မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ပြီး ကိုးလမြောက်အချိန်ကာလ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ပြာသိုလပြည့်နေ့တွင် သီဟပဗ္ဗတအမည်ရှိသော ဖိုးဦးတောင်သို့ ပထမအကြိမ် ကြွရောက်တော်မူလာပြီးနောက် ၁၂နှစ်ကြာသော် မဟာသက္ကရာဇ် ၁၁၅ခုနှစ် တပိုတွဲလပြည့်နေ့တွင် ဝေဌဒီပတိုင်း၏ သီရိခေတ္တမင်းသည် အသက် ၃၅ နှစ်ပြည့်လျှင် ရသေ့ရဟန်းပြုသော မင်းမျိုးဖြစ်သောကြောင့် တိုင်းပြည်မှ မနှစ်သက်၍ နှင်ထုတ်သဖြင့် သီရိခေတ္တမင်းသည် လိုလားသော ဗိုလ်ခြေများနှင့်တကွ တိုင်းပြည်မှ ထွက်ခွာခဲ့ကြသည်။
မြို့တော်တည်ရန် နေရာသစ်ရှာဖွေ
သီရိခေတ္တမင်းနှင့်တကွ မှူးမတ်တို့သည် သလ္လာဝတီမြစ်၊ ဧရာဝတီမြစ်တို့ကို ကူး၍ မြို့သစ်တည်ရန် နေရာသစ်ကို ရှာဖွေကြသည်။ ယခု ပြည်မြို့တည်ရာ အရပ်သို့ရောက်လျှင် မြို့သစ်တည်ရန် မြေအနေအထား ကောင်းမွန်သဖြင့် စခန်းချလေသည်။ ထိုအချိန်တွင် မန္ဓာရနဂါးမင်းသည် ဧရာပတ္တနဂါးမင်းထံ သွားရောက်ရန် သမုဒ္ဒရာမှထွက်ခဲ့ရာ သီရိခေတ္တမင်း၏ တပ်ဦးသို့ရောက်လျှင် ညာပဏ္ဏရာဇဂဠုန်မင်းရနံ့နှင့် လေတို့သည် မိမိကိုယ်ကိုထိသဖြင့် အလွန်ကြောက်လန့်သောကြောင့် ရွှေငါးပြေမ ယောင်ဖန်ဆင်း၍ နေလေသည်။
ထိုအခြင်းအရာကို ဂဠုန်မင်းမြင်လျှင် ရွှေပြည်စိုးငှက်သဏ္ဌန် ဖန်ဆင်းလျှက် ရွှေငါးပြေမကိုချီ၍ သီရိခေတ္တမင်း၏ရှေ့သို့ ပျံဝဲသွားသည်။ ထိုအခြင်းအရာကို သီရိခေတ္တမင်းသားမြင်လျှင် “သင်တို့သည် စင်စစ်ငှက်နှင့်ငါးမဟုတ်၊ ဂဠုန်နှင့်နဂါးသာဖြစ်မည်ဟုမေးရာ” ဟုတ်မှန်ကြောင်း ဝန်ခံခဲ့ကြသည်။ သီရိခေတ္တမင်းသားသည် ဂဠုန်မင်းအား သူတစ်ပါးကို သတ်ဖြတ်ညှဉ်းဆဲခြင်း အပြစ်သည် အလွန်ဆင်းရဲသော အပါယ်ငရဲသို့ ကျရောက်တတ်ကြောင်းပြော၍ နဂါးမင်း၏အသက်ကို ချမ်းသာပေးရန် တောင်းပန်လေသည်။ သီရိခေတ္တမင်းနှင့်တကွ သုံးဦးတို့သည် အတွေခင်ပွန်း ဖွဲ့ကြလေသည်။
ထိုအခါ သီရိခေတ္တမင်းသားသည် မြို့သစ်၊ ပြည်သစ်တည်ရန် အလို့ငှာ ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု မိမိ၏အကြောင်းကို သိစေခြင်းငှာ ပြောကြားလေသည်။ ဂဠုန်နှင့်နဂါးမင်းတို့သည်လည်း ဝမ်းမြောက်စွာဖြင့် “အသင်မင်းသား ဤနေရာသည် ကောင်းမြတ်သောနေရာ ဖြစ်သည်။ မြို့သစ်၊ ပြည်သစ် တည်ထောင်၍ နေပါ။ အရေးတစ်စုံတစ်ရာ ကြုံပါက သီချင်းမန္တရားများကို သီဆို၍ ကျွနု်ပ်တို့အား တမ်းတပါလေ။ ကျွနု်ပ်တို့သည် သင့်အား စောင့်ရှောက်ပါမည်” ဟု ကတိပြုကာ မိမိတို့ အလိုရှိရာ ဌာနသို့ သွားကြလေသည်။
သီရိခေတ္တမင်းသားသည် ပညာရှိတို့အား အတိတ်နိမိတ် ဖတ်စေသည်။ ထိုအခါပညာရှိတို့က အရှင်မင်းသား ဤအရပ်၌ မြို့တည်သည်ရှိသော် ကြည့်ရှု မစမည့်သူများ၍ အဓွန့်ရှည်စွာ တည်တံ့မည်ဖြစ်ပြီး ဂဠုန်၊ နဂါးတို့ကိုလည်း အစိုးရမည်ဟု နိမိတ်ဖတ်ကြလေသည်။ ဤသို့ဖြင့် မဟာသက္ကရာဇ် ၁၁၅ ခု တပေါင်းလဆန်း ၁ ရက်နေ့တွင် မြို့အင်္ဂါ အစုံအလင်ဖြင့် စတင်တည်ဆောက်ရာ တပေါင်းလပြည့်နေ့၌ ပြီးစီးလေသည်။ မြို့၏အမည်မှာ တောအုပ်ကို အသစ်ခုတ်ထွင် ရှင်းလင်းတည်ထားသောကြောင့် “နဝဝါသီမြို့" ဟုခေါ်တွင်စေခဲ့သည်။
ပျူမြို့မှ ပြည်မြို့ဟု ခေါ်တွင်လာ
ထို့နောက် အလကပ္ပမင်းသားသည်လည်း သီရိခေတ္တမင်းသားကဲသို့ ၃၅ နှစ်ရောက်လျှင် ရသေ့ရဟန်းပြုသော မင်းမျိုးဖြစ်၍ ချစ်ခင်ရင်းနှီးသော သီရိခေတ္တမင်းထံသို့ နောက်လိုက်ဗိုလ်ပါများနှင့် ရောက်ရှိလာသည်။ သီရိခေတ္တမင်းလည်း ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး အလကပ္ပမင်းသားအား မြို့ကို အပ်နှင်းလေသည်။ မင်းသားလည်း အလိုမရှိ၍ သီရီခေတ္တမင်း၏လက်အောက်တွင် စစ်သူကြီးအဖြစ်နှင့် နေထိုင်လေသည်။ ထိုမင်းနှစ်ပါးကို နှင်ထုတ်လိုက်သော ဝေဌဒီပ တိုင်းသားများနှင့် အလကပ္ပတိုင်းသားတို့သည် မင်းနှစ်ပါးထံလိုက်လာပြီးလျှင် အရှင်တို့ကိုယ်တိုင် ကိုယ့်တိုင်းပြည်ကိုပြန်၍ မင်းပြုပါရန် တောင်းပန်လျှောက်ထားကြသည်။ မင်းနှစ်ပါးတို့သည်လည်း ထိုသူတို့၏လျှောက်တင်ချက်များကို ငြင်းပယ်၍ ယနေ့ ငါတို့ နေထိုင်ရာ ( နဝဝါသီ ) ဤဌာနသည် စိတ်နှလုံး ချမ်းမြေ့ လှသောဌာနဖြစ်၍ ဤဌာန၌ပင် နေတော့မည်ဟု မိန့်ကြားလိုက်လေသည်။
ထို့နောက် နဝဝါသီမြို့တွင် နေထိုင်ကြသော နှစ်ပြည်သားတို့သည် အချင်းချင်း ရန်မရှိကြဘဲ အစဉ်ပြေလည်မှုရှိခြင်း၊ ဂဠုန်၊ နဂါးရန်ပြေခြင်း၊ ရွှေငါးပြေမ၊ ရွှေပြည်စိုးငှက်ဟူသော နိမိတ်တို့ကို အကြောင်းပြု၍ “နဝဝါသီ တိုင်းရွှေပြည်မြို့ “ဟူ၍လည်းကောင်း၊ ရန်ပြေမြို့ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည်။ထို့ပြင် သာကီဝင်မင်းတို့သည် အသက် ၃၅ နှစ်ရောက်လျှင် ရသေ့ရဟန်းပြုမြဲဖြစ်၍ ရသေ့ရဟန်းပြုမြို့ဟူ၍လည်းကောင်း၊ ပြုမြို့၊ ပြူမြို့၊ ပြေမြို့ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည်။
အချို့မှာမူ သရေခေတ္တရာပြည်ကြီး ပျက်စီးပြီးနောက် ကူးသန်းသွားလာမှုလွယ်ကူရာ ဧရာဝတီမြစ်ကမ်းပါးသို့ လူများပြောင်းရွှေ့ နေထိုင်လာကြသဖြင့် တစ်စတစ်စလူဦးရေများပြားလာရာ မြို့တစ်မြို့အဖြစ် ရောက်ရှိခဲ့သည်။ ထိုမြို့၌ ရှေးအခါက ပျူလူမျိုးတို့ နေထိုင်ခဲ့ဖူးသည်ကို အစွဲပြု၍ ပျူမြို့ဟု ခေါ်တွင်ခဲ့သည်။ နောင်အခါ ပျူမြို့မှ “ပြည်မြို့" ဟုခေါ်တွင်လာသည်ဟု ယူဆကြလေသည်။
ယခုပြည်မြို့နေရာ၌ ရှေးယခင်က ပြည်တစ်ပြည်ဖြစ်ခဲ့ထူးပြီး ထိုပြည်အား “ပုရိ" ဟုခေါ်ဆိုခဲ့ကြသည်။ ထိုသို့ခေါ်ဆိုရာမှ ချောင်းငင်ဖြုတ်ပြီး “ပရီ" ပြည်ဟူ၍ပြောင်းလဲကာ “ပြည်မြို့" ဟုလည်းကောင်း၊ “ပြေမြို့" ဟုလည်းကောင်း ခေါ်တွင်ခဲ့သည်ဟု မှတ်သားရပါသည်။ ပြည်မြို့သည် ပုဂံခေတ်နှောင်းပိုင်း နရသီဟပတေ့မင်း၏သား ပြည်စားသီဟသူက မြို့အင်္ဂါ နှင့်အညီ သစ်တပ်မြို့ရိုး၊ မြေမြို့ရိုး၊ အုတ်မြို့ရိုးသုံးထပ်ဖြင့် တည်ဆောက်ခဲ့သည်။ ပြည်မြို့သည် အရှေ့နှင့်အနောက် တာ ၄၀၀၊ တောင်နှင့်မြောက်တာ ၅၀၀ ကျယ်ဝန်းသည်။
ပြည်မြို့ မြို့အဖြစ်တည်ထောင်ပြီးမြို့စားအုပ်ချုပ်သောမြို့အဖြစ်လည်းကောင်း၊ ဘုရင်သီးခြားအုပ်ချုပ်သော မြို့အဖြစ်လည်းကောင်း တည်ဆောက်ခဲ့ကြသည်။ ပြည်မြို့တွင် အုပ်ချုပ်စိုးစံခဲ့သော ဘုရင်များမှာ ၂၆ ပါးရှိခဲ့သည်။
ယဉ်ကျေးမှုလက်ရာများ ထွန်းကားရာမြေ
ဤသို့ဖြင့် ပြည်မြို့သည် ပျူခေတ်တွင် သရေခေတ္တရာနှင့် ခေတ်ပြိုင် နဝဝါသီမြို့အဖြစ် စတင်ပေါ်ပေါက်ခဲ့ပြီး ပျူခေတ်ကုန်ဆုံးပြီးနောက် ပုဂံခေတ်သို့ ရောက်ရှိသောအခါ၌လည်း မင်းစဉ်မင်းဆက်များဖြင့် သက္ကရာဇ် ၆၀၄ မှ ၁၁၁၇ ခုအထိ အုပ်ချုပ်ခဲ့ကြသည်။ ထို့နောက် အင်းဝခေတ်တွင် မွန်-မြန်မာ အနှစ်လေးဆယ်စစ်ပွဲကြီး၏ စစ်မြေပြင်ဖြစ်ခဲ့ရသည်။ ဟံသာဝတီခေတ်တွင်လည်း မွန်တို့၏ လက်အောက်သို့ ကျရောက်ခဲ့ရသည်။
တောင်ငူခေတ်တွင် ပြည်မြို့သည် မြန်မာတို့လက်အောက်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ကုန်းဘောင်ခေတ်၌လည်း မွန်တို့လက်အောက်သို့ ကျရောက်ခဲ့ရသော ပြည်မြို့အား အလောင်းမင်းတရားကြီးက ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ ၁၈၅၂ ခုနှစ်တွင် အင်္ဂ လိပ်-မြန်မာ ဒုတိယ ကျူးကျော်စစ်အပြီး၌ အင်္ဂ လိပ်လက်အောက်သို့ ကျရောက်ခဲ့ရသည်။ ထို့ပြင် ဒုတိယကမ္ဘာစစ်၏ ဗုံးဒဏ်ကိုလည်း ခံခဲ့ရသည်။ ထိုအကြောင်းအရာများ၏အကြားတွင် ပြည်မြို့သည် ယနေ့တိုင် ခိုင်မာစွာ ကြံ့ကြံ့ခံရပ်တည်လျက် ရှိနေပေသည်။
နဝဝါသီ(ပြည်)မြို့သည် ပဲခူးတိုင်းဒေသကြီးအတွင်း တည်ရှိပြီး သမိုင်းကြောင်းအရ ထူးခြားလှသည့် တိုင်းတစ်တိုင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ဟံသာဝတီမည်သော ဥဿပဲခူး၏ရှေးဟောင်းမြို့တော်သည်လည်းကောင်း၊ စစ်တောင်းမြစ်ဝှမ်း၏မြို့တော် ကေတုမတီမည်သော တောင်ငူမြို့သည်လည်းကောင်း၊ ပျူလူမျိုးတို့၏ မြို့တော်အဖြစ် ထင်ရှားသော သရေခေတ္တရာမြို့ဟောင်းသည်လည်းကောင်း၊ ပြည်မြို့ဟောင်းသည်လည်း ပဲခူးတိုင်းဒေသကြီးအတွင်းတွင် တည်ရှိနေသော ထင်ရှားသည့် မြို့တော်များဖြစ်သည်။ ယင်းမြို့တော်ဟောင်းများ၌ ဘိုးဘေးဘီဘင်တို့၏ ယဉ်ကျေးမှုလက်ရာ အမွေအနှစ်တို့သည် ယနေ့တိုင် ကြွင်းကျန်အဖြစ် တည်ရှိနေဆဲဖြစ်သည်ကို လေ့လာတွေ့ရှိနိုင်ပေသည်။ မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာ စတင်ထွန်းကားခဲ့သည်မှာ သရေခေတ္တရာခေတ်မှ စတင်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ သိရှိရသည်။ ပြည်မြို့သည် သရေခေတ္တရာပြည်ကြီးတည်ရှိရာ ဒေသဖြစ်သဖြင့် ဗုဒ္ဓဘာသာဆိုင်ရာ ဘာသာရေးအထိမ်းအမှတ်များဖြစ်သည့် စေတီ၊ ပုထိုး၊ ကျောင်း၊ ကန်များ တည်ထားကိုးကွယ်သူ များပြားသောအရပ်ဒေသလည်းဖြစ်သည်။
ထို့ကြောင့် နိုင်ငံသူ နိုင်ငံသားများ မှတ်မှားပြောဆိုနေကြသော နဝဝါသီ(ပြည်)မြို့သည် သရေခေတ္တရာ မဟုတ်သကဲသို့ သရေခေတ္တရာသည်လည်း ပြည်မြို့(နဝဝါသီ)မဟုတ်ပေ။မြို့တည်ဖွဲ့ပုံစံချင်းပင် မတူညီပေ။ ရေမြေအနေအထားမှာလည်း ကွဲပြားမှုရှိသည်။သရေခေတ္တရာမြို့ဟောင်းသည် ပြည်မြို့၏အရှေ့ဘက် ၅ မိုင်အကွာတွင် တည်ရှိသော ပျူမြို့ဟောင်း မြို့ကြီးတစ်မြို့ဖြစ်သည်။ ယခုအခါတွင် သရေခေတ္တရာမြို့ဟောင်းနှင့် နဝဝါသီ(ပြည်မြို့)တို့ကိုခွဲခြားရန် လွယ်ကူစေခဲ့ပြီး ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သရေခေတ္တရာမြို့ဟောင်းသည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံရသော ပျူမြို့ဟောင်းသုံးမြို့တွင် တစ်မြို့အဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါသည်။ထို့ကြောင့် “နဝဝါသီ" သည် “နဝဝါသီ" ၊ “သရေခေတ္တရာ" သည် “သရေခေတ္တရာ" ပင်ဖြစ်ပါသည်။ ။
မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)
( ၅-၅-၂၀၂၀ ရက်နေ့ထုတ်၊ မြန်မာ့အလင်း နေ့စဉ်သတင်းစာမှ ကူးယူဖေါ်ပြပါသည်။ )