ရတုကိုစကြားဘူးတာ ပြည်လှဖေရဲ့နတ်ရှင်နောင် သီချင်းထဲမှာပေါ့။ နည်းနည်းကြီးလာတော့ ဒါရိုက်တာမောင်မောင်မြင့်ရိုက်တဲ့ “၁၃ရက်၁၃ယောက်၁၃နာရီ”ဆိုတဲ့ရုပ်ရှင်ဇာတ်ကား ဇာတ်သိမ်းခန်းမှာ“သင်ပေါင်းရိုးရှည်၊ ခိုင်မြောက်စည်လျှက်၊ အမည်ခေါ်မှန်း..” စတဲ့ရတုချိုးလေးပါတဲ့ ရေဒီယိုသီချင်းလေးနဲ့ ဇာတ်သိမ်းထားတော့ ရတုကို စိတ်ဝင်စားလာတယ်။ ရတုဆိုရင် နတ်ရှင်နောင်ကို ပြေးပြေးမြင်လျှက်သား ဖြစ်နေခဲ့ပေါ့။ စောစောကသင်ပေါင်းရိုးရှည်..ကတော့ နတ်ရှင်နောင်ရတုပေါင်းချုပ်မှာ မတွေ့ရပေဘူး။ နောက်တခါတွံတေးသိန်းတန်(ထင်ရဲ့)က“တင့်လှပေဟန်၊ ဖက်မဲ့ရန်တည့်၊ ခြောက်တန်နတ်ရွာ၊ ဘုံကလာသို့..” ကိုသီချင်းဖွဲ့ဆိုပြန်တော့ ဒီအဖွဲ့အနွဲ့ကို နားရည်ဝခဲ့ပြီး ငယ်ဘဝမှာ ရတုရဲ့လွှမ်းမိုးမှု အတော်အတန်ရှိခဲ့ဘူးတယ်။
(ဒါတောင်တပ်ထဲရောက်တော့ ကိုယ့်ထက်ပိုပြီး ရတုခရေဇီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တပ်စုတစ်စုထဲကျလို့ ကိုယ့်မှာအသာ ခေါင်းလျှိုနေခဲ့ရဘူးတယ်။ သူကကိုယ်ပိုင် မယ်ဘွဲ့ရတုတွေရေးပြီး သံကုန်ရွတ်နေတော့ နဝဒေးကြီးတို့ နတ်ရှင်နောင်တို့က နတ်ရွာစံ ကံကုန်သွားပေမယ့် ကိုယ်တို့တသိုက်မှာတော့ ကံဆိုးသူတွေမို့ နားဝကြားရ မသက်သာခဲ့တာ နှစ်နဲ့ချီခဲ့ရတယ်။)
ပြောချင်တာက ရတုအကြောင်း မဟုတ်ပါဘူး။ တမြန်မနေ့က စာအုပ်ပုံရှင်းလင်းရေးလုပ်ရင်း ၁၉၇၃ခုနှစ်ကဝယ်ထားတဲ့ စာအုပ်လေးပြန်တွေ့တော့ ငယ်ချစ်ဟောင်းကိုပြန်တွေ့သလို စိတ်လက်ပျော်ရွှင်ဖြစ်ပြီး“ ကံကောင်းလေတဲ့ စာအုပ်လေး၊ ကံကြီးပေလို့သာ ခုလိုအကောင်းပြကတေ့ ပြန်တွေ့ရပေတယ်”လို့ နှုတ်ခွန်းချိုချိုစကားဆိုမိတယ်။ ကျောဖုံးလှန်ကြည့်မိတော့မှ သူ့ဒါဏ်ရာဒါဏ်ချက်ကို တွေ့ရတော့တယ်။ သို့ပေမယ့် ကံကြီးပေတော့ စာအုပ်အဆုံးအထိ စာသားရှိနေပြီး နောက်ဆက်တွဲတချို့သာ ခြ၏နှိပ်စက်ခြင်းခံရပေတယ်။
ဝန်ထမ်းလုပ်သက် လေးဆယ်နီးပါးမှာ ဒေသစုံပြောင်းရွှေ့ခဲ့ရတော့ စာအုပ်တွေလည်း ဒေသစုံကခြတွေအကြိုက် အာဟာရ ဖြစ်ခဲ့ဘူးတာပေါ့။ အဆိုးရွားဆုံး ခြစားခံရမှု (ဘုရားစူး၊တကယ့်ခြပါခင်ဗျာ) ကတော့ ကိုယ်နောက်ဆုံးနေခဲ့တဲ့ ရန်ကုန်မြို့က အိမ်မှာပါပဲ။ စာအုပ်စင်မှာထားရင်ခြရန်ကြောက်ရလို့ ထင်းရှူးသေတ္တာထဲမှာ သိမ်းဆည်းထားတဲ့ စာအုပ်သေတ္တာ(၂)လုံးကို အားရပါးရ စားသောက်ဝါးမြိုခြင်း ခံလိုက်ရတာပါပဲ။ အနှစ်နှစ်အလလက ချစ်ခင်နှစ်သက်စွာ စွဲလမ်းရတဲ့ စာအုပ်တွေ သုံးစွဲလို့မရတော့အောင် ပျက်စီးသွားတာ ကြည့်ရင်း ဒေါသနဲ့ ဝမ်းနည်းယူကြုံးမရမှုတွေ တလှည့်စီ ခံစားခဲ့ရဘူးတယ်။
ကိုယ့်တသက်တွင်မဟုတ်၊ သားစဉ်မြေးဆက် ကိုးကားဖတ်ရှုရလေအောင်ဝယ်ယူထားတဲ့ အဘိဓါန်အမျိုးမျိုး (အင်္ဂလိပ်-မြန်မာ၊အင်္ဂလိပ်-အင်္ဂလိပ်၊မြန်မာ-အင်္ဂလိပ်) စွယ်စုံကျမ်းအချို့ (အတွဲအစုံမဟုတ်ပါ။) တို့လို ကတ္ထူအဖုံးတွေ သာမက၊ လေးစားအားကျခဲ့တဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင်၊ ဆရာအောင်သင်း တို့စာအုပ်တော်တော်များများနဲ့ သားတွေ လက်လှမ်းမီရာ ဖတ်ဖို့ဝယ်ပေးထားတဲ့ စာအုပ်တွေ မြေကြီးခဲချပ်ပြားတွေ ဖြစ်ကုန်ခဲ့တာပါပဲ။
ဖြစ်ပုံက အိပ်ခန်းလွတ်တစ်လုံးမှာ ထင်းရှူးသေတ္တာတွေ ဆင့်ပြီးထပ်ထား၊ ကိုယ့်ထက်နောက်ကျပြီး ရန်ကုန်ပြောင်းလာတဲ့ ညီမက တိုက်ခန်းမှာ နေရသူဆိုတော့ သူတို့အခန်းနဲ့မဆန့်တဲ့ သေတ္တာတွေ ခုနကအခန်းလွတ်ထဲမှာ ဆင့်ပြီးတင်ထားကြတာပေါ့။ ဖြစ်ချင်တော့ လူမနေတဲ့အခန်းရဲ့ ခေါင်မလုံပဲ မိုးယိုနေတာ တအိမ်လုံးမသိကြဘူး။တနေ့သေတ္တာထဲက ပစ္စည်းတစ်ခုဝင်ရှာရင်း သေတ္တာတွေ ခြကိုက်ခံရမှန်း သိရတော့တာပဲ။ ကုန်ရောပေါ့ဗျာ။
ရက်တော်တော်ကြာမှ ကိုယ့်ဖါသာ သင်ခန်းစာ ဖေါ်ထုတ်မိတယ်။ အမှန်က ကျွန်တော်တို့ဟာ စာအုပ်တွေကို စွဲလမ်းတဲ့စိတ်နဲ့ သိမ်းဆည်းထားတာပဲ။ သေတ္တာတစ်လုံးထဲမှာ သော့ပိတ်သိမ်းခံရတဲ့ စာအုပ်တစ်အုပ်ရဲ့ တန်ဖိုးဟာ ဘာမျှတက်လာစရာ အကြောင်းမရှိပါ။ ဒါကြောင့် ယခုဆိုစာအုပ်ဖတ်ချင်သူ မိတ်ဆွေ အပေါင်းအသင်းများကို မနှမြောမတွန့်တိုပဲ ကြည်ဖြူစွာ ငှါးရမ်းခြင်း၊ လစဉ်ထုတ်နဲ့ အပါတ်စဉ်ထုတ် ဂျာနယ်မဂ္ဂဇင်းများကို လှူဒါန်းခြင်းဖြင့် စာပေကုသိုလ်ယူပါတယ်။
ဒီနတ်ရှင်နောင်ရတုပေါင်းချုပ် စာအုပ်လေးကတော့ ကံကောင်းစွာပဲ ကျောဖုံးနဲ့ အတွင်းစာရွက်အချို့ အကိုက်ခံရပြီး အိုးစားမကွဲပဲ ကျန်ရစ်နေတာပါပဲ။
ဪ..စွဲလမ်းမှု သမုဒယကြောင့် ဖြစ်သော ဆင်းရဲခြင်းပါတကား။
No comments:
Post a Comment