Sunday, September 22, 2024

အမေ့ရွာသို့ တစ်ခေါက်

 





ကျွန်တော့်၏ မွေးရပ်ဇာတိသို့ မရောက်သည်က ဘယ်လောက် ကြာခဲ့ပါပြီလဲ။ ဒုတိယကမ္ဘာစစ်ကြီး ပြီးစ ၁၉၄၅ခုနှစ် နိုဝင်ဘာလက တစ်ခေါက်ပြန် ပြန်လည်ရောက်ပြီးကတည်းက တစ်ခါတစ်ခေါက်မျှ မရောက်ခဲ့ရ။ မရောက်နိုင်အားခဲ့။ တစ်ဆယ့်လေးနှစ် ကြာခဲ့ပါပြီကော။

ထိုနောက်ဆုံးတစ်ခေါက်က ကျွန်တော့်မွေးစားမိခင် ကြီးတော်ကြီးသည် ပုသိမ်၏ နောက်ကျော ဒည်ကုန်းရွာကလေးတွင် ရှိနေပါသေးသည်။

မှတ်မိပါသေးသည်။ ထိုစဉ် ကျွန်တော်လိုက်ပါလာခဲ့သော မော်တော်ရေယာဉ်ကလေးက ထိုရွာကလေး၏ ကမ်းနဖူးသို့ ထိုးစိုက်လိုက်သည်နှင့် ကျွန်တော်သည် ကမ်းပေါ်သို့ ခုန်ချလိုက်ပြီး ဖြစ်နေပါသည်။ ကျွန်တော့်ရင်တွင်းမှာလည်း တဒိတ်ဒိတ်။ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း တို့နှင့်အပြည့်။

 မောင်တင်မောင် ပြန်လာပြီဟေ့မော်တော်ပေါ်မှ တစ်စုံတစ်ဦးက ရွာဆီသို့ လှမ်းပြီး အော်လိုက်သည်။

အဲဒီတော့ အနီးအနား တဲကလေးတို့ အတွင်းမှ ကျွန်တော့်ဆွေမျိုးတွေသည် ပြူးတူးပြဲတဲနှင့် ထွက်ပြူလာကြသည်။

ဟဲ့၊ မောင်တင်မောင်တဲ့

မောင်တင်မောင်မှ မောင်တင်မောင် အစစ်ပါတော်

ထို့နောက်တော့ တစ်ယောက်တစ်ပေါက်ဖြင့်မောင်တင်မောင် ပြန်လာပြီတဲ့ ဟေ့၊ အမလေးမအေးခင်ကို ပြောလိုက်စမ်း၊ သူ့တူကြီး ပြန်လာပြီလို့တစ်ရွာလုံး သောသောညံ သွားပါတော့သည်။

ရွာရိုးအတိုင်း ဝင်လာခဲ့တော့ ဟိုအိမ် ဒီအိမ် (တစ်ကယ်တော့ ဟိုတဲပုတ်၊ ဒီတဲစုတ်ကလေးများ) တို့က တအံ့တဩ ဝိုင်းဝန်း နှုတ်ဆက်နေကြလို့ ကျွန်တော့်မှာ ခေါင်းရော၊ မျက်စိရော၊ ပါးစပ်ပါ မအားမလပ်တော့ပါ။

အံ့ဩကြပေမယ်ပေါ့။ ဒုတိယကမ္ဘာစစ်ကြီး မြန်မာပြည်သို့ ရောက်ခါစ၊ ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီး ပုသိမ်မြို့ကို ရောက်နေပြီလို့ ကြားတော့ ကြီးတော်အိုကြီးကို ခဏ သွားကြည့်ပါရစေလို့ အကြိမ်ကြိမ် ခွင့်ပန်ပြီး ရွာမှထွက်လာခဲ့၊ ပုသိမ်မြို့ကိုရောက်တော့ မြို့မှာ အကြီးဆုံးတာဝန်ခံဖြစ်နေတဲ့ ဗိုလ်ဝင်း( ယခု၊ ဗိုလ်မှူးကြီးဟောင်း၊ ဒုဝန်ကြီး၊ နိုင်ငံခြားရေးဋ္ဌာန) နှင့်တွေ့၊ သူနှင့် ကျွန်တော်က ကျောင်းနေဖက် သူငယ်ချင်း၊ တွေ့တွေ့ချင်းပဲ သူကကဲ၊ ဖိုးတင်မောင်၊ စစ်ထဲဝင်တော့ဆိုပြီးစာရင်းသွင်းလိုက်၊ အဲဒီတော့ ဘီအိုင်အေ တပ်သားကလေးဖြစ်လာ။ အဲဒီမှာပဲ ဗိုလ်သောင်းတင် ( ယခု၊ ဗိုလ်မှူးချုပ်သောင်းတင်၊ နိုင်ငံတော်ကောင်စီဝင် ) ဗိုလ်သီး ( အမည်ရင်း ကိုဘဝင်း၊ ယခု ရဟန်းဘောင်တွင် သာသနာ့ဝန်ထမ်း၊ ဦးဝိမလ ) အစရှိသော သူငယ်ချင်းတွေနှင့်တွေ့၊ တပျော်တပါး အမှုထမ်းကြ။ ထို့နောက် လူစုကွဲသွားကြပြီး သူတို့ကတော့ ဘယ်ဆီတွေရောက်သွားကြသည်မသိ။ ကျွန်တော်ကတော့ မင်္ဂလာဒုံဗိုလ်သင်တန်းရောက်၊ ကျောင်းဆင်းတော့ ဂျပန်ပြည်ကို စစ်ပညာတော်သင်အဖြစ် လိုက်ပါသွားရ။ ယခု စစ်ကြီးပြီးတော့ ရွာကိုပြန်လာ။

ရွာလယ်ကို လွန်လိုက်သည်နှင့် မျက်နှာချင်းဆိုင်မှ တဘက်တစ်ထည်ကို ခေါင်းတွင် ကပိုကရို ပေါင်းရင်းတန်းလန်းဖြင့် အပြေးကလေးလာနေသော ကျွန်တော့်ကြီးတော်အိုကြီးကို လှမ်းမြင်လိုက်ပါသည်။ အိုမင်းရင့်ရော်လာရှိပြီ ဖြစ်ပေမယ့် အရင်ကလိုပဲ ထောင်ထောင်မောင်းမောင်း မဟာနဖူးပြောင်ကြီးနှင့်။

အနားကိုရောက်လာတော့ ကျွန်တော့်မျက်နှာကို ဝမ်းသာဝမ်းနည်း မျက်ရည်တွေ တဝဲဝဲဖြင့် ကြည့်နေရှာပါသည်။ ကျွန်တော့်မျက်လုံးတွေသည်လည်း မှုန်မှုန်နှင့်ဝါးဝါး။

ယခုတော့ ထိုကြီးတော်အိုကြီးလည်း မရှိတော့ပါ။ ထို့ကြောင့် ရွာသို့ မပြန်ချင်ပါ။ ရွာကို ပြန်ရင်တော့ ဆွေတွေမျိုးတွေကို စုံစုံလင်လင်မှ တွေ့ပါဦးမှာလား။ အများအပြားတို့သည် သောင်းကျန်းဆူပူမှုကြောင့် ပုသိမ်မြို့သို့တက်ပြီး၊ ဖြစ်သလိုရှာ၊ ဖြစ်သလိုနေ၊ ဖြစ်သလိုစား နေကြပါပြီ။

မည်သို့ပင်ဖြစ်စေ၊ ကျွန်တော်ငယ်စဉ်က အင်မတန်မှ ပျော်မွေ့ခဲ့ရပါသော ရွာကလေးကို တစ်ခါတစ်ခေါက်ဖြင့် ရောက်လို လှပါသေးသည်။ ကြည့်လို မြင်လို လှပါသေးသည်။ ပြီးတော့ ပုသိမ်သို့ မရောက်ဖူးသေးသော ဇနီး တောင်တန်းသူ မြင့်အားလည်း ကျွန်တော့်၏ဘိုးဘွားများ ခေါင်းချရာ ကျွန်တော့်၏ရွာကလေးကို ပြချင်ပါသည်။ 

ထို့ကြောင့် ပုသိမ်တွင် အစည်း အဝေးပြီးသည်နှင့် တိုင်းမှူးအား ခွင့်ပန်ပြီး ရွှေမာလာသင်္ဘောဖြင့် 

ဒည်ကုန်းရွာကလေးကို ထွက်လာခဲ့သည်။

အို၊ ဘာတစ်ခုမှ မမေ့သေးပါကလား။ သည်မြစ်၊ သည်ချောင်း၊ သည်ရွာတွေ အားလုံးကို မှတ်မိနေပါသည်။ ကျောက်ချောင်းကြီးရွာတွင် သင်္ဘောသည် ကမ်းသို့မကပ် ရေလယ်မှာပဲ ရပ်သည်။ အဲဒီတော့မှ ရွာမှ လှေကလေးတို့မှ ထွက်လာကြပြီး ကောက်ညှင်းပေါင်းနှင့် အကြော်မျိုးစုံတို့ကို အော်ဟစ် ရောင်းချကြသည်။ သူတို့ အသံလေးတွေက တစာစာဖြင့်။ ကျွန်တော်သည် ထိုအသံတို့ကို ကြားရတိုင်း ဆာသည်ဖြစ်စေ၊မဆာသည်ဖြစ်စေ တစ်ခုခုကိုတော့ ဝယ်စားခဲ့စမြဲ။ အဲဒီက ထွက်လာတော့ ရွာစဉ်က နည်းနည်း ကျဲလာသည်ဟု ထင်ရသည်။ထို့နောက် လှေကြီးပျက်။ ထိုနေရာတွင် ရှေးအခါများက ဧရာဝတီသင်္ဘောတို့လည်း ထင်း တင်နေကျ။ ထို့ကြောင့် တစ်နာရီခန့် ရပ်သည်။ ကြာကြာရပ်သည့် ဆိပ်ကမ်းဆိုတော့ ထမင်းသည်တို့က ကျွန်တော်တို့ အရပ်စကားဖြင့် ပြောရပါက အောတိုက်။ အများကြီး။ လှေကြီးပျက် ပြီးတော့ သာပေါင်းသို့ နီးပြီ ဖြစ်ပါသည်။ ဒါတွေ အားလုံးကို ကျွန်တော်မှတ်မိ နေပါသည်။

သင်္ဘောကို သာပေါင်းတွင် ခေတ္တ ဆိုက်ကပ်စေပါသည်။ ကမ်းနဖူးတွင် ဆွေမျိုးမိတ်ဆွေတို့အား တွေ့လိုတွေ့ငြား ရှာသည်၊ မတွေ့။ ဘယ်တွေ့ပါ့မလဲ။ ကျွန်တော်လာမည် ဆိုသည်ကိုမှ မသိကြဘဲ။ မလှမ်းမကမ်းမှ ကြည့်ပြီး အကဲခတ်နေကြသူတွေကတော့ ဟိုမှာတစ်စု၊ သည်မှာတစ်စု။ ကြည့်ကြပေမယ်ပေါ့။ ကျွန်တော်စီးနင်း လိုက်ပါလာသည်က  ရွှေမာလာသင်္ဘော။ တပ်မဟာ ၁၂ တပ်မင်း၏ အထူးသင်္ဘော။ အဲဒီတော့ အစောင့်အရှောက်တွေနှင့် ပြီးတော့ သင်္ဘော၏ ဦးထိပ်တွင် လွှင့်ထူထားသည့် တပ်မဟာ ၁၂ အလံကြီးကလည်း တလူလူ တလွင့်လွင့်။

ခဏကြာတော့ မြို့ခံ တပ်ခွဲမှူး ဆင်းလာသည်။ သူ့အား ကျွန်တော် တွေ့လိုသော ဆွေမျိုးစာရင်းကို ပေးခဲ့ပြီး ဆက်လက် ထွက်ခဲ့သည်။ ထွက်ခဲ့သည်နှင့် သပေါ့ချောင်းရွာ။ ကျွန်တော် ဗမာ့လွတ်လပ်ရေးတပ်မတော်ထဲသို့ ဝင်ဖို့ ပုသိမ်အသွား တစ်ယောက်တည်း နေပူကျဲကျဲတွင် ဖြတ်သွားခဲ့ဖူးသည်။ အဲဒီရွာမှာ အမျိုးတွေ ရှိကြသည်။ သပေါ့ချောင်း ပြီးတော့ ဆီဆုံ။ အဲဒီမှာလည်း အမျိုးတွေ။ ဟို၊ သည် အတိအကျတော့ ဘယ်ရွာကိုပဲ လက်ညှိုးထိုးထိုး ဆွေမျိုးတွေနှင့် မလွတ်။ ဆီဆုံရွာကို လွန်လာတော့ ကျွန်တော်သည် ကျွန်တော်မျက်လုံးတို့ကို အရှေ့ဘက်ကမ်းမှ မခွါတော့။ သည်လမ်းကို ဘယ်နှခေါက်ပဲသွားသွား ကျွန်တော့်ရင်တွင်း၌ အမြဲတစေ လှုပ်ရှားရပါသည့် မြင်ကွင်းကလေးကို စောင့်မျှော် နေမိရပါသည်။

မြစ်ကွေ့ကလေးတစ်ခုကို ကွေ့လိုက်သည်။ ဒည်ကုန်းရွာအောက်ပိုင်း။ ဟော မြင်ရပါပြီ။ မလှမ်းမကမ်း ကုက္ကိုပင်တွေ၊ သရက်ပင်အိုတွေကြား ငဝန်မြစ်ကိုမေးတင်ပြီး တစ်ရေးတစ်မော အိပ်ပျော်နေတဲ့ ကျွန်တော့်ရွာကလေးကို မြင်တွေ့လိုက်ရပါပြီ။

သည်ရွာကလေးသည် သည်လိုပဲ အမြဲတမ်း ကုပ်ကုပ်ကလေးသာ အိပ်စက်နေတတ်ပါသည်။ ဘယ်တော့မှ ထထကြွကြွ လှုပ်လှုပ်ရွရွ မရှိ။ သို့ပေမယ့်လည်း တစ်ချိန်က ကျွန်တော်သည် သူ့ရဲ့ရင်ခွင်တွင် ပျော်မွေ့ခဲ့ရသည်။ တလင်းချိန်၌ တလင်းတို့တွင် ပျော်ရသည်။နွေအခါတွေမှာ သစ်ပင်ရိပ်ကောင်းကောင်းအောက်တို့၌ အစ်ကိုတွေ၊ဦးလေးတွေနှင့် ဒိုးထိုးခဲ့ရတာ ပျော်သည်။ ညဘက်တွေမှာတော့ မောင်းထောင်းနေကြသော အစ်မများ အဒေါ်များတို့ကို ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေအကြောင်း ဘိုင်စကုတ်တွေအကြောင်း ပြောပြရသည်က မမောနိုင် မပန်းနိုင်။ တစ်ခါတလေတော့လည်း မြစ်လယ်ကို လှေငယ်လေးတစ်စင်းဖြင့် ထွက်၊ ဗေဒါဖေါင်တို့ကို စီးလျက် လိုက်ပါလာသည့် ပုစွန်တုပ်ကြီးတို့ကို ဖမ်းရသည်က ရင်တလှပ်လှပ်။ ပျော်ခဲ့ရတဲ့ ကျွန်တော်ငယ်ငယ်တုံးက ဒည်ကုန်းရွာကလေး။

အခုတော့ အဘိုးအဘွားများ တည်ဆောက်လှူဒါန်းထားခဲ့သော ဇရပ်ကြီးသည် အမိုးပင် မရှိတော့။ ဇရပ်ကြီးသာ မဟုတ်၊ သရက်ပင်အုပ်ကလေး အပေါ်မှ ဖြတ်ကျော်မြင်နေရသော ဘုန်းကြီးကျောင်းသည်ပင် အမိုးအကာ မရှိတော့။ လှမ်းမြင်နေသည့် ရွာကလေးသည်လည်း အရင်ကထက် ပိုလို့များ ခြောက်ကပ်ကပ် ရှိနေပါသလား။

ထိုအခိုက်ရွှေမာလာက ဥဩတစ်ချက် ဆွဲလိုက်သည်။ အဲဒီတော့ မြင်ကွင်းတစ်ခုလုံးက ရုတ်ချည်း ပြောင်းလဲသွားသည်။ တစ်ရွာလုံးသည် လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။ တစ်ဦးကို တစ်ဦးအော်ခေါ်သံတွေ၊ ကလေးငိုသံတွေက ကမ္ဘာပျက်သည့်အလား ဆူဆူညံသွားသည်။ သင်္ဘော၏ စက်သံတို့အကြားမှပင် ကြားနေရသည်။ ထို့နောက် လူတွေက ဟိုဟိုဒီဒီ ပြေးကြလွှားကြ။

ကမ်းပါးသို့ သင်္ဘောဦး ထိုးဆိုက်လိုက်သည်နှင့်တစ်ရွာလုံးဆိတ်ငြိမ်သွားပြန်သည်။ အပ်ကျသည်ကိုပင် ကြားရမတတ်။ လူ ဆိုလို့လည်း တစ်ဦးတစ်ယောက်မျှ မတွေ့ရ။ မမြင်ရတော့။ ရွာဆိုးကြီးနှင့်ပင် တူလှသည်။

ပုသိမ်မှလိုက်ပါလာကြသော ကျွန်တော်၏ တူမကလေးတို့က  ဟိုနာမည်၊ သည်နာမည်တို့ကို အော်ခေါ်ကြသည်။ အတော်ကြီး ကြာတော့မှ ထွက်လာကြသည်။

တစ်ခဏကြာတော့ တစ်ယောက်ကိုတစ်ယောက် တီးတိုး ပြောနေကြသည်။ဟဲ့၊ မောင်တင်မောင်တဲ့မယုံကြည်သလိုဖြင့် သင်္ဘောကို လှမ်းကြည့်ကြပြန်သည်။

သင်္ဘောပေါ်မှနေပြီး ကျွန်တော်က လှမ်းအော်နှုတ်ဆက်သည်။ အဲဒီတော့မှ သူတို့သည် တစ်စတစ်စဖြင့် ပြုံးရယ်လာကြသည်။ထို့နောက်တော့မောင်တင်မောင် လာတယ်ဟေ့တစ်ယောက်တစ်ပေါက် တစ်ရွာလုံးသို့ ပါးစပ်သံကြိုး ရိုက်လိုက်ကြပါသည်။

ထိုအခါကျမှ ဘယ်ကြိုဘယ်ကြားမှ ထွက်လာကြသည်မသိ အမျိုးသမီးတွေ၊ ကလေးတွေ သင်္ဘောပေါ်သို့ အလုအယက် တက်လာကြသည်မှာ ရွှေမာလာသည်ပင် တစ်ဖက်သို့ စောင်းသွားရပါသည်။ ကွင်းဘက်ဆီသို့ လှမ်းအော်လိုက်ကြသည်ကလည်း နားကွဲလုမတတ်။ဘယ်သူရေ၊ အစိုးရ သင်္ဘောမဟုတ်ဖူးတဲ့၊ မောင်တင်မောင်ရယ်၊ ပြန်လာခဲ့ကြတော့

အဲဒီတော့မှ ဒုတိယအကြိမ် ထွက်လာကြပြန်သည်။ သည်တစ်ခါတော့ ယောကျာ်းတွေ။ အချို့က ရယ်ကျဲကျဲကလေးတွေဖြင့် အချို့ကတော့ တဟားဟား၊ သင်္ဘောကြီးက တစ်ဖက်စောင်းသွားရပြန်သည်။

ကျွန်တော့်မှာတော့ သူတို့အားလုံးကိုကြည့်ပြီး နားမလည်နိုင်တော့ပါ။ သူတို့နှင့်သာ ဘုမသိ၊ဘမသိဖြင့် လိုက်ကာ တဟဲဟဲလုပ်နေရသည်။ အစ်ကိုဝမ်းကွဲတစ်ဦးက ကျွန်တော့် ကျောကို ဗြန်းခနဲ တစ်ချက်တီးလိုက်ပြီး အပြစ်တင်နေပါသည်။မင်းနဲ့ကွာ၊ လာမယ်ဆိုလည်း ကြိုတင် အကြောင်းလေး ဘာလေးများ ကြားရောပေါ့တဲ့။

အဒေါ်တစ်ယောက်ကလည်းဘယ်သိပါ့မလဲ၊ အလံကြီးနဲ့ဆိုတော့ စစ်တပ်က သင်္ဘောမို့ လာရဲပေါင်တော်တစ်ယောက်တစ်ပေါက်။ ဘကြီးတွေ၊ကြီးတော်တွေ၊ဦးလေးတွေ၊အဒေါ်တွေ၊ အစ်ကိုတွေ၊ အစ်မတွေ၊ ညီမတွေ၊ တူတွေ၊ တူမတွေ ကျွန်တော့်မှာ ဘယ်သူ့ကို လှည့်ပြီး နှုတ်ဆက်ရမှန်းပင် မသိတော့။

အနား၌ရှိနေသော မြင့် နှင့် ဗိုလ်ကြီးသံဒိုင်တို့ကတော့ တဟားဟားဖြင့် ပွဲကျနေကြပါသည်။ ပွဲကျလျှင်လည်း ပွဲကျစရာပင်။ ဆွေတွေ မျိုးတွေသည် ကျွန်တော့်အား ဝိုင်းအုံပြီး ဖက်ကြ၊ ယမ်းကြ၊ ဆွဲကြ၊ လွဲကြ နှင့် ဖြစ်နေကြသည်။ သူတို့ အားလုံးသည် အပေါ် ကိုယ်ထည်ဗလာနှင့်ဖြစ်ကြသည်။ အမျိုးသမီးတွေသည် ရင်လျှား၊ ယောကျာ်းတွေက အကွက်မပေါ်တော့သော နံငယ်ပိုင်း ကလေးတွေနှင့်။ ကျွန်တော့်ဆွေမျိုးတွေ ဆင်းရဲလိုက်ကြသည်ဖြစ်ခြင်း။ သို့ရာတွင် သူတို့အားလုံးတို့၏ ရိုးသားလှပါတဲ့ မျက်နှာတွေပေါ်မှာတော့ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ အံ့ဩခြင်း စသည့် ခံစားမှုမျိုးစုံတွေသည် ရောထွေးယှက်တင်လျှက် တရိပ်ရိပ် ပြေးနေကြပါသည်။

ဝလာတယ်ဟေ့ဖြူလာတယ်တော့ဘယ်ဟုတ်ရမလဲ၊ ပိန်သွားတာတောက်တီးတောက်တဲ့၊ အရင်အသားမှ မဟုတ်တော့တဲ့ဟာ အခုဟာက မည်းလို့ တစ်ယောက်တစ်မျိုး ပြောကာ၊ ဆိုကြ၊ ငြင်းကြ၊ ခုန်ကြ။ ထိုအတောအတွင်းမှာပဲ ဗိုလ်ကြီးသံဒိုင်က အလိုက်သိစွာဖြင့် တည်ခင်းပေးထားသော စီးကရက်ဘူးတို့မှ စီးကရက်တို့ကို ဆွဲယူသောက်သူကသောက်။ တချို့ကများ ပါးစပ်တွင် မီးခိုးတထောင်းထောင်းဖြင့် တစ်လိပ်ကိုခဲ၊ နား နောက်တစ်ဖက်တစ်ချက်စီတွင် တစ်လိပ်စီ ညှပ်ထားသူကလည်းမရှား။ လာချပေးသမျှ ကော်ဖီပန်းကန်တို့မှာလည်း ပြိုက်ခနဲ ပြိုက်ခနဲ ဘယ်သူတွေ ဘယ်အချိန်က ကောက်ယူ သောက်လိုက်ကြသည်ကိုပင် မပြောတတ်တော့။ သွက်လိုက်သည့် လက်တွေ။

ဟောဒါက ကျွန်တော့်ဇနီး မြင့် တဲ့နည်းနည်းကလေး ပရိသတ်အနယ်ထိုင် သွားတော့မှ မြင့် ကို ပွဲထုတ်ရသည်။

အဲဒီတော့ မြင့် အနားကို စုပြုံဝိုင်းအုံ လိုက်ကြပြန်ပါသည်။လှလိုက်တာဟယ်ရှမ်းမကလေးတဲ့တော့ “ “ ရှင်ဘုရင့် ပုဆိုး ပိုးချည်းပေါ့

တချို့ကတော့ ကြည့်ရမြင်ရရုံဖြင့်သာ အားမရကြ၊ မြင့်လက်၊ လက်ပခုံးတို့ကို ဆွဲကိုင် ပွတ်သပ်၍ပင် ကြည့်ကြသည်။



ဟဲ့၊ ညည်းလက်ကြမ်းကြီးနဲ့

အံမယ်၊ ဘာဖြစ်လဲ၊ ငါ့မောင် မိန်းမပဲဟာတစ်ယောက်နှင့် တစ်ယောက် ရန်ဖြစ်လုနီးပါး။

လူငယ်တွေကတော့ စားပွဲပေါ်တွင် တင်ထားသော ကျွန်တော့်၏ သပြေခက်နှင့်ကက်ဦးထုပ်ကို အကြီးအကျယ် သဘောကျ နေကြသည်။ မရဲတရဲ ထိကြည့်ကြသည်။ ထို့နောက် ဘယ်သူက စလိုက်သည် မသိ၊ တစ်ယောက်တစ်လှည့် ဆောင်းနေကြသည်။

အောင်မယ် ဟိုကောင်တွေ ချီးတွေ ဘာတွေ ပါကုန်တော့မှာပဲ၊ ရာရာသသဆောင်းထားသူက အလန့်တကြားဖြင့် ဦးထုပ်ကို ချွတ်လိုက်သည်။ အားလုံးက ဝေါခနဲ ဝိုင်းပြီး ရယ်လိုက်ကြသည်။

တစ်ခဏကြာတော့ သင်္ဘောမှဆင်းပြီး ရွာထဲသို့ ဝင်ကြည့်သည်။ အိမ်ကြီး အိမ်ကောင်းတွေသည် မရှိတော့။ အဘိုးအဘွားများ၏ မြေကွက်ပေါ်တွင် တဲကလေးတစ်လုံး။ ရွာထဲတွင် လူတွေကလည်း နည်းသွားကြသလို။ ဘယ်သူ့ကိုဖြင့် မမြင်လို့ မေးလိုက်လျှင် ပုသိမ်မှာ၊ သာပေါင်းမှာ၊ ဟိုဘက်ကမ်းမှာ ရွာတွင်ကျန်ရစ်သူတို့က ငတ်လို့ဖြစ်စေ၊ သူပုန်ရန်ကြောင့်ဖြစ်စေ သေကာမှသေရော့၊ မပြေးနိုင်ကြသူတွေ၊ အိုနာကျိုးကန်းတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ဒါတွေပဲဖြစ်ပါသည်။ ကျွန်တော်သိခဲ့သော ဒည်ကုန်းရွာကလေးသည် မရှိတော့ပါ။

မီးရှို့ခံရတယ်ဟေ့၊ မီးရှို့ခံရတယ်၊ ကုန်ရော တစ်ရွာလုံးကြီးတော်မ ငလုံက ကွယ်လျှက်ရှိနေပြီဖြစ်တဲ့ မျက်လုံးတို့မှ မျက်ရည်တွေတပေါက်ပေါက်ဖြင့် ငို၍ ပြောပြရှာသည်။မင်းနဲ့ အခုလို ပြန်တွေ့ရတော့ အားလုံး အသစ် ဖြစ်ရတယ်တစ်ခါ ငိုပြန်ပါသည်။

ကျွန်တော်သည် ရည်စူးလာခဲ့သည့်အတိုင်း ရွာရှိ သက်ကြီးအို တို့အား ကျွန်တော်တတ်နိုင်သရွေ့ တစ်ဦးလျှင် ကျပ်နှစ်ဆယ်စီ လိုက်လံ ကန်တော့သည်။ ပြီးတော့ ရွှေမာလာသို့ ပြန်ခဲ့သည်။ ဆက်လက်ပြီး မကြည့်ချင်၊ မမြင်ချင်တော့ပါ။

သင်္ဘောကုန်းပေါင်ပေါ်သို့အရောက် လူတစ်ယောက် ကျွန်တော့်နောက်မှ ပြေးလိုက်လာနေသဖြင့် ရပ်ပြီး လှည့်ကြည့်လိုက်သည်။ ကျွန်တော်၏ ယောက်ဖဝမ်းကွဲတစ်ဦးဖြစ်သူ ကိုညီပိန်ကို တွေ့လိုက်ရသည်။ ဟုတ်ပါရဲ့၊ သူ့ကိုတောင် မေ့နေလိုက်တာ။

အံမယ်လေးကွာ၊ ငါဖြင့် မင်းရောက်တယ် ကြားလို့ ပြေးလာလိုက်ရတယ်ကျွန်တော်က သူ့ကို လှမ်းပြီး ဖက်ထားလိုက်ရပါသည်။ သူ့ခမျာ မောကြီးပန်းကြီးဖြင့် သူ့ရဲ့ ဗလာကိုယ်လုံးကြီးသည်လည်း ချွေးတို့ဖြင့် ရွှဲရွှဲစိုလျှက်။ သူသည် အင်မတန် ပျော်တတ်သူဖြစ်သည်။ ကျွန်တော်ငယ်ငယ်ကပျင်းတယ် ကိုညီပိန်ရယ်ပြောလျှင် ပါးစပ်ဆိုင်းတီးပြီး ဖြေဖျော်တတ်ပါသည်။

ဘယ်သွားနေတာလဲ ကျွန်တော်ဖြင့် ရောက်တာ ကြာလှပြီ

သူ့ခမျာ တော်တော်နှင့် စကားပြန်မပြောနိုင်ရှာပါ။ အမောဖြေရင်းမှ

ပြေးရတာပေါ့ကွ

ဘာလုပ်ပြေးရတာလဲ

ညီ ရယ်၊ စစ်တပ်သင်္ဘော လာတယ်ဆိုတော့ ချောဆွဲဖို့ လာတယ်ဆိုပြီး ပြေးလိုက်ရတာ သေလုရော၊ အခုမှ မင်းလာတယ် ဆိုတာ လိုက်ပြောလို့ ပြန်လာရတာ

အဲဒီတော့မှ ကျွန်တော်မှ သင်္ဘောဆိုက်ခါစက တစ်ရွာလုံး ပြေးကြ၊ လွှားကြ နောက်ပြီး တုတ်တုတ်မှ မလှုပ်ဘဲ ငြိမ်နေခဲ့ကြတဲ့ အကြောင်းကို နားလည်ရ ပါတော့သည်။ ချောဆွဲဖို့လာတဲ့ သင်္ဘောမှတ်လို့တဲ့။ ကျွန်တော်သည် အားပါးတရ ရယ်လိုက်ရပါသည်။

မင်းကသာ ရယ်နေ၊ ဆွဲလိုက်တဲ့ ချော၊ မပြောပါနဲ့တော့သူသည် ပြောပြောဆိုဆိုဖြင့် ကျွန်တော့်မျက်နှာအနီးသို့ သူ့ရဲ့ ကျွဲပခုံး ထနေသည်ကြီးကို ပြနေ ထိုးပြရင်းကြည့်စမ်း၊ ကြည့်စမ်း၊ ဂျွတ် ကိုထနေတာပဲ။ မြင်လား၊ အဲဒါ ချောမိတာပေါ့ မောင်ရာ၊ မင်းတို့ လူတွေပေါ့။ ဆွဲလိုက်တဲ့ ချော၊ မပြောပါနဲ့တော့။ ဗိုလ်မှူးဘယ်သူတဲ့၊ အဲ စီးကရက်ကို ကိုက်ကိုက်ပြီး သောက်တတ်တဲ့ ဗိုလ်မှူး၊ ပြီးတော့ ဟို ပိန်ပိန်လေး၊ လမ်းလျှောက်ရင်လည်း လိန်ဖယ်လိန်ဖယ်နဲ့၊ ပိန်ပိန်လေးပေမဲ့ ကာဘိုင်ကြီးနဲ့ လိုက်လိုက်ရိုက်နေလို့ ပြေးလိုက်ရတာ မောင်ရာ၊ အဲ သူတို့တပ်တွေပေါ့။ သုံးလ၊ သုံးလ ကြာခဲ့တယ်၊ အနောက်ရိုးမမှာ

ကောင်းပေ့ဗျာ၊ ကျွန်တော်က တခြားအရပ်တွေမှာ ကျွန်တော့်တပ်တွေအတွက် အထမ်းသမား ချောတွေဆွဲ၊ တခြားတပ်တွေက ကျွန်တော့်ဦးလေးတွေ၊ အစ်ကိုတွေကိုဆွဲ။ ဝဠ်ဆိုသည်က အကြွေးမထား၊ ချက်ချင်း လိုက်တတ်သည်ပါကလား။ ကျွန်တော့်မှာ ငိုအားထက် ရယ်အားသန်နေမိရပါတော့သည်။

ပြန်ချိန်တန်ပြီဖြစ်လို့  ကဲ၊ သွားဦးမယ်၊ အားလုံးလည်း နောက်လည်း လာဦးမှာပေါ့၊ ဟုတ်လားနှုတ်ဆက်သော်လည်း သူတို့သည် သင်္ဘောပေါ်မှ တော်တော်နှင့် မဆင်းကြ။ အတော်ကြီးကြာမှ မနည်းထွက်ယူရသည်။ 

ကျွန်တော်သည် မြစ်လယ်မှနေပြီး ကမ်းလုံးညွတ် လက်ပြကျန်ရစ်ခဲ့ကြသော ကျွန်တော်၏ ဆွေတွေမျိုးတွေကို အတော်ကြာကြာ ငေးမောကြည့် နေမိရပါသည်။ နောက်ထပ် တွေ့ဆုံကြဖို့ ရေစက်မှ ရှိပါသေးရဲ့လား။ ကျွန်တော် မထင်ပါ။ ရင်ထဲတွင် တလှိုက်လှိုက်။ သက်ပြင်းတစ်ချက်ကို အားပါးတရ ရှိုက်လိုက်မိရပါသည်။

သာပေါင်းသို့ ပြန်လည်ရောက်လျှင် ကညင်ချောင်းထဲမှ အမျိုးတစ်သိုက်က ကမ်းနဖူးမှာ စောင့်ကြို နေကြပြန်သည်။ အဒေါ် မသဲညွန့် လေဖြတ်ခံထားရသဖြင့် လူတွဲဖြင့် လာရရှာသည်။ တူကလေးကို တွေ့ချင် မြင်ချင်ရှာလွန်းလို့၊ ပြီးတော့ ကြီးတော် မစောခင်။

ဘာလုပ်လာရသလဲ အညွန့်ရယ်ကျွန်တော်က ကရုဏာဒေါသော ပြောမိသည်။ သူက မျက်ရည်ကလေးတစမ်းစမ်းဖြင့်တွေ့ချင် လွန်းလို့ပါကွယ်၊ မသေခင် မြင်သွားချင်လို့ပါတဲ့။

မလှမ်းမကမ်းမှာတော ကြီးတော် မစောခင်သည် တရှုပ်ရှုပ် ငိုနေပါသည်။ ငိုလို့အားရတော့ငါ့နှယ်ဟယ်၊ ဒီလိုမှန်းသိ အမဲကလီစာဟင်းကလေးမှ ချက် မယူလာခဲ့ရဘူးညည်းနေပြန်သည်။ သူ၏အမဲကလီစာဟင်းကို ကျွန်တော် ငယ်စဉ်က အင်မတန် ကြိုက်ခဲ့ပါသည်။

ညီမလေး သန်းသန်းကတော့ ပုသိမ်သို့ လိုက်လာမည်ဖြစ်သည်။ သူသည်အရိုးပေါ် အရေဖုံး၊ အင်မတန် ပိန်နေသည်။ သူ့ကလေး နှစ်ယောက်တို့သည်လည်း မပြောင်မရောင်နှင့်။ ကလေးတွေ၏ အဖေ၊ ကျွန်တော်၏ ယောက်ဖသည် တောခို ကွန်မြူနစ် တောထဲတွင်ရှိနေဆဲ။ ရင်မော ရမှာပါလား။ တရားကျ စရာပါလား။ ကျွန်တော်က တပ်မတော်အရာရှိ၊ သူက သူပုန်။

အမျိုးတွေ စိတ်ကျေနပ်အောင် သာပေါင်းတွင် တစ်နာရီခန့် နေခဲ့သည်။ ထွက်ခွါလာခဲ့တော့ ကျွန်တော်သည် သင်္ဘောဦးခန်းသို့ ဝင်ခဲ့ပါသည်။ ပြတင်းပေါက်မှနေ၍ တရွေ့ရွေ့ လမ်းလျှောက်သွားနေကြသော အဒေါ် နှင့် ကြီးတော် တို့ကို ကြည့်နေသည်။ ထိုသို့ ကြည့်နေရင်းမှ စဉ်းစားမိရပါသည်။

ကျွန်တော် ယခုကဲသို့ လာရောက်ခြင်းဖြင့် သူတို့အား မည်သို့ အကျိုးပြုနိုင်ခဲ့ပါသလဲ။ ကျွန်တော် တတ်နိုင်သရွေ့ ကန်တော့ခဲ့သော ငွေကလေး နှစ်ဆယ် အစိတ်သည်  သူတို့အဖို့ မည်သို့မျှ ခရီးရောက်မည် မထင်ပါ။ ကျွန်တော် ပြန်လည် မြင်တွေ့ချင်လှပါသော ရွာကလေးကိုတော့ဖြင့် ပြန်လည် မြင်တွေ့ခဲ့ရပါသည်။ သို့ရာတွင် ထိုဒည်ကုန်းရွာကလေးသည် ကျွန်တော်သိခဲ့သော ဒည်ကုန်းရွာကလေး မဟုတ်တော့ပါ။ ရင်တွင်း၌ ကျိတ်ကာ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါသည်။

နောက်တစ်ခါ မလာတော့ပါ။



                                                                                                                                Image generated by Dall-E-2024


                                                                                                                            ဗိုလ်မှူးကြီး(ဟောင်း)တင်မောင်

( ၂၀၁၄၊ ဇန်နဝါရီလ စိတ်ကူးချိုချိုစာအုပ်တိုက်က ထုတ်ဝေသော မင်းရေးကြွယ်ကြွယ် စာအုပ်မှ ကောက်နုတ် ကူးယူဖေါ်ပြပါသည်။)