ဦးတင် ေအာင် |
ပြောစရာများများမရှိပါ။
အမှတ်ရစရာတွေလည်း များများမရှိခဲ့ပါ။
ဦးတင်အောင်နှင့်ကျွန်တော်ပတ်သက်သမျှ အမှတ်တရ တစ်ခုရယ်သာ။
လွန်ခဲ့သောဆယ်နှစ်ခန့်က(ထင်သည်) ငွေစင်ပုလဲဦးတင်ဝင်း၏ခြံတွင် ဦးတင်အောင်နှင့်သိကျွမ်းခင်မင်ခွင့်ရခဲ့ပါသည်။
ပုလဲမြို့သစ်ခြံမှာ ဦးတင်ဝင်းတို့ အင်ဂျင်နီယာတစ်သိုက် ဝိုင်းဖွဲ့ကြသည်။ ဆေးရိုးသည်ကျွန်တော်က ကန့်လန့်ကန့်လန့်ပါသည်။ ကျွန်တော့်မှာကားမရှိ၊ အကြုံလိုက်လာပြီး နွှဲရသူမို့ အပြန်ဦးတင်ဝင်းက စီစဉ်ပြန်ပို့ပေးရသည်။ ဦးတင်ဝင်းခြံမှာ ကျွန်တော်တို့ ရံခါ ဆုံတွေ့လေ့ရှိသော်လည်း ဦးတင်အောင်နှင့်က ခုမှဆုံရခြင်းဖြစ်သည်။
ဦးတင်ဝင်းမိတ်ဆက်ပေးသမျှ မှတ်မိနေတာက ဦးတင်အောင်သည် သူ့တူတော်ကြောင်း( တကယ်တော့သူတို့နှစ်ယောက် အသက်မတိမ်းမယိမ်း၊ R I T မှာလည်းအတန်းတူ) မိတ္ထီလာ တောမရွာသားဖြစ်ကြောင်း( ကျွန်တာ်က မိတ္ထီလာချည်စက်မှာလေးနှစ်နေခဲ့သူမို့ ဖြည့်စွက်ပေးခြင်းဖြစ်မည်) ဋ္ဌာနကြီးတစ်ခု၏ MD ဖြစ်ကြောင်းမိတ်ဆက်ပေးသည်။ ဦးတင်အောင်ကိုတော့ ကျွန်တော့်ဆိုးဂုဏ်တွေဖေါ်ပြီး မိတ်ဆက်ပေးသည်။ ဆိုကြ တီးကြ ပျော်ချိန်မျှမို့ တယောက်တယောက် နွေးထွေးစကားမဆိုနိုင်ကြသေးပါ။
အပြန်ကားကြုံပို့ဖို့စီစဉ်ချိန် လူရှင်းစပြုမှ ဦးတင်အောင်နှင့် စကားအေးဆေးပြောဖြစ်ကြသည်။
ထွေရာလေးပါးစကားဝိုင်းက ဘယ်ပုံ ပြဇာတ်လောက အကြောင်းကူးသွားသည်မမှတ်မိတော့။ ကျွန်တော်က အာပေါင်အာရင်းသန်သန်ဖြင့် ရွှေမန်းတင်မောင်၏ အဆို၊အက ပါရမီကိုချီးမွမ်းခန်းဖွင့်၊ နှစ်ပါးခွင်မှာ ဝါရင့်လူရွှင်တော်ကြီး ဦးအောင်ငွေ၊ ဦးဖျောက်ဆိပ်၊ ဦးချစ်ပီး၊ဦးမိုးညို တို့နှင့်အပေးအယူမျှစွာတင်ဆက်ပုံကို ပြောတော့ ဦးတင်အောင်လည်း ဇာတ်သဘင်အကြောင်း တို့တိတို့တိ ပြန်ပြောပါသည်။
ထိုကတဆင့် ပြဇာတ်အကြောင်းရောက်ပြန်တော့ မြို့တော်သိန်းအောင်ဇာတ်အဖွဲ့က မောင်ယဉ်အောင်၏ ပြဇာတ်တွေကိုကျွန်တော်နှစ်သက်ကြောင်းပြောတော့ ဦးတင်အောင်၏ စိတ်ဝင်တစား ရှိပုံကို သူ့မျက်လုံးအကြည့်ကတဆင့်ကျွန်တော်သိလိုက်ပါပြီ။
ကျွန်တော်၏ မောင်ယဉ်အောင် ဟိမဝန္တာချီးမွမ်းခန်းတွေအဆုံး ဦးတင်အောင် ကောက်ခါငင်ခါ မေးခွန်းတစ်ခုထုတ်ပါသည်။
" မောင်ယဉ်အောင့် ပြဇာတ်တွေထဲက ဘယ်ပြဇာတ်ကို အကြိုက်ဆုံးလဲ" တဲ့ဗျာ။
သူမေးပုံက မသိလို့ မေးတဲ့မေးခွန်းမဟုတ်၊ ဆရာတစ်ယောက်က ကျောင်းသားတစ်ယောက်၏မှတ်ဉာဏ်ကိုစစ်မေးသည့် လေသံပါဗျ။
ကျွန်တော် ခေတ္တတွေဝေ။ ပြီးမှကိုယ်ကြိုက်တာကိုယ်ပြောတာပဲလေ၊ ဘာဖြစ်တာမှတ်လို့။
" ကျွန်တော့်အကြိုက်ဆုံးပြဇာတ်ဆိုရင် သဘင်သည်မဝင်ရ ပေါ့ဦးတင်အောင်"
သူချက်ချင်းအပြုံးနှင့် ဝမ်းပမ်းတသာ တုံ့ပြန်သည်။ ကျွန်တော့်မှာဖြင့် ဆရာမေးသည့်မေးခွန်းကို မှန်စွာဖြေနိုင်သောကျောင်းသားလေးတယောက်လို ကျေနပ်အားရ။
" အဟုတ်ပေါ့၊ ကျွန်တော်လည်း သဘင်သည်မဝင်ရ ကိုအကြိုက်ဆုံးပဲ"
အဲဒီက စလို့ ကျွန်တော်နှင့်ဦးတင်အောင်လေပေးဖြောင့်ခဲ့ကြတာ ညဉ့်နက်လို့ကျွန်တော့်ပြန်ပို့မယ့်ကား အသင့်ဖြစ်နေကြောင်း ဦးတင်ဝင်း လက်တို့မှစကားလက်စသတ်ရတော့သည်။
" ပြည်ထောင်စုပွဲ ကျိုက္ကဆံကွင်းမှာမြို့တော်သိန်းအောင်ဇာတ်ပွဲရှိတဲ့ညတိုင်း ကြို့ကုန်းက ကျိုက္ကဆံကို ညစဉ်ညတိုင်း မောင်ယဉ်အောင်ပြဇာတ်သွားကြည့်တယ်ဗျာ။ သူ့ပြဇာတ်တွေကြိုက်လွန်းလို့ အဆောင်ပြန်ရောက်ရင် သူငယ်ချင်းတွေကို ပြဇာတ်ကြည့်ဖို့ အတင်းတိုက်တွန်းသေးတာ၊ အဲဒါနဲ့အားမရလို့ ကိုယ်တိုင်လက်မှတ်တွေဝယ်ပြီး အလကားကိုလိုက်ပေးခဲ့ဘူးတယ်ဗျာ"
အစားကောင်းလေးများစားရရင် ချစ်ခင်နှစ်သက်သူကို သတိတရစားစေချင်သလို ဦးတင်အောင်၏ မုဒိတာနှလုံးသားကို ကျွန်တော်လှစ်ခနဲ တွေ့လိုက်ရသည်။
ပြီးတော့ မြိန်ရည်ယှက်ရည် သူဆက်ပြောပြသည့် မောင်ယဉ်အောင်၏ ပြဇာတ်များအကြောင်း တဝကြီးနားထောင်ရသည်။ အားပါးပါး၊ မြို့တော်သိန်းအောင်ဇာတ်ပွဲကြည့်ပြီး ကြည်နူးခံစားရသမျှ ဒီတညမှပဲ စကားဖလှယ်ခွင့်ရတော့သည်လေ။ ဟုတ်ပါ့၊ ကျွန်တော်လည်း မောင်ယဉ်အောင် ခရေဇီ ဖြစ်ပြီး ရွှေဆံတော်ဘုရားပွဲမှာ ညစဉ်ညဆက် ပြဇာတ် နှစ်ထုတ်တွဲ မိုးအလင်း အားပေးခဲ့ဘူးတာပဲ။ ဒီအသက်အရွယ်ရောက်သည်အထိ ဇာတ်ပွဲ/ပြဇာတ်အကြောင်း ဆွေးနွေးဖလှယ်ခွင့်ကြုံဖူးသည်မှာ ဦးတင်အောင်နှင့် ဆုံခဲ့ရသည့်တညတာ သာပဲဖြစ်တော့သည်။
ဦးတင်အောင်ပြောသည့် မောင်ယဉ်အောင်၏ ပြဇာတ် တော်တော်များများကျွန်တော်ကြည့်ဖူးသည်၊ မကြည့်ရသေးတာလည်းပါသည်။သူ့အကြိုက် ကိုယ့်အကြိုက် အလုအယက်ပြောဖြစ်ကြသည်။
အထူးသဖြင့် မောင်ယဉ်အောင်၏ ဇာတ်ခုံပညာကို တခုတ်တရ ပြောဖြစ်ကြသည်။ ဥပမာ- သဘင်သည်မဝင်ရ ပြဇာတ်ထဲမှာ ဇာတ်ခုံပေါ်မှာအငြိမ့်စင် ဆောက်ပြီးအငြိမ့်ခန်းတင်ဆက်ပုံက ထူးခြားသည်။ ဇာတ်ခုံပေါ်က အငြိမ့်စင်မှာလူရွှင်တော်နှင့်မင်းသမီး သရုပ်ဆောင်ကြသည်။ နောက် နာမည်ကျော် မိုးလား၊တိမ်လား၊မြူလား ။ ထိုစဉ်က နေ့စဉ်ထုတ်သတင်းစာတွေက ပင်တိုင်ဆောင်းပါးရှင်တွေ ချီးမွမ်းရေးသားကြသည်။ တိုက်ပွဲတွင် တံတားကိုမိုင်းခွဲဖျက်စီးသည့် ဆက်တင်ကို တအံ့တဩ ချီးမွမ်းသည်။ ဇာတ်ခုံပညာကျွမ်းကျင်သည့်ပညာရှင်ဖြစ်သည်။
နောက်တော့ မိုးကြိုသည့်ပန်း၊ ရိုးပြတ်တွင်းကတောက်ခေါက်သံ၊ တောင်ပြုန်းဖူးစာ...စသည့်စသည့် မောင်ယဉ်အောင့်ပြဇာတ်တွေအကြောင်း မမောတမ်း သူပြောတော့သည်။( ကျွန်တော်တို့ကြည့်စဉ်က ကိုးဆယ်ဆသာလိမ့်မယ်၊ ဓါးတောင်ကိုကျော်၍.. စင်မတင်သေးပါ။)
တဆက်တည်း ဦးတင်အောင်ပြောသွားတာက ( ကျွန်တော်သတိမချွတ်ချော်ဘူးဆိုလျင်) သူ ကျောင်းပြီးလုပ်ငန်းခွင်ရောက်တော့ ဇာတ်လား၊အငြိမ့်လား ထောင်ခဲ့သည်။ သူ မန္တလေးတွင်တာဝန်ကျစဉ်ကဖြစ်မည်(ထင်သည်)။ ကျွန်တော်နားကြားမမှားတာဆိုလျင် ဆရာချင်းတွင်းချစ်သွေး နှင့် ဇာတ်ပွဲတွေ ဦးစီးခဲ့သေးသည်။ အာဂ အင်ဂျင်နီယာပေတကား။
အထက်မှာဆိုခဲ့သလို ကျွန်တော် ဦးတင်အောင် နှင့် တခါ၊နှစ်ခါလား ဆုံခဲ့ဖူးပါသည်။ ကျွန်တော်နှစ်သက်ခဲ့သော ပြဇာတ်တွေကို ဦးတင်အောင်က စစ်စစ်ပိုင်းပိုင်း၊ သိုင်းသိုင်းဝိုင်းဝိုင်း( ကျွန်တော့်ထက်ပို၍)ပြောပြနိုင်သည်။ ကျွန်တော်တို့နှစ်ယောက် ဇာတ်သဘင်(ပြဇာတ်) ကြိုက်ပုံခြင်းညီပါသည်။ ဆွေးနွေးဝေဖန်ရတာလည်း အတော်နွေးထွေးလှပါသည်။
တိုတောင်းသောထိုတညတာအတွင်း ကျွန်တော်တို့၏ ရင်းနှီးခင်မင်ခြင်းက အတိုင်းမသိ နှစ်ထောင်းအားရ ရှိခဲ့ပါ၏။ ပြန်လည်မဆုံကြသည့်တိုင် ထိုညလေးကို အမှတ်ရနေခဲ့ပါ၏။
မိတ်ဆွေအပေါင်းအသင်းဟူသည် နှလုံးသားချင်း ထပ်တူကြပါမှ ခင်မင်မှုအဓွန့်ရှည်ခိုင်မြဲနိုင်မည်ဟု ကျွန်တော်တထစ်ချ ယုံကြည်ပါသည်။
ဦးတင်အောင်သည် ငြိမ်းချမ်းစွာဖြင့် သုဂတိတွင်စံစားနိုင်ပါစေသတည်း။
၂၈-၁၁-၂၃ တွင်ကွယ်လွန်သူဦးတင်အောင် [ BE(EP)] သို့ရည်ညွှန်းပါသည်။