Sunday, January 20, 2019

စာရေးဆရာ၊သတင်းစာဆရာ၊နိုင်ငံရေးသမား လူထုဒေါ်အမာ ရုပ်ပုံလွှာ


စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမား လူထု ဒေါ်အမာ ရုပ်ပုံလွှာ


ကိုနေ ( မန်း )



လူထုအမေ

လူထုအမေကို ၁၉၁၅ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်လို့ ဗိုလ်ချုပ်အောင်ဆန်း နည်းတူ ဒီနှစ်မှာ တိုက်တိုက်ဆိုင်ဆိုင် ၁၀၃ နှစ်ပြည့်ပါပြီ။လူထုဒေါ်အမာရဲ့ မွေးနေ့ပွဲတွေကို တောင်သမန် အင်းစောင်းက ဆရာတော် ကိုပညာရဲ့ တောင်လေးလုံးကျောင်းတိုက်မှာ နှစ်စဉ်ကျင်းပလေ့ရှိရာ ဒီနှစ်မှာလည်း အထူးပွဲအဖြစ် ၂၉-၁၁-၂၀၁၈ မှာ ကျင်းပတော့မှာပါ။
လုထူအမေ၊ ဒေါ်အမာ (လူထုဒေါ်အမာ) (၁၉၁၅-၂၀၀၈)ဟာ မြန်မာပြည်လွပ်လပ်ရေး လှုပ်ရှားမှု၊ မြန်မာပြည် ငြိမ်းချမ်းရေး လှုပ်ရှားမှု၊ မြန်မာ့စာပေ စာနယ်ဇင်းလောကရဲ့ မီးရှူးတန်ဆောင်၊ အဖိနှိပ်ခံ ပြည်သူတို့ဘက်က အစဉ်အမြဲ ရပ်တည်ခဲ့တဲ့ နေတစ်စင်း၊ လတစ်စင်းဖြစ်သူ လူထုဖြစ်တဲ့ လူထုချစ်တဲ့ လူထုမိခင်၊ လူထုဒေါ်အမာ အား အစားထိုးစရာလည်းမရှိသလို၊ အစားထိုးလို့လည်း မရတဲ့ မဟာမှိုင်းရဲ့ အမွေခံသမီး အမေမာ၊ ဒါမှမဟုတ် လူထုချစ်တဲ့ လူထုရဲ့ မိခင် သတင်းစာ၊ စာရေးဆရာမကြီးဖြစ်ပါတယ်။လူထုဒေါ်အမာဟာ အမျိုးသားခေါ်င်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီးဒဂုံတာရာတို့နဲ့ ခေတ်ပြိုင်လည်း ဖြစ်တယ်။

အမေနဲ့ကျွန်တော်

အညာသားကျွန်တော်ဟာ ခေတ်ပြိုင်ဝတ္ထုတိုဆရာများနည်းတူ အမေ့စာတွေနဲ့ ကြီးလာသူပါ။ အကြိုက်ဆုံးကတော့ “ ပြည်သူချစ်သောအနုပညာသည်များ “ပါ။အားအကျဆုံးကတော့ သတင်းစာဂျာနယ်လစ် ဘဝပါ။ လူထုကို အားကျပြီး မြို့မငြိမ်းစကားနဲ့ပြောရရင်ဟိုဘက်အိမ်ကညှော် (စိန်ဗေဒါကြီးဆိုင်းသံ)နဲ့ ကြီးလာတာ ဆိုတာလို လက်ဆည်ကန်က လူထုညှော်နဲ့လူထုသတင်းစာမင်နံ့နဲ့ ကြီးလာတာ။
မန္တလေးမှာ ကျောင်းနေစဉ်အထက်တန်းကျောင်းသားဘဝမှာ ၈၄ လမ်းလူထုတိုက်ရှေ့ကနေ ဝင်းလိုက်ရုံဘက်ဆီ ဦးစိန်မောင်မြင့်(ဆရာဝင်းစည်သူ-သရဖူမြန်မာစာ) ကျူရှင်သွားရင်း၊ စက်ဘီးစီးရင်း လူထုရှေ့က ဖြတ်တိုင်း ရင်ခုန်တယ်။ နောက်တော့ ကျွန်တော် ကမကထလုပ်တဲ့ စာကြည့်တိုက်တွေအတွက် စာအုပ်ဝယ်ရင်း ရောက်တယ်။ “မီးသွေးခဲမို့ မည်းသကိုး “ဝယ်ရင်းနဲ့ ကိုညိုက အမေမာနဲ့ မိတ်ဆက်ပေးတယ်။နောက်တော့ ရန်ကုန်ဂျာနယ် အယ်ဒီတာလုပ်တော့ မန္တလေးက ဆရာတွေကို အင်တာဗျူးတိုင်း အမေက ထိပ်ဆုံးက ပါနေကျ။မဆီမဆိုင် အားကစားအကြောင်း၊ ဘောလုံးအကြောင်းလည်း အမေ့ကို ဗျူးဖူးတယ်။ကမ္ဘာ့ဖလားပွဲ တစ်ပွဲမှာတော့ မေမြို့ (ယခု-ပြင်ဦးလွင်)ရောက်နေတဲ့ အမေ့ကိုတောင် အလွတ်မပေးဘဲ ဗျူးတာ။အမေက မှတ်မှတ်ရရ ဂျာမနီအသင်းကိုအ ကြိုက်ဆုံးဗျ။ကမ္ဘာ့ဖလား ၂၀၀၆ ရသွားတယ်။အမေတို့ခေတ်က နိုင်ငံခြားသတင်းတွေ၊ အားကစားသတင်းတွေ အင်တာနက်ခေတ် မဟုတ်လို့ ခက်ခက်ခဲခဲ ကြေးနန်းရယူဘာသာပြန်ပုံ ၊ ဘာသာပြန်သတင်း ရေးရပုံတွေကို သင်ကြားပြသ ပြောပြခဲ့လို့ အမေ့ကျေးဇူးကြီးလှတယ်။ အမေ့စကားတစ်ခွန်း နားထဲမှာ စွဲနေတာကတော့ “သတင်းစာသမားဆိုတာ ဘက်မလိုက်ရဘူးဆိုတာ မဟုတ်ပါဘူး။သတင်းစာသမားဟာ ဘက်လိုက်ရပါတယ်။အမှန်တရားဘက်က လိုက်ရပါတယ် “တဲ့။

လူထုမိခင်နဲ့ သတင်းစာတည်းဖြတ်မှု    

လူထုမိခင်ရဲ့ သတင်းစာတည်းဖြတ်မှုဆိုင်ရာ သဘောတရားကို လူထုမောင်နှံရဲ့သတင်းစာမှာ တပည့်ရင်းဖြစ်ခဲ့သူ သတင်းစာဆရာ ဆရာမောင်သစ်လွင်(လူထု)က ပြောဖူးတာကို မှတ်သားရဖူးပါတယ်။ ဒေါ်အမာဟာ ရှားပါးတဲ့ ဆရာကောင်းတစ်ယောက် ဖြစ်ပါတယ်တဲ့။ “လူထုဒေါ်အမာရဲ့ သွန်သင်ဆုံးမမှုအောက်မှာ ကျွန်တော်တို့ နေခဲ့ရတယ်။မမေ့နိုင်စရာ အကြောင်းကတော့ သူရေးတဲ့စာတောင်မှပဲ တို့ကို တည်းဖြတ်ခိုင်းတာ၊ ဆရာသမား အဲဒါမျိုး ရှားတယ်ကွ၊ဆရာက ဆရာလိုပဲ နေမှာပေါ့၊မောင်သစ်လွင် မင်းက တည်းြေတ်ရဲတယ်၊ ငါက စိတ်ရှိသလောက် ရေးလိုက်တာပဲ၊မင်းဘာသာ တည်းဖြတ်ပြီးတော့ အဲဒီလို ခွင့်ပေးတာ၊အဲဒီလိုဆရာမျိုး ဘယ်မှာရှိလို့လဲ၊သိပ်ရှားတယ်နော်” တဲ့။
နှစ်စဉ် မွေးနေ့ပွဲမှာ လူထုဒေါ်အမာကို ချစ်မြတ်နိုးသူတွေ၊ စာရေးဆရာတွေ၊ သတင်းစာဆရာ တွေနဲ့ အနုပညာသမားတွေ တက်ရောက်ခဲ့ပြီး ကဗျာဖတ်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
လူထုဒေါ်အမာကို ၁၉၁၅ ခုနှစ် နိုဝင်ဘာ (၂၉) ရက်မှာ မန္တလေးမြို့ ဂုန္တန်ရပ် အဖ ဦးထင်၊အမိ ဒေါ်စုတို့က မွေးဖွားခဲ့ပါတယ်။
၁၉၃၉ ခုနှစ်မှာ သတင်းစာဆရာ လူထုဦးလှနဲ့ လက်ထပ်ခဲ့ပြီး ပြည်သူချစ်သော အနုပညာသည်များ၊ မန္တလေးသူ မန္တလေးသားများ၊ အမေ့ရှေးစကားစာအုပ်များ အပါအဝင် ဆောင်းပါး ပင်ကိုရေးနဲ့ ဘာသာပြန်စာအုပ်တော်တော်များများကို ရေးသားခဲ့ပါတယ်။

လူထုနဲ့ ဖဆပလအစိုးရ

လူထုမောင်နှံနဲ့ ဖဆပလအစိုးရ အကြောင်းကိုတော့ လတ်တလော အမေရိကန်က ပြန်လာသူ ကဗျာဆရာကြီးမောင်စွမ်းရည်က ဒီလိုရေးဖူးပါတယ်။၂၀၁၅ ခုနှစ်ဟာ ‘အောင်ဆန်းရာပြည့်’နှစ်ဖြစ်သလို သူ့ရဲဘော်များဖြစ်ကြတဲ့ သတင်းစာဆရာကြီး ဦးခင်မောင်လတ်၊ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ စာရေးဆရာ သတင်းစာဆရာမကြီးလူထုဒေါ်အမာ၊ နိုင်ငံရေးသမား ကျားကြီးဘဆွေ၊ အာဇာနည် ဗိုလ်အောင်ကျော် စတဲ့လူကျော်ကြီးများရဲ့ ရာပြည့်လည်း ဖြစ်ပါတယ်။ ဦးလေးနဲ့ ဒေါ်ဒေါ်တို့ဟာ န်ုင်ငံလွပ်လပ်ရေး၊ ဒီမိုကရေစီရေး၊ စာပေယဉ်ကျေးမှုမြှင့်တင်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ စာရေးသားပြီး လူထုသတင်းစာ၊ ဂျာနယ်တို့ကို ဦးစီးထုတ်ဝေခဲ့တာပါ။လွတ်လပ်ရေးမရခင်ကတော့ သူတို့ရဲဘော်ကြီး ‘အောင်ဆန်း’ရဲ့ လွပ်လပ်ရေးတိုက်ပွဲကို သတင်းစာလက်နက် ကိုင်စွဲပြီး ထောက်ခံ ပါဝင်ခဲ့ပါတယ်။ လွပ်လပ်ရေး ရပြီးတော့ ပြည်တွင်းစစ်ဖြစ်တယ်။ပြည်တွင်းစစ် ဖြစ်လျှင်ဖြစ်ချင်း ‘ငြိမ်းချမ်းရေး’ အတွက် ရှေ့ဆောင် စေ့စပ်သူကတော့ ဆရာကြီးမှိုင်း ပဲဖြစ်ပါတယ်။ ဒီအခါမှာ ဆရာကြီးမှိုင်းရဲ့ ‘သူမနာ၊ ကိုယ်မနာ၊ သင်ပုန်းချေရေး’ လမ်းစဉ်ကို လူထုသတင်းစာက ထောက်ခံအားပေးခဲ့ပါတယ်။ ဖဆ-ဆိုရှယ်အစိုးရက အနောက်အုပ်စု အားကိုးနဲ့ အပြုတ်တိုက်ရေး လမ်းစဉ်ကို တလျှောက်လုံးကိုင်စွဲပြီး ပြည်တွင်းစစ်ကို ဆင်နွှဲခဲ့တာ ဒီနေ့အထိ မပြီးပါဘူး။
‘ဖဆ-ဆိုရှယ်”အစိုးရက လူထုဦးလှ၊ ဒေါ်အမာနဲ့တကွ ဆရာကြီးရွှေဥဒေါင်းကအစ လူထုဘက်ရှိတာတွေ တစ်ယောက်ပြီးတစ်ယောက်၊ လူထုမိသားစု၊ ဒေါ်အမာရဲ့မောင်၊ ဒေါ်အမာရဲ့သားတွေကိုပါ တစ်ယောက်ပြီးတစ်ယောက် ထောင်ချခဲ့ပါတယ်။သားလတ်ကို တစ်ကျွန်းပို့ခဲ့ပါတယ်။ ဒေါ်အမာကိုယ်တိုင် အရွယ်မရောက်တရောက် သားအငယ်ဆုံးနဲ့ အတူ အဖမ်းခံခဲ့ရဖူးပါတယ်။သတင်းစာတိုက်လည်း ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်ဆီးခံခဲ့ရဖူးပါတယ်။ဒီကြားထဲက ဆရာကြီးရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဒေါ်ဒေါ်တို့က မမှိတ်မသုန် ထောက်ခံခဲ့ပါတယ်လို့ ဆိုတယ်။

ဒေါ်အမာနဲ့ မင်းသုဝဏ်

ဆရာမင်းသုဝဏ် (ဒုတိယ ကျောင်းသားသပိတ်ကာလ၊ အမေမာ ငယ်စဉ် ကျောင်းသူဘဝမှာ ရေးပေးခဲ့သောစာ)မှာ လူထုအမေကို ဒီလိုဖော်ညွှန်းဖူးပါတယ်။
“ အမာသည် အပျော့မဟုတ်၊ အဖြူသည် အမည်းမဟုတ်၊ အဖြောင့်သည် အကောက်မဟုတ်၊ အမာကို မပျော့စေနှင့်၊ အဖြူကို မမည်းစေနှင့်၊ အဖောင့်ကို မကောက်စေနှင့်”
မောင်ဝန်(၉-၃-၁၉၃၆)

ကိုယ်ရေးဖြစ်စဉ်

လူထုဒေါ်အမာကို မန္တလေးမြို့ ဂုန္တန်ရပ်မှာ အဖဦးထင်၊အမိ ဒေါ်စုတို့မှ ၁၉၁၅ခုနှစ် နိုဝင်ဘာလ (၂၉)ရက် တနင်္လာနေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၁၂ ဦးရှိသည့်အနက် စတုတ္ထမြောက်ဖြစ်ပါတယ်။အမည်ရင်းမှာ အမာဖြစ်ပါတယ်။နဂါးဒေါ်ဦးနဲ့ညီအစ်မ တော်စပ်ပါတယ်။
၁၉၂၀ပြည့်နှစ်က မန္တလေးမြို့ ဒေါ်စောအုံ၏ အမျိုးသမီး နေရှင်နယ်ကျောင်းမှာ ဒုတိယတန်းအထိ ပညာသင်ကြားခဲ့ပါတယ်။ ABM (American Baptist Mission School) အေဘီအမ်ကျောင်းမှာ ၁၉၂၃ ခုနှစ်မှ ၁၉၃၁ ခုနှစ်ထိ ပညာဆက်လက် သင်ကြားခဲ့ပြီး ဆရာကြီးဦးရာဇာတ် မန္တလေးဗဟိုအမျိုးသားကျောင်းမှ ၁၉၃၃ ခုနှစ်မှာ ၁၀ တန်း အောင်မြင်ခဲ့တယ်။ ဆရာကြီးဦးရာဇာတ်ရဲ့ နေရှင်နယ်ကျောင်းမှာ ကိုဗဟိန်းနဲ့တို့နဲ့ ကျောင်းနေဖက်များဖြစ်ပါတယ်။မန္တလေးဥပစာကောလိပ်မှာ ဓာတု၊ ရူပ၊ သင်္ချာ ဘာသာတွဲယူကာ တက်ရောက်ခဲ့ပြီး (၁၉၃၃-၃၅)၊ ရန်ကုန် တက္ကသိုလ်(၁၉၃၆-၁၉၃၇) တို့မှာပညာဆည်းပူးခဲ့တယ်။၁၉၃၆ ခုနှစ်မှာ အင်းယားဆောင် သဟာယနှင့် စာဖတ်အသင်းရဲ့ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့တယ်။ ၁၉၃၆ ခုနှစ် ဒုတိယ ကျောင်းသားသပိတ်ကြီးမှာ တက်ကြွစွာ ပါဝင်ခဲ့တယ်။အိုးဝေမဂ္ဂဇင်း၊ ကြီးပွားရေးမဂ္ဂဇင်း၊ ဘားမားဂျာနယ်တို့မှာ ဝတ္ထု ဆောင်းပါးများ ရေးသားခဲ့တယ်။ကြီးပွားရေးဦးလှနဲ့စတင်သိကျွမ်းခဲ့ပြီး ကြီးပွားရေးမဂ္ဂဇင်းမှာ ကလောင်အမည် ခင်လဝင်း၊ မြမဉ္ဇူ ကလောင်များနဲ့ ရေးသားခဲ့တယ်။၁၉၃၇ ခုနှစ်မှာ ဘီအေနောက်ဆုံးနှစ် စာမေးပွဲကျရှုံပြီး ကျောင်းထွက်တယ်။ အဲဒီနောက် မန္တလေးမှာ မြန်မာစက္ကူဆိုင်ဖွင့်ခဲ့တယ် ။
၁၉၃၈ မှာ မောရစ်ကောလစ် (Maurice Collis ) ရဲ့  Trails in Burma စာအုပ်ကို”မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ” အမည်နဲ့ ဆရာကြီးဦးရာဇာတ်ရဲ့တိုက်တွမ်းချက်အရ တက္ကသိုလ်သပိတ်မှောက်ကျောင်းသူ အမာ အမည်နဲ့ ဘာသာပြန်ထုတ်ဝေခဲ့ရာ ယင်းစာအုပ်နဲ့ စာပေနယ်မှာ အမည်ထင်ရှားလာခဲ့တယ်။
၁၉၃၉ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှာ ကြီးပွားရေးဦးလှနဲ့ လက်ထပ်ခဲ့ပြီး သားသမီး ငါးယောက်ဖြစ်တဲ့ ကိုစိုးဝင်း(ရဲဘော်ထွန်းကျော်)၊ ဒေါက်တာဒေါ်သန်းရင်မာ၊ ကိုဖိုးသံချောင်း၊ ဒေါ်တင်ဝင်းနဲ့ ကိုငြိမ်းချမ်း(စာရေးဆရာ ညီပုလေး) တို့ ထွန်းကားခဲ့တယ်။ သားအကြီးဆုံးကိုစိုးဝင်းနဲ့ တတိယသား ကိုဖိုးသံချောင်းတို့က လက်နက်ကိုင်တော်လှန်တဲ့ ဗမာပြည် ကော်မြူနစ် ပါတီ (ဗကပ)နဲ့ သွားရောက် ပူးပေါင်းခဲ့ကြတယ်။ကိုစိုးဝင်းဟာ ဗကပ ရဲ့ ပါတီတွင်းအစွန်းရောက် ဖြုတ်၊ထုတ်၊သတ် လှုပ်ရှားမှုများမှာ အသက်စတေး သွားခဲ့ရပြီး ကိုဖိုးသံချောင်း ကတော့ ဗကပမှာ ရှိနေဆဲဖြစ်တယ်။
နိုင်ငံရေးကြောင့် မိသားစုတစ်စုလုံး သေကွဲရော ရှင်ကွဲပါ အကွဲကွဲ အပြားပြား ကြုံတွေ့ခဲ့ရပေမယ့် လောကဓံအထုအထောင်းကို ကြံ့ကြံ့ခံကာ နောက်ဆုံးအချိန်အထိ နိုင်ငံရေး၊ လူမှုရေးအရ ပြည်သူလူထုဘက်က ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သူ လူထုချစ်တဲ့စရေးဆရာမကြီးတစ်ဦးဖြစ်ပါတယ်။
၁၉၄၂-၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီအတွင်း ကပိုင်ရွာကို ပြောင်းရွှေ့နေထိုင်ပြီး စာအုပ်ထုတ်ဝေရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင် ခဲ့တယ်။
၁၉၄၅ ခုနှစ် ဇူလိုင်လမှာ လူထုဂျာနယ် စတင်ထုတ်ဝေတဲ့အခါ လက်ထောက် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၄၆ ခုနှစ် ဧပြီလ ၁၉ ရက်မှာ လူထုသတင်းစာ စတင်ထုတ်ဝေတဲ့အခါ အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ကာ ‘ နိုင်ငံရေး ဆွေးနွေးခန်း ‘ပင်တိုင်ဆောင်းပါးကို ရေးသားခဲ့တယ်။၁၉၄၆ ခုနှစ် မေလမှာ လူထုဂျာနယ်ကို ရပ်နားခဲ့တယ်။
၁၉၄၇ ခုနှစ်မှာ လူထုဦးလှနှင့်အတူ လွပ်လပ်ရေးအတွက်ဦးဆောင်နေတဲ့ ဖဆပလ အဖွဲ့ရဲ့ အာဘော်နဲ့ထပ်တူ ရေးသားတိုက်ပွဲဝင်ခဲ့တယ်။
၁၉၄၉ ခုနှစ်မှာ လူထုသတင်းစာနဲ့ ကြီးပွားရေး ပုံနှိပ်စက်များတည်ရှိရာ အဆောက်အအုံကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်ဆီးခဲ့တယ်။ ၁၉၄၉ ခုနှစ် ဧပြီ(၂၄) ရက်မှာ လူထုသတင်းစာ အပိတ်ခံရတယ်။ခင်ပွန်းသည် လူထုဦးလှ၊ သား ညီပုလေး (ကိုငြိမ်းချမ်း)တို့နဲ့အတူ ထိန်းသိမ်းခံခဲ့ရတယ်။ အထိန်းသိမ်းခံရသည်မှာ ၁ နှစ်၊ ၁ လ၊ ၁ ရက် ကြာမြင့်ခဲ့ပြီးမှ ပြန်လည်လွတ်မြောက် ခဲ့ပါတယ်။
၁၉၅၀ ပြည့်နှစ် နိုဝင်ဘာ ၁ ရက်မှာ ပိတ်ထားတဲ့ လူထုသတင်းစာကို ပြန်လည် ထုတ်ဝေခဲ့တယ်။ လူထုဂျာနယ်နဲ့လူထုသတင်းစာ ကို တွဲပြီး ပြန်လည်ထုတ်ဝေ ခဲ့ချိန်ကစပြီး ခင်ပွန်းနဲ့အတူ သတင်းစာဂျာနယ်လုပ်ငန်းတွေကို ဇောက်ချ လုပ်ကိုင် ခဲ့ပြီး လူထုဒေါ်အမာရယ်လို့ အမည်တွင်လာခဲ့တယ်။
၁၉၅၃ ခုနှစ် ဇွန် ၆ ရက်မှာကမ္ဘာ့ ဒီမိုကရက်တစ် အမျိုးသမီး ညီလာခံ (ကိုပင်ဟေဂင်)၁၅ ရက်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံ(ဟန်ေဂရီ၊ဘူဒါပက်)၊ ဇူလိုင် ၂၅ ရက်မှာ ဒုတိယအကြိမ်ကမ္ဘာ့လူငယ်နဲ့ကျောင်းသားပွဲတော်(ရိုမေးနီးယား၊ဘူခါရက်စ်)တို့ကို တက်ရောက်ခဲ့တယ်။
၁၉၅၃ ခုနှစ်မှာ လူထုဦးလှ ပုဒ်မ ၅နဲ့အဖမ်းခံရလို့ လူထုသတင်းစာ ခေါင်းကြီးတွေကို တာဝန်ခံရေးသားခဲ့တယ်။
၁၉၅၉ ခုနှစ်မတ် ၁၂ ရက်မှာလူထုသတင်းစာ ချပ်ပိတ်ခံရတယ်။
၁၉၆၀ ပြည့်နှစ် မေ ၁၀ ရက်မှာလူထုသတင်းစာ ပြန်လည် ထွက်ရှိခဲ့တယ်။
၁၉၆၂ ခုနှစ် ဖေဖေါ်ဝါရီ ၃ ရက် အေရိုဖလုတ် လေကြောင်းလိုင်းဖွင့်ပွဲကို သတင်းစာ ဆရာ ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခံရလို့ မော်စကို ကိုသွားရောက် ခဲ့တယ်။ အပြန်မှာ အရှေ့ဂျာမနီ၊ ချက်ကိုစလိုဗက်ကီးယားနဲ့ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တွေကို လည်ပတ်ခဲ့တယ်။ဒီဥရောပခရီးစဉ်တွေကို “ဆိုရှယ်လစ်တိုင်းပြည်များသို့ “ အမည်နဲ့ စာအုပ်ရေးသား ထုတ်ဝေခဲ့တယ်။
၁၉၆၄ ခုနှစ်မှာ “ပြည်သူချစ်သော အနုပညာရှင်များ” စာအုပ်ဖြင့် စာပေဗိမာန် မြန်မာ့ ယဉ်ကျေးမှု အနုပညာဆိုင်ရာစာပေ ပထမဆုကို ရရှိခဲ့ပါတယ်။
၁၉၆၇ ခုနှစ် ဇူလိုင်လ ၇ ရက်မှာ လူထုသတင်းစာ ရပ်စဲခံခဲ့ရတယ်။
၁၉၇၀ ပြည့်နှစ် မတ်လ ၃ ရက်မှာ ကျင်းပတဲ့ မန္တလေး ကွန်းသာယာ စာတမ်းဖတ်ပွဲ မှာ “ဗမာ့ဖန်ကျီလုပ်ငန်း” စာတမ်းကို ဖတ်ကြားခဲ့တယ်။၁၉၇၁ ခုနှစ် မန္တလေး ဓမ္မဗိမာန် မှာ “ကနေ့ ဗမာ့သဘင်” စာတမ်းကို ဖတ်ကြားခဲ့တယ်။၁၉၇၆ ခုနှစ် ဩဂုတ် ၁၉ ရက် ဟံသာဝတီသတင်းစာ “စနေစာပေဝိုင်း စာတမ်းဖတ်ပွဲမှာ အတ္ထုပ္ပတိစာပေ” စာတမ်းဖတ်ကြားတင်သွင်းခဲ့တယ်။
၁၉၇၈ ခုနှစ် ဩဂုတ် ၂၁ ရက်မှာ ခင်ပွန်းသည် လူထုဦးလှ၊ သား ညီပုလေး (ကိုငြိမ်းချမ်း) တို့နဲ့အတူထိန်းသိမ်းခံရတယ်။အထိန်းသိမ်းခံရသည်မှာ  ၁ နှစ် ၊ ၁ လ ၊ ၁ ရက် ကြာမြင့်ခဲ့ပြီး ၁၉၇၉ ခုနှစ် ဩဂုတ် ၂၂ ရက်မှာမှ ပြန်လည် လွတ်မြောက် ခဲ့တယ်။
၁၉၈၂ ခုနှစ် ဩဂုတ် ၇ ရက်မှာ ခင်ပွန်းသည် လူထုဦးလှ ကွယ်လွန်ခဲ့တယ်။
၁၉၈၄ ခုနှစ် မတ် ၄ ရက်မှာ လောင်ကျွမ်းတဲ့ မန္တလေးမီးကြီးမှာ ကြီးပွားရေး စာအုပ်တိုက်၊ ပုံနှိပ်တိုက်၊ စက္ကူသိုလှောင်ရုံတွေ မီးလောင် ဆုံးရှုံးခဲ့တယ်။ ၁၉၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက် အသက် (၇၀)ပြည့်မွေးနေ့ကစပြီး အမရပူရ တောင်လေးလုံး ကျောင်းမှာ မွေးနေ့ပွဲကို နှစ်စဉ်ကျင်းပခဲ့တယ်။
၁၉၉၂ ခုနှစ်အတွင်း ရနံ့သစ်မဂ္ဂဇင်းမှာ ဇမ္ဗူဒီပါအောင်ထွန်း ကလောင်အမည်ခွဲနဲ့ နိုင်ငံတကာ ဆောင်းပါးတွေကို ရေးသားခဲ့တယ်။
၁၉၉၅ ခုနှစ် မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်း ကျောင်းသားဟောင်းများ ဦးစီး ထုတ်ဝေတဲ့ (၇၅)ကြိမ်မြောက် အမျိုးသားနေ့ စိန်ရတုအထိမ်းအမှတ်မဂ္ဂဇင်းမှာ တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့တယ်။
နဒီမြန်မာ ဦးအောင်ခိုင်၊ဒေါ်ညိုမီ မိသားစုက နာရေးယာဉ်တစ်စီးလှူဒါန်းပြီး တောင်စလင်း ဆရာတော် ဦးတိက္ခ ကကျောင်းဝင်းအတွင်း ပေ ၂၀၀ ပတ်လည် မြေကွက်ကို အသုံးပြုခွင့် ပေးလို့ ၁၉၉၈ ခုနှစ် မေ ၇ ရက်မှာ ဗြဟ္မစိုရ်လူမှုကူညီရေး အသင်းကို မန္တလေးမှာ စတင်ဦးဆောင်ဖွဲ့စည်းခဲ့တယ်။ထိုအသင်းမှာ နာယက အဖြစ် တာဝန်ယူခဲ့တယ်။နာရေးကူညီမှုအပိုင်းမှာ အသားကျလာတဲ့အခါ ကျန်းမာရေး ကူညီ မှုများကို ၂၀၀၀ ပြည့်နှစ် ဧပြီ ၄ ရက်က စပြီးကူညီပေးခဲ့တယ်။
ထင်ရှားတဲ့စာအုပ်များမှာ မြန်မာပြည်တွင်စစ်ဆေးခဲ့သော အမှုအခင်းများ (၁၉၃၈)၊ စန္ဒမာလာ (၁၉၄၀)၊ ပြည်သူချစ်သော အနုပညာသည်များ(၁၉၆၄)၊ ဘဝချင်းမတူသည့် တရုတ်ပြည်(၁၉၆၆)၊ အောင်ဗလ၊ဖိုးစိန်၊စိန်ကတုံး(၁၉၆၇)၊ ရွှေရိုး ဦးဘကလေး(၁၉၆၉)၊ ရွှေမန်းတင်မောင်(၁၉၇၀)၊ အငြိမ့်(၁၉၇၃)၊ ရွှေဒေါင်းတောင်ဆောင်းပါးများ(၁၉၇၅)၊ ဆရာကြီးသခင် ကိုယ်တော်မှိုင်း(၁၉၇၆)၊ အာဖရိက ဝတ္ထုတိုများ(၁၉၈၉)၊မန္တလေးသူ မန္တလေးသားများ(၁၉၉၁)၊ ထိုင်းဝတ္ထုတိုများ(၁၉၉၂)၊ ထိုင်းဝတ္ထုတိုများ(၂) (၁၉၉၃)၊ ရတနာပုံမန္တလေး ကျွန်မတို့မန္တလေး(၁၉၉၃)၊ သာသနာ့တန်ဆောင် ဆရာတော်ကြီးများ (၁၉၉၄)၊ ကျွန်မတို့ငယ်ငယ်က(၁၉၉၄)၊ အမေ့ရှေးစကား(၁၉၉၇) တို့ဖြစ်ကြပါတယ်။
လူထုဒေါ်အမာ(၉၂)နှစ်သည် ၂၀၀၈ ခုနှစ် ဧပြီ ၇ ရက် နံနက် ၈ နာရီ ၃၇ မိနစ်မှာ မန္တလေးဆေးရုံကြီး၌ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ကွယ်လွန်ချိန်မှာ သားသမီး လေးဦးဖြစ်တဲ့ ရဲဘော်ဖိုးသံချောင်း၊ဦးငြိမ်းချမ်း ခေါ် ညီပုလေး(စာရေးဆရာ)၊ဒေါက်တာ သန်းရင်မာ နှင့် ဒေါ်တင်ဝင်း ကျန်ရစ်ခဲ့တယ်။ရုပ်အလောင်းကို သမီးအကြီးမြမဉ္ဇူအိမ်မှာ ထားရှိပြီး ဈာပန အခမ်းအနားကို နံနက် ၁၀ နာရီမှာ ကြာနီကန် သုဿန်မှာ မီးသင်္ဂြိုဟ် ပြီးအရိုးပြာကို ဧရာဝတီမြစ်လယ်ကောင်မှာ မျှောခဲ့တာဖြစ်ပါတယ်။

ဒေါ်အမာ ရေးခဲ့တဲ့ စာအုပ်များ-
 ၁။ ကမ္ဘာ့အကြီးဆုံးစာအုပ်                 ၁၉၄၅ ခုနှစ်
 ၂။ဂျုံ နှင့်စစ်သား (ပ)                        ၁၉၄၅
 ၃။သက်တန့်ရောင် (ပ၊ဒု)                   ၁၉၄၅
 ၄။သမ္မတဟိုချီမင်းအတ္ထုပ္ပတိ             ၁၉၅၀
 ၅။ကောလစ်ကြုံခဲ့ရတဲ့မြန်မာပြည်       ၁၉၆၀
 ၆။ဆိုရှယ်လစ်တိုင်းပြည်များသို့           ၁၉၆၃
 ၇။အလှပြုပြင်နည်း                         ၁၉၆၃
 ၈။ပြည်သူချစ်သောအနုပညာရှင်များ    ၁၉၆၄
  (မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာ
  ဆိုင်ရာ စာပေ ပထမဆု)
 ၉။အောင်ဗလ၊ဖိုးစိန်၊စိန်ကတုံး           ၁၉၆၇
၁၀။ရွှေရိုးဘကလေး(ပ၊ဒု)                  ၁၉၆၉
၁၁။ရွှေမန်းတင်မောင်                       ၁၉၇၀
၁၂။အငြိမ့်(ပ၊ဒု)                               ၁၉၇၃
၁၃။ကမ္ဘာ့အကြီးဆုံးစာအုပ်                ၁၉၇၃
    (ဒေါက်တာသန်းထွန်းမှ
      အင်္ဂလိပ်ဘာသာပြန်)
၁၄။ရွှေဒေါင်းတောင်ဆောင်းပါးများ      ၁၉၇၅
၁၅။ဆရာကြီးသခင်ကိုယ်တော်မှိုင်း      ၁၉၇၆
၁၆။ချင်းတွင်းမှပင်လယ်သို့                ၁၉၈၅
၁၇။မြန်မာ့မဟာဂီတ                        ၁၉၈၉
၁၈။ဆေးလိပ်နဲ့လူသား                     ၁၉၉၀
    (လူထုဦးလှနှင့်တွဲလျှက်)
၁၉။မန္တလေးသူ မန္တလေးသားများ        ၁၉၉၁
၂၀။ရတနာပုံမန္တလေး၊ကျွန်မတို့မန္တလေး ၁၉၉၃
၂၁။သာသနာ့တန်ဆောင်ဆရာတော်ကြီးများ      ၁၉၉၄
၂၂။ကျွန်မတို့ငယ်ငယ်က                              ၁၉၉၄
၂၃။ရွှေဒေါင်းတောင်ဆောင်းပါးများ                ၁၉၉၄
  (ဒေါ်ယဉ်ယဉ်မြဂျပန်ဘာသာပြန်)
၂၄။ကမ္ဘာ့အကြီးဆုံးကျောက်ဆင်းတုတော်        ၁၉၉၆
၂၅။အမေ့ရှေးစကား                                  ၁၉၉၇
၂၆။တောင်လေးလုံးမှနတ်ကျွန်းထိ                 ၁၉၉၇
၂၇။မြန်မာ့ခေတ်သစ်ပန်းချီ                          ၁၉၉၇
၂၈။၈၃ နှစ် ၈၃ ခွန်း လက်ကမ်းစာစောင်         ၁၉၉၈
၂၉။တောင်အာရှပြတင်းပေါက်များ                ၁၉၉၉
၃၀။အမေ့ရှေးစကား ဒုတိယတွဲ                    ၂၀၀၀
၃၁။ငယ်ကကျွမ်းတဲ့ ခင်ပွန်းသည်သို့               ၂၀၀၁
၃၂။ ၁၂ ပွဲဈေးသည်နှင့်ကျွန်မတို့အညာ            ၂၀၀၂
၃၃။လွမ်းသူ့စာ                                        ၂၀၀၃
၃၄။စာအုပ်ဆိုင်က လူဝင်လူထွက်

     အတွေးအမြင်ဆောင်းပါးများ                 ၂၀၀၄