ရေးသားပြုစုသူ - ကျော်ဒင်ဟန် (B.A, Dip,ED)
နဝဝါသီ(ပြည်မြို့) အမှတ်(၃)အထက( ယခင်- A.B.M) ကျောင်း၏ မှတ်တမ်းအကျဉ်းပြုစုသည့် ခရစ်နှစ်(၂၀၁၃)ခုနှစ်အထိဆိုပါလျှင် A.B.M ကျောင်းသည် နှစ်ပေါင်း(၁၄၉)နှစ် ကာလအတွင်း ကျောင်းပညာရေးခရီးစဉ်၌ ကျောင်းအမည်အမျိုးမျိုး ပြောင်းလဲခေါ်ဝေါ်ခဲ့ကြရာမှ ယနေ့တွင် ပြည်အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအဖြစ် ရပ်တည်နေသော ကျောင်းပင်ဖြစ်ပါသည်။
နဝဝါသီ(ပြည်မြို့)
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီး (၉)လမြောက် မဟာသက္ကရာဇ်(၁၀၃)ခု၊ပြာသိုလပြည့်၊ ဘီစီ(၅၈၉)တွင် သီဟပဗ္ဗတအမည်ရှိသော "ဖိုးဦးတောင်" သို့ ပထမအကြိမ်ကြွရောက်တော်မူပြီးနောက် (၁၂)နှစ်ကာလကြာသော် ဝေဋ္ဌဒီပမင်း၏သားတော် "သီရိခေတ္တ" မင်းသားသည် နောက်လိုက်ဗိုလ်ခြေအများနှင့်တကွ မြို့သစ်တည်ထောင်ရန်အတွက် သလ္လာဝတီမြစ်၊ ဧရာဝတီမြစ်များကိုကူးဖြတ်၍ မြို့သစ်တည်ရန် နေရာရှာဖွေကြသည်။
သီရိခေတ္တမင်းသားသည် ပြည်မြို့တည်ရာအရပ်သို့ ရောက်ရှိကြရာတွင် မင်္ဂလာအတိတ်နိမိတ်တို့ကို အကြောင်းပြု၍ မဟာသက္ကရာဇ်(၁၁၅)ခုနှစ် ဘီစီ(၅၇၇)ခုနှစ်၊ တပေါင်းလဆန်း(၁)ရက်မှ အစပြု၍ မြို့အင်္ဂါခုနစ်ပါးနှင့်အညီ မြို့တည်ဆောက်ပြီးစီးခဲ့သည်။ မြို့အမည်ကိုလည်း တောအုပ်ကိုခုတ်ထွင်ရှင်းလင်း၍ မြို့သစ်တည်သောကြောင့် အသစ်သောမြို့ "နဝဝါသီ" ဟုကမ္ပည်း မော်ကွန်းတင်ခဲ့ပေသည်။
ဤသို့ဖြင့် နဝဝါသီမြို့သည် ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကပင် တည်ထားခဲ့ရာတွင် ထိုမြို့၌ မင်းများစဉ်ဆက်မပြတ် စိုးစံလာကြရာ-
သရေခေတ္တရာ ပျူနိုင်ငံတော်ခေတ်တွင်လည်း မြို့ပြတစ်ခု တည်ရှိနေသည်။ သရေခေတ္တရာပြည့်ရှင် ဒွတ္တပေါင်မင်းကြီးသည် ယောက်ဖတော် "နန္ဒသူရိယမင်းသား" ကို သာသနာနှစ်(၁၀၅)ခုနှစ်တွင် နဝဝါသီ၌ ထီးနန်းအုပ်ချုပ် မင်းပြုစေခဲ့ပါသည်။
ပုဂံမြို့တည် သမုဒ္ဒရာဇ်မင်းသည် နဝဝါသီ(ပြည်မြို့)ထီးနန်းတွင် အမျိုးအနွယ်မပြတ်စေခြင်းငှါ ပျူမင်းသား "သီဟသူ" ကို သမီးတော် သလ္လာဝတီနှင့်လက်ထပ်ပေးပြီး သတိုးသီဟဓမ္မရာဇာဘွဲ့တော် အပ်နှင်း၍ သက္ကရာဇ် တို(၈၁)ခုနှစ်တွင် ထီးဖြူနှင့်တကွ မင်းမြောက်တန်ဆာတို့ကို ချီးမြှင့်ကာ နဝဝါသီ(ပြည်မြို့)တွင် သွားရောက်မင်းပြုစေပြန်ပါသည်။
အနော်ရထာမင်းကြီးက သရေခေတ္တရာတွင် အရည်းကြီးများ ကြီးစိုးနေသည်ကို တိုက်ခိုက်ပယ်ရှားပြီးနောက် သရေခေတ္တရာမြို့ဟောင်းရှိ လူများကိုလည်း သရေခေတ္တရာမြို့မှ အနောက်ဘက်(၅)မိုင်အကွာ ဧရာဝတီမြစ်ကမ်းပါးရှိ "နဝဝါသီ"မြို့ဘက်သို့ မြို့လုံးကျွတ် နှင်ထုတ်၍ သရေခေတ္တရာမြို့ဟောင်းကြီးကိုလည်း ဖြိုဖျက်မီးတိုက် ဖျက်ဆီးခဲ့သည်။
နဝဝါသီမြို့တွင် ထိုစဉ်က မြို့ခံမြန်မာ၊ ပျူ၊သက်၊ကမ်းယံတိုင်းရင်းသားများ၊ ဗုဒ္ဓဘာသာဝင်များ နေထိုင်ကြပါသည်။ မြို့လူဦးရေအများစုမှာ" မြန်မာ"များဖြစ်ကြပါသည်။ ပြောင်းရွှေ့လာသော ပျူတွေအားလုံးကလည်း ဗုဒ္ဓဘာသာဝင်များဖြစ်ကြရာ မြို့ခံမြန်မာများနှင့်အတူတကွ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခဲ့ကြသည်။
နဝဝါသီမြို့ခံလူဦးရေထက် ပြောင်းရွှေ့လာသည့် ပျူလူဦးရေက ပိုမိုများပြားမှုနှင့် ပျူလူမျိုးတို့ အမျိုးအနွယ် အစဉ်အလာမပျက် နေထိုင်လာသည်ကို အစွဲပြု၍ "ပျူ"မြို့ဟု ခေါ်တွင်လာကြပါသည်။ ဤသို့ဖြင့် "နဝဝါသီ" မူလအမည်ပျောက်ပြီးနောက် နှစ်ကြာလာသောအခါမှာ "ပျူမြို့" မှ "ပြည်မြို့" ဟုအမည်တွင်ခဲ့ကြောင်း မှတ်သားရပါသည်။
ပုဂံပြည့်ရှင် နရသီဟပတေ့မင်း(တရုတ်ပြေးမင်း) သားတော်သီဟသူ(၆၀၄-၆၄၆) သည် ပြည်မြို့ကို မြို့အင်္ဂါရပ်များနှင့်အညီ ပြန်လည်အသစ် တည်ဆောက်ခဲ့သည်။ ပြည်မင်း သီဟသူသည် ရှေးမင်းအဆက်ဆက် တည်ဆောက်စိုးစံခဲ့သော ပြည်မြို့ဟောင်းကိုပြုပြင်၍ ကျုံး၊ မြို့ရိုး၊ ပြအိုး၊ ပစ္စင် စသည့် မြို့အင်္ဂါရပ်များဖြင့် ပြည်ရွှေနန်းမြို့ကို အခိုင်အမာတည်ဆောက် မင်းပြုခဲ့သည်။
ဤသို့ဖြင့် ပြည်မြို့သည် တခါတရံ ဘုရင်အုပ်ချုပ်သောမြို့တော်အဖြစ်လည်းကောင်း၊ မြို့စားမြို့ဝန်အုပ်ချုပ်သောမြို့အဖြစ်လည်းကောင်း အသွင်အမျိုးမျိုးစိုးစံအုပ်ချုပ်ခဲ့ရာမှ.....
အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲဖြစ်ပွါးလာရာ ခရစ်နှစ်(၁၈၅၂)ခုနှစ်၊အောက်တိုဘာလ(၉)ရက်နေ့တွင် ပြည်မြို့သည် တိုင်းတပါးကျူးကျော်နယ်ချဲ့ အင်္ဂလိပ်တို့၏ ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ရပြီး သူ့ကျွန်ဘဝသို့ ရောက်ခဲ့ရပေသည်။ ပြည်ရွှေထီးရွှေနန်းလည်း ကွယ်ပျောက်ခဲ့ရပေတော့သည်။
"ဗြိတိသျှမြန်မာနိုင်ငံ" အင်္ဂလိပ်လက်အောက်ပြည် မြို့"
အင်္ဂလိပ်တို့သည် (၁၈၅၂)ခုနှစ်၊ အောက်တိုဘာ(၉)ရက်နေ့တွင် သိမ်းပိုက်ပြီးနောက် "ပြည်ရွှေနန်း" နေရာတွင် အင်္ဂလိပ်တို့က အကျဉ်းထောင်အဖြစ် ပြည်မြို့ကိုသိမ်းပြီး ဦးစွာပထမ တည်ဆောက်ခဲ့သည်။ အကျဉ်းထောင်ကို ရွှေ့ပြာင်းခဲ့ပြီး ယခုစည်ပင်ဈေးကြီးနေရာဖြစ်သည်။
မြန်မာမင်းများ နှစ်ပေါင်း(၂၀၀၀)ကျော် တည်ထောင်စိုးစံလာခဲ့သည့် ပြည်ရွှေနန်းတော်မြို့ကို လုံးဝအစဖျောက် ဖျက်သိမ်းပြီး အင်္ဂလိပ်လက်အောက်ခံ သာမန်မြို့ကလေးတည်ဆောက်ရန် ပြည်မြို့သစ်တည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ကြသည်။ ပြည်မြို့ကိုသိမ်းပိုက်ပြီး(၁၀)နှစ်အကြာ(၁၈၆၂)ခုနှစ်တွင် ..ပြည်မြို့လုံးကျွတ် တပြိုင်နက်တည်း မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပေသည်။ မြန်မာမင်းများအဆက်ဆက် စိုးစံခဲ့သော ရွှေနန်းနှင့် ပြည်တမြို့လုံး ပြာပုံဘဝ ရောက်ခဲ့ရသည်။
A.B.M အမေရီကန်ဘက်ပတစ်မစ်ရှင်ကျောင်း( ယခုအမှတ်[၃]အ.ထ.က)
အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲ(၁၈၅၂)ခုနှစ်၊အောက်တိုဘာ(၉)ရက်နေ့တွင် ပြည်မြို့ကို အင်္ဂလိပ်တို့ သိမ်းပိုက်ခဲ့သည်။ထို့နောက် အမေရိကန် ဘုန်းတော်ကြီး ( Rev.T. Simon) အား ခရစ်ယာန်သာသနာပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဗြိတိသျှမြန်မာနိုင်ငံ၏ ပထမဆုံး မဟာဝန်ရှင်တော်မင်းကြီး(Chief Commissioner ) ဆာအာသာဖယ်ယာ(Sir Arthur Phayre ) က ( ယခုအမှတ်[၃]ကျောင်းဝင်းနေရာနှင့် ယခုရိုမန်ကက်သလိပ်ဘုရားကျောင်းနေရာ)တို့ကို ပြည်မြို့သစ်တည်ဆောက်ရေးမြေပုံတွင် အမေရိကန်နှစ်ခြင်းသာသနာမြေအဖြစ် သတ်မှတ်ပေးခဲ့သည်။(ဗြိတိသျှမြန်မာနိုင်ငံ၏ ပထမဆုံး မဟာဝန်ရှင်တော်မင်းကြီးကို ဂုဏ်ပြုသည့်အနေဖြင့် ပြည်ဘူတာရှေ့လမ်းကို "ဖယ်ယာလမ်း"ဟု အမည်ပေးခဲ့သည်။ ယခုဗိုလ်ချုပ်လမ်းဟု အမည်ပြောင်းခဲ့သည်။)
ထိုသို့ရရှိသော နှစ်ခြင်းသာသနာ့မြေတွင် ခရစ်နှစ်(၁၈၆၄)ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှစတင်ကာ အမေရိကန်နှစ်ခြင်းသာသနာပြုကျောင်း(American Baptist Mission School) ကို ဖွင့်လှစ်ခဲ့သည်။ ABM ကျောင်းဟုပင် အမည်တွင်သည်။
ABM ကျောင်းအားဘုန်းတော်ကြီး (Rev. E.O. Stevens) ၏ဇနီး မစ္စစတီဗင်ကိုတာဝန်ပေးပြီး၊ ခရစ်နှစ်(၁၈၆၇)ခု၊ ပညာသင်နှစ်တွင် အမေရိကန်နှစ်ခြင်းသာသနာပြု မိန်းကလေးအထက်တန်းကျောင်း (ABM Girls' High School) အဖြစ်ဖွင့်လှစ်ခဲ့သည်။ မိန်းကလေးကျောင်းသူများကို ကျောင်းအိပ်ကျောင်းစား ဘော်ဒါကျောင်းသူများအဖြစ်ပါ လက်ခံသင်ကြားပေးသည်။ အခြားခရိုင်မြို့ကြီးများကပါ ကျောင်းအပ်နှံလာကြသည်။
ယောကျာ်းကလေးကျောင်းသားများကို လက်ခံပညာ သင်ကြားပေးသော်လည်း သတ္တမတန်းအောင်လျင် "ပြည်ဟိုက်စကူးကျောင်း အစိုးရအထက်တန်းကျောင်းသို့ ကျောင်းပြောင်းပေးသည်။
ခရစ်နှစ်(၁၈၇၂)ခုနှစ်တွင် အမေရိကန်မှ ရောက်ရှိလာသော ဘုန်းတော်ကြီးဆိုင်မွန်၏သမီး " မစ္စဆိုင်မွန်" နှင့်" ဒေါ်နှင်းတန်" တို့လက်ထက်တွင် ကျောင်းသူကျောင်းသားများ ပိုမိုများပြားလာသဖြင့် ယာယီကျောင်းဆောင်များ တိုးချဲ့ပြီး မစ္စဘန်း၊ မစ္စစတူး နှင့် မစ္စပိန်းတို့ အစဉ်အဆက် အုပ်ချုပ် သင်ကြားခဲ့လေသည်။
ခရစ်နှစ်(၁၉၀၆) မှ(၁၉၁၀) တွင် ဒေါ်အက်စတာ ကလည်းကောင်း၊ (၁၉၁၂ မှ ၁၉၁၅) ခုနှစ်အထိ ဆရာမကြီး"ဒေါ်စောတင်" ကလည်းကောင်း တိုင်းရင်းသူဆရာမကြီးများက အုပ်ချုပ်သင်ကြားခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီအထိ ပြည်နှစ်ခြင်းသာသနာကို အမေရိကန်နှစ်ခြင်းသာသနာပြုလုပ်ငန်းများလုပ်ဆောင်ရန် အမေရိကန်နိုင်ငံမှ နောက်ဆုံးရောက်ရှိလာသော ဘုန်းတော်ကြီးရို့ချ် (Rev. E. Roach) သည် ပြည်မြို့ရှိ အမေရိကန်နှစ်ခြင်းသာသနာပြုမိန်းကလေးအထက်တန်းကျောင်း တွင် နှစ်ထပ်တိုက်စာသင်ကျောင်းဆောင်( ယခု-အမှတ်[၃]အ.ထ.က စာသင်ကျောင်းဆောင်မကြီး) နှင့် ကျောင်းအုပ်ဆရာမကြီးနေအိမ်၊ ဘော်ဒါဆောင်တိုက်(၁)လုံး(ယခု-ခရစ်ယာန်ဘုရားကျောင်းနှင့် ခေါင်းလောင်းစင်မြောက်ဘက်ရှိတိုက်အိမ်)တို့ကို ဆောက်လုပ်ပေးနိုင်ခဲ့သည်။ ယင်းအဆောက်အဦများမှာ(၈၃)နှစ်သက်တမ်းရှိသော်လည်း ယနေ့တိုင် အကောင်းပကတိ ရှိနေပါသည်။)
ခရစ်နှစ်(၁၉၁၆ မှ ၁၉၄၂) ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွါးလာသည်အထိ အုပ်ချုပ်သင်ကြားခဲ့သူများမှာ မစ္စအဲယာ၊ မစ္စဒေးဗစ်ကြီး၊ မစ္စဒေးဗစ်ကလေး၊ မစ္စဟေဇယ်တင်း၊ မစ္စဆီးဂရေး နှင့် တိုင်းရင်းသူခရစ်ယာန်ဆရာမကြီးများဖြစ်ကြသည့် ဆရာမကြီးဒေါ်သိန်းရင်၊ ဒေါ်ဒေစီ၊ ဒေါ်အေးရင်တို့အုပ်ချုပ်သင်ကြားခဲ့ကြသည်။
တတိယကျောင်းသားသပိတ်(၁၉၃၈)
ပြည် ABM ကျောင်းအုပ်ဆရာမကြီး အမေရိကန်သူ မစ္စဆီးဂရေး လက်ထက် ပညာသင်နှစ်တွင်.. ၁၃၀၀ ပြ ည့် (၁၉၃၈)ခုနှစ် ရေနံမြေအလုပ်သမားသပိတ်ကြီးနှင့်အတူ ကျောင်းသားများ တတိယအကြိမ်သပိတ်ကြီး ရန်ကုန်တက္ကသိုလ်မှ ဦးဆောင်ပေါ်ပေါက်ခဲ့သည်။
ထိုသပိတ်ကြီးတွင် ပြည်မြို့မှ အစိုးရအထက်တန်းကျောင်း၊ အမျိုးသားအထက်တန်းကျောင်း၊ မြူနီစပယ်အထက်တန်းကျောင်းနှင့် အမေရိကန်နှစ်ခြင်းသာသနာပြုမိန်းကလေးအထက်တန်းကျောင်းတို့ စုပေါင်းပြီး ကျောင်းပေါင်းစုံသပိတ်မှောက်ကြသည်။
ပြည်မြို့အစိုးရအထက်တန်းကျောင်းမှ ကျောင်းသားခေါင်းဆောင် အထက်တန်းကျောင်းသား ကိုမောင်လေး(ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ)၊ မြူနီစပယ်အထက်တန်းကျောင်းမှ အထက်တန်းကျောင်းသား ကိုအေးကျော်၊ အမျိုးသားအထက်တန်းကျောင်းမှ အထက်တန်းကျောင်းသား ကိုထွန်းရှိန်( ရဲဘော်သုံးကျိပ်ဗိုလ်ရန်နိုင်)၊ အမေရိကန်သာသနာပြုမိန်းကလေးအထက်တန်းကျောင်းမှ ကျောင်းသူခေါင်းဆောင် ဒသမတန်းကျောင်းသူ မသန်းရွှေ( နောင်အခါပြည်အမှတ်[၃]အ.ထ.က ကျောင်းအုပ်ဆရာမကြီးဒေါ်သန်းရွှေ) တို့ဦးဆောင်သပိတ်မှောက် သပိတ်တားကြသည်။
ကျောင်းပေါင်းစုံသပိတ်စခန်းကို ရွှေဘုန်းပွင့်ဘုရားတွင် ဗဟိုသပိတ်စခန်းအဖြစ် ဖွင့်လှစ်ထားသည်။ မသန်းရွှေ ခေါင်းဆောင်သည့် ABM ကျောင်းသပိတ်စခန်းခွဲကို ABM ကျောင်းရှေ့၊ ဒေါ်ငယ်ဆေးပြင်းလိပ်ခုံတိုက်ရှေ့မျက်နှာစာ(ယခု ရိုးမဘဏ်)တွင်ဖွင့်လှစ်ပြီး ကျောင်းအရှေ့ဘက်ဂိတ်ပေါက်နှင့် အနောက်ဘက်ဂိတ်ပေါက်တို့တွင် သပိတ်မှောက်ကျောင်းသူခေါင်းဆောင် မသန်းရွှေဦးဆောင်၍ ကျောင်းသူကျောင်းသားများ သပိတ်တားဆန္ဒပြကြသည်။ သပိတ်မှောက်စခန်းတွင် သပိတ်မှောက်ခေါင်းဆောင် မသန်းရွှေက သပိတ်မှောက်တရားဟောခြင်း၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြရန် မကြောက်တရားဟောခြင်းများဖြင့် သာသနာပြုမစ်ရှင် မိန်းကလေးအထက်တန်းကျောင်းမှ ဦးစွာပထမ နိုင်ငံရေးတွင် ရှေ့တန်းမှပါဝင်ခဲ့သော ကျောင်းသူတစ်ဦးဖြစ်ပေသည်။
ပြည်မြို့ရဟန်းရှင်ပြည်သူများနှင့် ဒို့ဗမာအစည်းအရုံးဝင်သခင်များက သပိတ်မှောက်ကျောင်းသားများကို အစစအရာရာ ဘေးအန္တရာယ်ကင်းအောင် ထိန်းသိမ်းစောင့်ရှောက် ကျွေးမွေးပြုစုကြသည်။ ( သပိတ်မှောက်ကျောင်းသားခေါင်းဆောင် မသန်းရွှေသည် ထိုနှစ်တွင်ပင် ဒသမတန်းအောင်မြင်ခဲ့သည်။)
ရက်အကန့်အသတ်မရှိကျောင်းပိတ်ခြင်း
ခရစ်နှစ်(၁၉၄၂)ခုနှစ်၊ ဒုတိယကမ္ဘာစစ်မီး မြန်မာနိုင်ငံသို့ ကူးစက်လာရာတွင် မြန်မာနိုင်ငံရှိစာသင်ကျောင်းများအားလုံး ရက်အကန့်အသတ်မရှိ ကျောင်းပိတ်ထားမည်ဖြစ်ကြောင်း အင်္ဂလိပ်အစိုးရပညာရေးဋ္ဌာနမှ ကြေညာထုတ်ပြန်ခဲ့သည့်အတွက် စာသင်ကျောင်းအသီးသီး ကျောင်းပိတ်ခဲ့ရသည်။
ထိုသို့ရက်အကန့်အသတ်မရှိကျောင်းပိတ်ကြောင်းကြေညာရာတွင်ပြည်- အမေရိကန်နှစ်ခြင်းသာသနာပြုမိန်းကလေးအထက်တန်းကျောင်းတွင်လည်း ဆရာမများနှင့် ကျောင်းအုပ်ဆရာမကြီးဦးဆောင်၍ ကျောင်းစည်းဝေးခန်းမတွင် မူလတနး၊အလယ်တန်း၊ အထက်တန်းကျောင်းသူကျောင်းသားများကို စုဝေးစေပြီး ဆရာမကြီး မစ္စဆီးဂရေးက ဒုတိယကမ္ဘာစစ်ကြီး မြန်မာပြည်သို့ ကူးစက်လာပြီဖြစ်သဖြင့် မြန်မာတစ်ပြည်လုံးနှင့်တကွ ဤကျောင်းပါ ရက်အကန့်အသတ်မရှိ ကျောင်းပိတ်လိုက်ပြီဖြစ်ကြောင်း ကြေညာရာတွင် မူလတန်းအဆင့်ကျောင်းသူကျောင်းသားများက ဝမ်းသာအားရစွာဖြင့် လက်ခုပ်လက်ဝါးတီးကာ အော်ဟစ်ကြသလို တသက်တာခွဲခွါရမည့်အရေး ဆရာမများနှင့် အထက်/အလယ်တန်းကျောင်းသူ ကျောင်းသားများမှာ ပူဆွေးငိုကြွေးကြကာ တစ်ဦးနှင့်တစ်ဦး နောက်ဆုံးနှုတ်ဆက်ကြသည့်မြင်ကွင်းမှာ စိတ်မချမ်းမြေ့စရာပင်။
ထိုစဉ်က ပြည်မြို့၊ အမေရိကန်နှစ်ခြင်းသာသနာပြုမိန်းကလေးအထက်တန်းကျောင်းတွင် အုပ်ချုပ်ခဲ့သော နောက်ဆုံးကျောင်းအုပ်ဆရာမကြီး မစ္စဆီးဂရေး သည်စစ်ပြေးဘဝဖြင့် ပြည်မြို့မှ အိန္ဒိယနိုင်ငံ၊ ကာလက္ကတားမြို့သို့ အခက်အခဲများစွာဖြင့် ရောက်ရှိသွားပြီး ထိုမှတဆင့် အမေရိကန်သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။
ဒုတိယကမ္ဘာစစ်အပြီးကျောင်းပြန်လည်ဖွင့်ခြင်း
ခရစ်(၁၉၄၂)ခုနှစ် မတ်လတွင် ဒုတိယကမ္ဘာစစ်မီး မြန်မာနိုင်ငံသို့ ကူးစက်လာပြီး(၁၉၄၅)ခုနှစ်၊ စက်တင်ဘာလ(၂)ရက်နေ့တွင်ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခြင်းသို့ ရောက်ရှိခဲ့ပေသည်။
ပြည်မြို့တွင် ရက်အကန့်အသတ်မရှိပိတ်ထားသောကျောင်းများ အမြန်ဆုံးပြန်ဖွင့်နိုင်ရန် ကြိုးပမ်းကြသည်။ ပြည်အစိုးရအထက်တန်းကျောင်းကို ဆရာကြီးဦးအောင်သော် ဦးဆောင်၍ ၁၉၄၆ခု၊ဇွန်လ(၁)ရက်နေ့ တွင်ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ ABM Girls' High School ကျောင်းကို စစ်ကြိုခေတ်က ဆရာမကြီးဖြစ်ခဲ့သည့် ဆရာမကြီးဒေါ်အေးရင်( အန်တီအေး)က ၁၉၄၇ ခုနှစ်၊ဇွန်လ(၁)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ဆရာမကြီးဒေါ်ချစ်မေ(အန်တီချစ်) ပါတာဝန်ယူခဲ့သည်။
ကျောင်းပြန်လည်ဖွင့်လှစ်ရာတွင် ယခင်က မိန်းကလေးအထက်တန်းကျောင်းဟူ၍ ဖွင့်လှစ်ခဲ့သော်လည်း ယခုပြန်လည်ဖွင့်လှစ်ရာတွင် မိန်းကလေးကျောင်းဟူသော သတ်မှတ်ချက် မထားတော့ဘဲ ABM ကျောင်းအမည်ဖြင့်သာ ဒသမတန်းအထိ ကျောင်းသားရော၊ ကျောင်းသူပါ လက်ခံဖွင့်လှစ်သင်ကြားခဲ့သည်။
မြန်မာနိုင်ငံသည် ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် လွတ်လပ်ရေး ရရှိသောအခါ အမေရိကန်နှစ်ခြင်းသာသနာ ABM ကို မြန်မာတိုင်းရင်းသားများသို့ သာသနာတော်လွှဲပြောင်းပေးခဲ့သည့်အတွက် (Burmese Baptist Mission) (B.B.M) မြန်မာနှစ်ခြင်း သာသနာအဖြစ် ရပ်တည်လာခဲ့သည်။ ဤသို့ဖြင့် အမေရိကန်နှစ်ခြင်းခရစ်ယာန်သာသနာပြုကျောင်း ABM မှ(B.B.H.S) မြန်မာနှစ်ခြင်းတန်းမြင့်ကျောင်း ဟူသောအမည်ဖြင့် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။
ခရစ်နှစ်(၁၉၅၆)ခုနှစ်တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးရင်(အန်တီအေး) ကွယ်လွန်ပြီးနောက် ပြည်နှစ်ခြင်းအသင်းတော်မှ "ကျောင်းအုပ်ချုပ်မှု၊စီမံခန့်ခွဲရေးကော်မတီ" ဖွဲ့ကာ (B.B.H.S) မြန်မာနှစ်ခြင်းသာသနာပြုတန်းမြင့်ကျောင်းကို အုပ်ချုပ်ရေး ကော်မတီက အုပ်ချုပ်ခဲ့သည်။ ခရစ်ယာန်ဘာသာဝင် ဆရာကြီး၊ဆရာမကြီးများကို ကျောင်းအုပ်ဆရာကြီးများအဖြစ်ခန့်ထားသည်။
ယင်း ကျောင်းအုပ်ချုပ်ရေးကော်မတီလက်ထက် (B.B.H.S)ကျောင်းတွင် ဆရာမကြီးဒေါ်ခင်မြကလေး(နောင်တွင် အမှတ်[၅]ကျောင်းအုပ်ဆရာမကြီး)၊ ဆရာကြီးဦးဘိုးမင်း(ပညာအုပ်-ငြိမ်း၊မန္တလေး)၊ ဆရာမကြီးဒေါ်ထားမြ(နောင်တွင် ဝက်ထီးကန်[အထက]ကျောင်းအုပ်ဆရာမကြီး)၊ ဆရာမဒေါ်ထွေး၊ ဆရာကြီးဦးအောင်ခင်( အငြိမ်းစား၊ပေါက်ခေါင်း[အထက]ကျောင်းအုပ်ဆရာကြီး)တို့ အုပ်ချုပ်ခဲ့ကြသည်။
မြန်မာနှစ်ခြင်းအထက်တန်းကျောင်း(B.B.H.S)ကို ပြည်နှစ်ခြင်းခရစ်ယာန်အသင်းတော် ကျောင်းအုပ်ချုပ်ရေးကော်မတီက အုပ်ချုပ်လျှက်ရှိသည်။ ကျောင်းအုပ်ချုပ်ရေးကော်မတီဝင်ဖြစ်သူ ပေါက်ခေါင်းအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးအောင်ခင်သည် သက်ပြည့်ပင်စင်ယူပြီးနောက်( B.B.H.S)ကျောင်းသို့(၁-၁၁-၁၉၆၄) ရက်နေ့မှစ၍ ကျောင်းအုပ်ဆရာကြီးအဖြစ်အမှုထမ်းနေစဉ် (၁၉၆၅ခုနှစ်၊အေပြီလ[၁]ရက်နေ့)တွင် ကျောင်းကိုပြည်သူပိုင်သိမ်းခြင်းခံရသည်။ ၁၆-၇-၁၉၆၅ နေ့တွင် ကျောင်းပြန်လည်ဖွင့်လှစ်ခွင့်ရသည်။
ပြည်မြို့တွင် ထိုစဉ်က အမှတ်(၁)အထက၊ အမှတ်(၂)အထက ဟူ၍ အစိုးရကျောင်း(၂)ကျောင်းရှိနေသဖြင့် (B.B.H.S) ကျောင်းကို အမှတ်(၃)အထကအဖြစ် ပြည်သူပိုင်သိမ်းဆည်းရေးအဖွဲ့ ပြည်ခရိုင်ပညာရေးကြီးကြပ်မှုကော်မတီက သတ်မှတ်ပေးခဲ့သည်။
ပြည်မြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဟူ၍ဖြစ်ပေါ်လာသည်မှ ယနေ့တိုင် အစဉ်အဆက် အုပ်ချုပ်ခဲ့ကြသည်။
ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများမှာ
စဉ် ဆရာ/ဆရာမကြီးအမည် ပညာအရည်အချင်း အမှုထမ်းကာလ
၁။ ဦးအောင်ခင် I.A ၁၉၆၅ ~၁၉၆၈
၂။ ဦးကျော်စိုး B.A, Ed B.Ed ၁၉၆၈~၁၉၇၁
၃။ ဒေါ် ကြူ B.A (B E S) ၁၉၇၁~၁၉၇၇
၄။ ဒေါ်သန်းရွှေ B.A, B.A,Ed, B.Ed ၁၉၇၇~၁၉၈၁
၅။ ဒေါ်သန်းညွန့် B.A ၁-၆-၈၁ ~ ၂၂-၁၀-၈၁
၆။ ဦးခင်မောင်ဖြူ B.A, Ed B.Ed ၂၃-၁၀-၈၁ ~ ၈-၆-၈၉
၇။ ဦးစိုးလွင် B.A.E, B.Ed ၉-၆-၈၉ ~ ၂၀-၁၀-၉၆
၈။ ဒေါ်သန်းမူ B.A (Dip Ed) ၂၄-၁-၉၇ ~ ၃၀-၉-၉၈
၉။ ဦးမြသိန်း B.A (Dip Ed) ၁-၁၀-၉၈ ~ ၂၀-၂-၀၁
၁၀။ ဦးသိန်းဆွေ B.A., B.Ed ၁၀-၇-၀၁ ~ ၅-၉-၀၆
၁၁။ ဒေါ်သိန်းညွန့် B.A., B.Ed ၁၂-၁၀-၀၆ ~ ၂၈-၈-၀၈
၁၂။ ဒေါ်မြင့်မြင့်ဝင်း. B.A., B.Ed ၁-၉-၀၈ ~ ၉-၆-၀၉
၁၃။ ဒေါက်တာအေးအေးစမ်း B.Sc( Hons) ၁-၁၂-၀၉ ~ ၁၀-၁-၁၃
M.Sc(Eng), MRES
Ph.D(Physics)
၁၄။ ဒေါ်ခင်မြင့်ကြည် B.Sc, B.Ed ၂၅-၁-၁၃ ~ ၆-၈-၁၃
၁၅။ ဦးသန်းလှိုင် B.A., B.Ed ၆-၈-၁၃ မှ ယနေ့ထိ
ပြည်၊အမှတ်(၃)အထက လူရည်ချွန်ရရှိမှုနှစ်အလိုက်ရွေးချယ်ခံရသူများ
၁။ ၁၉၆၅ မောင်စိုးအောင် နဝမတန်း
၂။ ၁၉၆၉ မောင်မောင်ထွေး သတ္တမတန်း
၃။ ၁၉၇၀ ဆလိုင်းထွန်းလှ နဝမတန်း
၄။ ၁၉၇၁ မောင်မောင်ထွေး နဝမတန်း
၅။ ၁၉၇၂ မောင်မောင်ထွေး ဒသမတန်း သုံးထပ်ကွမ်း
၆။ ၁၉၇၃ မောင်မိုးနိုင်သန်း နဝမတန်း
၇။ ၁၉၇၈ မနွယ်နွယ်မင်း အဋ္ဌမတန်း
၈။ ၁၉၇၉ မနွယ်နွယ်မင်း နဝမတန်း
၉။ ၁၉၈၀ မနွယ်နွယ်မင်း ဒသမတန်း သုံးထပ်ကွမ်း
ပထမအကြိမ် Multi Media Classroom ကို ၁၉-၁၁-၁၉၉၉ နေ့တွင်ဖွင့်လှစ်ခဲ့ပါသည်။
ဒုတိယအကြိမ် Multi Media Classroom (Language Lab) နှင့် ကျောင်းဆောင်သစ်ကို ၂၃-၆-၂၀၀၃ နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။
ယခုအခါ အမှတ်(၃)အထကတွင် ကျောင်းအုပ်ဆရာကြီး(၁)ဦး၊ အထက်တန်းပြဆရာ၊ဆရာမ(၁၈)ဦး၊ အလယ်တန်းပြဆရာ၊ဆရာမ(၃၁)ဦး၊ သိပ္ပံလက်ထောက်ဆရာ(၁)ဦး၊ကာယအထက်တန်းပြဆရာ(၁)ဦးတို့ဖြင့် (၂၀၁၃-၂၀၁၄) ပညာသင်နှစ်တွင် ပဉ္စမတန်းကျား(၄၉)၊မ(၄၂)၊ ဆဋ္ဌမတန်း ကျား(၄၇)၊ မ(၄၀)၊ သတ္တမတန်း ကျား(၅၇)၊ မ(၄၉)၊ အဋ္ဌမတန်း ကျား(၆၄)၊ မ(၇၆)၊ နဝမတန်း ကျား(၁၀၈)၊ မ(၁၁၈)၊ ဒသမတန်း ကျား(၆၄)၊ မ (၈၃)၊ စုစုပေါင်း ကျား(၃၈၉)၊ မ(၄၀၈)၊ ပေါင်း(၇၉၇)တို့ ပညာသင်ကြားလျက်ရှိပါသည်။
ပြည်မြို့၊အမှတ်(၃) အ.ထ.က(ယခင် ABMကျောင်း စတင်ဖွင့်လှစ်ခဲ့သည့် ကိုလိုနီခေတ်ဦး(ခရစ်နှစ် ၁၈၆၄ မှ ၂၀၁၃)ခုနှစ်အထိဆိုပါလျှင် ကျောင်းတော်ကြီး၏သက်တမ်း(၁၄၉) နှစ်ရှိပြီ ဖြစ်ပါသည်။ ကျောင်းသက်တမ်း နှစ်ပေါင်း(ရာကျော်) ရှည်လာပြီဖြစ်၍ ကျောင်းသမိုင်းဖြစ်စဉ်မှတ်တမ်းကို စနစ်တကျပြုစုထားရှိရန် အထူးလိုအပ်လျှက်ရှိပါသည်။
ဤ နဝဝါသီ(ပြည်မြို့)အမှတ်(၃)အ.ထ.က(ယခင် ABMကျောင်း) နှင့် B.B.H.S ကျောင်းတို့၏ သမိုင်းဖြစ်စဉ်မှတ်တမ်းသည် ပြီးပြည့်စုံသည့် မှတ်တမ်းတစ်ခုဟု မဆိုနိုင်ပါ။ ချို့ယွင်းအားနည်းချက်များ ရှိကောင်း ရှိနေမည်ဖြစ်ပါသည်။ သို့သော် နှောင်းခေတ်ပညာရေးသမိုင်းတွင် များစွာ အကျိုးများရရှိနိုင်မည်မှာ မလွဲပါ။ သို့ပါ၍ ဤကျောင်းဖြစ်စဉ်သမိုင်းမှတ်တမ်းကို လေ့လာဖတ်ရှုကြရာ၌ မိမိတို့ အမှတ်အသား၊ အယူအဆတို့နှင့် ကွဲလွဲချက်များ တွေ့ရှိကောင်း တွေ့ရှိပေလိမ့်မည်။ အကယ်၍ တွေ့ရှိပါမူ ယောနိသော မနသိကာယ နှလုံးလှဖြင့် ပြည်အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းသမိုင်းဖြစ်စဉ်မှတ်တမ်းကို ဖြည့်စွက်ပြင်ဆင် အကြံပြုစာများ ပေးပို့ပါရန် မေတ္တာရပ်ခံပါသည်။
ကျော်ဒင်ဟန် (B.A. Dip, Ed)