင်းမှု တစ်ခုမဟုတ်တစ်ခု ကြိုးပမ်းဆောင်ရွက်နေကြပါသည်။ ဆရာကြီးသည် ဤမျှများပြားသော လူတန်းစားအထွေထွေအနက် သာမန်မထင်မရှား မြက်ရိတ်သမားတစ်ဦးကို အလေးအနက်ပြုလျှက် ဂုဏ်ပြုရေးဖွဲ့ထားသည်မှာ ထူးခြားလှပါပေသည်။ ဤစာဖတ်သူသည် ဆရာကြီး၏ မြက်ရိတ်သမား ကဗျာကို နှစ်သက်ကောင်း နှစ်သက်နိုင်သော်ငြား သာမန် မြက်ရိတ်သမားတစ်ဦးကို ခန့်ညား လေးစားလောက်ပါပေ၏ ဟု ချီးမွမ်းဖို့ စိတ်ကူး ရောက်လိမ့်မည်မထင်ပါ။ မိမိကတော့ ဒီလိုမဟုတ်ခဲ့ပါ။ ဆရာကြီး၏ကဗျာကို အထက်တန်းကျောင်းသားဘဝက သင်ကြားခဲ့ပြီးဖြစ်ပါသည်။ အထက်တွင်ဆိုခဲ့သလို ရွတ်ဆိုရလွယ်ကူသော သာမန်ကဗျာတစ်ပုဒ် ဟုပဲထင်မှတ်ခဲ့ပါသည်။ စားဝတ်နေရေးကြောင့် ဘဝတကွေ့မှာ မိမိမွေးမြူရေးလုပ်ပြီး မိသားစုဝင်ငွေကို ဖြည့်ဆည်းခဲ့ရပါသည်။ လွန်ခဲ့သော အနှစ်သုံးဆယ်က ဖြစ်ပါ၏။ ဥစားကြက် အကောင်တစ်ရာခန့် ခြံလှောင်မွေးမြူပြီး ကြက်ဥရောင်းခဲ့ပါသည်။ ကြက်အကောင် တစ်ရာက ထုတ်ပေးသောကြက်ဥကို အိမ်နီးချင်းများ လာရောက် ဝယ်ယူကြပါသည်။ အကြောင်းဖန်လာသဖြင့် ဇီးနွားမကြီးတစ်ကောင် ထပ်၍ မွေးဖြစ်သွားပါသည်။ ထိုနွားမ ဆောင်ထားသော ကိုယ်ဝန်မှာ နို့စားနွားမျိုး (ဖရီရှန်)ဖြစ်၍ အမလေး မွေးပါက ဒေသန္တရနို့စားနွား ပိုင်ဆိုင်နိုင်မည် ဟူသောစိတ်ကူးနှင့် မွေးဖြစ်သွားခြင်းဖြစ်ပါသည်။ မိမိ ကံကောင်းပါသည်။ စက်တင်ဘာ၏ နေ့တစ်နေ့မှာ ရွှေနီမကြီး သားပေါက်ရာ မိမိတို့ မျှော်လင့်ထားသည့်အတိုင်း နွားမလေး မွေးသဖြင့် အင်မတန်ဝမ်းသာ ပျော်ရွှင်ကြပါသည်။ ဗဟုသုတအလို့ ငှါထိုခေတ်(၁၉၈၅-၈၆)က နွားဈေးနှုန်းကို ကြားဖြတ်ပြောလိုပါသည်။ မိမိတို့ ဝယ်ထားသော ခိုင်းနွား အမတစ်ကောင်၏ ဈေးမှာ အရွယ်ကိုလိုက်၍(၁၅ဝဝ­-၃၀၀၀ကျပ်၊ အထီး အရွယ်လိုက်၍ (၂၅ဝဝ-­၃၅ဝဝ)ကျပ်ခန့် ရှိပြီး နို့စားနွား အမတစ်ကောင် ရောင်းဈေးမှာ ထိုနွား၏ နို့ထွက်နှုန်းကို တွက်၍ ရောင်းဝယ်ကြပါသည်။ (နို့တစ်ပိဿာလျှင် ကျပ်တစ်ထောင်နှုန်း ရှိရာ နို့(၈)ပိဿာထွက်သော နို့စားနွားတစ်ကောင်ကို(၈ဝဝဝ)ကျပ် ပေးဝယ်မှ ရနိုင်ပါမည်။) မိမိမှာ လုံလောက်သော အရင်းအနှီးမရှိသည့် အစိုးရဝန်ထမ်းမို့ ခိုင်းနွားအမကို နို့စားနွားထီး (မျိုးချောင်း) နှင့်စပ်ထားသော နွားသာ ဝယ်နိုင်ခဲ့ပါသည်။ ယခုကံကောင်း၍ ကပြားနွားမလေး ရခြင်းဖြစ်ရာ တစ်မိသားစုလုံး ပျော်ကြပါသည်။ (နို့စားနွားမွေးလျှင် ၅ဝ% ကပြား၊ တနည်း ပထမမျိုးဆက်သာ နို့ထွက်နှုန်း အကောင်းဆုံးဖြစ်ပါသည်။) ဥစားကြက်လုပ်ငန်းသည် ကရိကထ မများလှပါ။ ကြက်ငယ်စဉ်သာ အထူးဂရုစိုက်ရပြီး မီးလွတ်သွားလျှင် ပုံမှန် စောင့်ရှောက်သွားယုံမျှသာ ဖြစ်သော်လည်း နွားမွေးသောအခါ ဥစားကြက်မွေးရသလောက် မလွယ်ကူတော့ပါ။
ခြံလှောင်မွေးမြူသော ဥစားကြက်အတွက် (၈)မိုင်ခန့်ဝေးသော ပြည်မြို့မှ (၁ဝ)ရက်စာ အစာဝယ်ပြီး ကျွေးပါသည်။ အစာစိမ်း(ကန်စွန်းရွက်)ကို အိမ်သို့ လာပို့ခိုင်းသဖြင့် ကြက်အစာကျွေးရန်ကိစ္စ အဆင်ပြေပါသည်။ နံနက်စောစော အစာထည့်ကျွေး၊ သောက်ရေဖြည့်ပြီး ရုံးတက်၊ နေ့လယ် ထမင်းစားချိန် အစာ/ရေထည့်၊ ကြက်ဥကောက်ပြီး ရုံးပြန်တက်၊ ညနေ ရုံးဆင်း ကြက်ဥထပ်ကောက်ပြီးလျှင် တစ်နေ့တာ ကြက်ခြံလုပ်ငန်းပြီး ပြီဖြစ်၏။ အရှုံးအမြတ်စာရင်း တွက်ရတာလည်း လွယ်ပါသည်။ ကြက်ဥရောင်းရငွေကို အစာဖိုး (အထွေထွေစရိတ်ရှိကထပ်ပေါင်း) နှုတ်လိုက်ယုံသာ။ ကြက်အကောင်တစ်ရာမွေးလျှင် ဥသက်တမ်း တစ်နှစ်အတွင်း ပျမ်းမျှ တစ်လဝင်ငွေ လေးငါးရာခန့် မြတ်စွန်းပါသည်။(စာရင်းသာရှိပြီး ငွေမပြနိုင်ပါ။ အိမ်သုံးစာရင်းထဲ ရောက်သွား ပါလေ၏။)
နွားမွေးရတာ ထင်သလောက် မလွယ်ပါ။ မိမိကျန်းမာရေးအရ မမွေးသင့်သော်လည်း အကြောင်းတိုက်ဆိုင်ပြီး (မထင်မှတ်ပဲ) မွေးဖြစ်သွားခြင်းပါ။ သာမန်နွားတစ်ကောင်အတွက် တစ်နေ့ မြက်သုံးထမ်း ကျွေးရပါသည်။ နို့ထွက်ချိန်မှာ အစာနု(ဖွဲ၊ပဲဖတ်၊ပဲခွံ) ဖြည့်စွက်ကျွေးပါမှ နို့ပိုထွက် ပါသည်။
ကြက်မွေးစဉ်က ကြက်ငယ်ချိန်ကိုသာ မိမိစောင့်ရှောက်ပြီး အရွယ်ရောက်ချိန် ကြက်ခြံတွင်းသို့ မိမိဝင်မလုပ်နိုင်တော့သဖြင့် ဇနီးက ဝင်လုပ်ရသည်။ မိမိက အစာဝယ်၊ အစာစပ်၊ ကျန်းမာရေး စောင့်ရှောက်မှု လောက်သာ လုပ်နိုင်ပါတော့သည်။
နွားသည် ခွန်အားကြီးမားသော တိရိစ္ဆာန်ဖြစ်ရာ မိမိအနေဖြင့် ကျန်းမာရေးအခြေအနေအရ မည်သို့မျှ ဝင်၍ မလုပ်နိုင်ပါ။ နွားချေးကျုံး၊ နွားလှန်၊ နို့ညှစ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် ခက်ခဲပါသည်။
ကံကောင်းပုံများ မိမိမွေးမိသော ရွှေနီမသည် လွန်စွာအသိဉာဏ်မြင့်မားပြီး လွန်စွာလိမ္မာသော နွားတစ်ကောင် ဖြစ်ခဲ့ပါသည်။ ဒေါသထွက်ခြင်း၊ ရိုင်းစိုင်းခြင်း အလျဉ်းမရှိခဲ့ပဲ သားပေါက်စဉ်မှာပင် သူ့ကို ပြုစုပေးသည်ကို ငြိမ်သက်စွာ ခံယူပါသည်။
နွားတစ်ကောင်အတွက် တစ်နေ့တာလုပ်ငန်းများကို ရေးပါမည်။ မနက်လင်းသည်နှင့် နွားချေးကျုံးပြီး ခြံထောင့်မှာ စုပုံရပါသည်။ နွားမကြီးကို တိုင်ရွေ့ပြောင်းချည်နှောင်ပြီး အစာ(မြက်) ကျွေးပါသည်။ ပြီးသည်နှင့် မိမိ မြက်ရိတ်ထွက်ပါတော့သည်။ မြက်ရိတ်ထွက်သည်ဆိုတော့ သာမန် လူတစ်ဦးသာဆိုလျှင် ထမ်းပိုးတစ်ခုတွင် မြက်ခြင်းနှစ်ခြင်း လျှိုထမ်းပြီး တံစဉ်ကို ပုဆိုးခါးကြားထိုး သွားရုံမျှသာဖြစ်၏။ မိမိအတွက်တော့ သည်လောက်မလွယ်ပါ။ မြက်ရိတ်ရန် ခြေတု အသုံးပြု၍ မရပါ။ ထိုကြောင့် ဖင်ထိုင်ခုံ အပုတစ်လုံး၊ ဈေးဝယ်ရာတွင်သုံးသည့် ကြိမ်ခြင်း အကြီးတစ်လုံးနှင့် တံစဉ် တစ်လက်ကိုယူပြီး မောင်ဗမာစက်ဘီး ပေါ်တင်လျှက် မြက်ရိတ်ထွက်ရပါသည်။ စက်ဘီးစီးပြီး မြက်ရိတ် ထွက်ရသဖြင့် သာမန်မြက်ရိတ်သမား တစ်ဦးလောက် မြက်မရနိုင်ပါ။
မိမိမြက်ရိတ်သောနေရာသည် လွန်စွာကျယ်ဝန်းသော စက်ရုံအနီးတဝိုက်ဖြစ်၍ မြက်အလွန် ပေါပါသည်။ နွားများနှစ်သက်သော မြက်များလည်း ဖြစ်ပါသည်။ နွားမမွေးခင်က နွားသည် မြက်စား၏ ဆိုတာလောက်ပဲ သိပါသည်။ ကိုယ်တိုင် နွားမွေးသောအခါ နွားစားသော မြက်က မည်သည့်မြက် ဖြစ်သည်ကို သိရပါတော့သည်။ လူတွေ ထမင်းစားရာတွင် မည်သည့်ဆန်ကို နှစ်သက်စွာ စားကြသလဲ ဆိုတာမျိုး ဖြစ်ပါလိမ့်မည်။ သူတို့ဖါသာ လွှတ်ကျောင်းထားလျှင် သူတို့စိတ်ကြိုက်မြက်ကို ရွေးချယ် စားနိုင်မည် ဖြစ်သော်လည်း လူက ရိတ်ကျွေးလေသောအခါ သူတို့နှစ်သက်မည့် မြက်မျိုးရရန် လိုအပ်ပါသည်။ (နွားအိုကြီးမြက်နုကြိုက် ဆိုသော စကားကိုလည်း ဆင်ခြင်မိ သွားပါ၏။) တခါတရံ မြက်အရိုး ရင့် မရင့် ကိုယ်တိုင် သွားဖြင့် ကိုက်ကြည့်ရပါသည်။ ရိုးတံ မာပါမှ သူတို့ဝါးလို့ကောင်းပြီး အသားလည်းဖြစ်၊ အားလည်းဖြစ်ပါ၏။
ခြေတစ်ဖက်နှင့် မိမိဘယ်သို့ မြက်ရိတ်သနည်း။ မြက်ရိတ်မည့်နေရာနှင့် အနီးဆုံးရောက်အောင် စက်ဘီးကို နင်းသွား။ ဒေါက်ထောက်ပြီး ကြိမ်ခြင်းထဲက ဖင်ထိုင်ခုံကို ထုတ်ခင်း၊ ပုဆိုးကို သပ်သပ်ရပ်ရပ်ဖြစ်အောင် အနားသိမ်း (တခါတလေလည်းတပ်မတော် under wear အစိမ်း ဝတ်ပါသည်။)၊ တံစဉ်ထုတ်ပြီး မြက်ရိတ်ခြင်း စပါတော့သည်။ ဒီလိုဆို လွယ်သားပေါ့.. မထင်လေနှင့်။ မြက်တောထဲမှာ ထိကရုံးပင်များ ရောနှောပေါက်နေရာ လက်ဖြင့်ဆုပ်ကိုင်လိုက်သည်နှင့် ထိကရုံးဆူးက လက်ချောင်းကို စူးပါတော့သည်။ အစပိုင်းမှာ လွန်စွာ နာကျင်ပါသည်။ နောက်တော့ လုပ်ငန်းက သင်သွားပြီမို့ ခတ်ဖိဖိဆုတ်ကိုင်လျှင် အနာလည်း သက်သာ၊ စူးလည်း မဝင်တော့ကြောင်း သိလာရပါသည်။ နောက် အခက်အခဲတစ်ခုက မြွေဖြစ်ပါသည်။ မြွေမြင်လို့မှ ထမပြေးနိုင်သော မိမိအတွက် ဦးစွာ နေရာရွေးချယ်စဉ်ကပင် အန္တရာယ်ကို ရှောင်ပြီး ရွေးရပါသည်။ နောက်တော့ ထိုသတ္တဝါကို မေတ္တာများများပို့ပြီး သူတို့ကို ရန်မပြုကြောင်း သစ္စာပြုလိုက်ပါသည်။
မြက်ရိတ်နေစဉ် အာရုံပြန့်လို့မရပါ။ လက်ကို ရှနိုင်ပါသည်။ မြက်ရိတ်နေစဉ် မြွေပါးကင်းပါးလည်း ဂရုစိုက်ရပါသည်။ နံနက်စောစော နေမထွက်မီ မြက်တစ်ခြင်းရအောင် ရိတ်ပါမှ နေပူသက်သာပါမည်။ မြက်ရိတ်နေခိုက် ဆရာဇော်ဂျီ၏ ကဗျာလေး ရင်ထဲသို့အလိုလို ရောက်လာသည်။ ပတ်ဝန်းကျင်မှာ ချိုးကူသံတော့ မကြားရပါ။
မိမိ မြက်ရိတ်နေသည်။ သာယာသော နံနက်ခင်းလှလှမှာ မိမိ မြက်ရိတ်နေသည်။ ခတ်လှမ်းလှမ်းမှာ ပထမအဆိုင်း လုပ်ငန်းခွင်ဝင်မည့် စက်ရုံလုပ်သားတွေ စက်ရုံဆီသို့ သွားနေကြပြီ။ ချွေးတွေကြားမှ သူတို့ကိုကြည့်ပြီး မိမိ အားတက်သွားသည်။ ငါဟဲ့ ယောက်ကျားဟု ထမအော်ရုံပင်။ ဆရာကြီး၏ ကဗျာကို ခံစား နားလည်လိုက်မိသည်။ အာဂ လူသား ငါပါတကား။
နာရီဝက်ခန့် မြက်ရိတ်လျှင် ကြိမ်ခြင်းအပြည့် ရပါပြီ။ ဖိသိပ်ထည့်ထားသော မြက်ကို နောက် ကယ်ရီယာတွင် ညှပ်တင်ပြီး တံစဉ်ကို ခြင်းတွင်းသို့ ထိုးလိုက်ပါသည်။ ဖင်ထိုင်ခုံကို လက်တဖက်ဖြင့် ကိုင်ပြီး စက်ဘီးနင်း ရပါသည်။ အိမ်ရောက်လျှင် ရေချိုး၊ နံနက်စာစားပြီး ရုံးတက်ရန် ပြင်ဆင်ရဦးမည် မဟုတ်လား။
နွားမွေးခဲ့ခြင်းကြောင့် မိမိအတွက် ကြီးမားသော အမြတ်အစွန်းနှစ်ခုမှာ မြွေကို လုံးဝ ဘေးမဲ့ပေးခြင်းနှင့် အမဲသားစားခြင်းကို ရာသက်ပန် ရှောင်ဖြစ်သွားခြင်း ဖြစ်ပါသည်။

Tuesday, August 23, 2016

အစိမ်းရောင်အိုလံပစ် ရီယို,၂၀၁၆

၁၉၈၄ ခုကစလို့အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတိုင်းကိုဝါသနာအရမလွတ်တမ်းကြည့်ဖြစ်ပါတယ်ရ(၁၉၈၈၊ဆိုးလ်အိုလံပစ်ပွဲမကြည့်ရပါ) ဖွင့်ပွဲအခမ်းအနားတိုင်းဟာအိမ်ရှင်နိုင်ငံရဲ့ဂုဏ်သိက္ခာကိုတကမ္ဘာလုံးကအထင်ကြီးလေးစားလောက်အောင်အစွမ်းကုန်ကြိုးစားပမ်းစားတင်ဆက်ကြတာသတိပြုမိပါတယ်။အဲဒါကြောင့်လည်းဘယ်နိုင်ငံကဖွင့်ပွဲအခမ်းအနားကပိုကောင်းတယ်လို့ပြောဖို့အင်မတန်ခက်ပါတယ်။သူနည်းနဲ့သူထူးခြားဆန်းပြားတဲ့တင်ဆက်မှုတွေကိုအံ့မခန်းမြင်တွေ့ရလို့ပါပဲ။ကြည့်ခဲ့ရတဲ့(၈)ကြိမ်မှာဥရောပတိုက်၊မြောက်အမေရီကား၊သြစတေးလျှတိုက်နဲ့အာရှတိုက်ကဘေဂျင်းအိုလံပစ်တို့ပါဝင်လေတော့မတူခြားနားတဲ့တိုက်ကြီးလေးခုကခြားနားတဲ့ယဉ်ကျေးမှု၊နောက်ခံသမိုင်းအစရှိတာတွေကိုလူအင်အား၊နည်းပညာအကူအညီတွေနဲ့သူ့ထက်ငါတော်ကြိုးစားကြပါတယ်။
ဖွင့်ပွဲအခမ်းအနားတိုင်းမှာမပါမပြီးဖြစ်တဲ့အိုလံပစ်မီးရှူးတိုင်ထွန်းညှိတဲ့အစီအစဉ်ကိုလည်းအထူးလျှို့ဝှက်ထားလေ့ရှိကြပြီးမီးတိုင်ထွန်းချိန်ရောက်မှဘွားကနဲဘယ်သူဘယ်ဝါဖြစ်ကြောင်းတွေ့ရလေ့ရှိပြီး၊မီးထွန်းညှိတဲ့ပုံစံကိုလည်းထူးထူးခြားခြားတင်ဆက်လေ့ရှိပါတယ်။
အစွဲမက်ဆုံးအိုလံပစ်မီးထွန်းညှိမှုကို(၁၉၉၂)ဘာစီလိုနာအိုလံပစ်မှာမြင်ခဲ့ရပါတယ်။မသန်စွမ်းအားကစားသမားတစ်ဦးကဘီးတပ်ကုလားထိုင်ပေါ်ကနေ လေးနဲ့မြားကိုအသုံးပြုပြီးမြားတံမှာမီးစာတပ်ပြီးလေးနဲ့ပစ်ပြီးထွန်းညှိခဲ့တာပါ။(အလားတူပုံစံမျိုးဖွင့်ပွဲတစ်ခုမှာမြင်ရဘူးပေမယ့်တင်ဆက်ပုံမပီပြင်လို့ဘာမျှမခံစားခဲ့ရဘူးပါ။) ဒုတိယအစွဲဆုံးက(၁၉၉၆) ခုအတ္တလန်တာအိုလံပစ်မှာပါကင်ဆန်ဝေဒနာခံစားနေရတဲ့လက်ဝှေ့အကျော်အမော်မိုဟာမက်အလီတုန်တုန်ယင်ယင်နဲ့မီးညှိပေးတဲ့မြင်ကွင်းလေးပါ။ဒီလိုစိတ်ကူးမျိုးစဉ်းစားဖန်တီးနိုင်ခြင်းဟာကြည့်သူကိုကြည်နူးဝမ်းမြောက်မှုရော၊စိတ်ထိခိုက်လှုပ်ရှားမှုကိုရောပြိုင်တူခံစားရစေနိုင်ပါတယ်။
ရီယိုအိုလံပစ်(၂၀၁၆)ကိုတော့ဖြင့်ကိုယ်ကြည့်ခဲ့ဘူးသမျှဖွင့်ပွဲအခမ်းအနားတွေထဲမှာထူးခြားမှုအရှိဆုံး၊( Theme)တစ်ခုသတ်သတ်မှတ်မှတ်ထားပြီးတင်ပြချင်တဲ့အကြောင်းအရာကိုဖွင့်ပွဲမှာသာမက၊ပိတ်ပွဲအထိ(Highlight)လုပ်ပြသွားနိုင်ပါပေတယ်။
ဘရာဇီးတွေအဓိကစောင်းပေးပြသွားတဲ့အချက်ကတော့ကမ္ဘာမြေစိမ်းလမ်းစိုပြည်ရေးနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပါပဲခင်ဗျား။သစ်တောထိန်းသိမ်းစောင့်ရှောက်ကြဖို့ပြိုင်ပွဲဝင်နိုင်ငံတိုင်းကသံသေတ္တာထဲကိုသစ်စေ့(မျိုးစေ့)များထည့်ပြီးစိုက်ပျိုးရပါတယ်။သစ်စေ့တွေကနေသစ်တောကြီးဖြစ်သွားပုံကိုမျက်လှည့်ဆန်ဆန်တင်ဆက်သွားပါတယ်။သစ်တောကြီးကလည်းအိုလံပစ်အထိမ်းအမှတ်ကွင်းငါးခုဖြစ်သွားပုံဟာအင်မတန်အဆင့်မြင့်တဲ့ပါဖေါမင့်ဖြစ်ပါတယ်။
ဖွင့်ပွဲမှာသာမက၊ပိတ်ပွဲအခမ်းအနားမှာလည်းရေသယံဇာတထိန်းသိမ်းရေးကိုအဓိကတင်ဆက်ပြန်လေတယ်။ပိတ်ပွဲမှာ Jelly fish တစ်ကောင်ဟာကွင်းအလယ်မှာမားမားကြီးနေရာယူလျှက်ပဲ။
ကြည့်ဘူးခဲ့သမျှသောအိုလံပစ်ပွဲတိုင်းဟာခမ်းနားအောင်၊ကြီးကျယ်အောင်၊ရင်သပ်ရှုမောဖြစ်အောင်တင်ဆက်နိုင်တာကြုံဘူးခဲ့ပါတယ်။ဒီတစ်ကြိမ်အိုလံပစ်ဖွင့်ပွဲလို(Theme) တစ်ခုကိုပီပီပြင်ပြင်(Perform)လုပ်သွားတာတော့တစ်သက်နဲ့တစ်ကိုယ်ဒီတစ်ကြိမ်သာကြုံခဲ့ဘူးကြောင်းပါခင်ဗျား။
အိုလံပစ်ပွဲတော် အခမ်းအနားအကြောင်း ရေးရင်း အမှတ်ထားမိတာလေးတစ်ခု ပြောချင် လာပြန်တယ်။
ဘာလည်းဆိုတော့ အိမ်ရှင်နိုင်ငံတွေက ဒီအခမ်းအနားမှာ သူတို့တိုင်းပြည် ထင်ရှားကျော်ကြား သူများကို ပါဝင်ဆင်နွှဲစေခြင်းဖြင့် ကမ္ဘာကြီးရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်စည်းရုံးနည်းပါ။
(၂ဝ၁၂)လန်ဒန်အိုလံပစ်မှာဒီလို celebrity ဖြစ်တဲ့ နာမည်ကျော် ဂျိမ်းစ်ဘွန်းမင်းသားကို အင်္ဂလန်ဘုရင်မကြီး အဲလိဇဘက်နဲ့ ပူးတွဲတင်ဆက်တဲ့ ပြကွက်ပါပဲ။ ဖျော်ဖြေ တင်ဆက် မှုနဲ့အတူ နိုင်ငံ့အကြီးအကဲ တစ်ဦးကိုပွဲထုတ် တင်ပြတာပါပဲ။ အဲဒီပြကွက်လေးက ဒီလိုပါ။
James Bond မင်းသားအဖြစ် နာမည်ကျော်တဲ့ သရုပ်ဆောင် Daniel Craig ဟာ Buckingham နန်းတော်ဆီကို ရဟတ်ယာဉ်နဲ့ ရောက်လာပြီး အဲလိဇဘက် ဘုရင်မကြီးနဲ့ ကြင်ယာတော်ကို လန်ဒန်အိုလံပစ်ပွဲတော် တက်ရောက်ဖွင့်လှစ်ပေးဖို့ လာရောက် ပန်ကြားပါတယ်။ ဘုရင်မကြီး ဇနီးမောင်နှံလည်း ဂျိမ်းစ်ဘွန်းနဲ့အတူ ရဟတ်ယာဉ်နဲ့လိုက်ပါပြီး အိုလံပစ်ကွင်းပေါ်အရောက်မှာ လေထီးဖွင့်ပြီး ကွင်းထဲကို ခုန်ချတဲ့ပြကွက်ပါ။ ဘုရင်မကြီးတို့ ဇနီးမောင်နှံနဲ့ ဂျိမ်းစ်တို့ ကွင်းပေါ် ရောက်လာချိန်မှာတော့ ပိတ်ထားတဲ့ ကွင်းပတ်ပတ်လည်က မီးတွေ ဆက်ခနဲအဖွင့်မှာ ပရိတ်သတ်ကို လှည့်နှုတ်ဆက်နေတဲ့ မြင်ကွင်းကို တအံ့တဩ ရှုစားကြရပြီး ဝမ်းသာကြည်နူးစွာ ဩဘာ ပေးကြပါတယ်။
ကျွန်တော် ကြည့်ဘူးသမျှ အိုလံပစ်ဖွင့်ပွဲတွေထဲမှာ နိုင်ငံ့အကြီးအကဲတစ်ဦးကို ဖျော်ဖြေမှု အစိတ်အပိုင်းအဖြစ် အသုံးချသွားတာ လန်ဒန်အိုလံပစ်က ဦးဆုံးဖြစ်မယ် ထင်ပါတယ်။
အကြံတူရင် နောက်လူသာစမြဲ မဟုတ်လား။
အဲဒီတင်ဆက်မှုကို အခြေခံတဲ့ပြကွက် ရီအိုအိုလံပစ် ပိတ်ပွဲအခမ်းအနားမှာ ထပ်မံမြင်ခဲ့ရပါတယ်။
အိုလံပစ်ပြိုင်ပွဲ ပြီးဆုံးကြောင်း ကြေညာပြီး (၂ဝ၂ဝ)မှာ ပြုလုပ်မယ့် မြို့အဖြစ် ဂျပန်နိုင်ငံ တိုကျို ကိုရွေးချယ်ကြောင်းနဲ့ တိုကျိုမြို့တော်ဝန်ကို အိုလံပစ်အလံ လွှဲပြောင်းပေးအပ်ပါတယ်။ အလံ လက်ခံအပြီးမှာ လာမယ့် အိုလံပစ်ပွဲတော် ကျင်းပမယ့်နိုင်ငံက အလှ အက နည်းပညာများနဲ့ မိတ်ဆက် ဖျော်ဖြေပါတယ်။
စက်မှုထွန်းကားပြီးနိုင်ငံပီပီ ဂျပန်အမျိုးသားအလံ နေဝန်းနီကြီးကို ရိုဘော့တွေခြံရံလျှက် လေဆာနည်းပညာ သုံးလို့ တင်ဆက်ပါတော့တယ်။ ပြကွက်တခုက (၁၉၈ဝ)စုနှစ်များဆီကဂျပန်တွေ ကမ္ဘာကျော်ခဲ့တဲ့ဂိမ်း“စူပါမာရီယို”ရဲ့ ကစားကွက်များနဲ့ ဖျော်ဖြေပါတယ်။ တီးလုံးဆုံးတာနဲ့ စူပါမာရီယိုဟာ ရေပိုက်ထဲက အပေါ်ထွက်လာပြီး သူ့ရဲ့နူတ်ခမ်းမွှေး အပါအဝင် မာရီယိုအဝတ်တွေကို ချွတ်ချလိုက်ရာ ဝန်ကြီးချုပ်“ရှင်ဇိုအာဘဲ”ဖြစ်နေတာ မြင်ရတဲ့ ပရိတ်သတ်တွေ ဝမ်းမြောက်ဝမ်းသာ ချီးကျူးဂုဏ်ပြု ကြပါတော့တယ်။
ဒီပြကွက်ဟာ (၂ဝ၂ဝ)တိုကျိုအိုလံပစ်ရဲ့ အမြည်းသဘော မျှသာဖြစ်တယ်။ တကယ့်ပွဲကြီးမှာ ဒီထက်ထူးခြားတဲ့ တင်ဆက်မှုတွေ မြင်ရလိမ့်ဦးမှာ သေချာပါတယ်။ နိုင်ငံ့အကြီးအကဲ တာဝန်ယူထားသူတွေကို ပြကွက်ရဲ့အစိတ်အပိုင်းအဖြစ် အသုံးပြုတဲ့ ပြကွက်ဆန်းတွေကိုလည်း မျှော်လင့်လို့ရနိုင်ပါတယ်။
(၂၀၂၀) တိုကျိုကိုစောင့်ကြည့်ကြပါဦးစို့။