မြေးလေးအတွက်အိပ်ရာဝင်ပုံပြင်
ညက အိပ်မယ်ကြံယုံ ရှိသေး၊ မြေးမလေးက အတင်းနှိုးပြီး ပုံပြောခိုင်းတော့သည်။ မျက်လုံး ဖွင့်မရတော့သဖြင့် ဇွတ်ပေပြီး ဆက်အိပ်နေလိုက်သေးသည်။ ဒီတခါတော့ ထူးထူးဆန်းဆန်း၊ ပုံပြောခိုင်းတာမဟုတ်၊ ဖိုးဖိုးတို့ငယ်ငယ်က ကျောင်းတက်တဲ့အကြောင်း ပြောပြဆိုပြီး တိုက်တွန်းပူဆာ နေ၏။
အကြောင်းရှိပါသည်။ယခုလို ဆောင်းအေးအေးမှာ သူတို့ကို အိပ်ရာနှိုးရတာ အလွန်ခက်ပါသည်။ အဖွားဖြစ်သူက မြည်တွန်တောက်တီးပြီး ရိုက်မယ်ပုတ်မယ် လုပ်မှ မထချင်ထချင်ဖြင့် အိပ်ရာထကြသည်။ တစ်ရက် မြေးတွေကို အော်ဟစ်ငေါက်ငမ်းလျှက် အိပ်ရာထဖို့ နှိုးဆော်ရင်း“တို့ငယ်ငယ်က ကျောင်းနောက်ကျရင် ဆရာကြီးက ကျောင်းပေါက်ဝကစောင့်ပြီး ကြိမ်လုံးနဲ့ဆော်တာ”ဟုပြောလိုက်သည်။ဒါကို နိုးလျှက်နှင့် အိပ်ရာထဲကမထပဲ အပျင်းကြီးနေသော မြေးမလေးကြားသွားသည်။
ဒါကြောင့် ဒီညပုံပြင်အစား ဖိုးဖိုးတို့ငယ်ငယ်က ကျောင်းတက်တဲ့အကြောင်း ပြောပြဆိုပြီး ပူဆာနေခြင်းဖြစ်သည်။ ငယ်ငယ်က ကျောင်းတက်တဲ့ အကြောင်းဆိုတော့ ဖိုးဖိုးကလည်း ပြောချင်လာသည်။ သည်လိုနှင့် အိပ်ချင်စိတ်တစ်ဝက်နှင့် မျက်လုံး ကောင်းကောင်းမဖွင့်နိုင်သေးပဲ ပြောရတော့သည်။ ဦးဆုံး ဖိုးဖိုးတို့ ကျောင်းနောက်ကျတဲ့အကြောင်း ပြောဟုဆိုလာသည်။ မနက်ခင်းတုံးက တစ်စွန်းတစ်စ ကြားထားပြီးမို့ သိချင်စိတ်နှင့် မေးလာမှန်း သတိပြုမိလိုက်သည်။
“ဖိုးဖိုးတို့ကျောင်းက မနက်ခြောက်နာရီခွဲ တက်တာသမီးရဲ့။ အိပ်ရာစောစောထပြီး ကျောင်းသွားဖို့ ပြင်ဆင်ရတယ်။ ကျောင်းနဲ့အိမ်က အခု ဖိုးဖိုးတို့နေတဲ့အိမ်နဲ့ ပြည်လမ်းမကြီးလောက် ဝေးတယ်(နှစ်ဖါလုံသာသာမျှ)။ သမီးတို့လို ကျောင်းကားနဲ့ ကျောင်းသွားရတာ မဟုတ်ဘူး၊ ဒီတိုင်း လမ်းလျှောက်သွားရတာ။ ဆောင်းတွင်းဆို ကျောင်းတက်ခေါင်းလောင်းသံက အိမ်ကနေကြားရတယ်။ ခေါင်းလောင်းသံ ကြားရပြီဆို ဒီနေ့တော့ ကျောင်းနောက်ကျပြီ ဆိုတာသိလိုက်ပြီ။ အဲဒါဆို ကျောင်းဝင်းထိပ်မှာ ဆရာကြီးမရှိပါစေနဲ့ ဆုတောင်းရတော့တာပဲ”
မှန်ပါသည်။ ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးသည် ဝင်ပေါက်ထိပ်တွင် မိန့်မိန့်ကြီးရပ်ပြီး ကျောင်းနောက်ကျသော ကျောင်းသားများကို စူးစူးစိုက်စိုက် ကြည့်နေပါသည်။ ဘာမျှတော့ မပြောပါ။ သို့သော် ကျောင်းနောက်ကျသော ကျောင်းသူကျောင်းသားများမှာ ဆရာကြီး၏အကြည့်ကို အလွန်ကြောက်ကြပါသည်။ ထိုကြောင့် ကျွန်တော်တို့ေ ကျာင်းမနောက်ကျရဲပါ။ တစ်ခါတစ်ရံတော့ နောက်ကျသော ကျောင်းသားများကို မေးခွန်းထုတ်လေ့ရှိသည် ဟုဆိုပါသည်။ ကိုယ်တိုင်တော့ မကြုံဘူးခဲ့ပါ။
ထိုသို့ပြောသောအခါ မြေးလေးက ခိုးခိုးခစ်ခစ် ရယ်မောပြီး“သမီးတို့ကျောင်းမှာ တစ်နာရီ၊နှစ်နာရီလောက် နောက်ကျလည်း ဆရာမကြီးက ဘာမှမပြောဘူး”ဟုဆိုပါသည်။
“ဟုတ်လား၊ ဖိုးဖိုးတို့ ဆရာကြီးက ကျောင်းချိန်အရမ်းနောက်ကျတဲ့သူဆိုရင် ကြိမ်လုံးနဲ့ တင်ပါးကို အားရပါးရဆော်တာ”
ကျွန်တော် သာသာထိုးထိုး ပြောတော့ မြေးကလေးက“သမီးတို့ကျောင်းက ကောင်လေးတွေက ဆရာမကြီး ဘယ်လောက်ရိုက်ရိုက်၊ မကြောက်ဘူး ဖိုးဖိုးရဲ့”ဟု တုန့်ပြန်ပါသည်။“ဖိုးဖိုးတို့တော့ ဆရာကြီး ကြိမ်လုံး ကိုင်ထားတာနဲ့တင်လန့်နေပြီ”ဟုဆိုရာ သူအလွန်သဘောကျပြီး အားရပါးရရယ်ပြန်သည်။
ကျွန်တော့်ပုံပြင်က သည်မှာပြီးပြီ ထင်သော်လည်း သူကဆက်ပြန်ပါ၏။“ဖိုးဖိုးတို့ကျောင်းတက်တဲ့အကြောင်းတွေပြောဦး”ဟုဆိုလာပြန်ပါသည်။ရုတ်တရက် ဘာပြောရမှန်း မသိသော်လည်း ကလေးနှစ်သက်မည်ထင်သည့် ကစားပွဲအကြောင်း ပြောဖြစ်ပါသည်။
“ဖိုးဖိုးတို့ နှစ်တန်းတုံးကပေါ့။ မုန့်စားကျောင်းဆင်းရင် ဆရာမကြီးဒေါ်လွန်းမေဦးစီးပြီး ကျောင်းသားတွေက ခုံးစီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ စီးချင်းထိုး(ကိုယ်လုံးချင်းတိုက်) ကြတယ်။ ကျောင်းသူတွေက အားပေးရတယ်။ ဆရာမကြီးက ဒိုင်လူကြီးပေါ့။ မြင်းလုပ်တဲ့လူခြင်း ကိုယ်စောင်းပြိုင် တိုက်ရတာ၊ မြေပေါ်လဲကျတဲ့ အတွဲက အရှုံးပဲ၊ ကျောင်းတက်ခေါင်းလောင်း မထိုးမခြင်း အဲလိုကစားရတာ တအားပျော်ဖို့ ကောင်းတာဘဲ”
ဖိုးဖိုး၏အပျော်တွေ သူ့ဆီကူးစက် ကုန်သည်။အားရပါးရ သူရယ်ပြန်သည်။“နောက်ကော..”။စဉ်းစားရ ပြန်သည်။
“ဖိုးဖိုးတို့ငယ်ငယ်က ဆရာတွေက တအားချစ်တာ၊ တစ်တန်းကို တစ်ယောက်ပဲ သင်တာ။ ဖိုးဖိုးသူငယ်တန်းလေးမှာ ဆရာမ ဒေါ်သန်းခင်၊ သူငယ်တန်းကြီးမှာ ဆရာမဒေါ်အုန်းလှ”
“သူငယ်တန်းလေး အောင်ရင်တစ်တန်းကိုမတက်ဘူးလားဖိုးဖိုး”
“ဖိုးဖိုးတို့ငယ်ငယ်က သူငယ်တန်းမှာ နှစ်နှစ်နေရတယ်ကွယ့်၊ သူငယ်တန်းလေးကို(LKG )၊သူငယ်တန်းကြီးကို(UKG )ခေါ်တယ်၊ နောက်ပြီး ဖိုးဖိုးတို့ကျောင်းက ဆရာမတွေကိုအန်တီလို့ ခေါ်ကြတယ်။”မြေးလေး ရယ်ပြန်သည်။
“အဲ.. တစ်တန်းရောက်တော့ အန်တီချော သင်တယ်၊ နှစ်တန်းမှာ အန်တီဒေါ်လွန်းမေ၊ သုံးတန်းရောက်တော့ ဆရာဦးချစ်တင်၊ လေးတန်းရောက်တော့ အန်တီဒေါ်အုန်းစိန်၊ ငါးတန်းရောက်တော့ ဆရာတွေ အများကြီးခွဲသင်ပြီ။ ကျောင်းကြီးကလည်း အစိုးရကျောင်း ဖြစ်သွားပြီ”
အစိုးရကျောင်း ဆိုတာ သူနားမလည်ပေမယ့် ဆရာတွေ အများကြီးသင်သည် ဆိုတာကိုတော့ စပ်စုပြန်သည်။
“ငါးတန်းရောက်တော့ အတန်းကြီးလာပြီ၊ ဘာသာတွေကလည်း များလာပြီ။ ခုနှစ်ဘာသာ တောင်သင်ရတာ။ မြန်မာစာတစ်ယောက်၊ အင်္ဂလိပ်စာတစ်ယောက်၊ သချာင်္တစ်ယောက်၊ ပထဝီတစ်ယောက်၊ သမိုင်းတစ်ယောက်၊ အထွေထွေသိပ္ပံတစ်ယောက် ခွဲသင်ပေးတာ”
“သမီးတို့ကျောင်းမှာလည်း လူမှုရေးကို ဆရာမတစ်ယောက် သပ်သပ်သင်တယ်၊(သူကသုံးတန်း)ဖိုးဖိုးတို့ လူမှုရေး မသင်ရဘူးလား ဟင်”
“ဖိုးဖိုးတို့ငယ်ငယ်က ပြည်သူ့နီတိ ဆိုတာ သင်ရတယ်၊ ငါးတန်းရောက်တော့ မသင်ရတော့ဘူး၊ ပြည်သူ့နီတိ ဆိုတာ သမီးတို့ အခုသင်တဲ့ လူမှုရေးပဲဖြစ်မှာပေါ့” (အမှန်ပင် ငါးတန်းရောက်တော့ နီတိ မသင်ရတော့ပါ။ သို့သော် သစ္စာအဓိဌာန် ငါးချက်တို့ ကျွန်ုပ်တို့၏ယုံကြည်ချက်တို့ တော့ဆိုရပါသည်။)
“ပြောရဦးမယ် သမိးရယ့်၊ ဖိုးဖိုးတို့ဆရာတွေက ဖိုးဖိုးတို့ကို သိတ်ချစ်တာ၊ ဖိုးဖိုးတို့ကလည်း ငယ်ငယ်က စာသင်ပေးတဲ့ ဆရာတွေကို ခုထိ ချစ်တုန်းပဲ၊ တလောက ဖိုးဖိုး ပြည်ကိုပြန်တော့ အန်တီဒေါ်သန်းရှင်ကို ဆေးခန်းတစ်ခုမှာ ဆုံတော့ ကန်တော့ခဲ့သေးတယ်။ ဆရာဝန်ကလည်း အန်တီတို့ရဲ့ တပည့်ဟောင်းပဲလေ။ သူက ကျောင်းကဆရာ၊ ဆရာမဟောင်းတွေကို မေတ္တာနဲ့ ပြုစု ကုသ ပေးနေတယ်”
“ဖိုးဖိုးခုနက ပြောတဲ့ ဆရာတွေထဲက ဒေါ်သန်းခင်ဆို ဆုံးသွားပြီ၊ ဒေါ်အုန်းလှဆိုရင် ပြီးခဲ့တဲ့နှစ် အသက် တစ်ရာကျော်မှ ဆုံးသွားတာ။ အန်တီချောလည်း မမာဘူးကြားတယ်။ အန်တီဒေါ်အုန်းစိန်က အသက်တစ်ရာ နားကပ်နေပေါ့၊ ခုထိ ဆရာကန်တော့ပွဲကို ကိုယ်တိုင် တက်တုံး”
ကျွန်တော်တို့ခေတ် ဆရာတပည့်ဆက်ဆံရေးကို မြေးလေး နားမလည်သလို ငေးငေးလေး ကြည့်နေပြန်သည်။ သူစိတ်ဝင်စားအောင် ခေါင်းစဉ်ပြောင်း လိုက်ရသည်။
“သုံးတန်းက ဆရာဦးချစ်တင်ဆို အရမ်းအရိုက်ကြမ်းတာ သမီးရဲ့”
သူမျက်လုံးလေး ပြူးလာသည်။“သူက ရိုက်ပြီဆို ကြိမ်လုံးနဲ့ တရွှမ်းရွှမ်းဆော်ရင်း ပါးစပ်ကလည်း အမဲသား..အမဲသားနဲ့ အော်အော်ပြီး ရိုက်တတ်တာ”သူမျက်လုံး ကျယ်သွားသည်။
“ဖိုးဖိုးကော အရိုက်မခံရ ဘူးလားဟင်”
သူ့အဖိုးအတွက် စိတ်ပူဖေါ်ရသေး၏။“ဖိုးဖိုးက ဆရာဦးချစ်တင် ရိုက်တာ မခံခဲ့ရဘူး၊ ဒါပေမယ့် လေးတန်းမှာ အန်တီဒေါ်အုန်းစိန်ရဲ့ ဗိုက်ခေါက် လိမ်တာတော့ တစ်နှစ်လုံးခံ ခဲ့ရဘူးတယ်။ ငါးတန်းရောက်တော့ ဖိုးဖိုးဘယ်ဖက်ဗိုက်ပြင်မှာ အညိုမည်းကြီး မပျောက်သေးဘူး”
သူစိတ်မကောင်း ဖြစ်သွားဟန်တူသည်။
“အန်တီဒေါ်အုန်းစိန် ကျေးဇူးနဲ့ ဖိုးဖိုးသချာင်္မှာ အရမ်းတော်ခဲ့ တာပေါ့။ ခုထိ ကျေးဇူးတင် နေဆဲပဲ”
ဟုတ်သည်။ ဒေါ်အုန်းစိန်၏ လက်မနှစ်ချောင်းနှင့် (အန်တီကလက်ပွားလေးပါသည်) ညှပ်ပြီး လိမ်ဆွဲလိုက်လျှင် ဆွေမျိုးမေ့ လောက်ပါသည်။ ထိုအတူ အမှားကို နောက်တစ်ကြိမ် မမှားရဲလောက်အောင် မိမိတို့ သင်ခန်းစာ ရခဲ့ပါသည်။ ထိုသို့ဆိုသော် သူ ကျေနပ် သွားပါသည်။
သူအိပ်သွားတော့ ကိုယ့်မှာ တမျှော်တခေါ်ကြီး လွမ်းကျန်ရစ်သည်။ အိပ်ချင်စိတ်တွေလည်း ဘယ်ရောက် ကုန်သည်မသိ။ မြေးလေးကတော့ အိပ်ရာဝင်ပုံပြင် အသစ်နားထောင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ။ သေချာပြောနိုငိတာ တစ်ခုတော့ရှိပါသည်။ ကျွန်တော်တို့ ပညာသင်ကြားခဲ့သော ကျောင်းသည် ကျွန်တော်တို့ကို အောင်လက်မှတ် တစ်ခုတည်းသာ ပေးလိုက်သည်မဟုတ်။ လူပီပီသသ ဘဝကို ရင်ဆိုင်တတ်စေရန်အတွက် လိုအပ်သော ခွန်အားများလည်း တစ်ပါတည်း ထည့်ပေးလိုက်သည် ထင်ပါသည်။