လမင်းသည်
ခွဲခွာခြင်းအင်္ကျီကို
တွဲသီဝတ်ဆင်၍
ပင်လယ်ပြင်တစ်ဖက်စွန်းမှ
နှုတ်ခွန်းဆက်လာသောအခါ
ကဗျာသည် ညတွင်ကင်းခဲ့၏။
အချစ်ဆုံးသူ ချန်ထားရစ်သော
တစ်ဆစ်တစ်ပိုင်းအေးမြမှုသည်
အတုလုပ်ကျွမ်းကျင်သူထံမှ
ကဗျာတစ်စကိုယူငင်ကာ
ဟန်ဆောင်မျှသာဖြစ်သော
နစ်မျောဖွယ်တေးသံကို
ဝဲပျံလွင့်ပါးစေပြီး၍....။
ဘာမှမဟုတ်သော
အဖြူရောင်စာမျက်နှာများပေါ်မှ
ဝါကျင့်ကျင့်အလင်းရောင်တို့
မမှောင်ခင် အမိဖမ်း၍
လမ်းပျောက်သူတို့တွေ့စေရန်
စီမံစိုက်ထူထားသော ဘဝမှတ်တိုင်များ
နှလုံးသားအတွင်းသို့
ပြေးဝင်ပျောက်သွားရာ
ဘယ်မှာဘယ်မှရှာမရသော
ဘဝရတနာသည် ပြာမျှသာ
ဖြစ်ချေ၏။
ဟိုဘက်ကမ်းသို့ ပြန်တော့မည်
မျက်ရည်မစို့ကြနှင့်။
(ဇော်ဇော်အောင်)
ဒဂုံမဂ္ဂဇင်း၊ ၁၉၈၈ ခုနှစ်၊ ဇန်နဝါရီ လ။