Monday, June 24, 2013

အောင်လွင်(သို့မဟုတ်)ဝေမင်း



Description: http://profile.ak.fbcdn.net/hprofile-ak-ash4/c23.7.84.84/s60x60/316411_122949131189606_1828022494_s.jpg
ဒီပုံက၁၉၇၇မှာ ဆေး(၂)ကသူငယ်ချင်း၃ယောက်နဲ့စစ်ဆေးရုံမှာရိုက်ထားတာပါ။ဘယ်ဖက်စွန်က မောင်မောင်ထွေး၊ ပြီးတော့ကျနော်
၊ကျနော့်ညာဘက်ကပ်ရက်ကဝေမင်း။အားလုံးငယ်သူငယ်ချင်းများ ဖြစ်ပါတယ်။ပြည်အ.ထ.က(၃)ကထွက်ကြတာပါ။ညာဖက်အစွန်ဆုံးက
သိန်းမြင့်၊သူကပဲခူးကဆယ်တန်းအောင်ပြီးဆေး(၂)ကိုဝင်လာတာပါ။မောင်မောင်ထွေးက၁၉၇၂မှာကျောင်းဝင်ခဲ့ပြီး၁၉၇၈ခုနှစ်အပိုင်း)က)
မှာယခင်မဆလအစိုးရရဲ့ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။လောကဓံကိုကြံ့ကြံ့ခံပြီးကျောင်းပြန်တက်ရင်း1995(1995)ခုနှစ်မှာဆရာဝန်ဘွဲ့ယူနိုင်ခဲ့
ပါတယ်။

ဝေမင်းနဲ့သိန်းမြင့်ကတော့၁၉၇၃မှာဆေးကျောင်းရောက်ပြီးကျောင်းပြီးဆုံးအောင်သင်ခဲ့ရပါတယ်။အလုပ်သင်ဆရာဝန်ဘ၀နဲ့တာဝန်
ထမ်းဆောင်စဉ်ဖမ်းဆီးခြင်းခံရပြီးဆရာဝန်ဖြစ်ခွင့်ပါဆုံးရှုံးသွားပါတယ်။ထောင်ကထွက် တော့သိန်းမြင့်ကသူ့ချစ်သူဆရာဝန်နဲ့လက်ထပ်ပြီး
မွန်ပြည်နယ်မှာအခြေချနေထိုင်လျှက်ရှိပါတယ်။

ဝေမင်းအကြောင်းပြောချင်လို့ဒီပုံတင်ရပါတယ်။ဝေမင်းထောင်ကလွတ်ပြီးသူ့ဇနီးနဲ့သားသမီးအပါအ၀င်မိသားစုအားလုံးခေါ်ပြီး
အရှေ့မြောက်ဒေသလွတ်မြောက်နယ်မြေကိုထွက်ခွါသွားကြောင်းရန်ကုန်မှာရှိတဲ့မောင်မောင်ထွေးပြောလို့သိရပါတယ်။သူတို့မိသားစု
ထွက်ခွာသွားတာ၁၉၈၈မတိုင်မီကပါ။

ဗကပ(ဗဟို)ကိုဝတပ်ဖွဲ့တွေသိမ်းပိုက်စဉ်ကကျနော်စိုးရိမ်ကြီးစွာဝေမင်းသတင်းကိုစုံစမ်းတော့သူအသက်အန္ဘရာယ်မရှိ၊ ဘေးကင်းစွာ
ရှိကြောင်းတဆင့်စကားကြားခဲ့ရ။
နှစ်ကာလတွေကြာညောင်းလာသည်နှင့်အမျှနိုင်ငံရေးမိုးလေ၀သတွေလည်းပြောင်းခဲ့ပါပြီ။လွန်ခဲ့သောအနှစ်(၃၀)ကတက်ကြွနိုးကြားပြီး
 နိုင်ငံတော်ရဲ့အညွှန့်အဖူးလူငယ်သုံးဦးဟာမတူညီတဲ့အယူအဆပေါ်မှာအခြေပြုလို့ နိုင်ငံတော်ရဲ့သားကောင်းရတနာဖြစ်မလာဘဲ
ပန်းကောင်းအညွှန့်ချိုးခံရခြင်းဟာဟာဘက်နှစ်ဖက်စလုံးအဆုံးအရှုံးဖြစ်ပါတယ်။

ကျွန်တော်ကတော့သူငယ်ချင်းဝေမင်းနှင့်တကွသူ့မိသားစုအားလုံးဘေးကင်းလုံခြုံရာမှာရှိပါစေလို့ဆုတောင်းပေးယုံပဲတတ်နိုင်
ပါတော့တယ်။

တခုမေတ္တာရပ်ခံလိုတာက ဒီစာဖတ်ကိုဖတ်ရတဲ့မိတ်ဆွေများထဲက၊ ဝေမင်းနဲ့ပတ်သက်တဲ့သတင်းအစအနလေးများသိခဲ့ကျနော့ထံဆက်သွယ်သတင်းပေးစေချင်
ပါတယ်။သူဟာဗိုလ်ကျင်မောင်(ရဲဘော်ထွန်း)နဲ့အနီးကပ်ရှိနေတယ်ဆိုတဲ့သတင်းရယ်၊၁၉၈၉ နောက်ပိုင်း ပြည်ပနိုင်ငံတခုကိုမိသားစု

လိုက်ထွက်ခွာသွားပြီဆိုတာတဆင့်ကြားရမဲ့သတင်းနှစ်ခုစလုံးဟာ အတည်မပြုနိုင်သေးပါ။

Top of Form
·        

·        




“အဝေးဆုံးခရီးရဲ့အစ”




          (၁၀)တန်းစာမေးပွဲကို ဒုတိယအကြိမ်ဖြေဆိုရန် ရက်ပိုင်းမျှအလို (၂၁-၂-၁၉၇၃)တွင် ပဏာမရွေးချယ် ခြင်းဆိုသည့် အကြောင်းကြားစာရောက်လာသည်။ ဗိုလ်သင်တန်းတက်မည်လား။ (၁၀)တန်းစာမေးပွဲ ဒုတိယ အကြိမ်ပြန်လည်ဖြေဆိုမည်လား။

          မနှစ် (၁၉၇၂)က (ခ)အဆင့်ဖြင့်သာအောင်သည်။ ဒါကြောင့် တက္ကသိုလ်တက်ခွင့်မရ။ ကျောင်းပြန်  တက်ရင်း (၁၀)တန်းပြန်ဖြေရန် ပြင်ဆင်ရသည်။ တစ်ချိန်တည်းမှာပင် အနိမ့်ဆုံးပညာအရည်အချင်း (ခ) အဆင့် ဖြင့်အောင်မြင်ပြီး အသက်ပြည့်မီသူများ လျှောက်ထားခွင့်ရှိသည့် အလုပ်သင်ဗိုလ်လောင်းဖြေဆိုခွင့် စာမေးပွဲကို လျှောက်လွှာတင်လိုက်သည်။

          မိမိစာမေးပွဲတစ်ကြိမ်မှ မကျဘူးသေး။ ဒါကြောင့် (၁၀)တန်းအောင်ချင်သည်။ ဗိုလ်လောင်းစာမေးပွဲ ဖြေဆိုပြန်တော့ အောင်ချင်စိတ်ဖြင့် ကြိုးစားဖြေဖြစ်ပြန်သည်။ မိမိဘ၀မှာ ဖြစ်ချင်တာများများစားစားမရှိ။ စစ်ဗိုလ်၊ သစ်တော၊ ဘူမိဗေဒစသည့် အသက်မွေးဝမ်းကျောင်းပညာကိုသာ စိတ်ဝင်စားသည်။ ရုံးခန်းကြီးထဲမှာ ခန့်ခန့် ညားညားထိုင်လုပ်ရသည့် အလုပ်မျိုးကို မလုပ်ချင်။

          ခုတော့စာမေးပွဲဖြေရန် ရက်ပိုင်းမျှအလိုတွင် ဗိုလ်လောင်းအရွေးချယ်ခံရသည်။ ဗိုလ်လောင်းသင်တန်း တက်ဖြစ်လျှင် စာမေးပွဲဖြေဆိုခွင့်ဆုံးရှုံးမည်။ ဗိုလ်သင်တန်းမတက်လျှင် နောင်ရွေးချယ်ခံခွင့် ဆုံးရှုံးနိုင်သည်။

          အလုပ်သစ်ဗိုလ်လောင်းဆိုသည်ကိုလည်း မိမိသေသေချာချာ မလေ့လာမိသေး။ (၁၀)တန်းစာမေးပွဲကို (ခ)အဆင့်ဖြင့်အောင်မြင်ပြီး အသက်(၁၆)နှစ်မှ (၁၉)နှစ်အတွင်း သတ်မှတ်ကျန်းမာရေးအဆင့် ပြည့်မီသူများကို ရွေးချယ်ခြင်းဖြစ်ကြောင်း အကြောင်းကြားစာအရသိရသည်။ စစ်တက္ကသိုလ်လောင်းကဲ့သို့ (၄)နှစ်သင်တန်း တက်စရာမလိုဘဲ (၂)နှစ်သင်တန်းတက်ပြီး တိုက်ခိုက်ရေးတပ်များတွင် အလုပ်သင်ဗိုလ်အဖြစ် (၁)နှစ်တာဝန် ထမ်းဆောင်ရမည်။ အရည်အချင်းကိုကျေနပ်ပါက ပြန်တမ်းဝင်အရာအရှိအဖြစ် ခန့်အပ်မည်။ အရည်အချင်း မပြည့်မီပါက တပ်ကြပ်ကြီးအဆင့်ဖြင့် တပ်ရင်းများသို့ စေလွှတ်မည်။

          စစ်တက္ကသိုလ်ဗိုလ်လောင်းကဲ့သို့ ဘွဲ့မရနိုင်။ (၃)နှစ်ဖြင့် အရာရှိဖြစ်မည်ဆိုတော့ သူတို့ထက်(၁)နှစ်စော ဗိုလ်ဖြစ်နိုင်သည်။ အလုပ်သင်ဗိုလ်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် အရည်အချင်းကို ကျေနပ်ဖွယ်ရာမရှိပါက တပ်ကြပ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ရမည်ဆိုပြန်တော့ မည်ကဲ့သို့အကဲဖြတ်အမှတ်ပေးသလဲ သိချင် ပြန်သည်။

          စစ်တက္ကလိုလ်ကဲ့သို့ (၄)နှစ်တက်စရာမလိုဘဲ (၃)နှစ်ဖြင့် ဗိုလ်ဖြစ်နိုင်သလို အခန့်မသင့်ပါက တပ်ကြပ်ကြီးဖြစ်သွားနိုင်သည်။ ပြန်တမ်းဝင်အရာရှိ ဖြစ်ခွင့်သာသော်လည်း စာပေပညာဘွဲ့မရနိုင်ပြန်။ ရှေ့ကအလုပ်သင်ဗိုလ်တွေ အခြေအနေကို လေ့လာကြည့်လိုသော်လည်း သူတို့သင်တန်းကျောင်းတွေမှာပဲ ရှိကြသည်မို့ ဘာမျှထွေထွေထူးထူး သိချင်လို့မရ။ မိမိကိုရွေးချယ်ထားသည့် သင်တန်းအမှတ်စဉ်က (၃)ဆိုတော့ ရှေ့မှာသင်တန်းအမှတ်စဉ် (၂)ခုရှိနေသည်။

          ဆွေမျိုးထဲမှာလည်း စစ်တပ်အသိုင်းအ၀ိုင်းကမရှိ။ အိမ်သူအိမ်သားတွေကလည်း မည်သို့မျှအကြံမပြု တတ်ကြ။ အမေကတော့ (၁၀)တန်း ဆက်ဖြေချင်ဖြေ။ သင်တန်းတက်ချင်တက်။ သားသဘောဟုဆိုသည်။ အဖေက ပန်းတောင်းဘက်ရောက်နေသည်။ အကြောင်းမကြားရသေး။ (၂၄-၂-၁၉၇၃)မှာ မေမြို့ (အဲဒီတုန်းက အခေါ်အဝေါ်) အရောက် သတင်းပို့ရမည်ဆိုတော့ စဉ်းစားချိန်သိပ်မရ။

          သာမန်ရွေးချယ်ဆုံးဖြတ်ရမည့် ကိစ္စမဟုတ်။ ဘ၀တစ်ခုလုံးအတွက် ရွေးချယ်ရမည့်ကိစ္စ။ ပြင်ဆင်ခွင့်မရှိ။ နောက်ကြောင်းပြန်လှည့်ခွင့်မရှိ။ မိမိရွေးချယ်မှုသည် မိမိ၏ဘ၀ကို ပြဋ္ဌာန်းပေလိမ့်မည်။

တက္ကသိုလ်သည်သူ၏ငယ်အိပ်မက်ဖြစ်သည်။ဇဝန၏ကောလိပ်ကျောင်းသားဝတ္ထုဖတ်ပြီးကတည်းကဇာတ်ကောင်ကျော်ဝင်းတို့သိန်းဖေတို့လိုကျောင်းဆောင်မှာနေပြီးတက္ကသိုလ်ကျောင်းသားဘဝကိုပျော်ပျော်ကြီးဖြတ်သန်းချင်စိတ်ရှိသည်။အိမ်နီးချင်းကောလိပ်ကျောင်းသားကြီးတွေကျောင်းဖွင့်ချိန်ရထားဘူတာသွားတိုင်း ကျောင်းပိတ်ချိန်အိမ်ပြန်လာတိုင်းသူတို့လိုကိုယ်လည်းတနေ့ကောလိပ်ကျောင်းသားကြီးဖြစ်လျှင်ဟိတ်ဟန်အပြည့်ဖြင့်စတိုင်ထုတ်ဦးမည်စိတ်ကူးမိသည်။ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ဝတ္ထုများကလည်းသူ့ကိုတက္ကသိုလ်တက်ဖို့ဆွဲဆောင်နေသည်။တဖက်ကကြည့်ပြန်တော့သူ့မိဘနှစ်ပါးသည်သာမန်လက်လုပ်လက်စားများသာဖြစ်သည်။သူဆယ်တန်းအောင်လို့ကျောင်းဆက်တက်မည်ဆိုလျှင်လည်းရှိစုမဲ့စုငွေနှင့်ချစ်ချစ်ကုတ်ကုတ်နေပြီးကျောင်းစရိတ်ထုတ်ပေးမည်ကိုသူသံသယမရှိပါ။သို့သော်သူစဉ်းစားရမည်။သူ့အောက်မှာအလယ်တန်းကျောင်းသူညီမနှစ်ဦးရှိသေးသည်။နောက်တစ်ချက်ကသူ၏ဆွေမျိုးအသိုင်းအဝိုင်းထဲမှာရာထူးရာခံမြင့်မားသူမရှိ။အစိုးရဝန်ထမ်းပင်ရှားရှားပါးပါး။သူတို့ဆွေမျိုးသားချင်းများအားလုံးအောက်ခြေလူတန်းစားတွေဖြစ်သည်။


          ဇဝေဇ၀ါအတွေးများဖြင့် ကျောင်းဖက်သို့ ရောက်သွားသည်။ ကျောင်းအုပ်ကြီးရုံးခန်းတွင် ဆရာဦးချာချီ ကိုတွေ့ရသည်။ မိမိအတွက် ထောက်ခံစာလိုအပ်ကြောင်း ပြောလိုက်သည်။ ဆရာက တည်ငြိမ်စွာပြုံးလျက် နောက်နေ့ရမည်ဟုဆိုသည်။ လှေခါးအတိုင်းပြန်ဆင်းလာပြီး ကျောင်းကြီးကို အဓိပ္ပာယ်မဲ့တစ်ပတ် ပတ်ကြည့် မိသည်။ မိမိတို့ကျောင်းသည် (၂)ချိန်တက်ကျောင်းဖြစ်၍ နေ့လည်ပိုင်းတက် ကျောင်းသားများရှိနေသည်။ သူတို့လည်း အတန်းတင်စာမေးပွဲကြီး ဖြေဆိုရန်ပြင်ဆင်နေကြပြီ။   

          “နှုတ်ဆက်ခဲ့ပါသည် မိခင်ကျောင်း .... နှုတ်ဆက်ခဲ့ပါသည် မိခင်ကျောင်း .... နှုတ်ဆက်ခဲ့ပါသည် မိခင်ကျောင်း ....” ပဲ့တင်ထပ်မျှနှုတ်ဆက်သံတို့ မိမိရင်တွင်းမြည်ဟည်းနေသည်။ မိမိတို့ကျောင်းက ထုတ်ဝေသော လက်ကမ်းစာစောင်တွင် မိမိရေးသားခဲ့သော “ခွဲခွာခြင်း” စာညွန့်က စာသားတွေဖြစ်သည်။ ဟုတ်ပါသည်။ မောင်အနည်ကျ (ဘူမိ)ဆိုသော ကလောင်ရှင်၏စာမူထဲက စာကြောင်းတစ်ကြောင်းမျှသာ ဖြစ်ပါသည်။ ၁၉၆၀ ခုနှစ်၊ သူငယ်တန်းကျောင်းသားဘ၀မှသည် ယခုတိုင်အောင် ပညာသင်ကြားခဲ့သော ကျောင်းသားတစ်ဦး၏ နှုတ်ဆက်မှတ်တမ်းလွှာဖြစ်ပါ၏။

          နောက်ဓါတ်ပုံဆိုင်သို့ အပြေးသွား လိုင်စင်ဓါတ်ပုံရိုက်သည်။ လူထုဓါတ်ပုံဆိုင်က မိမိလိုချင်သောအချိန် ရအောင် ကူညီခဲ့ပါသည်။

          ၂၂- ၂- ၁၉၇၃ ။ ည (၉း၀၀) နာရီ။

          ရထားသည် ပြည်ဘူတာမှ စတင်ထွက်ခွာ၏။ လိုက်ပါနှုတ်ဆက်သူအားလုံးကို ပြတင်းမှခေါင်းပြူ နှုတ်ဆက်လိုက်သည်။ ပြီးတော့ အားပါးတရငိုချလိုက်သည်။ မြောက်စောင်းတန်းလမ်းကို ရထားအဖြတ်တွင် လမ်းကူးတည့်တည့်မှ ရွှေဆံတော်စေတီကို လက်စုံမိုးရှိခိုးသည်။ ရထားသည် အမှောင်ထုကို ထိုးဖောက်၍ ရန်ကုန်ဆီသို့ ဦးတည်ခုတ်မောင်းနေပြီ။ မိမိအတွက်တော့ ဘ၀ခရီး၏အစဟုဆိုရမည်။ ဘ၀ခရီးကတော့ ဒီရထားကြီးလို ရန်ကုန်ရောက်သည်နှင့် ခရီးဆုံးလိမ့်မည်မဟုတ်။

          အဝေးဆုံးခရီး၏အစသည် ပထမခြေလှမ်းဖြစ်သည်ဟု တရုတ်ပညာရှင်ကွန်ဖျူးရှပ်က ဆိုပါသည်။ မိမိ၏ ခရီးအစအတွက် ပြည့်စုံလုံလောက်သော ဥစ္စာ၊ ပညာ ဘာမျှမည်မည်ရရ မပါခဲ့ပါ။ အသက် (၁၇)နှစ် လူငယ်လေးတစ်ဦး ဘ၀ခရီးရှည်ကို ဖြတ်သန်းရန်အတွက် မိခင်ကျောင်းက ထောက်ခံစာလေးသာ ပါခဲ့ပါသည်။

          မှန်ပါသည်။ အဝေးဆုံးခရီးရဲ့အစကို ပထမခြေလှမ်းဖြင့်စနိုင်ဖို့ ဆရာမကြီးဒေါ်ကြူ၏ အခြေခံပညာ အထက်တန်း (ခ)အဆင့်အောင်မြင်သည့် ထောက်ခံစာတစ်စောင်သာ မိမိလက်ဝယ်ပါခဲ့ပါ၏။

          ဝေး၍ ဝေးရန်သွားသော ခွဲခွာသူများကို တမ်းတလျှက် ရှိုက်သံသဲ့သဲ့ ကြားရမိလေပြီ။

        မိခင်ကျောင်းလော ...

        သို့တည်းမဟုတ် ...


မောင်အနည်ကျ (ဘူမိ)

(၁၉၇၁ ခုနှစ်က ထုတ်ဝေသော အ.ထ.က (၃) လက်ကမ်းစာစောင်မှ)