ယဉ်ကျေးမှုဆိုသည်မှာ အတိတ်မှအမွေအနှစ်၊ ပစ္စုပ္ပန်၏အထိန်းအကွပ်၊ အနာဂတ်အတွက်အင်အားဟူ၍ ဆိုရိုးစကား ရှိပေသည်။ ယဉ်ကျေးမှုကိစ္စအဝဝကို ထူထောင်နိုင်ရန်အတွက် မြန်မာ့ရိုးရာပွဲတော်များနှင့် ဓလေ့ထုံးတမ်းများသည်လည်း တခန်းတကဏ္ဍမှ ပါဝင်လျက်ရှိကြသည်။ ရှေးမြန်မာမင်းများလက်ထက်က ကိုယ့်၊ထီး ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် တင့်တယ်ဝင့်ကြွားစွာ နေထိုင်ခဲ့ကြသည်နှင့်အညီ မြန်မာ့ရိုးရာပွဲတော်များနှင့် ဓလေ့ထုံးတမ်းများကိုလည်း ဆယ့်နှစ်လရာသီပွဲတော်အလိုက် ပြုလုပ်ကျင်းပခဲ့ကြသည်။
နှင်းရည်စိုရွှဲ တပိုတွဲလသည် မြန်မာလ တစ်ဆယ့်နှစ်လတွင် တစ်ဆယ့်တစ်လမြောက်ဖြစ်သော ကုံရာသီကာလပင်ဖြစ်ပေသည်။ တပိုတွဲလကို ပုဂံခေတ်၌ 'တပိုတွယ်၊ တပိုအတွယ်' ဟုရေးသားခဲ့ကြသည်။ မြန်မာအဘိဓာန်တွင် တပိုတွဲလကို 'ထန်းဖူးထန်းခိုင်တို့ အောက်သို့ကိုင်းညွတ်အောင်ပြုလုပ်သည့်လ၊ ထန်းရည်နင်းလ၊ မြန်မာ့တစ်ဆယ့်နှစ်လတွင် တစ်ဆယ့်တစ်လမြောက်သောလ၊ ကုံရာသီ' ဟုဆိုထားသည်။ ထန်းပို့များတွဲကျနေသောလဖြစ်၍ 'ထန်းပို့တွဲ' မှ 'တပိုတွဲ' ဟု ကာလရွေ့လျောလာခြင်းဖြစ်သည်ဟု ဆိုပေသည်။
တပိုတွဲလ၏ရာသီအမည်မှာ ပါဠိတွင် 'ကုမ္ဘ'၊ မြန်မာအားဖြင့် 'ကုံ'၊ ရာသီရုပ်မှာ 'ရေအိုးထမ်းယောက်ျား' ဖြစ်သည်။ ရာသီပန်းမှာ ပေါက်ပွင့်၊ လက်ပံပွင့်ဖြစ်သည်။ တပိုတွဲလနှင့်ပတ်သက်၍ စာဆိုတော်များက 'တပိုတွဲလ၊ ပေါက်လဲရယ်ငုံစီစီ၊ ဖူးတံကချီ၊ သည်ရာသီ ဘာဟီကအိုအပေါင်း၊ ပျိုတို့မောင်ရွှေယောင်တွဲငယ်နှင့် လွဲပေါ့သည်ဆောင်း' ဟူ၍ ရာသီအလှနှင့် အလွမ်းဓာတ်ရှိသောသူ မယ်က အနွေးကိုတမ်းတနေစဉ် လွဲရပြန်၍ လှလှပပ ဖွဲ့ဆိုထားပေသည်။ မယ်ခွေ၏တပိုတွဲလဧချင်းတွင် 'ခြိုးဥမှတိမ်စုံလေ၊သတ္တဗိသျှ၊ နက္ခတ္တနှင့်၊ ယှဉ်ကြမလွဲ၊ တပိုတွဲ၌၊ ပေါက်လဲငုံကင်း၊ထန်းရည်ငယ် နင်းကြသည်၊ နှင်းထုံထုံငယ်နှင့်လေ' ဟူ၍လည်းကောင်း၊ ဦးကြင်ဥ၏ ရာသီဘွဲ့ညည်းချင်း တပိုတွဲလဘွဲ့တွင် 'ထန်းရည်နင်း၊ ပေါက်ကင်းတဲ့လဲငုံ၊ ဆက်ရက်ကယ်သာကာနှင့်၊ ရော်ရွက်ဝါတမာနု၊ လွမ်းသူ့ပူပုံ၊ စရိုက်ကယ်လှုံ၊ ပင်မြုံမြင့်သိုက်နန်း၊ ထွက်စီးငယ်ဝှန်၊ ကျောက်စက်ကယ် ရေတံခွန်နှင့် ဟေမဝန်သာယာနုပါဘိ၊ ယွန်းလုနွေဆန်း' ဟူ၍ ရေးစပ် ဖွဲ့သီခဲ့ပေသည်။
ရာသီပွဲတော်များ
တပိုတွဲလ၏ရာသီပွဲတော်များမှာ မီးဖုန်းပွဲတော်နှင့်ထမနဲပွဲတော်တို့ဖြစ်ကြသည်။ တပိုတွဲလပြည့်ကျော် ၁၁ ရက်မှ တပေါင်းလဆန်း ၄ ရက်နေ့အထိ ရှစ်ညသည် ဆောင်းရာသီ၏အအေးဆုံးညများအဖြစ် သတ်မှတ်ထားသည်။ ရှေးအတိတ်သမိုင်းကြောင်းကို ပြန်လည်ကြည့်ပါကလည်း သရေခေတ္တရာပြည့်ရှင် ဒွတ္တပေါင်မင်းကြီးသည် ရွှေဆံတော်စေတီမြတ်ကြီးကို စတင်အုတ်မြစ်ခင်းတော်မူသောနေ့ဖြစ်သည့်အချိန်မှစတင်၍ မြသိတင်(ခေါ် ) ရွှေဆံတော်စေတီမြတ်ကြီးတွင် နှစ်စဉ်နှစ်တိုင်း တပိုတွဲလပြည့်နေ့တွင် အရုဏ် ထမနဲဆွမ်းတော်ကပ်လှူပွဲ၊ ညံရိုးမီးနှင့် နံ့သာမီးပူဇော်ပွဲကို စဉ်ဆက်မပြတ် ကျင်းပမြဲဖြစ်ကြောင်း လေ့လာသိရှိရပေသည်။ ကောက်သစ်ထမနဲ ဆွမ်းတော်ကပ်လှူရခြင်းဖြင့် တိုင်းပြည်တခွင်ဝယ် ဆန်ရေစပါး၊ ကောက်ပဲသီးနှံပေါကြွယ်ဝပြီး ရဟန်းရှင်လူပြည်သူတို့ စားနပ်ရိက္ခာဖူလုံစေလိုသည့် စေတနာဖြင့်လည်းကောင်း၊ ညံရိုးနှင့်အမွှေးနံ့သာများ မီးပူဇော်ရခြင်းဖြင့် ဗုဒ္ဓသာသနာတော်သည် မီးလျှံရောင်ပမာ အရောင်အဝါထွန်းလင်းတောက်ပရန် ရည်သန်လျက်ဆောင်ရွက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု လေ့လာတွေ့ရှိရပေသည်။
ထမနဲပွဲကို အစောဆုံးတွေ့ရသောခေတ်ကား ညောင်ရမ်း၊ ဒုတိယအင်းဝခေတ်နောက်ပိုင်းဖြစ်သည်။ ဒုတိယအင်းဝခေတ် တနင်္ဂနွေမင်းလက်ထက်၌ ထင်ရှားသည့်စာဆိုတော်တစ်ဦးဖြစ်သော ဆီသည်ရွာစားဦးအောင်ကြီး၏ တပိုတွဲလဘွဲ့ လူးတားတွင် 'ရပ်ရှစ်မျက်နှာ၊ သံဃာတို့အား၊ ဆယ်ပါးဝတ္ထု၊ ယာဂုအဖျော်၊ ပူဇော်ရွှင်ပြုံး၊ ပွဲမဆုံးလျှင်၊ မီးပုံသဘင်၊ သူကြီးယင်သည်၊ ရောက်ချင်နိဗ္ဗာန်ကျွန်းတဲ့လေး' ဟုဖွဲ့ဆိုထားသည်။ ဒုတိယအင်းဝခေတ်နောက်ပိုင်းတွင် ထမနဲပွဲကိုမီးပုံးပွဲနှင့်အတူ တပိုတွဲလ၏ရာသီပွဲအဖြစ် တွဲဖက်ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။
ယာဂုနှင့် ထမနဲ အခေါ်သာကွဲ
ထမနဲသည်ကောက်ညှင်းကို နှမ်း၊နှမ်းဆီ၊အုန်းသီး၊ မြေပဲ၊ ချင်း(ဂျင်း)စသည်တို့ဖြင့် စီမံပြုလုပ်ထားသော မြန်မာတို့၏ ချိုစိမ့်အီမွှေးသည့် အစားအစာတစ်မျိုးဖြစ်သည်။ ကောက်ညှင်းထမင်းကို ထပ်ပြန်တလဲလဲ ကော်များ၊ ပတ်စာများပြုလုပ်သောအခါ ဘိသည့်အလား နှဲရသောကြောင့် ထမင်းနဲဟု မှည့်ခေါ်ထားခြင်းဖြစ်ပေသည်။ ယခုခေတ်တွင် စကားပြောသံအတိုင်း ထမနဲဟုပင် ရေးသားကြသည်။ နှမ်းဆီနှင့် နှမ်းနိုင်နိုင်ထည့်ရသည်ကိုအကြောင်းပြု၍ နှမ်းမနဲဟုလည်း အမည်တစ်မျိုးတွင်သေးသည်။ အချို့အရပ်ဒေသများ၌ ထမနဲကို ယာဂုဟုလည်း ခေါ်ဝေါ်ကြပေသည်။ ထို့ကြောင့် ဦးပုည၏ လှေအလှူခံမေတ္တာစာ၌ 'ယာဂုထမင်းနဲ၊ အိုးကြီးကွဲကာမှ၊ စွန့်ကြဲသည့်ဒါနလည်း နိပ္ပလ မဆိုသာ' ဟုယာဂုနှင့်ထမနဲကို သဘောအတူတူ ဖွဲ့ဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာစကားပုံ၌လည်း ယာဂုနှင့်ထမနဲ အခေါ်သာကွဲသည်ဟု ဆိုထုံးပြုထားသည်ကို တွေ့ရပေသည်။
'အစာလည်းဆေး၊ ဆေးလည်းအစာ' ဆိုသကဲသို့ ထိုအေးမြသော ဟေမန္တဥတု၊ သိသီရ ရတုမျိုးတွင် ထမနဲသည်ဆေးဖက်ဝင်အစာဖြစ်သည်ဟု ရှေးမြန်မာဆေးပညာရှင်ကြီးတို့က ယူဆခဲ့ကြသည်။ ထမနဲသည်ဆီနိုင်၍ အပူစာများများပါဝင်သော အစာဖြစ်သည်။ တပိုတွဲလကား အလွန်အေးမြ၍ အဆီခြောက်ခမ်းချိန်ဖြစ်သည်။ ဤလတွင် ဆီနိုင်သော အပူစာထမနဲကို သုံးဆောင်ပါက အသားအရေစိုပြည်၍ အပူဓာတ် ရလာနိုင်သည်ဟု ဆိုပေသည်။ မဟာနရီကွန်ချာဆေးကျမ်း၌လည်း ပထဝီပျက်သူများ ထမနဲစားသင့်သည်ဟု လာရှိပေသည်။
မီးဖုန်းပွဲဟူသည်မှာ
တပိုတွဲအကုန် တပေါင်းလအကူး ကြားရှစ်ရက်သည် အလွန်အမင်းချမ်းအေးလှသောကြောင့် ထိုရက်များအတွင်း ရဟန်းတို့အား ဘုရားရှင်က မီးလှုံခွင့်ပြုသည့်အပြင် ဘုရားရှင်ကိုယ်တော်တိုင် ဓာတ်ကြီးလေးပါးမျှတစေခြင်းငှါ လက်တော်အားမီးလှုံတော်မူသည်ဟု ဆိုပေသည်။ ထိုအချက်ကိုအစွဲပြု၍တပိုတွဲလတွင် မီးဖုန်းပွဲကိုဆင်ယင်ကျင်းပခဲ့ကြပေသည်။ ဖုန်းဆိုသည်မှာ 'ပုည' ဟူသောပုဒ်မှ ဆင်းသက်လာပြီး 'ကုသိုလ်၊အလှူ' ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့်မီးဖုန်းပွဲဟူသည်မှာ မီးအလှူ၊ မီးကုသိုလ်ပွဲဖြစ်ပေသည်။ ဘုရားရှင်အား မီးအပူဓာတ်ကို လှူဒါန်းပူဇော်ကြခြင်း ဖြစ်ပေသည်။
မီးဖုန်းပွဲကို ရေးသားပုံအမျိုးမျိုးတွင် ပုဂံ၊ ပင်းယ၊ အင်းဝခေတ်တို့တွင် မီးဖုန်းပွဲတော်ဟု အစဉ်တစိုက် ရေးသားလာခဲ့သော်လည်း နှောင်းပိုင်းခေတ်များတွင်မူ မီးဖုန်း၊ မီးပုန်း၊ မီးပုံး၊ မီးပုံဟု အမျိုးမျိုးပြောင်းလဲရေးသားလာကြသည်ကို တွေ့ရပေသည်။ မီးပုံးလှူဒါန်းကြခြင်းမှာ တပိုတွဲလပြည့်နေ့တွင်ဖြစ်ပါသည်။ တပိုတွဲလပြည့်နေ့ ညဉ့်နှစ်ချက်တီးကျော်(လပြည့်ကျော်၁ ရက်အဝင်) တွင် မြတ်စွာဘုရားရှင်အား အချမ်းသက်သာစေရန် အရှင်အာနန္ဒာက ဒုကုဋ်တော်ကို တင်လွှမ်းပေးခြင်းကို ကျမ်းဂန်တို့၌တွေ့ရပေသည်။ ထို့ကြောင့်နံ့သာထင်းများဖြင့် ဘုရားကိုရည်စူး၍ လှူဒါန်းရခြင်းဖြစ်သည်။
စိမ့်မြေများတွင်အများဆုံးပေါက်ရောက်
ပြည်မြို့ဘိုးဘွားများ၏ ညံရိုးပူဇော်ပွဲရိုးရာယဉ်ကျေးမှုအစဉ်အလာကို မပျက်အောင် ပြည်သူပြည်သားများက ဆက်လက်ထိန်းသိမ်းခဲ့ကြသည်။ မြန်မာနိုင်ငံရှိ အခြားအခြားသောစေတီပုထိုးများထက်ထူးထူးခြားခြားလှူဒါန်းပူဇော်ပွဲတစ်ရပ်အဖြစ် လှူဒါန်းပူဇော်လာခဲ့သည်မှာ ယနေ့တိုင်ပြုလုပ်ကျင်းပမြဲဖြစ်သည်။ ညံပင်သည် ရုက္ခဗေဒအလိုအားဖြင့် လီဂူးမီးနိုးစီအီး မျိုးရင်း ပက်ပီလီအိုနေတီးအုပ်စုတွင်ပါဝင်ပြီး သိပ္ပံအမည်မှာ ဆက်စမေးနီးယား အကျူလီအေးတား ဟုခေါ်သည်။ ညံပင်သည် ဆူးရှိသောသက်နုပင်လတ်မျိုးဖြစ်သည်။ ဆောင်းရာသီတွင် အကိုင်းစွန်း ခြောက်သွေ့တတ်သော ညံခြုံပုတ်မျိုးလည်းရှိသည်။ ညံပင်သည်စိမ့်မြေများတွင်အများဆုံးပေါက်ရောက်သည်။ မြန်မာနိုင်ငံတွင် ညံပွင့်နှင့်ညံရွက်ကို ငါးပိရေနှင့်တို့စရာအဖြစ်စားသုံး၍ ပင်စည်ကို မီးပူဇော်ရာတွင်လည်းကောင်း၊ မီးပုံးပျံတို့တွင် မီးစာအဖြစ်လည်းကောင်း အသုံးပြုကြောင်း လေ့လာတွေ့ရှိရပေသည်။
ညံရိုးဟူသည်မှာညံပင်၏ပင်စည်ဖြစ်သည်။ ညံရိုးပင်စည်သည် ကြံချောင်းအရွယ်ပမာဏရှိပြီး ၄င်းညံပင်ကိုခုတ်၍ ပင်စည်မှအခေါက်ပါးပါးလေးကို လျှော်ခွါသကဲသို့ ခွါလိုက်ပါက ဖေါ့ရိုးများနှင့် ခပ်ဆင်ဆင်တူသည့် အဖြူရောင်ညံရိုးချောင်းများရရှိသည်။ အနှစ်မရှိသော အပွသားများသာဖြစ်သဖြင့် အလွန်ပေါ့ပါးလှသည်။ 'ပတ္တမြားရောင်၊ ဖားကဖောင်သံလွင်လွင်နှင့် ရွှေညံပင်ရှုပ်မရှင်းတယ် ကွင်းပြည့်မခန်း' ဟူသည့်လင်္ကာနှင့်အညီပင် ပြည်မြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများဝန်းကျင်တွင် အများအပြားပေါက်ရောက်ကြောင်းတွေ့နိုင်ပေသည်။ ဒေသ၏ယုံကြည်ချက်မှာ ညံပင်ဖြင့် မီးပူဇော်ခြင်းသည် ဉာဏ်ပညာကောင်းမွန်ပြီး မြတ်စွာဘုရားအား ချမ်းအေးလွန်းသောအအေးဒဏ်မှ ကာကွယ်ပေးနိုင်ရန်ဟု ရည်ရွယ်၍ လှူဒါန်းကြခြင်းဖြစ်ပေသည်။
ပြည်မြို့ဝန်းကျင်ရှိ ကျေးရွာများသည်နှစ်စဉ်နှစ်တိုင်း တပိုတွဲလဆန်း ၁၃ ရက်နေ့၊ ၁၄ ရက်နေ့တို့တွင် အသင့်ကြိုတင်ခုတ်လုပ် စုဆောင်းထားသည့် အဖြူရောင်ညံရိုးချောင်းများကို ပြည်မြို့ပေါ်ရှိ ဈေးအသီးသီး၌လည်းကောင်း၊ ညနေပိုင်းတွင် ရွှေဆံတော်စေတီတော်၏ မြောက်ဘက်စောင်းတန်းမုခ်ဦးရှိ ဗိုလ်ချုပ်လမ်းမတစ်လျှောက်တွင်လည်းကောင်း၊ ရွှေဆံတော်ဘုရားဓာတ်လှေကားရှေ့ ဈေးတန်းတွင်လည်းကောင်း ခင်းကျင်းပြီး ညံရိုးချောင်းများနှင့်တကွ နံ့သာဖြူ၊ သနပ်ခါး၊ နံ့သာနီ၊ ကရမက်၊ စန္ဒကူး၊ တောင်တန်ကတိုး စသည့်အမွှေးနံ့သာတုံးများကို အစည်းငယ်များစုစည်းကာ ရောင်းချကြသည်။
တပိုတွဲလပြည့်နေ့ အရုဏ်ဦးအချိန်တွင် ပြည်မြို့ရပ်ကွက်ပေါင်းစုံမှပြည်သူအများ၊ အနီးပတ်ဝန်းကျင်ကျေးရွာများမှ ရွာသူရွာသားများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များသည် ထမနဲဆွမ်းတော်ပွဲကို ရွက်၍လည်းကောင်း၊ အမွှေးနံ့သာတုံးနှင့် ညံရိုးများကိုထမ်း၍လည်းကောင်း ရွှေဆံတော်ဘုရားရင်ပြင်တော်ပေါ်သို့ စောင်းတန်းအသွယ်သွယ်မှ အစုအဖွဲ့အလိုက် မမောနိုင်မပန်းနိုင် အပြိုင်အဆိုင် အရုဏ်ဦးအမီ အမြန်တက်ရောက်ဖူးမြော်ကြသည်။ တစ်နှစ်တွင်တစ်လ တစ်လတွင်တစ်ရက် ပူဇော်ခွင့်ရသည့် ညံရိုးပူဇော်ပွဲကို မဖြစ်မနေ ပါဝင်ဆင်နွှဲကြပေသည်။ ဘုရားဖူးပြည်သူများသည် ထမနဲဆွမ်းကပ်လှူပြီးပါကရွှေဆံတော်ဂေါပကအဖွဲ့မှစီမံဆောင်ရွက်ပေးထားသည့်ယာယီမီးဖိုကြီးတွင်ညံရိုးများ၊ အမွှေးနံ့သာတုံးများကို ထည့်သွင်းပူဇော်လေ့ရှိကြသည်။
ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် တပိုတွဲလဆန်း ၁၄ ရက်နေ့မှစ၍ တပိုတွဲလပြည့်နေ့အထိ အရုဏ်ဦးအချိန်၌ ကောက်သစ်ဆွမ်း ကပ်လှူပူဇော်ပွဲအတွက် ထမနဲဆွမ်းကပ်လှူပွဲနှင့် ညံရိုးမီးပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့သည်မှာ ယနေ့အထိ နှစ်ပေါင်း ၁၀၀ ကျော်ခန့်ပင်ရှိပြီဖြစ်ပေသည်။
မျိုးဆက်သစ်လူငယ်များကဆက်လက်ထိန်းသိမ်း
ယနေ့ကမ္ဘာပေါ်တွင် ကမ္ဘာလုံးဆိုင်ရာ ကူးလူးဆက်နွှယ်မှုအရ ယဉ်ကျေးမှုများ ရောယှက်လာသည်ကို မီဒီယာများတွင်တွေ့ရှိလေ့လာနိုင်သည့်အပြင် မြန်မာတို့၏ရိုးရာယဉ်ကျေးမှုပွဲတော်များတွင် မြန်မာမှု၊ မြန်မာ့ဟန်များ မပျောက်ပျက်အောင်မျိုးဆက်သစ်လူငယ်များက ဆက်လက်ထိန်းသိမ်းသွားရန် လိုအပ်လှပေသည်။ မြန်မာ့ဓလေ့ထုံးစံများ ပျောက်ပျက်မသွားစေဘဲ အရှည်တည်တံ့၍ နောင်လာနောက်သားများ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများနှင့် ဓလေ့ထုံးစံများကို ချစ်မြတ်နိုး၍ အစဉ်တန်ဖိုးထား ထိန်းသိမ်းတတ်စေရန်အတွက် လေးဆူဓာတ်ပျော်ရွှေဆံနော်၏ညံရိုးမီးဖုန်းပူဇော်မှုနှင့်ထမနဲပွဲတော်ကို အစဉ်လာမပြတ်ကျင်းပကြကြောင်းကို ကြည်ညိုသဒ္ဓါပွါးနိုင်စေရန် ရေးသားဖော်ပြလိုက်ရပါသည်။
မာန်သစ်ငြိမ်း
(ရှေးဟောင်းသုတေသန)
ကိုးကား -
မြန်မာ့စွယ်စုံကျမ်းအတွဲ(၄)
ပြည်ရွှေဆံတော်သမိုင်းသစ် ( ဦးကျော်ဒင်ဟန်)
ပြည်ရွှေဆံတော်ဓမ္မစာစောင်၊ ၂၀၀၁။
မြန်မာ့ရိုးရာဆယ့်နှစ်လရာသီပွဲတော် (မြတ်မင်းဟန်)