Tuesday, September 6, 2016

ဘယ်စာကို ဘယ်နှဝါ မောင်သင်မလို့တုံး


ကျွန်တော့်တွင် သားသုံးယောက်က မွေးထားသော မြေးသုံးယောက် ရှိပါသည်။ အငယ်ဆုံးသားက မြေးအကြီးဆုံးဖြစ်ပြီး သားအလတ်က အငယ်ဆုံး မြေးယောက်ကျားလေး ဖြစ်ပါသည်။ ကျန်မြေးနှစ်ယောက်မှာ မိန်းကလေးများ ဖြစ်ပါသည်။
ထိုမြေးနှစ်ယောက်မှာ ကျွန်တော်တို့နှင့် အတူနေသော မိသားစုဖြစ်ပြီး သားကြီးမိသားစုမှာ နိုင်ငံ့ဝန်ထမ်းဖြစ်၍ နယ်တွင် တာဝန်ထမ်းဆောင်လျှက် ရှိပါသည်။ ယခုရေးသားမည့် စာစုသည် အတူနေ မြေးအငယ်ဆုံးကို ရည်ညွှန်းပါသည်။
ဆိုခဲ့သည့်အတိုင်း မြေးအကြီးနှစ်ယောက်မှာ တစ်နှစ်ကြီး၊ တစ်နှစ်ငယ်ဖြစ်၍ မြေးအကြီးက လေးတန်း၊ အလတ်က သုံးတန်း ရောက်နေပါပြီ။ ထိုအငယ်ဆုံး ယောက်ကျားလေးမှာ ယခု ဒုတိယတန်း ရောက်နေပါပြီ။ တညနေ အပေါ်ထပ်မှ ကလေးငိုသံ၊ သူ့အမေ၏ ဆူပူသံကို အောက်ထပ်မှ အတိုင်းသား ကြားရပါသည်။ ကျွန်တော် အလွန်စိတ်ညစ် သွားပါသည်။ စာမရ၍ သူ့အမေ ဆူပူငေါက်ငမ်းရာက ဒေါသအလျှောက် ရိုက်မောင်းပုတ်မောင်း လုပ်ခြင်း ဖြစ်ပါလိမ့်မည်။ သူ့အမေနှင့် သူ့သား ပြောဆိုဆုံးမသည်ကို ကျွန်တော်တို့ အဖိုးအဖွား ဘယ်တော့မျှ ဝင်မစွက်ပါ။ ကိုယ့်မြေးအကြောင်းလည်း ကိုယ်သိပြီးမို့ သူ့မိဘ အလွန်မဟုတ်မှန်း သိပြီးဖြစ်ပါသည်။
သူ့စရိုက် သူ့အထာမှာ သူ့အဖေ (ကျွန်တော့်သားအလတ်) နှင့် တပုံစံတည်း ဖြစ်နေသည်ကို ထိုမြေး ငယ်စဉ်ကပင် ရိပ်စားမိပြီး ဖြစ်ပါသည်။ သူ့အဖေအကြောင်း နည်းနည်းပြောပါမည်။ ကျောင်းနေရမည့် အချိန်မှာ ငါးနှစ်မပြည့်သေး၍ ငါးနှစ်စွန်းစွန်းရောက်မှ ကျောင်းစထားသည့်တိုင် သူ့မှာ ကျောင်းစာသင်ရတာ အလွန်ခက်ခဲ နေတတ်ပါသည်။ အများသူငါ ကကြီးခကွေး ရေးဖို့ မခက်သော်လည်း ကျွန်တော့်သားမှာ သူများရေးသလို ရေးမရပါ။ သူရေးထားသော ဗျည်း(၃၃)လုံးကို ကြည့်မှန်ဖြင့် ထောင်ကြည့်မှ အတည့် ပေါ်ပါသည်။ ကျွန်တော်တို့ သူ့ကို မဆူပဲ ချီးကျူးဩဘာ ပေးရပါသည်။“ဒီလိုမှန်ထောင်ကြည့်မှ အမှန်ပေါ်အောင် ရေးတတ်တာ လူတော်ပဲကွ”ဟု မြှောက်ပင့်ပေးရပါသည်။ သူစာရေးတော့ ကျွန်တော့်လို ဘယ်လက်ဖြင့် ရေးပါသည်။ ဘယ်သန်မို့ ရှက်စိတ်၊ကြောက်စိတ် မဖြစ်အောင် အားပေးရပါသည်။“ဖေဖေ ရေးထားတဲ့ စာလုံးတွေ ကြည့်စမ်း၊ ဘယ်လောက်လှလဲ” ဟု သူ့ရှေ့မှာ ကျွန်တော် ဘယ်လက်ဖြင့် ရေးပြရပါသည်။ သူစကားပြောလျှင် လေးလေးပင်ပင် ပြောတတ်ပါသည်။ သူ့အကိုရော၊ သူ့ညီပါ သူ့လို မလေးလံပါ။ စကားကို တလုံးချင်း ဖြည်းဖြည်းလေးလေး ပြောလေ့ရှိပြီး အကြောင်းအရာတစ်ခုကို သူ့မှတ်ဉာဏ်က စိစိစစ်စစ် လက်ခံမှတ်သားသည့် သဘောလည်း ဖြစ်နိုင်ပါသည်။
စာရေးတာ အလွန်နှေးပြီး စာကျက်လျှင်လည်း သူများထက် အချိန်ပိုယူ ကျက်ပါမှ စာရပါသည်။ သာမန်ကလေးတစ်ဦး ဆယ်မီနစ်ဖြင့် ရေးပြီးသော စာကို သူက နာရီဝက်လောက် ကြာချင်ကြာပါသည်။ စာရေးလျှင်လည်း သူများထက်ပိုပြီး အချိန်ကြာပါသည်။ ကျွန်တော်တို့က သူ့အတန်းပိုင်ဆရာနှင့် သူ့အခြေအနေကို မပြတ်ဆက်သွယ် ဆွေးနွေးပေးရပါသည်။ သူသည် ဦးနှောက်ချို့ယွင်း မှတ်ဉာဏ်နိမ့်ကျသူ မဟုတ်မူပဲ အချိန်ကြာကြာ လေ့လာသင်ယူမှ မှတ်မိနိုင်သည့် သဘောဖြစ်ပါသည်။
အတန်းတင် စာမေးပွဲဖြေတိုင်း ကျွန်တော်တို့ ရင်တမမ ရှိရသော်လည်း အောင်စာရင်း ထွက်လျှင်တော့ သူ့ဖါသာသူ အဆင်ပြေသွားလေ့ ရှိပါသည်။ နဂိုက ကျောင်းတစ်နှစ် နောက်ကျထားရသည့်အထဲ (၁၉၈၈) ခုနှစ် သူ လေးတန်းတက်တော့ ကျောင်းတစ်နှစ် ပိတ်သွားပါလေရော။ ဖြစ်ချင်တော့ သူလေးတန်းတက်သည့်နှစ်မှာ ကျွန်တော် မိတ္ထီလာချည်စက်သို့ ပြောင်းရပါ၏။ နောက်နှစ် ကျောင်းပြန်ဖွင့်တော့ သူ့ကို မြို့နယ်စစ်စာမေးပွဲ အောင်ဖို့ ကျွန်တော်တို့ ခေါင်းခြောက်အောင် စဉ်းစားရပြန်၏။
ကံကောင်းပါသည်။ သူ့အတန်းပိုင်ဆရာမှာ စည်းကမ်းကြီးသော လူငယ်တစ်ဦးဖြစ်ပြီး တက်ကြွ ဖျတ်လတ် သူတစ်ဦး ဖြစ်ကြောင်းသိရပါသည်။ အသင်အပြ ကောင်းသလို အရိုက်လည်း အလွန်ကြမ်းသဖြင့် ဆရာ ဦးမောင်မောင်ဆေး ဟူသော အသံကြားရုံမျှဖြင့် ကျောင်းသားအားလုံး ဖိန့်ဖိန့်တုန်အောင် ကြောက်ရကြောင်း တဆင့်စကားဖြင့် ကြားရပါသည်။
မည်သို့မည်ပုံ ဓါတ်တည့်သွားသည် ကိုတော့ဖြင့် ကျွန်တော် ရှင်းမပြတတ်ပါသော်လည်း ကျွန်တော့်သားသည် ဝတ်စားဆင်ယင်ပုံ၊ အပြုအမူ အနေအထိုင် အားလုံး သူ့ဆရာပုံစံအတိုင်း အတုခိုးဝတ်ဆင် ပြုမူလေတော့၏။ စာကိုလည်း အိမ်ကဘာမျှ လှည့်ကြည့်စရာမလိုပဲ သူ့ဆရာ စေခိုင်းသမျှ တခုမချန် ကြိုးစားကျက်မှတ် ပါလေ၏။ အာဂ ပြောင်းလဲမှုပင်။
ကျွန်တော့်သားအလတ်၏ ပညာရေးခရီးတလျှောက် ဆရာ“ဦးမောင်မောင်ဆေး”၏ သွန်သင်ဆုံးမမှု၊ သင်ကြားပြသမှုသည် သူ့ဘဝတသက်တာအတွက် ကြီးမားသော တွန်းအားတစ်ခု ဖြစ်ခဲ့ပါလေ၏။
သူ(၈)တန်းတက်သည့်နှစ်မှာ ကျွန်တော်ရန်ကုန်ပြောင်းရပါသည်။ ရှစ်တန်းသည်လည်း လေးတန်းလိုပဲ ကျောင်းစစ်မဟုတ်ပါ။ သူ့အတွက် ရင်တမမဖြစ်ရသော်လည်း နှစ်ချင်းပေါက် အောင်ခဲ့ပါသည်။ ထိုနှစ်မှာပင် သားအကြီးလည်း ထိုကျောင်းမှ(၁ဝ)တန်း အောင်ပါသည်။
ကိုးတန်းကျောင်းသားဖြစ်တော့ သူ အပေါင်းအသင်းလည်း များလာပြီ။ သူငယ်နှပ်စား မဟုတ်တော့သဖြင့် သူ့ကို ကျွန်တော်တို့ အရိပ်တကြည့်ကြည့် မလုပ်တော့ပါ။ ထိုနှစ်ကိုးတန်း ကျပါသည်။ သူ့အတွက် ပထမဆုံး စာမေးပွဲ ကျရှုံးခြင်းဖြစ်ပါသည်။ နောက်နှစ်တွင် အောင်ပါသည်။ သို့သော် ဆယ်တန်းစာမေးပွဲကို နှစ်ကြိမ်တိုင်တိုင် ဖြေဆိုသော်လည်း မအောင်မြင်တော့ပါ။ (၁ဝ)တန်း ကျောင်းသားဖြစ်ကတည်းက သံလွင်လမ်းရှိ သူငယ်ချင်းအိမ်မှာပဲ အနေများပါသည်။ ကျောင်းပိတ်ရက်လောက်သာ အိမ်ကို ခေတ္တပြန်ပါသည်။
ဖြတ်ပြောရမည်ဆိုလျှင် ရှစ်တန်းဖြေခါနီး သူ့မွေးနေ့အတွက် ကျွန်တော် ဂစ်တာတစ်လက် မွေးနေ့လက်ဆောင် ပေးဘူးပါသည်။ နာမည်ကြီးဂစ်တာဆိုင်ကို သူတီးရအဆင်ပြေဖို့ ဘယ်ကြိုးတပ် ဂစ်တာတစ်လက် အော်ဒါမှာပေးခြင်း ဖြစ်၏။ ကိုယ် ဂစ်တာတီးစက ဘယ်သန်တစ်ဦး၏ အခက်အခဲကို သူ အလွယ်တကူ တီးတတ်စေရန် ရည်ရွယ်ပြီး မှာခဲ့သော်လည်း သူသည် ပုံမှန်ညာသန်များ တီးသည့်အတိုင်း ပြောင်းပစ်ပါသည်။
ဆယ်တန်း ဒုတိယအကြိမ် ကျရှုံးပြီး အိမ်မှာပြန်လာနေစဉ် မိဘက စာမေးပွဲဆက်ဖြေပါဟု ဖြောင့်ဖျသော်လည်း မဖြေချင်တော့ဟု ပြောပါသည်။ ထိုအချိန်တွင် အိမ်မှာရှိသော ကွန်ပျူတာကို ဆော့ဖ်ဝဲများ သူ့ဖါသာထည့်ပြီး သုံးပါသည်။သူသုံးသော software များမှာ ကျွန်တော်တို့မသိသော software ဖြစ်ပါသည်။ ထိုရက်များအတွင်း သူပူဆာ၍ လျှပ်စစ်ဂစ်တာတစ်လက်နှင့် အသံချဲ့စက်တစ်လုံး ဝယ်ပေးရပါသည်။ ကွန်ပျူတာနှင့် ထိုပစ္စည်းများချိတ်၍ သူအလုပ်ရှုတ်နေတာ တွေ့လာရပါ၏။
နောက်တော့ သိရသည်မှာ သံလွင်လမ်းက သူ့သူငယ်ချင်းအိမ်မှာနေရင်း ထိုသူငယ်ချင်း၏ ဦးလေးက music software တစ်ခုဖြစ်သော cakewalk ကို သင်ကြားတတ်မြောက်လာပြီး အိမ်မှာ သူ့ဖါသာ ဆက်ပြီး လေ့ကျင့်နေခြင်း ဖြစ်ပါ၏။ ရံဖန်ရံခါ ရှစ်မိုင်တစ်ဝိုက်တွင် ခေတ်ပေါ်ဂီတဖြေဖျော်ပွဲများ၌ သွားတီးကြောင်း သိရပါသည်။ လူငယ်တစ်ဦး၏ အိပ်မက် အစပျိုးခြင်း ဖြစ်ပါလိမ့်မည်။
သူ၏ပင်ကိုစရိုက်မှာ စကားနည်းခြင်း၊ လူရာမဝင်ခြင်း၊ ရှက်တတ်ကြောက်တတ်ခြင်းများ ရှိကြောင်း သိထားသော ကျွန်တော်တို့မှာ ထိုသို့ လူမြင်ကွင်းထွက်ပြီး တီးခြင်းဆိုခြင်းအမှုကို ဘယ်လိုများ လုပ်ပါလိမ့်ဟု အံ့ဩရပါသည်။ ယနေ့အထိလည်း သူတူရိယာတီးခြင်း audio engineering works များကို တကြိမ်မျှ မကြည့်မမြင်ဘူးပါ။
သူ့ညီ ဆယ်တန်းအောင်သောနှစ်တွင် အိမ်နီးချင်း သူငယ်ချင်းများစုပြီး Hiphop သီချင်းတစ်ခွေ ထုတ်ကြပါသည်။ သီချင်းများအားလုံး တီးဖို့ သူ့ကို အလုပ်အပ်ပါသည်။ ထိုအချိန်တွင် သူ့အတွက် Pentium 2, 800 Hz ကွန်ပျူတာတစ်လုံး hirepurchase ဖြင့် ဝယ်ပေးပြီးဖြစ်နေပါသည်။ EXAMPLEZ အဖွဲ့၏ပထမဆုံးAlbum ဖြစ်သော “ဥပမာပြောရရင်ဖြင့်”မှာ သူတီးခတ်ထားခြင်း ဖြစ်ပါ၏။ သားအငယ်လည်း Fearturing ဝင်ဆိုပါသည်။ (အငယ်ကောင်လည်း တေးရေးဆရာ လုပ်လိုက်သေး၏။သူ့မမတစ်ဦး၏ အမိန့်ဖြင့် ဂီတလုပ်ငန်း တစခန်းရပ်လေသည်။)
ယခုတော့ သူသည် ခေတ်ပေါ်ဂီတလောကတွင် သူရပ်တည်ရမည့် နေရာတစ်ခုကို ဦးစားပေး ရွေးချယ်ခဲ့ပြီး အသက်မွေးဝမ်းကျောင်းမှု ခိုင်ခိုင်မာမာ ပြုနိုင်ခဲ့ပါပြီ။
ကျွန်တော်တို့မှာ ငွေကြေးပြည့်စုံသည့်သူ မဟုတ်သော်ငြား ပညာရေးတွင် အားနည်းသည့် သူ့ကို ကျန်နှစ်ဦးထက် ပိုပြီး စောင့်ရှောက် ထိန်းမခဲ့ရပါသည်။ သူလိုချင်သော၊ သူလိုအပ်သော ပစ္စည်းဆိုပါက မရှိ၊ရှိတာနှင့် ဖြစ်အောင်ကြိုးစားပေး ခဲ့ရပါ၏။ ယခုပြန်စဉ်းစားကြည့်သောအခါ ထိုစဉ်က Pentium 2, 800HZ လေးနှင့် သီချင်းသုံးလေးခွေမက တီးပေးခဲ့ရသော ကာလများကို ယုံချင်ဖို့ပင် ခက်ပါလေသည်။ နောက်တစ်ချက်မှာ သူစိတ်ဝင်စားသော ပညာကို အနီးကပ် သင်ကြားပေးသည့် ပတ်ဝန်းကျင်ကို သူရရှိခဲ့ခြင်းပင်။ ထိုအတွက် CE Computer မှ သူ၏ လက်ဦးဆရာကိုလည်း ကျေးဇူးတင်ရပါသည်။ သူဝါသနာပါရာ လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းနေသည်ကို မြင်တိုင်း ကျွန်တော် သူ့ကို အားကျစိတ်ဖြစ်ခဲ့ရပါ၏။ ကျွန်တော်၏ ဝန်ထမ်းသက်တမ်း သုံးဆယ်ကျော်တွင် မိမိစိတ် မိမိကိုယ်ဖြင့် လွတ်လွတ်လပ်လပ် ဆောင်ရွက်ခဲ့ရသည် မရှိပါ။ ကျန် သားနှစ်ဦးလည်း ထိုနည်းတူပင်။ အတန်းပညာတွေ တတ်အောင် သင်ခဲ့ရသော်လည်း သူ့လို စိတ်လွတ်လပ်စွာ အသက်မွေးဝမ်းကျောင်း မပြုရရှာပေ။
သူတို့လောကတွင်လည်း ပင်ကိုစကားနည်းပြီး အေးချမ်းစွာနေတတ်သူမို့ အရွယ်သုံးပါးစလုံးက ချစ်ကြပါလေ၏။ ဒီအကြောင်းတွေကို ချွေးမဖြစ်သူအား ပြောပြထားဘူးပါသည်။ သူသည် ကျောင်းစာဖက်တွင် ချွတ်ယွင်းခဲ့သူဖြစ်သော်ငြား သူတို့လောကမှာ မလေ့လာ၍မဖြစ်သော ပညာများကို internet, online မှတဆင့် Download ပြုလုပ်ပြီး အမြဲ ဆည်းပူးနေရပါ၏။ ပြင်ပ ဗဟုသုတ အတွက်လည်း စာပေလေ့လာ ဖတ်ရှုတတ်သူဖြစ်၏။ သားသုံးယောက်တွင် မိမိကဲသို့ စာနှင့်နီးသူမှာ သူတစ်ဦးတည်းရှိပါ၏။
သူ့အဖေအကြောင်းပြောပြီး သူ့သားအကြောင်း ပြောပြတော့လည်း ဖအေတူ သားလေးဖြစ်ကြောင်းနှင့် သူ့အဖေငယ်စဉ်ကလောက် မဆိုးပါကြောင်း နားချရပါသည်။ ဒီခေတ်ကလေးတွေကို ကျွန်တော်သနားပါသည်။
ကျွန်တော့်မြေးလေးမှာ ခြောက်နာရီခွဲသာသာတွင် အိပ်ရာမှ ထရ၏။ ကျောင်းကားက (၇)နာရီခွဲဆို လမ်းထိပ်ရောက်ပြီ။ သူနေသောကျောင်းက မန္တလေးအခေါ် အိမ်နှင့် နှစ်ပြလောက်ပင်မရှိ။ သို့သော် ဖအေရော၊မအေရော အလုပ်တစ်ဖက်နှင့်မို့ ကျောင်းကားပဲ စီးခိုင်းရပါသည်။ ဒီတော့ နံက်(၉)နာရီ တက်သောကျောင်းကို အိမ်မှ မနက်ခုနှစ်နာရီခွဲကတည်းက ထွက်ရပါတော့သည်။
နေ့လယ် တစ်နာရီခွဲဆို အိမ်သို့ ပြန်ရောက်ပါသည်။ ထိုအခိုက်အတန့်တော့ သူအနားရပါသည်။ ညနေလေးနာရီထိုးသည်နှင့် ကျူရှင်တက်၊ ထိုကျူရှင်ပြီးလျှင် ဂိုက်ဆရာမဖြင့် စာကျက်ရပါသည်။ ခန့်မှန်း ခုနှစ်နာရီခွဲလောက်တွင် ပြီးပါသည်။ (အတိအကျတော့ ကျွန်တော်မသိပါ။) ညစာစားပြီး သူ့အမေနှင့် တစခန်း စပါတော့သည်။ အမေဖြစ်သူက သူ့ကျောင်းစာတွေစစ်၊ သူက ဘာမှရေးမလာ၊ ရေးမထား။ အမေကဆူ၊ သားကပြန်ပြောနှင့် နောက်ဆုံး ဝိုင်းဒိုင်းကျဲပြီး ပွဲပြီး သွားပါသည်။ ကျွန်တော့်မြေးမှာလည်း သူ့ဖခင်ငယ်စဉ်က ပုံစံအတိုင်းဖြစ်ပါသည်။
သူ့အဖေ မူလတန်းကျောင်းသား ဘဝက ကျွန်တော်တို့ နယ်မြို့များတွင် နေခဲ့ချိန်မို့ မိဘဆရာ ဆက်ဆံရေးအတွက် အချိန်သိတ် မပေးရပါ။ ယခု သူတို့သားသည် ရန်ကုန်မြို့ကြီးတွင် ပညာသင်ကြား နေရသောအခါ သူတို့ငယ်စဉ်ကလို ဆရာတပည့် ဆက်ဆံရေးမျိုး ရရန် မလွယ်တော့ပါ။
မနက် အိပ်ရာထဖို့ သူ့အမေနှိုးတိုင်း တော်တော်နှင့် အိပ်ရာက မထပါ။ ထိုအချိန်တွင် ချွေးမဖြစ်သူက ခံစစ်ဖြစ်ပါသည်။ ဒီကောင် ဂျီတိုက်သမျှ အမေဖြစ်သူက ချော့မော့ပြုစုရပါသည်။ အဝတ်လဲ၊ မနက်စာ စားသည့်အထိ အမေကို ဂျစ်တိုက်ပါသည်။ ကျောင်းက ပြန်လာသော သူ့ကို အဖိုးနှင့်အဖွားက ထိန်းရပါသည်။ သူ့အကြောင်းကို သိသော ကျွန်တော်တို့က သူစိတ်ဝင်စားမည့် စာအုပ်၊ ကစားနည်းများဖြင့် ထိန်းထားပါသည်။ ညနေ ကျူရှင်မစခင် သူ့ကို နေ့လယ် ထမင်းကျွေး (ကျောင်းမှာ ထမင်းကောင်းကောင်း မစားကြပါ။) ရေမိုးချိုး ပေးရပါသည်။
ကျောင်းဖွင့်ရက်တိုင်း အိပ်ရာထဖို့ အတင်းနှိုးရသော ကောင်သည် ကျောင်းပိတ်ရက် စနေနေ့တွင် သူ့ဖါသာ အိပ်ရာထပါသည်။ ရေမိုးချိုး၊ အဝတ်အစားလဲပြီးမှ ကျွန်တော်တို့ရှိရာ အောက်ထပ်ကို ဆင်းလာပါသည်။ ကျောင်းတက်ရမှာ အလွန်ပျင်းသော မြေးငယ်သည် တစ်ပတ်လျှင် တစ်ရက်သာ ဖွင့်သော ပန်းချီကျောင်း တက်ဖို့ ဘယ်တော့မှ မပျင်းပါ။ ပန်းချီကျောင်းကို သူတို့အဒေါ် (ကျွန်တော့်ညီမ၏ သမီးအကြီး) ဖွင့်ထားခြင်းဖြစ်ရာ မြေးများအားလုံးကို အခမဲ့ သင်ကြားပေးပါလေ၏။ ကျောင်းဆင်းလျှင် ကျွန်တော့်ညီမ အိမ်မှာပင် ထမင်းစားကြပါသည်။ (ဖြစ်နိုင်လျှင် ထိုသင်တန်းမျိုးကို မြေးအဖိုးတသိုက် တစ်ပတ်လုံး တက်ချင်ပါသည်။( ဤကား စကားချပ်။)
ထိုမြေးအငယ်ဆုံးသည် ပန်းချီကို အလွန် စိတ်ဝင်စားပါသည်။ တစ်ခါက ကျွန်တော် အပြင်ထွက်မည်ပြုရာ ကျွန်တော့်ကို ဘုရားစေတီပုံတွေ ဝယ်လာပေးရန် ပူဆာပါသည်။ ကျွန်တော်က ဘာလုပ်ဖို့လည်း မေးသောအခါ သူ ဘုရားပုံတွေ ရေးနေကြောင်း ပြန်ဖြေပါသည်။ ပြီးတော့ သူဆွဲထားသည့် ဘုရားစေတီများကို ပြပါသည်။
တလောက ပုဂံငလျှင်လှုပ်သောအခါ ကျွန်တော့်ဆီပြေးလာပြီး“သေပါပြီကွာ၊ ငလျှင်လှုပ်တာ ဘုရားတွေ ပျက်စီးကုန်ပြီ။ ပန်းချီဆွဲဖို့ ခက်ကုန်ပြီ”ဟုလာငြီးတွား ပါလေသည်။ ကျောင်းစာကို တော်တော်နှင့် မရသော်လည်း ဂိမ်းကစားရာတွင် အလွန်လက်သံ ပြောင်ပါသည်။ Flight Simulator X ဖြင့် လေယာဉ်ကောင်းကောင်း မောင်းတတ်ပါသည်။ Short cut တော်တော်များများ သူသိပါသည်။ ကျွန်တော်တော့ မကစားတတ်ပါ။ Google Map ကိုလည်း ကောင်းကောင်း သုံးတတ်ပါသည်။ ကျွန်တော် သင်ပေးပါသည်။ အလွန်တတ်လွယ် အတုခိုးလွယ်ပါသည်။ ကျွန်တော် သင်သည်ဆိုသော်ငြား သူသိချင်၊ သွားချင်သည့်နေရာကို ဘယ်လိုရှာမလဲ၊ ဘယ်လိုသွားမလဲ စသည်ဖြင့် မေးမေး ပြောပြော အဆင့်လိုက် ရှင်းပြခြင်း ဖြစ်ပါသည်။ စာသင်သလို သင်ကြားခြင်း မဟုတ်၍ သူတို့ ပျော်ရွှင်ကြပါသည်။
ပြောလိုရင်းမှာ သူသည် ဉာဏ်ထိုင်းသူတစ်ဦး မဟုတ်ပါ။ သူ့ဦးနှောက်က မှတ်သား နာယူလွယ်ပါသည်။ အသက်(၇)နှစ် နှင့် ကာတွန်းဖတ်ပါသည်။ နေ့စဉ်ထုတ် သတင်းစာပါ ဓါတ်ပုံများကို ဖတ်ပြီး ကျွန်တော့်ကို မေးမြန်းလေ့ရှိပါသည်။ ကျွန်တော် တိုက်ရိုက်ပြန်မဖြေပဲ သူ့ကို ပြန်ဖတ်ခိုင်းပြီးမှ တဆင့်ခြင်း ရှင်းပြပါသည်။ ဦးသန်းကြွယ်၏ စာမဲ့ကာတွန်းဖတ်ပြီး တယောက်ထဲ ခွက်ထိုးခွက်လန် ရယ်နေသည် ကိုကြည့်ပြီး စိတ်တောင်ပူရပါသည်။ အင်မတန် ထိရှခံစားတတ်သော သဘောဖြစ်ပါသည်။
ချွေးမကိုလည်း တိုက်ရိုက် မဆုံးမ ရဲပါ။ ညစာ သူပြင်ကျွေးချိန်တွင် ကိုယ်ငယ်ငယ်က စာအလွန်ညံ့ကြောင်း တစ်လုံးစ၊ နှစ်လုံးစ ပြောပြရပါသည်။ အသက်အရွယ်လေး ရလာရင် မင်းရဲ့သား အလိုလို စာတတ်လာမှာပါ ဟု ချော့ပြောရပါသည်။ မြေးကို ဖျက်တာ အဘိုးတွေပဲ ဟုကွယ်ရာမှာ အတင်းတုတ်မှာစိုး၍ ကြိုကာထားရပါသည်။
ကျွန်တော်လည်း ငယ်စဉ်က စာညံ့သည့်အထဲမှာ ပါသည်။ ကစားမက်သည်။ အပေါင်းအသင်း မင်သည်။ သို့သော် အိမ်နီးချင်း သူငယ်ချင်းများကြောင့် အလွန်အကျွံ မဖြစ်ခဲ့။ ထိုသူငယ်ချင်းများ၏ ကျေးဇူးကြောင့်လည်းကောင်း၊ သူတို့မိဘများ၏ သွန်သင်မှုကြောင့်လည်းကောင်း ပညာရေးရေချိန် နိမ့်မသွားခြင်း ဖြစ်ပါသည်။ အမည်တပ်ပြီး သီးခြား ရေးပါဦးမည်။
အဓိကပြောလိုရင်းမှာ လူတစ်ဦးနှင့်တစ်ဦး သင်ယူနိုင်စွမ်း ခြားနားနိုင်ပါသည်။ သင်ယူနိုင်စွမ်း ခြားနားသလို တတ်ကျွမ်းသည့် နယ်ပယ်လည်း ခြားနားနိုင်ပါသည်။ ကျွန်တော်နှင့် အလွန်ခင်မင်ရင်းနှီးသော လုပ်ဖေါ်ကိုင်ဖက်တစ်ဦး ရှိခဲ့ပါသည်။ သူသည် ဖြတ်ထိုးဉာဏ် အလွန်ကောင်းသည်။ လုပ်ငန်းခွင်တွင်လည်း ထုံးလိုမွှေ၊ ရေလိုနှောက် အရည်ကြိုသောက်ပစ်မည် ဟူသော လူစားဖြစ်သည်။ အရာရာ ကျွမ်းကျင်ပါသည် ဆိုသော ထိုမိတ်ဆွေသည် မော်တော်ကားကို နောက်မဆုတ်တတ်ပါ။ အင်မတန်လွယ်သော စတီယာရင်၏ အလှည့်သဘောတရားကို နှစ်ပေါင်းများစွာ ကိုယ်တိုင် ကားမောင်းခဲ့သော်လည်း သူလုံးဝသဘောပေါက် မသွားခဲ့ရှာပါ။ ပိုပြောသည် မထင်ပါနှင့်။ အကြောင်းမှန်ကိုသိသော မိတ်ဆွေတွေရှိပါသည်။ ကားနောက်ဆုတ်တာလေးမှ ခက်နေသော သူ့ကို ကျွန်တော်တို့ အံ့ဩမဆုံးပါ။
အရေးကြီးသည်မှာ ပညာသင်ကြားခြင်းသည် စိတ်ကိုသင်ကြားခြင်း ဖြစ်သည်ကို မိဘတိုင်း၊ သားသမီးတိုင်း နားလည်နေဖို့ပဲ ဖြစ်ပါသည်။ ကလေးငယ်တို့၏ အနာဂတ်ကို ပိတ်မထားပစ်ဖို့ပဲ အရေးကြီးသည်ဟု ထင်မြင်မိပါကြောင်း။

2014

2023


Monday, August 29, 2016

မြက်ရိတ်သမား

ပီးခဲ့သော(၅)ရက်က ဆရာဇော်ဂျီ၏“မြက်ရိတ်သမား”ကဗျာတိုလေးတစ်ပုဒ် တင်လိုက်သည်။ နှစ်သက်ကြောင်း ဆန္ဒပြုသူ(၃၇)ဦး ရှိသည်။ မှတ်ချက်ရေးသားသူ မရှိပါ။ ယင်းကဗျာကို (၁၉၃၅)ခုနှစ်က ဂန္ထလောက မဂ္ဂဇင်းတွင် ဖေါ်ပြခဲ့သဖြင့် နှစ်ကာလအားဖြင့်နှစ်ပေါင်း(၈ဝ)ကျော်ခဲ့ပြီ ဖြစ်သည်။ သို့ပင်သို့ငြား ယနေ့တိုင်အောင် ကဗျာဖတ်သူတိုင်းက စွဲမက်နှစ်သက် နေကြဆဲဖြစ်ပါသည်။ လေးလုံးစပ် ကဗျာအမျိုးအစား ဖြစ်ပြီး တစ်ပိုဒ်တည်းဖြစ်ပါသည်။ ကဗျာအပြည့်အစုံကို ထပ်မံ ဖေါ်ပြလိုက်ပါသည်။ (မိမိ၏ မူလပို့စ်တွင် အပေါ်သုံးကြောင်း ဖြုတ်ထားခဲ့ပါသည်။) “မြက်ရိတ်သမား”နေစာလှုံ၍ လူ့ဘုံလောက၊နိုးခါစတည့် ချိုးကသံရှည်၊တောဘွဲ့သီ၍ ဤမှာမြေပြင်၊မြစိမ်းဆင်လျှက် ကောင်းကင်မိုးဝယ်၊နီလာခြယ်နှင့် အိုဘယ်လူသား၊နှစ်ရောင်ကြားဝယ် ခံ့ညားပေစွ ခံ့ပေစွ။ကဗျာမှာ တိုလည်းတို၏။ အဓိပ္ပါယ် ခဲရာခဲဆစ် ရှာရန်မလို။ ချိုးငှက်တစ်ကောင် အော်နေသော နံနက်ခင်းတစ်ခုတွင် လူတစ်ဦး မြက်ရိတ်နေကြောင်း ဖေါ်ပြထားခြင်း သာဖြစ်ပါသည်။ သို့ဆိုလျှင် အဘယ့်ကြောင့် ဤမျှတိုသော ကဗျာလေးတစ်ပုဒ် အနှစ်တစ်ရာ သက်တမ်းနီးလာသည့်တိုင် စွဲလမ်းစွာ ရွတ်ဆိုနေကြသနည်း။ (၁)ဧကပိုဒ် ကဗျာတို ဖြစ်ခြင်း။ (၂)ရွတ်ဆိုရာတွင် အသံပြေပြစ်ခြင်း စသော အချက်(၂)ချက်ကို ထင်ရှားစွာ တွေ့ရနိုင်ပါသည်။ ထိုမှ တစ်ဆင့်တက်ကြည့်လျှင် မိုးကောင်းကင်နှင့် မြေပြင်ကြားရှိ လူသားတစ်ဦး၏ အားမာန်ကို ထင်ဟတ်ပြသည်ကို တွေ့ရပါသည်။ ကောင်းကင်နှင့် မြေလွှာကြားရှိ ဤလူ့ဘောင်ဝယ် လူတန်းစားများစွာ ရှင်သန်နေထိုင်လျှက်ရှိကြပြီး အသက်မွေးဝမ်းကြောင်းမှု တစ်ခုမဟုတ်တစ်ခု ကြိုးပမ်းဆောင်ရွက်နေကြပါသည်။ ဆရာကြီးသည် ဤမျှများပြားသော လူတန်းစားအထွေထွေအနက် သာမန်မထင်မရှား မြက်ရိတ်သမားတစ်ဦးကို အလေးအနက်ပြုလျှက် ဂုဏ်ပြုရေးဖွဲ့ထားသည်မှာ ထူးခြားလှပါပေသည်။ ဤစာဖတ်သူသည် ဆရာကြီး၏ မြက်ရိတ်သမား ကဗျာကို နှစ်သက်ကောင်း နှစ်သက်နိုင်သော်ငြား သာမန် မြက်ရိတ်သမားတစ်ဦးကို ခန့်ညား လေးစားလောက်ပါပေ၏ ဟု ချီးမွမ်းဖို့ စိတ်ကူး ရောက်လိမ့်မည်မထင်ပါ။ မိမိကတော့ ဒီလိုမဟုတ်ခဲ့ပါ။ ဆရာကြီး၏ကဗျာကို အထက်တန်းကျောင်းသားဘဝက သင်ကြားခဲ့ပြီးဖြစ်ပါသည်။ အထက်တွင်ဆိုခဲ့သလို ရွတ်ဆိုရလွယ်ကူသော သာမန်ကဗျာတစ်ပုဒ် ဟုပဲထင်မှတ်ခဲ့ပါသည်။ စားဝတ်နေရေးကြောင့် ဘဝတကွေ့မှာ မိမိမွေးမြူရေးလုပ်ပြီး မိသားစုဝင်ငွေကို ဖြည့်ဆည်းခဲ့ရပါသည်။ လွန်ခဲ့သော အနှစ်သုံးဆယ်က ဖြစ်ပါ၏။ ဥစားကြက် အကောင်တစ်ရာခန့် ခြံလှောင်မွေးမြူပြီး ကြက်ဥရောင်းခဲ့ပါသည်။ ကြက်အကောင် တစ်ရာက ထုတ်ပေးသောကြက်ဥကို အိမ်နီးချင်းများ လာရောက် ဝယ်ယူကြပါသည်။ အကြောင်းဖန်လာသဖြင့် ဇီးနွားမကြီးတစ်ကောင် ထပ်၍ မွေးဖြစ်သွားပါသည်။ ထိုနွားမ ဆောင်ထားသော ကိုယ်ဝန်မှာ နို့စားနွားမျိုး (ဖရီရှန်)ဖြစ်၍ အမလေး မွေးပါက ဒေသန္တရနို့စားနွား ပိုင်ဆိုင်နိုင်မည် ဟူသောစိတ်ကူးနှင့် မွေးဖြစ်သွားခြင်းဖြစ်ပါသည်။ မိမိ ကံကောင်းပါသည်။ စက်တင်ဘာ၏ နေ့တစ်နေ့မှာ ရွှေနီမကြီး သားပေါက်ရာ မိမိတို့ မျှော်လင့်ထားသည့်အတိုင်း နွားမလေး မွေးသဖြင့် အင်မတန်ဝမ်းသာ ပျော်ရွှင်ကြပါသည်။ ဗဟုသုတအလို့ ငှါထိုခေတ်(၁၉၈၅-၈၆)က နွားဈေးနှုန်းကို ကြားဖြတ်ပြောလိုပါသည်။ မိမိတို့ ဝယ်ထားသော ခိုင်းနွား အမတစ်ကောင်၏ ဈေးမှာ အရွယ်ကိုလိုက်၍(၁၅ဝဝ­-၃၀၀၀ကျပ်၊ အထီး အရွယ်လိုက်၍ (၂၅ဝဝ-­၃၅ဝဝ)ကျပ်ခန့် ရှိပြီး နို့စားနွား အမတစ်ကောင် ရောင်းဈေးမှာ ထိုနွား၏ နို့ထွက်နှုန်းကို တွက်၍ ရောင်းဝယ်ကြပါသည်။ (နို့တစ်ပိဿာလျှင် ကျပ်တစ်ထောင်နှုန်း ရှိရာ နို့(၈)ပိဿာထွက်သော နို့စားနွားတစ်ကောင်ကို(၈ဝဝဝ)ကျပ် ပေးဝယ်မှ ရနိုင်ပါမည်။) မိမိမှာ လုံလောက်သော အရင်းအနှီးမရှိသည့် အစိုးရဝန်ထမ်းမို့ ခိုင်းနွားအမကို နို့စားနွားထီး (မျိုးချောင်း) နှင့်စပ်ထားသော နွားသာ ဝယ်နိုင်ခဲ့ပါသည်။ ယခုကံကောင်း၍ ကပြားနွားမလေး ရခြင်းဖြစ်ရာ တစ်မိသားစုလုံး ပျော်ကြပါသည်။ (နို့စားနွားမွေးလျှင် ၅ဝ% ကပြား၊ တနည်း ပထမမျိုးဆက်သာ နို့ထွက်နှုန်း အကောင်းဆုံးဖြစ်ပါသည်။) ဥစားကြက်လုပ်ငန်းသည် ကရိကထ မများလှပါ။ ကြက်ငယ်စဉ်သာ အထူးဂရုစိုက်ရပြီး မီးလွတ်သွားလျှင် ပုံမှန် စောင့်ရှောက်သွားယုံမျှသာ ဖြစ်သော်လည်း နွားမွေးသောအခါ ဥစားကြက်မွေးရသလောက် မလွယ်ကူတော့ပါ။
ခြံလှောင်မွေးမြူသော ဥစားကြက်အတွက် (၈)မိုင်ခန့်ဝေးသော ပြည်မြို့မှ (၁ဝ)ရက်စာ အစာဝယ်ပြီး ကျွေးပါသည်။ အစာစိမ်း(ကန်စွန်းရွက်)ကို အိမ်သို့ လာပို့ခိုင်းသဖြင့် ကြက်အစာကျွေးရန်ကိစ္စ အဆင်ပြေပါသည်။ နံနက်စောစော အစာထည့်ကျွေး၊ သောက်ရေဖြည့်ပြီး ရုံးတက်၊ နေ့လယ် ထမင်းစားချိန် အစာ/ရေထည့်၊ ကြက်ဥကောက်ပြီး ရုံးပြန်တက်၊ ညနေ ရုံးဆင်း ကြက်ဥထပ်ကောက်ပြီးလျှင် တစ်နေ့တာ ကြက်ခြံလုပ်ငန်းပြီး ပြီဖြစ်၏။ အရှုံးအမြတ်စာရင်း တွက်ရတာလည်း လွယ်ပါသည်။ ကြက်ဥရောင်းရငွေကို အစာဖိုး (အထွေထွေစရိတ်ရှိကထပ်ပေါင်း) နှုတ်လိုက်ယုံသာ။ ကြက်အကောင်တစ်ရာမွေးလျှင် ဥသက်တမ်း တစ်နှစ်အတွင်း ပျမ်းမျှ တစ်လဝင်ငွေ လေးငါးရာခန့် မြတ်စွန်းပါသည်။(စာရင်းသာရှိပြီး ငွေမပြနိုင်ပါ။ အိမ်သုံးစာရင်းထဲ ရောက်သွား ပါလေ၏။)
နွားမွေးရတာ ထင်သလောက် မလွယ်ပါ။ မိမိကျန်းမာရေးအရ မမွေးသင့်သော်လည်း အကြောင်းတိုက်ဆိုင်ပြီး (မထင်မှတ်ပဲ) မွေးဖြစ်သွားခြင်းပါ။ သာမန်နွားတစ်ကောင်အတွက် တစ်နေ့ မြက်သုံးထမ်း ကျွေးရပါသည်။ နို့ထွက်ချိန်မှာ အစာနု(ဖွဲ၊ပဲဖတ်၊ပဲခွံ) ဖြည့်စွက်ကျွေးပါမှ နို့ပိုထွက် ပါသည်။
ကြက်မွေးစဉ်က ကြက်ငယ်ချိန်ကိုသာ မိမိစောင့်ရှောက်ပြီး အရွယ်ရောက်ချိန် ကြက်ခြံတွင်းသို့ မိမိဝင်မလုပ်နိုင်တော့သဖြင့် ဇနီးက ဝင်လုပ်ရသည်။ မိမိက အစာဝယ်၊ အစာစပ်၊ ကျန်းမာရေး စောင့်ရှောက်မှု လောက်သာ လုပ်နိုင်ပါတော့သည်။
နွားသည် ခွန်အားကြီးမားသော တိရိစ္ဆာန်ဖြစ်ရာ မိမိအနေဖြင့် ကျန်းမာရေးအခြေအနေအရ မည်သို့မျှ ဝင်၍ မလုပ်နိုင်ပါ။ နွားချေးကျုံး၊ နွားလှန်၊ နို့ညှစ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် ခက်ခဲပါသည်။
ကံကောင်းပုံများ မိမိမွေးမိသော ရွှေနီမသည် လွန်စွာအသိဉာဏ်မြင့်မားပြီး လွန်စွာလိမ္မာသော နွားတစ်ကောင် ဖြစ်ခဲ့ပါသည်။ ဒေါသထွက်ခြင်း၊ ရိုင်းစိုင်းခြင်း အလျဉ်းမရှိခဲ့ပဲ သားပေါက်စဉ်မှာပင် သူ့ကို ပြုစုပေးသည်ကို ငြိမ်သက်စွာ ခံယူပါသည်။
နွားတစ်ကောင်အတွက် တစ်နေ့တာလုပ်ငန်းများကို ရေးပါမည်။ မနက်လင်းသည်နှင့် နွားချေးကျုံးပြီး ခြံထောင့်မှာ စုပုံရပါသည်။ နွားမကြီးကို တိုင်ရွေ့ပြောင်းချည်နှောင်ပြီး အစာ(မြက်) ကျွေးပါသည်။ ပြီးသည်နှင့် မိမိ မြက်ရိတ်ထွက်ပါတော့သည်။ မြက်ရိတ်ထွက်သည်ဆိုတော့ သာမန် လူတစ်ဦးသာဆိုလျှင် ထမ်းပိုးတစ်ခုတွင် မြက်ခြင်းနှစ်ခြင်း လျှိုထမ်းပြီး တံစဉ်ကို ပုဆိုးခါးကြားထိုး သွားရုံမျှသာဖြစ်၏။ မိမိအတွက်တော့ သည်လောက်မလွယ်ပါ။ မြက်ရိတ်ရန် ခြေတု အသုံးပြု၍ မရပါ။ ထိုကြောင့် ဖင်ထိုင်ခုံ အပုတစ်လုံး၊ ဈေးဝယ်ရာတွင်သုံးသည့် ကြိမ်ခြင်း အကြီးတစ်လုံးနှင့် တံစဉ် တစ်လက်ကိုယူပြီး မောင်ဗမာစက်ဘီး ပေါ်တင်လျှက် မြက်ရိတ်ထွက်ရပါသည်။ စက်ဘီးစီးပြီး မြက်ရိတ် ထွက်ရသဖြင့် သာမန်မြက်ရိတ်သမား တစ်ဦးလောက် မြက်မရနိုင်ပါ။
မိမိမြက်ရိတ်သောနေရာသည် လွန်စွာကျယ်ဝန်းသော စက်ရုံအနီးတဝိုက်ဖြစ်၍ မြက်အလွန် ပေါပါသည်။ နွားများနှစ်သက်သော မြက်များလည်း ဖြစ်ပါသည်။ နွားမမွေးခင်က နွားသည် မြက်စား၏ ဆိုတာလောက်ပဲ သိပါသည်။ ကိုယ်တိုင် နွားမွေးသောအခါ နွားစားသော မြက်က မည်သည့်မြက် ဖြစ်သည်ကို သိရပါတော့သည်။ လူတွေ ထမင်းစားရာတွင် မည်သည့်ဆန်ကို နှစ်သက်စွာ စားကြသလဲ ဆိုတာမျိုး ဖြစ်ပါလိမ့်မည်။ သူတို့ဖါသာ လွှတ်ကျောင်းထားလျှင် သူတို့စိတ်ကြိုက်မြက်ကို ရွေးချယ် စားနိုင်မည် ဖြစ်သော်လည်း လူက ရိတ်ကျွေးလေသောအခါ သူတို့နှစ်သက်မည့် မြက်မျိုးရရန် လိုအပ်ပါသည်။ (နွားအိုကြီးမြက်နုကြိုက် ဆိုသော စကားကိုလည်း ဆင်ခြင်မိ သွားပါ၏။) တခါတရံ မြက်အရိုး ရင့် မရင့် ကိုယ်တိုင် သွားဖြင့် ကိုက်ကြည့်ရပါသည်။ ရိုးတံ မာပါမှ သူတို့ဝါးလို့ကောင်းပြီး အသားလည်းဖြစ်၊ အားလည်းဖြစ်ပါ၏။
ခြေတစ်ဖက်နှင့် မိမိဘယ်သို့ မြက်ရိတ်သနည်း။ မြက်ရိတ်မည့်နေရာနှင့် အနီးဆုံးရောက်အောင် စက်ဘီးကို နင်းသွား။ ဒေါက်ထောက်ပြီး ကြိမ်ခြင်းထဲက ဖင်ထိုင်ခုံကို ထုတ်ခင်း၊ ပုဆိုးကို သပ်သပ်ရပ်ရပ်ဖြစ်အောင် အနားသိမ်း (တခါတလေလည်းတပ်မတော် under wear အစိမ်း ဝတ်ပါသည်။)၊ တံစဉ်ထုတ်ပြီး မြက်ရိတ်ခြင်း စပါတော့သည်။ ဒီလိုဆို လွယ်သားပေါ့.. မထင်လေနှင့်။ မြက်တောထဲမှာ ထိကရုံးပင်များ ရောနှောပေါက်နေရာ လက်ဖြင့်ဆုပ်ကိုင်လိုက်သည်နှင့် ထိကရုံးဆူးက လက်ချောင်းကို စူးပါတော့သည်။ အစပိုင်းမှာ လွန်စွာ နာကျင်ပါသည်။ နောက်တော့ လုပ်ငန်းက သင်သွားပြီမို့ ခတ်ဖိဖိဆုတ်ကိုင်လျှင် အနာလည်း သက်သာ၊ စူးလည်း မဝင်တော့ကြောင်း သိလာရပါသည်။ နောက် အခက်အခဲတစ်ခုက မြွေဖြစ်ပါသည်။ မြွေမြင်လို့မှ ထမပြေးနိုင်သော မိမိအတွက် ဦးစွာ နေရာရွေးချယ်စဉ်ကပင် အန္တရာယ်ကို ရှောင်ပြီး ရွေးရပါသည်။ နောက်တော့ ထိုသတ္တဝါကို မေတ္တာများများပို့ပြီး သူတို့ကို ရန်မပြုကြောင်း သစ္စာပြုလိုက်ပါသည်။
မြက်ရိတ်နေစဉ် အာရုံပြန့်လို့မရပါ။ လက်ကို ရှနိုင်ပါသည်။ မြက်ရိတ်နေစဉ် မြွေပါးကင်းပါးလည်း ဂရုစိုက်ရပါသည်။ နံနက်စောစော နေမထွက်မီ မြက်တစ်ခြင်းရအောင် ရိတ်ပါမှ နေပူသက်သာပါမည်။ မြက်ရိတ်နေခိုက် ဆရာဇော်ဂျီ၏ ကဗျာလေး ရင်ထဲသို့အလိုလို ရောက်လာသည်။ ပတ်ဝန်းကျင်မှာ ချိုးကူသံတော့ မကြားရပါ။
မိမိ မြက်ရိတ်နေသည်။ သာယာသော နံနက်ခင်းလှလှမှာ မိမိ မြက်ရိတ်နေသည်။ ခတ်လှမ်းလှမ်းမှာ ပထမအဆိုင်း လုပ်ငန်းခွင်ဝင်မည့် စက်ရုံလုပ်သားတွေ စက်ရုံဆီသို့ သွားနေကြပြီ။ ချွေးတွေကြားမှ သူတို့ကိုကြည့်ပြီး မိမိ အားတက်သွားသည်။ ငါဟဲ့ ယောက်ကျားဟု ထမအော်ရုံပင်။ ဆရာကြီး၏ ကဗျာကို ခံစား နားလည်လိုက်မိသည်။ အာဂ လူသား ငါပါတကား။
နာရီဝက်ခန့် မြက်ရိတ်လျှင် ကြိမ်ခြင်းအပြည့် ရပါပြီ။ ဖိသိပ်ထည့်ထားသော မြက်ကို နောက် ကယ်ရီယာတွင် ညှပ်တင်ပြီး တံစဉ်ကို ခြင်းတွင်းသို့ ထိုးလိုက်ပါသည်။ ဖင်ထိုင်ခုံကို လက်တဖက်ဖြင့် ကိုင်ပြီး စက်ဘီးနင်း ရပါသည်။ အိမ်ရောက်လျှင် ရေချိုး၊ နံနက်စာစားပြီး ရုံးတက်ရန် ပြင်ဆင်ရဦးမည် မဟုတ်လား။
နွားမွေးခဲ့ခြင်းကြောင့် မိမိအတွက် ကြီးမားသော အမြတ်အစွန်းနှစ်ခုမှာ မြွေကို လုံးဝ ဘေးမဲ့ပေးခြင်းနှင့် အမဲသားစားခြင်းကို ရာသက်ပန် ရှောင်ဖြစ်သွားခြင်း ဖြစ်ပါသည်။

Tuesday, August 23, 2016

အစိမ်းရောင်အိုလံပစ် ရီယို,၂၀၁၆

၁၉၈၄ ခုကစလို့အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတိုင်းကိုဝါသနာအရမလွတ်တမ်းကြည့်ဖြစ်ပါတယ်ရ(၁၉၈၈၊ဆိုးလ်အိုလံပစ်ပွဲမကြည့်ရပါ) ဖွင့်ပွဲအခမ်းအနားတိုင်းဟာအိမ်ရှင်နိုင်ငံရဲ့ဂုဏ်သိက္ခာကိုတကမ္ဘာလုံးကအထင်ကြီးလေးစားလောက်အောင်အစွမ်းကုန်ကြိုးစားပမ်းစားတင်ဆက်ကြတာသတိပြုမိပါတယ်။အဲဒါကြောင့်လည်းဘယ်နိုင်ငံကဖွင့်ပွဲအခမ်းအနားကပိုကောင်းတယ်လို့ပြောဖို့အင်မတန်ခက်ပါတယ်။သူနည်းနဲ့သူထူးခြားဆန်းပြားတဲ့တင်ဆက်မှုတွေကိုအံ့မခန်းမြင်တွေ့ရလို့ပါပဲ။ကြည့်ခဲ့ရတဲ့(၈)ကြိမ်မှာဥရောပတိုက်၊မြောက်အမေရီကား၊သြစတေးလျှတိုက်နဲ့အာရှတိုက်ကဘေဂျင်းအိုလံပစ်တို့ပါဝင်လေတော့မတူခြားနားတဲ့တိုက်ကြီးလေးခုကခြားနားတဲ့ယဉ်ကျေးမှု၊နောက်ခံသမိုင်းအစရှိတာတွေကိုလူအင်အား၊နည်းပညာအကူအညီတွေနဲ့သူ့ထက်ငါတော်ကြိုးစားကြပါတယ်။
ဖွင့်ပွဲအခမ်းအနားတိုင်းမှာမပါမပြီးဖြစ်တဲ့အိုလံပစ်မီးရှူးတိုင်ထွန်းညှိတဲ့အစီအစဉ်ကိုလည်းအထူးလျှို့ဝှက်ထားလေ့ရှိကြပြီးမီးတိုင်ထွန်းချိန်ရောက်မှဘွားကနဲဘယ်သူဘယ်ဝါဖြစ်ကြောင်းတွေ့ရလေ့ရှိပြီး၊မီးထွန်းညှိတဲ့ပုံစံကိုလည်းထူးထူးခြားခြားတင်ဆက်လေ့ရှိပါတယ်။
အစွဲမက်ဆုံးအိုလံပစ်မီးထွန်းညှိမှုကို(၁၉၉၂)ဘာစီလိုနာအိုလံပစ်မှာမြင်ခဲ့ရပါတယ်။မသန်စွမ်းအားကစားသမားတစ်ဦးကဘီးတပ်ကုလားထိုင်ပေါ်ကနေ လေးနဲ့မြားကိုအသုံးပြုပြီးမြားတံမှာမီးစာတပ်ပြီးလေးနဲ့ပစ်ပြီးထွန်းညှိခဲ့တာပါ။(အလားတူပုံစံမျိုးဖွင့်ပွဲတစ်ခုမှာမြင်ရဘူးပေမယ့်တင်ဆက်ပုံမပီပြင်လို့ဘာမျှမခံစားခဲ့ရဘူးပါ။) ဒုတိယအစွဲဆုံးက(၁၉၉၆) ခုအတ္တလန်တာအိုလံပစ်မှာပါကင်ဆန်ဝေဒနာခံစားနေရတဲ့လက်ဝှေ့အကျော်အမော်မိုဟာမက်အလီတုန်တုန်ယင်ယင်နဲ့မီးညှိပေးတဲ့မြင်ကွင်းလေးပါ။ဒီလိုစိတ်ကူးမျိုးစဉ်းစားဖန်တီးနိုင်ခြင်းဟာကြည့်သူကိုကြည်နူးဝမ်းမြောက်မှုရော၊စိတ်ထိခိုက်လှုပ်ရှားမှုကိုရောပြိုင်တူခံစားရစေနိုင်ပါတယ်။
ရီယိုအိုလံပစ်(၂၀၁၆)ကိုတော့ဖြင့်ကိုယ်ကြည့်ခဲ့ဘူးသမျှဖွင့်ပွဲအခမ်းအနားတွေထဲမှာထူးခြားမှုအရှိဆုံး၊( Theme)တစ်ခုသတ်သတ်မှတ်မှတ်ထားပြီးတင်ပြချင်တဲ့အကြောင်းအရာကိုဖွင့်ပွဲမှာသာမက၊ပိတ်ပွဲအထိ(Highlight)လုပ်ပြသွားနိုင်ပါပေတယ်။
ဘရာဇီးတွေအဓိကစောင်းပေးပြသွားတဲ့အချက်ကတော့ကမ္ဘာမြေစိမ်းလမ်းစိုပြည်ရေးနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပါပဲခင်ဗျား။သစ်တောထိန်းသိမ်းစောင့်ရှောက်ကြဖို့ပြိုင်ပွဲဝင်နိုင်ငံတိုင်းကသံသေတ္တာထဲကိုသစ်စေ့(မျိုးစေ့)များထည့်ပြီးစိုက်ပျိုးရပါတယ်။သစ်စေ့တွေကနေသစ်တောကြီးဖြစ်သွားပုံကိုမျက်လှည့်ဆန်ဆန်တင်ဆက်သွားပါတယ်။သစ်တောကြီးကလည်းအိုလံပစ်အထိမ်းအမှတ်ကွင်းငါးခုဖြစ်သွားပုံဟာအင်မတန်အဆင့်မြင့်တဲ့ပါဖေါမင့်ဖြစ်ပါတယ်။
ဖွင့်ပွဲမှာသာမက၊ပိတ်ပွဲအခမ်းအနားမှာလည်းရေသယံဇာတထိန်းသိမ်းရေးကိုအဓိကတင်ဆက်ပြန်လေတယ်။ပိတ်ပွဲမှာ Jelly fish တစ်ကောင်ဟာကွင်းအလယ်မှာမားမားကြီးနေရာယူလျှက်ပဲ။
ကြည့်ဘူးခဲ့သမျှသောအိုလံပစ်ပွဲတိုင်းဟာခမ်းနားအောင်၊ကြီးကျယ်အောင်၊ရင်သပ်ရှုမောဖြစ်အောင်တင်ဆက်နိုင်တာကြုံဘူးခဲ့ပါတယ်။ဒီတစ်ကြိမ်အိုလံပစ်ဖွင့်ပွဲလို(Theme) တစ်ခုကိုပီပီပြင်ပြင်(Perform)လုပ်သွားတာတော့တစ်သက်နဲ့တစ်ကိုယ်ဒီတစ်ကြိမ်သာကြုံခဲ့ဘူးကြောင်းပါခင်ဗျား။
အိုလံပစ်ပွဲတော် အခမ်းအနားအကြောင်း ရေးရင်း အမှတ်ထားမိတာလေးတစ်ခု ပြောချင် လာပြန်တယ်။
ဘာလည်းဆိုတော့ အိမ်ရှင်နိုင်ငံတွေက ဒီအခမ်းအနားမှာ သူတို့တိုင်းပြည် ထင်ရှားကျော်ကြား သူများကို ပါဝင်ဆင်နွှဲစေခြင်းဖြင့် ကမ္ဘာကြီးရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်စည်းရုံးနည်းပါ။
(၂ဝ၁၂)လန်ဒန်အိုလံပစ်မှာဒီလို celebrity ဖြစ်တဲ့ နာမည်ကျော် ဂျိမ်းစ်ဘွန်းမင်းသားကို အင်္ဂလန်ဘုရင်မကြီး အဲလိဇဘက်နဲ့ ပူးတွဲတင်ဆက်တဲ့ ပြကွက်ပါပဲ။ ဖျော်ဖြေ တင်ဆက် မှုနဲ့အတူ နိုင်ငံ့အကြီးအကဲ တစ်ဦးကိုပွဲထုတ် တင်ပြတာပါပဲ။ အဲဒီပြကွက်လေးက ဒီလိုပါ။
James Bond မင်းသားအဖြစ် နာမည်ကျော်တဲ့ သရုပ်ဆောင် Daniel Craig ဟာ Buckingham နန်းတော်ဆီကို ရဟတ်ယာဉ်နဲ့ ရောက်လာပြီး အဲလိဇဘက် ဘုရင်မကြီးနဲ့ ကြင်ယာတော်ကို လန်ဒန်အိုလံပစ်ပွဲတော် တက်ရောက်ဖွင့်လှစ်ပေးဖို့ လာရောက် ပန်ကြားပါတယ်။ ဘုရင်မကြီး ဇနီးမောင်နှံလည်း ဂျိမ်းစ်ဘွန်းနဲ့အတူ ရဟတ်ယာဉ်နဲ့လိုက်ပါပြီး အိုလံပစ်ကွင်းပေါ်အရောက်မှာ လေထီးဖွင့်ပြီး ကွင်းထဲကို ခုန်ချတဲ့ပြကွက်ပါ။ ဘုရင်မကြီးတို့ ဇနီးမောင်နှံနဲ့ ဂျိမ်းစ်တို့ ကွင်းပေါ် ရောက်လာချိန်မှာတော့ ပိတ်ထားတဲ့ ကွင်းပတ်ပတ်လည်က မီးတွေ ဆက်ခနဲအဖွင့်မှာ ပရိတ်သတ်ကို လှည့်နှုတ်ဆက်နေတဲ့ မြင်ကွင်းကို တအံ့တဩ ရှုစားကြရပြီး ဝမ်းသာကြည်နူးစွာ ဩဘာ ပေးကြပါတယ်။
ကျွန်တော် ကြည့်ဘူးသမျှ အိုလံပစ်ဖွင့်ပွဲတွေထဲမှာ နိုင်ငံ့အကြီးအကဲတစ်ဦးကို ဖျော်ဖြေမှု အစိတ်အပိုင်းအဖြစ် အသုံးချသွားတာ လန်ဒန်အိုလံပစ်က ဦးဆုံးဖြစ်မယ် ထင်ပါတယ်။
အကြံတူရင် နောက်လူသာစမြဲ မဟုတ်လား။
အဲဒီတင်ဆက်မှုကို အခြေခံတဲ့ပြကွက် ရီအိုအိုလံပစ် ပိတ်ပွဲအခမ်းအနားမှာ ထပ်မံမြင်ခဲ့ရပါတယ်။
အိုလံပစ်ပြိုင်ပွဲ ပြီးဆုံးကြောင်း ကြေညာပြီး (၂ဝ၂ဝ)မှာ ပြုလုပ်မယ့် မြို့အဖြစ် ဂျပန်နိုင်ငံ တိုကျို ကိုရွေးချယ်ကြောင်းနဲ့ တိုကျိုမြို့တော်ဝန်ကို အိုလံပစ်အလံ လွှဲပြောင်းပေးအပ်ပါတယ်။ အလံ လက်ခံအပြီးမှာ လာမယ့် အိုလံပစ်ပွဲတော် ကျင်းပမယ့်နိုင်ငံက အလှ အက နည်းပညာများနဲ့ မိတ်ဆက် ဖျော်ဖြေပါတယ်။
စက်မှုထွန်းကားပြီးနိုင်ငံပီပီ ဂျပန်အမျိုးသားအလံ နေဝန်းနီကြီးကို ရိုဘော့တွေခြံရံလျှက် လေဆာနည်းပညာ သုံးလို့ တင်ဆက်ပါတော့တယ်။ ပြကွက်တခုက (၁၉၈ဝ)စုနှစ်များဆီကဂျပန်တွေ ကမ္ဘာကျော်ခဲ့တဲ့ဂိမ်း“စူပါမာရီယို”ရဲ့ ကစားကွက်များနဲ့ ဖျော်ဖြေပါတယ်။ တီးလုံးဆုံးတာနဲ့ စူပါမာရီယိုဟာ ရေပိုက်ထဲက အပေါ်ထွက်လာပြီး သူ့ရဲ့နူတ်ခမ်းမွှေး အပါအဝင် မာရီယိုအဝတ်တွေကို ချွတ်ချလိုက်ရာ ဝန်ကြီးချုပ်“ရှင်ဇိုအာဘဲ”ဖြစ်နေတာ မြင်ရတဲ့ ပရိတ်သတ်တွေ ဝမ်းမြောက်ဝမ်းသာ ချီးကျူးဂုဏ်ပြု ကြပါတော့တယ်။
ဒီပြကွက်ဟာ (၂ဝ၂ဝ)တိုကျိုအိုလံပစ်ရဲ့ အမြည်းသဘော မျှသာဖြစ်တယ်။ တကယ့်ပွဲကြီးမှာ ဒီထက်ထူးခြားတဲ့ တင်ဆက်မှုတွေ မြင်ရလိမ့်ဦးမှာ သေချာပါတယ်။ နိုင်ငံ့အကြီးအကဲ တာဝန်ယူထားသူတွေကို ပြကွက်ရဲ့အစိတ်အပိုင်းအဖြစ် အသုံးပြုတဲ့ ပြကွက်ဆန်းတွေကိုလည်း မျှော်လင့်လို့ရနိုင်ပါတယ်။
(၂၀၂၀) တိုကျိုကိုစောင့်ကြည့်ကြပါဦးစို့။



Tuesday, July 26, 2016

ဝါသနာဘာဂီ ဆက်တိုင်းမီ




ဂီတနဲ့ပတ်သက်လာရင် လည်လည်ပတ်ပတ် တီးတတ်တာဆိုလို့ ကြေးစည်ပဲရှိတယ် ဆိုလောက်အောင် တူရိယာပစ္စည်းများနဲ့ အလှမ်းဝေးလှပါတယ်။ ကြေးစည်တောင် ချိုကို ချိန်သားမှန်အောင် မထုတတ်လို့ ရပ်ကွက်ဆွမ်းတော်ကြီးလောင်းအသင်းမှာ ကြေးစည်ထု ရာထူးတောင် မပေးကြပါဘူး။
သို့သော် ဂီတပိုးလေးက မျိုးနဲ့ရိုးနဲ့ဆိုလောက်အောင် ဆိုင်းသံဗုံသံကြားရင် ရိုးရိုးရွရွ ဖြစ်လာလေတော့ ပညာက နေပေမယ့် လူက မနေနိုင်ပဲ ဟိုနေရာဆို ဆိုလိုက်ရမှ၊ ဒီနေရာဆို တီးလိုက်ရမှ စားကောင်း အိပ်ပျော် နေသာထိုင်သာ ရှိသွားတာလည်း ရောဂါတစ်မျိုး လို့ဆိုရင် ယူသော်ရ၏ပေါ့ခင်ဗျာ။
ပြန်သုံးသပ်ကြည့်တော့ အဘိုးဖြစ်သူဟာ ကြိုးတပ်တူရိယာတွေထဲက မယ်ဒလင်၊ တယော၊ ဂီတာ ကိုပိုင်ပိုင်ကြီးတီးတာ ငယ်စဉ်က အကြိမ်ကြိမ်ကြုံခဲ့ဘူးတာပေါ့။ ပြည်မြို့က ရဲတီးဝိုင်းမှာ တယောပညာရှင် တစ်ဦးဆိုတာလည်း ကလေးအသိနဲ့ ကောင်းကောင်းမှတ်မိ နေခဲ့သေးတော့။ သူ့သားအငယ်ဆုံး၊ ကိုယ့်ဦးလေး ရုတ်တရက်ဆုံးပါးချိန်ကစ တူရိယာတီးခြင်းအမှုကို စွန့်လွှတ်လိုက်တာလည်း ကောင်းကောင်း သတိပြုမိတယ်။ အဲဒီအချိန်က သူ့ဆီမှာ တယောပညာလာသင်နေတဲ့ လူငယ်တွေ ညစဉ် အိမ်မှာတွေ့နေရလို့ပဲ။
အဖေနဲ့အမေမှာတော့ ဘာဂီတပညာမှ တစွန်းတစ မမြင်ခဲ့ရပေမယ့် လသာညတွေ ရပ်ကွက်ထဲလှည့်ပြီး ဆိုစားတီးပြန် ဝါသနာရှင် သူရို့သူငယ်ချင်းတွေ အိမ်လာပြီး ဆိုကြ တီးကြ တာတွေ ကလေးဘဝက တမေ့တမော နားထောင်ခဲ့ရတာတော့ အမှတ်တရပါပဲ။ (ဦး)ကျောင်းဆုံ၊ ရဲ(ဦး)လှကြည် တို့အဖွဲ့ဆို မကြာမကြာ ညပိုင်းထွက်ကြတဲ့ တီးဝိုင်းတွေပေါ့။ (ခေတ္တရာဝမ်းတင် ဆိုတာရှိသေး။ ကိုယ်တွေနဲ့ မရင်းနှီးမသိကျွမ်းပေမယ့် ဝါဆိုလပြည့်ကျော်တရက်နေ့မှာ နိဗ္ဗိန္ဒ၊ အင်ကြင်းမြောင် တောရကို ဝါဆိုပန်းခူးထွက်ရင် သူကအကော်ဒီယံကြီးတီး၊ အဖွဲ့သားတွေက ကကြ ခုန်ကြနဲ့ ပျော်စရာ အလွန်ကောင်းခဲ့ပုံလေး သတိရမိသေးတော့။)
အဲလိုဂီတနဲ့ မနီးယိုးစားလေး ရှိပင်ရှိငြား ကိုယ့်အလှည့်မှာတော့ တော်တော်လေး ရှော်(ညံ့)ခဲ့ပါတယ်။ စောစောက ဆိုခဲ့သလို ကြေးစည်လောက်နဲ့ ကျေနပ်ခဲ့ရတာပါပဲ။
ပြန်စဉ်းစားကြည့်တော့ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်အိမ်နီးနားချင်းတွေမှာ ဝါသနာဘာဂီ ဆက်တိုင်းမီနိုင်တဲ့ ပုဂ္ဂိုလ်တွေရှိခဲ့တာပဲ၊ ကိုယ်ညံ့လို့သာ ဘာမျှဖြစ်ဖြစ်မြောက်မြောက် မတတ်ခဲ့တာပေါ့။ အိမ်ခေါင်းရင်း နှစ်အိမ်ကျော်လောက်မှာ ဦးသိန်းဦးဆိုတာရှိတယ်။ သူက အချိန်ပိုင်း ခြောက်လုံးပတ်တီးသူ။ သူ့အလုပ်က သူတို့အိမ်ရှေ့ဆေးပြင်းလိပ်ရုံက နေ့စားလုပ်သား၊ သူ့ကိုယ်ပိုင် ခြောက်လုံးပတ်လေးတွေနဲ့ ကိုယ့်ကို စမ်းစမ်းပြီး တီးစေတယ်။ စိတ်ရှည်လက်ရှည်လည်း သင်ပေးရှာတယ်။
ခက်တာက ခြောက်လုံးပတ်ဆိုတာ သူချည်း တီးလို့ သီချင်းမဖြစ်ဘူးခင်ဗျ။ (ခုခေတ် ခေတ်ပေါ်တီးဝိုင်း စကားနဲ့ဆိုရရင် သူက ဘေ့(စ်)ဂစ်တာလိုပဲ။ လိုတာကို လိုက်ဖြည့် တီးခတ်ရတဲ့အမျိုး။) အဲတော့ ပါးစပ်ကသီချင်းဆို၊ ကိုယ်ကခြောက်လုံးပတ်တီးပြီး သူပြပေးတဲ့ စည်းကျ ဝါးကျကို လိုက်တီးနဲ့ တယ်ပြီး ခရီးမရောက်ခဲ့ပါဘူး။
အိမ်ရှေ့တည့်တည့်မှာရှိတဲ့ ပေါ်တော်မူဘုရားလမ်းလေးထဲမှာတော့ ဒုံမင်းစိန် ဆိုတဲ့ပုဂ္ဂိုလ်ရှိလေရဲ့။ သူကကြေးစားဂီတသမား၊ အခကြေးငွေနဲ့ မယ်ဒလင်၊ ဒုံမင်း၊ တယောစတဲ့ တူရိယာပညာတွေကို သင်ပေးပါတယ်။ ကိုယ်တို့လို ကလေးတွေက ညပိုင်းဆို ဒုံမင်းစိန်ကျူရှင် သွားပြီး နတ်ကရာကြည့်မော ကြပေတာပေါ့။ သူပို့ချတဲ့ သီချင်းတွေက မဟာဂီတထဲက ထူးမခြားနား၊ ဆယ်ဆယ်ရောင်၊ သာဆန်းရဂုံဘွေ စတဲ့ သီချင်းတွေဆိုတော့ အဓိပ္ပါယ်နားမလည်သော်ငြား နားရည်တော့ဝခဲ့တာပေါ့။
သူငယ်ချင်းမောင်မောင်(Ko Aung Myint)ဖေဖေရဲ့ ကိုယ်ပိုင်စာကြည့်တိုက်က မဟာဂီတသီချင်းပေါင်းချုပ် စာအုပ်ဖတ်ပြီး ကိုယ်များ နားလည်မလားလို့ ရှာဖတ်ကြည့်ရတာလည်းအမော။ တနေ့ ညိုဝင်းရဲ့“မှောင်လွန်းသောညများ”ဝတ္ထုရှေ့ပိုင်းမှာ ဇာတ်ဆရာမောင်ကျောက်ခဲရဲ့“ရွှေရင်ပေါင်”ပတ်ပျိုးကိုကောက်စာလုပ်ရေးထားတာလေး အာရုံညွှတ်ပြီး ဦးလေးဦးသိန်းဦးဆီမှာ သီချင်းကြီးတွေ အခမဲ့ သွားတက်တယ်။ မဟာဂီတရဲ့ အတိမ်အနက်ကို ဆည်းပူးခွင့်ရခဲ့တာပေါ့။
ကိုယ်ညံ့တာကဒီမှာတင်မဆုံးသေးဘူး။
နေတာက ကိုယ်ပိုင်ကျောင်း။ ကျောင်းက သူငယ်ချင်းတော်တော်များများလည်း ကျောင်းဝင်းထဲမှာ နေကြတယ်။ သူတို့က ဂစ်တာကို ထမင်းစားရေသောက် တီးနေကြတာ။ ခရစ်စမတ်မှာ အဆိုတော်(ကို)ခင်ဝမ်း စင်ပေါ်တက်ပြီး  little baby..baby..hi..hi ဆိုတာ နားထောင်ပြီး သဘောကျခဲ့ဘူးတာပေါ့။ ကိုယ်တွေက အဲဒီတုံးက မူလတန်းလောက်ရှိဦးမယ်။ ခင်ဝမ်းရဲ့ ဦးဆုံးအယ်ဘမ်“နှင်းဆီဖြူရဲ့ အဝေးက လူတယောက်”မှာ တီးပေးကြတဲ့ ပလေယာအများစုက ကိုယ်တို့ကျောင်းဝင်းထဲက ကိုအောင်မြတ်ထွန်းတို့၊ ကိုချစ်မြဝင်းတို့ပေါ့။ (နောက်အယ်ဘမ်တွေမှာ ဘေ့(စ်)တီးတဲ့ မိုးစက်က တခန်းထဲတခုံထဲထိုင်တဲ့ သူငယ်ချင်း၊ ဝင်ကြွားတာ😛 ) ပြောလိုရင်းက ဂစ်တာတီးတဲ့ အသိုင်းအဝိုင်းနဲ့ မစိမ်းလှဘူးပေါ့လေ။
ကိုယ့်ဂစ်တာ လက်ဦးဆရာကတော့ ငယ်သူငယ်ချင်း ပါတူး ပေါ့။ ကျောင်းမတက်ခင်လေးဖြစ်ဖြစ်၊ မုန့်စားကျောင်းဆင်းချိန်လေးဖြစ်ဖြစ် သူ့ဂစ်တာလေးနဲ့ သင်ပေးရှာပါတယ်။ (သူတို့က ကျောင်းဝင်းထဲမှာပဲ နေတယ်။) ကိုယ့်ပါရမီကလည်း တော်တော်နည်းခဲ့ပုံပါပဲ။ ကျွဲပါးစောင်းတီး၊ နွားပလာတာကျွေး အဖြစ်မျိုး။
ဒီပါရမီအခံလေးနဲ့ တပ်ထဲရောက်လာတော့ သင်တန်းနားချိန်တွေမှာ မန္တလေးသား သူငယ်ချင်းတယောက်ရဲ့ ဂစ်တာလေးကောက်တဲ့ပြီး စမ်းတီးကြည့်မိတယ်။ (၂)ရက်(၃)ရက်လောက်နဲ့ ဗျန်းဗျန်းဗျန်းခေါက်တတ်သွားတော့ ကျန်သူငယ်ချင်းတချို့လည်း တော်တော်စိတ်ဝင်စား သွားကြတယ်။ ဂစ်တာတီးတာ မခက်ဘူးထင်ပြီး တပွဲတလမ်း ဝင်စမ်းကြတာလေး သတိရသေးတော့တယ်။
ဘဝများစွာ ဖြတ်သန်းခဲ့ချိန်မှာတော့ ကြုံရင်ကြုံသလို အင်္ဂလိပ်တီးဝိုင်း၊ ဘိုတီးဝိုင်းတွေမှာ ဆိုခဲ့ တီးခဲ့ ယုံမျှမက၊ စင်တင်ဝိုင်းလေးများနဲ့ ဆုံခဲ့ရင်လည်း မနေနိုင် မထိုင်နိုင် စင်ပေါ်တက် ရွပိုးထိုးခဲ့ဘူးသပေါ့။ (နာမည်ကြီးဆိုင်တဆိုင်မှာ ဆိုခဲ့တုံး ဆိုင်မှာရှိသမျှ ပန်းကုံး၊စလွယ်၊ပန်းခြင်းရှိသမျှ ကိုယ့်ဆီရောက်လာအောင် ဆိုခဲ့တာလေးလည်း အမှတ်ရတယ်။ ကိုယ့်ခွဲတမ်းအားလုံး ပလေယာလေးကို အားလုံးစွန့်ခဲ့ပါတယ်😂😂။ (ဗျာ..မယုံဘူး၊ ဟုတ်လား။ ကိုကြည်သာကြီး သွားမေးကြည့်လိုက်။ သူက အဲဒီတီးဝိုင်းမန်နေဂျာ။)
ခုတော့ နစ္စ၊ ဂီတ၊ ဝါဒိတ.. တွေနဲ့ ဝေးဝေးနေခဲ့တာလည်း ဆယ်နှစ်စွန်းစွန်း ရှိလောက်ပါပြီ။ အသက်ကလည်း သုံးတွမ်းတီးကျော်ပြီ မဟုတ်လား။
တမြန်မနေ့က ဆရာသမားဖြစ်တဲ့ ရူပဗေဒဌာနက ဦးသန့်စင် ဖိတ်လို့ ဆရာဦးစီးပြီးလုပ်နေတဲ့ မြေမြှုတ်မိုင်းပပျောက်ရေး အလုပ်ရုံဆွေးနွေးပွဲ တက်ခဲ့ပါတယ်။ သင်တန်းဆင်းပွဲပြီးတော့ ဗိုလ်မှူးကြီးက နိုင်ငံခြားသားမိတ်ဆွေများအတွက် မဟာဂီတသီချင်းကို စောင်းနဲ့တွဲဖက် ဖျော်ဖြေစေပါတယ်။ စောင်းဆရာကြီးက မြန်မာ့စောင်းအကြောင်း မိတ်ဆက်ပြောကြားပြီး မြမန်းဂီရိ ယိုးဒယားသီချင်း တီးခတ်ပါတယ်။ သီချင်းပြီးတော့ ဆရာဖြစ်သူက အဆိုမပါ၊ အတီးသက်သက်ဖြစ်နေလို့ အားမလို အားမရဖြစ်ပြီး အဆိုလေးဖြည့်ပေးဖို့ တောင်းဆိုပြန်တယ်။
သူတို့အဖွဲ့မှာ စောင်းပညာရှင်နဲ့ စည်းဝါးသမားပဲ ပါကြောင်း၊ သီဆိုပြဖို့ အခက်အခဲရှိကြောင်း ပြောလာတော့ ကိုယ်လည်း ဆရာသမားရဲ့ ဆန္ဒကို ဖြည့်ဆည်းချင်လာတယ်။ ကိုယ့် တသက်နဲ့ တကိုယ်လည်း သီချင်းများစွာ ဆိုလာခဲ့ရာ၊ သီချင်းကြီးတော့ဖြင့် တစ်ပုဒ်မှ မပါလေခဲ့ပါဘူး။ နောက်ဆုံး မျက်စေ့စုံဖွင့်ပြီး ဗိုလ်မှူးကြီးကို ကျွန်တော်ဆိုပေးမယ့်အကြောင်း ပြောလိုက်တယ်။ ဆရာ ကိုယ့်ကို အံ့ဩမှင်သက်စွာ ကြည့်တယ်။ (ကိုယ့်ဆရာက သီချင်းဆို နိုင်ငံတော်သီချင်းတောင် အသံနေ အသံထားနဲ့ မဆိုတတ်ဘူး လို့ သူ့ဖါသာ ဝန်ခံထားသူဖြစ်တယ်။😀 )
ဒီလိုနဲ့ မြမန်းဂီရိ သေလာတောင်လည်း ဝမ်းစမိုးပြီး ကိုယ်လည်း မဟာဂီတ အဆိုကြော်ဘဝ ရောက်သွားခဲ့တော့တယ်။ ပိုမြိုင်သွားတာက ကိုယ်ဆိုနေရင်း တဝက်လောက်မှာ သင်တန်းသူတစ်ဦး ထွက်လာပြီး အကနဲ့အားဖြည့်ပေးခဲ့တာပါပဲ။ တခါတရံ ဇာတ်တိုက် လေ့ကျင့်ထားတဲ့ အစီအစဉ်ထက် ခုလို လျှပ်တပြက် အစီအစဉ်လေးတွေက ပိုလှနေတတ်တယ် လို့ထင်တာပဲ။
Photo credit; Myint Oo, Saw Nu








Thursday, May 5, 2016

“ ပိတောက်ပွင့်ဆဲ၊လသာဆဲပါဆရာ ”



ပိတောက်ဖလ်ဝါ၊သာသနာ၌

မဟာကရုဏာ၊ဓမ္မလမင်း

ထိန်ထိန်ဝင်း၏။

ဉာဏ်လင်းထိရောက်

အသိပေါက်က၊ပိတောက်ပွင့်ဆဲ

လသာဆဲပေ၊ခပဲလူသူ

ပူပူသမျှ၊ငြိမ်းအေးကြလော့

လာကြရှုကြ၊သံန္ဒိဌတည့်

ချစ်ရမုန်းရ၊ပြုံးငိုရနှင့်

ဖြစ်ရပျက်ပြန်၊ဝဲကိုလွန်မည်

နတ်ဟန်ချစ်သူ၊ပျိုမျစ်မူနှင့်

ခုတူမကွဲ၊တနေ့လွဲအံ့

နွေမွဲမြူပြာ၊ကမ္ပလာလျှင်

အဝိဇ္ဇာသင်တိုင်း၊မင်မဝိုင်းပြီ

လွမ်းတိုင်းမျက်ရည်မဝဲရစ်စေသော်။ ။


သင်္ကြန်ရက်များအတွင်း တရားရိပ်သာ ရောက်နေခဲ့ပါတယ်။ ရုံးဖွင့်အိမ်ရောက်တော့ တန်ခူးလပြည့်ဝန်းကြီး ထိန်ထိန်သာတာ မြင်လိုက်ပြီး ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ပိတောက်ပွင့်ဆဲ၊လသာဆဲဝယ်ဝတ္ထုကြီးထဲက ဇာတ်သိမ်းကို ဖြတ်ခနဲ သတိရတာနဲ့ ရေးတင်လိုက်မိတယ်။

ချာတိတ်ဘဝထဲက နှစ်သက်စွဲလမ်းခဲ့ရတဲ့ ဆရာမို့ သူ့ဝတ္ထုတွေကို စွဲစွဲလမ်းလမ်း ဖတ်ခဲ့တာပါ။ ကိုယ်ဖတ်တဲ့အချိန်က ဆရာ့ဝတ္ထုတွေက romantic တွေဆိုတော့ တအားခိုက်ခဲ့တာပေါ့။

တဖြည်းဖြည်းနဲ့ ဆရာ့ဝတ္ထုတွေက  romantic  ကနေ realism ဘက်ကို ပြောင်းလာတာ သတိပြုမိလာတယ်။ ဆရာ့ကျောင်းအုပ်ကြီး posting ကို လိုက်ပြောကြည့်မယ်ဆို မော်လမြိုင်တ္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွေ့တာဝန်ထမ်းဆောင်ချိန် ကာလများပေါ့။ ဆရာ့ဝတ္ထုဆိုရင် ဖတ်ပြီး လွမ်းမယ်၊ ဆွေးမယ်၊ ခံစားမယ် ဆိုတဲ့အသိနဲ့ ဖတ်တာဆိုတော့ ဝတ္ထုဆုံးသွားရင် ကိုယ်လိုချင်တဲ့ရသ မရလိုက်မှန်း သိသိနေတာပေါ့။စွန့်ခွါရသော နွေညများညနက်နက်မှာ လထွက်ခြင်းတို့က အစပြုခဲ့ပါတယ်။

တလောက မင်္ဂလာဆောင်တစ်ပွဲမှာ ဆရာမ ခင်ပန်နှင်းနဲ့ အမှတ်မထင် ဆုံကြရာ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုရှည်တွေအကြောင်း အလွတ်သဘော ပြောကြတော့ ကိုယ်ကဆရာ့ romantic ပရိတ်သတ်ပီပီ နောက်ပိုင်းဝတ္ထုတွေ ခံစားမှုရသ နည်းလို့ သိတ်မစွဲကြောင်း ပြောမိတယ်။ ဆရာမက ချက်ချင်းပဲ ဆရာ့ နောက်ပိုင်းဝတ္ထုတွေကမှ ပိုပြီးအနှစ်သာရ ပြည့်ကြောင်း စာအုပ်တအုပ်ချင်းကို ကိုးကားရှင်းပြတယ်။ တကယ်စာဖတ်တဲ့ သမ္ဘာကြီးတွေနဲ့ ယှဉ်ပြောတော့ ကိုယ်ညံ့တာ တော်တော်ကို သိသာသွားတယ်။

စောစောကပြောတဲ့ပိတောက်ပွင့်ဆဲ၊လသာဆဲဝယ်က ဆရာ ၁၉၇၄ ကရေးခဲ့တာပါ။ စာအုပ်ထွက်ထွက်ချင်း ဖတ်ခဲ့ရတယ်။ ဆရာ့ငယ်မူ လက်ရာပီပီ အလွမ်းအဆွေးများနဲ့ ဆိုတော့ တအားကြိုက်ခဲ့တာပေါ့။ အသက်နှစ်ဆယ်မပြည့်ခင်က ဖတ်ရတဲ့ဝတ္ထုကို ကြိုက်လွန်းလို့ အကြိမ်ကြိမ်(ယခုထိတိုင်) ပြန်ဖတ် ဖြစ်တဲ့အထိပါပဲ။

စောစောကပြောခဲ့သလို ဝတ္ထုဖတ်ပြီး ခံစားရတဲ့ ရသလေးကို နှစ်ခြိုက်နေရာက တစ်ခေါက်ပြီး တစ်ခေါက် ဖတ်ဖြစ်တယ်။ အဲဒီတော့မှ ဆရာကြီးပေးချင်တဲ့ အနှစ်သာရကို သဘောပေါက် လာမိတော့တယ်။

ဆယ်ကျော်သက် အရွယ်မှာတုံးက ပိတောက်ပန်းတွေပွင့်ရင် ခံစားရတဲ့ စိတ်ကူးလေးက ခတ်နုနုရယ်၊ အဲဒီလိုတန်ခူးလ ပိတောက်တွေပွင့်ချိန်မှာ လပြည့်ဝန်းကြီးကလည်း သာနေမယ်ဆို ရင်ထဲမှာ လွမ်းသလိုလို ဆွေးသလိုလို ကြီးခံစားဘူးကြမှာပါ။ ဆရာ့ဝတ္ထုဇာတ်လမ်းကလည်း အဲဒီတန်ခူးလပြည့်ည၊ ပိတောက်တွေ လှိုင်လှိုင်ပွင့်ချိန်မှာ စခဲ့တာပဲ။ ဆရာကြီးအရေးအသား အတိုင်းဆိုရရင် ..လွမ်းဖွယ်သော အနမ်းစုံတို့ကို အဖုံဖုံအလည်လည် တုန့်လှယ်ကြူမွှေး ချစ်ရေးပျူငှါ မေတ္တာတာရိုး အကျိုးကြီးကျိုးခဲ့..ကြသော ညပေါ့။
နောက်တော့ ဆရာကြီးပြနေတဲ့ လရောင်ဟာ ပီဘိအေးမြတဲ့ ဓမ္မရောင်ခြည်ဆိုတာ မြင်မြင်လာတယ်။ ပြီး ပွင့်နေတဲ့ ပိတောက်ဝါဝါဆိုတာတွေဟာလည်း သာသာနာ ဝါဝါလင်း နေတာပါလား ဆိုတာ တစ်ခေါက်ဖတ်ရင်း တစ်ခါပိုသိ လာရတယ်။ ဒါကြောင့်လည်းပိတောက်ဖလ်ဝါ၊ သာသနာ၌၊ မဟာကရုဏာ၊ ဓမ္မလမင်း၊ ထိန်ထိန်ဝင်း၏လို့ ဆိုပေတာပဲပေါ့။

အင်တာဗျူးတစ်ခုမှာ ဆရာတက္ကသိုလ်ဘုန်းနိုင်က ဒီဝတ္ထုရဲ့ ရည်ရွယ်ချက်ကိုက လူသားတစ်ဦး သံသရာက လွတ်မြောက်သွားပုံကို ရေးခဲ့တာလို့ ဆိုပါတယ်ဗျာ။ ပါရမီနည်းလေတဲ့ ကျွန်တော်တို့ကတော့ ချစ်ခြင်းမုန်းခြင်းတွေ မလွတ်မြောက်နိုင်သေးသမျှ သံသရာကြီးက ရှည်လျှား နေပေဦးမှာ အသေအချာပါပဲ။

မဆင်ငြင်းရင်လ

ပင်မင်းမှာမာလာသုဉ်းပေလိမ့်

ဘဝမှာပိတောက်တုံးရှာပေါ့

ဆံထုံးနောင်မပြင်နဲ့

တာသင်္ကြတစ်ခါသစ်မှာမို့

သံသရာဟိုတစ်ခေတ်မှာ

ကွယ်..လွမ်းရစ်တော့မငိုစတမ်း။







Wednesday, May 4, 2016

တက္ကသိုလ်ဘုန်းနိုင်စာအုပ်များကပေးသောအသိ

ဆရာကြီး (တက္ကသိုလ်ဘုန်းနိုင်) ဝတ္ထုကို စဖတ်ရတာ ဘေးတစ်အိမ်ကျော်က ဧရာဝတီရုံးမှာပါ။ ရုံးဆိုပေမယ့် နှစ်ထပ်တိုက်ခံအိမ်ကြီးရဲ့ အောက်ထပ်ကို ရုံးခန်းလုပ်ထားပြီး အပေါ်ထပ်မှာ ကိုယ်စားလှယ်ကြီးရဲ့ မိသားစုနေကြပါတယ်။ အသက်ငယ်သေးတော့ ဧရာဝတီရုံးလို့ အရပ်ထဲကခေါ်သလို ခေါ်ခဲ့ပေမယ့် တော်တော်ကြီးမှ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးရုံး ကိုခေါ်တာ ဖြစ်ကြောင်း သိခဲ့ရတယ်။
ထိုနည်းတူပါပဲ။ ကိုယ်စားလှယ်ကြီးလို့ အရပ်ထဲက ခေါ်ကြတဲ့ ကိုယ်စားလှယ်ကြီးရဲ့ ရာထူးတာဝန်က ပို့ဆောင်ရေးမန်နေဂျာကို ခေါ်မှန်း ကလေးတုံးက မသိခဲ့ရပါ။ ကိုယ်စားလှယ်ကြီးရဲ့ နာမည်ကဦးစိန်သွင်ဖြစ်ပြီး သူ့သားနှစ်ယောက်နဲ့ ကိုယ်က အတန်းတူ ကစားဘက်တွေမို့ ဧရာဝတီရုံးကို မကြာမကြာ သွားကစားပါတယ်။ ရံဖန်ရံခါ နွေကျောင်းပိတ်ရက်မှာ ဘဘဦးစိန်သွင် ကိုယ်တိုင်ဖြစ်ဖြစ်၊ ဘဘသမီး (ကျွန်တော်တို့အခေါ်) မမမိက ကျောင်းစာလည်း သင်ပေးလေ့ရှိပါတယ်။
ဧရာဝတီရုံးမှာ ဆော့ရင်းကစားရင်း ကလေးဂျာနယ် တွေဖတ်၊ အခြားစာအုပ်လေးတွေ ဖတ်ရာက တနေ့မှာ ဝတ္ထုတိုစာအုပ်လေးတစ်အုပ် ဖတ်ဖြစ်သွားပါတယ်။ (ဘဘဦးစိန်သွင်ဟာစာဖတ်ဝါသနာကြီးသူမို့ ကိုယ်ပိုင်စာကြည့်တိုက် ဖွင့်ထားသူဖြစ်တာမို့ စာအုပ်တော်တော်များများ သူ့စာကြည့်တိုက်မှာ ရှိပါတယ်။ သူ့စာအုပ်တိုင်း တံဆိပ်ဝိုင်းလေး ထုထားပြီးမောင်စိန်သွင်၊ ကိုယ်ပိုင်စာကြည့်တိုက် ဆိုတဲ့စာသားလေး ရိုက်ထားတာ မှတ်မိနေတယ်။)
စာအုပ်က ဝတ္ထုစာအုပ်၊ ရေးသူက တက္ကသိုလ်ဘုန်းနိုင်။ ဝတ္ထုတိုစုစည်းမှု ဖြစ်မယ်။ မှတ်မိသလောက်..နှင်းရက်ကြွေစော၊ပိတောက်နှင့်ကြိုပါမည် မာရီယာ၊ အောင်ပင်လယ်မတော့ နေညိုခြောက်ခဲ့ပြီ၊ မုန်းရစ်လေဦး.. တို့ဆက်တိုက် ဖတ်ဖြစ်ပြီး ဘုန်းနိုင်ပရိတ်သတ် ဖြစ်သွားတာပါပဲ။ အဲဒီကတဆင့် လုံးချင်းဝတ္ထုကြီးတွေ ဖတ်ဖြစ်တော့ ဆရာ့ဩဇာဟာ ကိုယ့်အပေါ် လွှမ်းမိုးမှုရှိလာမှန်း သတိမပြုမိပေမယ့် ဘဘဦးစိန်သွင်ကို “ဘဘ၊ သားဆယ်တန်းအောင်ရင် ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ကျောင်းမှာ စာသင်ချင်တယ်လို့ပြောမိတယ်။ ဘဘကလည်းငါ့သား၊ စာသာကြိုးစား။ ဘဘမင်းကို ဆရာဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်) ဆီပို့ပေးမယ်လို့ ပြန်ပြောပါတယ်။ အဲဒီကာလက ဆရာက မန္တလေးတက္ကသိုလ်မှာမို့ ကိုယ့်စိတ်ကူးက မန္တလေးတက္ကသိုလ်ကျောင်းသားပဲ ဖြစ်ချင်နေတယ်။ ဆရာ့ဝတ္ထု နောက်ခံနေရာကလည်း မန္ထလေးတက္ကသိုလ်တွေ များတယ်။ အောင်ပင်လယ်တို့၊ ရေနီမြောင်းတို့၊ တောင်သမန်တို့ ဆိုတဲ့နေရာတွေကို ဆရာ့ဝတ္ထုထဲက လှမ်းကြည့်ပြီး တအား ရောက်ဘူးချင် ခဲ့ရတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ မန္တလေးတက္ကသိုလ် နောက်ခံရုပ်ရှင်ဇာတ်မြူးတစ်ကားမေတ္တာပုလဲသွယ်ကြည့်ပြီး မန္တလေးတက္ကသိုလ်ပိုးတွေ ပိုထလာတယ်။ မင်းသားက ညွန့်ဝင်းနဲ့ မင်းသမီးက ခင်သန်းနု။ အဲဒီရုပ်ရှင်ထဲက စာသင်ဆောင်အဆင်း လှေကားကျယ်ကြီးမှာ ညွန့်ဝင်းတို့ ကျောင်းသားတသိုက် ပျော်ပါးစွာ ကျောင်းတက်နေတာ မြင်ရဘူးတယ်။
ဆရာကြီး အမျိုးသားစာပေဆု ရသွားတဲ့နှင်းငွေ့တထောင့်၊မိုးတမှောင့်မှာ ဆရာ့ ဇာတ်လိုက် မင်းသမီး မွန်မွန်သီချင်းဆိုတဲ့ ဇာတ်ခုံဟာမေတ္တာပုလဲသွယ်ဇာတ်ကားထဲက လှေကားခုံပဲ ဆိုတာစိတ်မှန်းနဲ့ လှမ်းမြင်ခဲ့ဘူးတယ်။
၁၉၇၃ခုနှစ် မေမြို့ကို ကျောင်းတက်ဖို့အသွား၊ မန္တလေးမှာ တထောက်နားတော့ ဆရာရေးပြတဲ့ ရေနီမြောင်းတို့၊ တောင်သမန်တို့ကို ရောက်အောင် သွားကြည့်တဲ့အထိ ရူးခဲ့တာပါ။ မန်းတက္ကသိုလ်နဲ့ အောင်ပင်လယ်ကိုတော့ နောက်မှ တွေ့ခဲ့ဘူးကြောင်းပါ။
ဆရာ့ပရိတ်သတ် ဖြစ်နေတဲ့ ကိုယ့်ကို ဘဘဦးစိန်သွင်က“သားရေ.. ဆရာ မကွေးရောက်သွားပြီ၊ ဆရာ ပုသိမ်ကိုပြောင်းသွားပြီ..” စသည်ဖြင့် အမြဲနှိုးဆော် တိုက်တွန်းခဲ့တာ ဘဘတို့ ပြည်က ရန်ကုန်ပြောင်းသွားတဲ့ ၁၉၇၁ခုနှစ် အထိပါပဲ။ အဲဒီနှစ် အောက်တိုဘာ(၂၄)ရက်နေ့မှာ သူငယ်ချင်းတွေကို သတိရလို့ ရန်ကုန်ကို သွားလည်ဖြစ်တော့လည်း ဘဘဦးစိန်သွင်က ဆရာကြီးနဲ့ပတ်သက်တဲ့ သတင်းတွေ အမြဲဝေမျှလျှက်ပဲ။
ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ အရှေ့ပိုင်း ဝတ္ထုတော်တော်များများဟာ ဘဘဦးစိန်သွင် စာအုပ်တွေပါပဲ။ (၆)တန်း(၇)တန်းလောက်မှာ ဆရာရဲ့ နာမည်ကျော် “နွေကန္တာဦး ထွက်လာတော့ တနိုင်ငံလုံး ဆရာ့ စာဖတ်ပရိတ်သတ် ဖြစ်ကုန်ကြတယ်။ နွေကနရာဦးထဲက နှင်းငွေတို့ နုနုငယ်တို့ ညွန့်မေတို့ ဘခက်တို့ စရိုက်တွေဟာ တကယ့်အပြင်မှာရှိတဲ့ ဇာတ်ကောင်တွေလို ကြွတက်နေတယ်။
ဆရာရဲ့ နာမည်ကျော် “စိမ်းနေဦးမည့်ကျွန်တော့်မြေ ဆို ဒေသစွဲလေးနဲ့ ဖတ်ရလို့ အင်မတန် စည်းစိမ်ရှိခဲ့ပါ့။ အဲဒီဝတ္ထု ဇာတ်သိမ်းခန်းလေးထဲက သန့်စင်(ဗိုလ်မှူးဝတ်စုံနဲ့) ရွာပြန်လာပြီး မယဉ်နွယ်ကိုတွေ့၊ သူတို့ညားကြလေသတည်းနဲ့ ဇာတ်သိမ်းလိုက်တော့ ကိုယ်လည်း ကြီးရင် စစ်ထဲဝင်ပြီး ရွာကချစ်သူဆီ ဝတ္ထုထဲကအတိုင်း ပြန်လာချင်စိတ်တွေ အဲဒီအရွယ်ထဲက စိတ်ကူးယဉ် ခဲ့ဘူးသေးတာပေါ့။
တပြည်သူမရွှေထားထွက်လာတော့ အထက်တန်းကျောင်းသား ဖြစ်နေပါပြီ။ ကိုယ်လည်း ပြည်သားဆိုတော့ ဆရာရေးလိုက်တဲ့ ဇာတ်ကွက်ထဲက နေရာလေးတွေ စိတ်မှန်းနဲ့ လိုက်ကြည့်ခဲ့ရအောင် ရူးခဲ့ဘူးပါတယ်။
ဘယ်လောက်ထိ ရူးသလဲဆို ဆရာ့ဝတ္ထုထဲက ကဗျာတွေ ရည်းစားစာ လုပ်ရေးဘူးသလို ဆရာ့ဝတ္ထုထဲက သီချင်းတွေ ကိုယ့်ဖါသာသံစဉ်ဖြည့်ပြီး သီချင်းလုပ်ဆို ခဲ့ဘူးတဲ့အထိပါပဲ။ (ပိတောက်နဲ့ကြိုပါမည်မာရီယာဝတ္ထုထဲက ဇာတ်လိုက် အင်္ဂလန်သံရုံး သင်္ကြန်မှာဆိုတဲ့ သီချင်းပေါ့။ ဧရာဝတီကို နောက်ခံထားပြီး အနောက်ဘက်ကမ်းက တန့်ကြည်တောင်ကိုငေးရင်း ဆိုလိုက်ရတာ တယ်အရသာ ရှိခဲ့ဘူးသဗျ။)
နောက်ရှိသေးတယ်။ “မိုးညအိပ်မက်မြူ ကို ညွန့်ဝင်းနဲ့ ရုပ်ရှင်ရိုက်ထားတာကြည့်ပြီး (ဒါရိုက်တာက ဘဘအေဝမ်းဦးတင်မောင်) ကိုသစ္စာအဖြစ် သရုပ်ဆောင်တဲ့ အခန်းမှာ ညွန့်ဝင်းဝတ်တဲ့ ပုံစံကိုခိုက်ပြီး တိုက်ပုံအကျÐ အမည်းကိုရှပ်အကျÐမပါပဲ စွပ်ကျယ်ခံပြီး ဝတ်ဘူးခဲ့တယ်။ ရူးခဲ့တာလေ။
ထူးခြားတာလေး ဖြည့်ပြီးနိဂုံးချုပ်ပါ့မယ်။
ဆရာ့စာအုပ်တွေ နှစ်နှစ်သက်သက် ဖတ်ဖြစ်ပေမယ့် တစ်အုပ်ကိုတော့ဖြင့် မျက်နှာဖုံးကြည့်ပြီး ဖတ်ဖို့ဘယ်လိုမှ ဝင်စားမရခဲ့ဘူး။ ဒါးတွေ မောက်တိုတွေနဲ့ မြင်းစီးစစ်သည် ပုံတွေကြည့်ပြီး ဆရာ့ဝတ္ထုဆိုတာ အနုအရွလေးတွေပဲ ဖတ်ပြီးခံစားချင်တာမို့ ဒီအတိုင်း ပစ်ထားလိုက်ပါတယ်။ ရာဇဝင်ဝတ္ထုမို့ ဖတ်ရမှာလည်း အဲဒီအရွယ်က ပျင်းတာလည်းပါတယ်။ နောက် ဖတ်စရာက လောလောလတ်လတ် မရှိတော့ဘူး ဖြစ်လည်းလာရော ပျင်းပျင်းနဲ့ စိတ်မပါလက်မပါ ကောက်ဖတ်ဖြစ်သွားတယ်။
သူ့ကျွန်မခံပြီ ပါတဲ့ဗျား။ ဖတ်နေရင်း ဝတ္ထုဆွဲဆောင်မှုကြောင့် တထိုင်တည်း လက်ကမချအောင် ဖတ်သွားဖြစ်တော့တယ်။ ကောင်းလိုက်တဲ့ ဝတ္ထုပါဗျာ။ ဆရာ့ဝတ္ထု မင်းဘာအကြိုက်ဆုံးလည်း လို့မေးလာရင် တော်တော်ဖြေရခက်ပါတယ်။ ဆရာကိုယ်တိုင်လည်း သူ့ရဲ့ ဘယ်စာအုပ်ဆိုတာ ပြောမသွားပါဘူး။ ကျွန်တော်ကတော့ ဆရာ့စာအုပ်တွေထဲက အကြိုက်ဆုံးတစ်အုပ် အတင်းရွေးခိုင်းလာရင်တော့ “သူ့ကျွန်မခံပြီ ကိုပဲပြချင်ပါတယ်။
ဆရာ့ ပရိတ်သတ်တစ်ယောက် အနေနဲ့ ဆရာ့ဝတ္ထု ဘယ်လောက်ကောင်းကြောင်း၊ ဆရာ့ဩဇာ မည်မျှလွှမ်းမိုးမှုရှိကြောင်း ပြောခဲ့ပါပြီ။ ရိုးသားစွာဝန်ခံရရင် ကိုယ် ဒီနေ့ဒီအခြေအနေရောက်အောင် ရပ်တည်နိုင်တာ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်ထဲကပေးတဲ့ အသိတရားတွေ တော်တော်များများ ပါပါတယ်။
လူငယ်တွေကို ပြောချင်တာကတော့ စာဖတ်တာ နည်းချင်နည်းပါစေ။ ဖတ်သမျှ စာထဲက ကိုယ့်အတွက် ဘာတွေ မှတ်သားစရာ ပါသလဲ။ ဘာတွေကို လိုက်နာ ကျင့်သုံးရမလဲ။ ဘာတွေကို ရှောင်ကြဉ်ရမလဲ ဆိုတဲ့အသိလေး ထားပြီး ဖတ်စေချင်တဲ့ စေတနာပါ။ အရေးအကြီးဆုံးက ကိုယ်ဖတ်နေတဲ့စာကို ရေးသူဟာ ဘာကိုညွှန်ပြချင်တာလည်း ဆိုတာ အတွေးနက်နက်နဲ့ မြင်အောင် ကြည့်တတ်ဖို့ပါပဲ။ ဆရာကြီး တပည့်ပီပီ.. မေတ္တာရည်၍..
                                                                                                        တင်ဝင်း(ပြည်)




Tuesday, February 2, 2016

ချိုင်းထောက်သုံးချောင်း

ကျွန်တော့်တွင် ချိုင်းထောက်(၃)ချောင်းရှိပါသည်။

သုံးချောင်းဟုဆိုလိုက်သောကြောင့် သုံးစုံမဟုတ်ကြောင်း သိနိုင်ပါသည်။ ကျွန်တော့်မှာ ခြေတစ်ဖက်မရှိသော်လည်း ကျန်ဘယ်ဖက်ခြေထောက်မှာ ခြေသလုံးရိုးနှစ်ခုစလုံး ကျေမွကျိုးပဲ့သွားသဖြင့် ချိုင်းထောက်ဖြင့်သွားဖို့ရာ မဖြစ်နိုင်ပါ။ (ဆေးရုံက ထိုခြေထောက်အတွက် ခြေအားပြုကိရိယာ တပ်ဆင်ပေးခဲ့ပါသည်။ ထိုအားပြုကိရိယာမှာ ပိုလီယိုဝေဒနာသည်များ လမ်းလျှောက်နိုင်ရန် တပ်ဆင်ပေးသည့် ပုံစံအတိုင်းဖြစ်ပြီး ကျွန်တော့်အတွက်တော့ ခြေထောက်ပုံစံအတိုင်း ပလပ်စတစ်လောင်းပြီး သံကိုင်းဖြင့် ထိန်းပေးထားသည် ပုံစံပြုလုပ်ပေးထားပါသည်။)

ထိုကြောင့် အားပြုကိရိယာနှင့် ခြေတုနှစ်ဖက်စလုံး တပ်ဆင်ပါမှ လမ်းလျှောက်၍ ရပါသည်။ ချိုင်းထောက်ဖြင့် သွားဖို့ရာ ဘယ်လိုမျှ မဖြစ်နိုင်ခဲ့ပါ။ နှစ်ကာလများကြာလာသည်နှင့် ကျွန်တော့်၏ခြေအားပြုကိရိယာမှာ ချို့ယွင်းပျက်စီး လာပါသည်။ တချိန်တွင် ဘေးမှထိန်းပေးသော သံကိုင်းကျိုးသွားပါသည်။ သက်တမ်း(၁၅)နှစ်လောက်မှာ ဖြစ်ပါသည်။  Welding ဖြင့် ပြန်ဆက်နိုင်မည် ဖြစ်သော်လည်း ခိုင်ခန့်နိုင်စွမ်းကို စိတ်မချနိုင်သလို အကာဖြစ်သော ပလပ်စတစ်ကလည်း အပူဒါဏ်ကို ခံနိုင်မည်မထင်ပါ။ စစ်ဆေးရုံရှိ ခြေတုလက်တုဌာနတွင်လည်း အဆိုပါဌာနစိတ် မရှိတော့ပါ။ တတ်ကျွမ်းနားလည်သော စစ်သည်များ အငြိမ်းစားယူသွားခဲ့ရာ ထိုနေရာတွင် အစားဝင်မည့်သူမရှိ၍ အလိုအလျှောက် ပျောက်သွားခြင်း ဖြစ်ပါသည်။

ကျွန်တော်လွန်စွာ စိတ်အားငယ် သွားခဲ့ပါသည်။ နောက်ဆုံး ဖြစ်ချင်ရာဖြစ်စေတော့ဟု စိတ်ပိုင်းဖြတ်ပြီး ခြေတုတပ်၍ အရိုးမဆက်သော ဘယ်ခြေအားကိုးဖြင့် လမ်းလျှောက်ကြည့်ရာ အဆင်ပြေသွားပါသည်။ အလွန်အန္တရာယ်များသော စွန့်စားမှုဖြစ်ပါသည်။ ခြေသလုံးရိုး(၂)ချောင်းစလုံးကျိုးနေသော ကျန်ခြေထောက်က ခြေတုတပ်ထားသော ညာခြေကို ဘယ်နည်းနှင့်မျှ ထောက်မနိုင်မည် မဟုတ်ပါ။ မယုံမရှိပါနှင့်။ ဒီပုံစံဖြင့် ကျွန်တော့်လက်ကျန်သက်တမ်းကို ကျော်ဖြတ်ခဲ့သည်မှာ အနှစ်(၂ဝ)ကျော်ခဲ့ပြန်ပါပြီ။ (တတ်ကျွမ်းနားလည်သော ဆရာဝန်က ဓါတ်မှန်ကော်ပြားကိုကြည့်ပြီး ခြေသလုံးရိုးအသေး၏အောက်ပိုင်းသည် အရိုးအကြီး၏အပေါ်ပိုင်းကို ထောင့်တန်းဖြတ်၍ ဆက်နေကြောင်းပြောပါသည်။ စိတ်တော့မချရပါ။)

ချိုင်းထောက်အကြောင်းဆက်ပါဦးမည်။

ဆိုခဲ့သလို ခြေတုမတတ်ပဲ လမ်းမလျှောက်နိုင်၊ မတ်တတ်မရပ်နိုင်ပါ။ ကျွန်တော့်ခြေအားပြုကိရိယာ မပျက်စီးခင် တစ်နှစ်လောက်က မိတ်ဆွေတစ်ဦးက ချိုင်းထောက်တစ်ဖက် လက်ဆောင်ယူလာပေးပါသည်။
ချိုင်းထောက်ဆိုသော်ငြား သစ်သားချိုင်းထောက် မဟုတ်မူပဲ သတ္ထုအပေါ့စား လက်ထောက်လေးဖြစ်ပါသည်။ မသန်စွမ်းသူတို့ အသုံးပြုရာတွင် ချိုင်းကိုဖိဖန်များလာပါက လက်မောင်းရင်းရှိ အကြောများ ထိခိုက်နိုင်သောကြောင့် လက်မောင်းကို အားပြုသုံးရန် စီစဉ်ထားပါသည်။ နှုတ်ကျိုးနေသဖြင့် သုံးရိုးသုံးစဉ် ချိုင်းထောက်ဟုပဲ ဆက်သုံးပါမည်။

သူကတော့ သူ့စေတနာအလျှောက် ဘဝတူခြင်း စာနာစိတ်ဖြင့် ပေးခြင်းဖြစ်ပါသည်။ ကိုယ့်မှာတော့ ဒီချိုင်းထောက်ကို ဘယ်နည်းနှင့်မျှ သုံးမရနိုင်၍ တော်ရာနေရာမှာ သိမ်းဆည်းထားလိုက်ပါသည်။ ခြေအားပြုကိရိယာ ပျက်စီးသွားစဉ်က ချိုင်းထောက်သုံး၍ လျှောက်ကြည့်စမ်းမည် စိတ်ကူးဖြင့် ပြန်ရှာခဲ့ဘူးပါသည်။ သုံးကြည့်တော့ ဘယ်လိုမျှမရပါ။ ကျွန်တော့်၏ တစ်ချောင်းတည်းသော ဘယ်ခြေမှာ မတ်တတ်ရပ်ရလောက်အောင် အားကိုးမရပါ။ ထိုပြင် ချိုင်းထောက်တစ်ဖက်တည်းနှင့် လမ်းသွားဖို့အတော်ခက်ခဲပါသည်။ကျွန်တော်ဆက်မကျိုးစားတော့ပါ။

လွန်ခဲ့သော (၃)နှစ်လောက်က ဖြစ်မည်။ သားငယ်က ချိုင်းထောက်တစ်ချောင်း ယူလာပါသည်။ သူ့စိတ်ကူးနှင့်သူ ဆေးဆိုင်က ဝယ်လာခြင်းဖြစ်ပါသည်။ သူရည်ရွယ်ရင်းက ကျွန်တော်ခြေတုသုံး လမ်းလျှောက်သည့်အခါ တုတ်အဖြစ် သုံးစေလိုရင်းဖြစ်သည်။ ကျွန်တော်က တုတ်ကောက်ဖြင့် အားပြုသွားနေရာ သူယူလာသောချိုင်းထောက်ဖြင့် လမ်းလျှောက်ရလျှင် ခရီးမတွင်နိုင်ပါ။ ထိုကြောင့် သားဝယ်လာသော ချိုင်းထောက်လေးကိုလည်း ယခင်ချိုင်းထောက်နည်းတူ ချောင်ထိုးထားလိုက်ရပါသည်။

ကျွန်တော်သည် အိမ်တွင် ဘီးတပ်လှည်းဖြင့် သွားလာလေ့ရှိပါသည်။ တစ်ရက်တွင် စိတ်ကူးပေါ်လာသဖြင့် ရှိနှင့်ပြီး ချိုင်းထောက်နှစ်ခုကို ထုတ်ပြီး စမ်းလျှောက်ကြည့်ပါသည်။ ရှိနေသော ခြေထောက်အပေါ် ကိုယ်ခန္တာအားပြုမထားပဲ ချိုင်းထောက်လက်ကိုင်ပေါ်မှာ မျှပြီး အားပြုကြည့်သည်။ မဆိုးဘူး။ လျှောက်လို့ရသား။ သို့သော် ချိုင်းထောက်နှစ်ခုနှင့် လမ်းလျှောက်ရာတွင် တည်းတည်းလေးကျန်သော ခြေထောက်အပေါ် အားပြု၍မရပဲ ချိုင်းထောက်လက်ကိုင်ပေါ်ကိုသာ အားပြုထားရပါသည်။ အလွယ်ဆိုရလျှင် လက်နှစ်ဖက်အားနှင့် လမ်းလျှောက်နေခြင်းမျှသာ။
ခြေတုတပ်ဆင် သွားလာရသည်မှာ အိနြေ္ဒရသည် မှန်သော်ငြား မိမိကိုယ်မှာ အချုပ်အနှောင်တစ်ခုနှင့် ချုပ်နှောင်ထားသလို ခံစားရသဖြင့် တော်ယုံတန်ယုံ သာမန်ကိစ္စကြီးငယ်လောက်ဆို ကျွန်တော် ချိုင်းထောက်နှစ်ဖက်ပဲ သုံးပါသည်။ အခမ်းအနား၊ မင်္ဂလာဆောင်ဆိုမှ ခြေတုဖြင့် သွားပါသည်။ ခရီးရှည်သွားလျှင်လည်း ခြေတုကိုဖြုတ်ပြီး လိုရာခရီးရောက်မှ ပြန်လည်တပ်ပါသည်။ ကိုယ့်ကားနှင့်ကိုယ် သွားလျှင်တော့ ချိုင်းထောက်ပဲသုံးပါ၏။ ခြေတုနှင့်သွားခြင်းသည် အိနြေ္ဒရသည် မှန်သော်ငြား စိတ်လွတ်လပ်မှု မခံစားရပါ။ ဗုဒ္ဓဘာသာပီပီ ဘုရားသွားကျောင်းတက်လျှင်လည်း ခြေတုနှင့် အဆင်မပြေပြန်။ (အကြောင်းမှာ ခြေတုတွင် ရှုးဖိနပ်ကို အမြဲတစေ ဝတ်ဆင်ထား၍ဖြစ်ပါသည်။) တော်ယုံလူရင်းမိတ်ဆွေတို့၏ အလှူအတန်းကိုလည်း ချိုင်းထောက်ဖြင့်သွားရလျှင် တင်ပျဉ်ခွေထိုင်ပြီး စားရသောက်ရတာ အဆင်ပြေပါသည်။ ဘုန်းကြီးကျောင်း၊ တရားရိပ်သာတွင်လည်း ချိုင်းထောက်နှင့် အတော်အဆင်ပြေပါသည်။

ကြားဖြတ် ပြောချင်ပါသေးသည်။ လူပုံအလယ် ခြေတစ်ဖက်မပါပဲ နေထိုင်သွားလာရတာ ကျွန်တော်တစ်ခါမျှ သိမ်ငယ်စိတ်၊ အားငယ်စိတ် မဖြစ်ဘူးပါ။ မိုင်းစထိစဉ်ကပင် ထိုအရှိတရားကို ကြိုးစားနှလုံးသွင်း ခဲ့ပြီးဖြစ်ပါသည်။ လောကဓံတရားကို ထိုကတည်းက အထိုက်အလျှောက် ဆင်ခြင်ခဲ့ဘူးပါ၏။

ပြန်ဆက်ရလျှင် ကျွန်တော်၏ ဒီဖက်ပိုင်း နေထိုင်သွားလာမှုတွင် ချိုင်းထောက်နှစ်ဖက်ကိုသာ အသုံးများလာပါသည်။ ယုတ်စွအဆုံး ကားမောင်းရာတွင်ပင် ခြေတုမသုံးဖြစ်တော့ သလောက်ပင်။

ခုမှ ကျွန်တော့်ချိုင်းထောက်နှစ်ခုကို ပြန်ကြည့်မိပါသည်။ ဖိနပ်စီးသူတို့စကားနှင့်ပြောရလျှင်“ကျွဲတစ်ဖက်၊ နွားတစ်ဖက်”။ ဟုတ်သည်။ ဦးဆုံးမိတ်ဆွေပေးသည့် ချိုင်းထောက်က ဒန်သတ္ထုစပ်ချိုင်းထောက်၊ သားငယ်ပေးသည့် ချိုင်းထောက်ကတော့ အမည်းရောင်အတိ။ ကျွန်တော်သတိမပြုမိ။ သို့သော်ကျွန်တော်၏ နေ့စဉ်သွားလာမှုသည် ဒီချိုင်းထောက်နှစ်ဖက်ဖြင့် အဆင်ပြေနေပါ၏။

တလောက ကျွန်တော့်အဘိုး အိပ်ရာပေါ်လဲပါသည်။ အတန်ငယ် ထူထူထောင်ထောင်ဖြစ်လာသောအခါ ရေမိုးချိုးဖို့၊ အလေးအပင်ကိစ္စဆောင်ရွက်ဖို့ အခက်အခဲရှိလာရာ ကျွန်တော်သုံးသော ဝှီးချဲလေးကို ခေတ္တငှါးလာပါသည်။ မပေးလို့လည်း မဖြစ်ပါ။ အဘိုးက ကျွန်တော့်ညီမနှင့် အတူနေပါသည်။ (ကျွန်တော့်မိဘများလည်း ညီမနှင့်ပဲ အတူနေပါသည်။) သူတို့အိမ်တွင် သက်ကြီးရွယ်အိုတွေချည်းပင်။ ထိုအခါ လှည်းကလေးနှင့်ဆို အတော်အဆင်ပြေပါလိမ့်မည်။ ထိုအချိန်က ညီမနှင့်သူ့ခင်ပွန်းကလည်း ရပ်ဝေးမှာ ရက်ရှည်ဆေးကုသမှု ခံနေချိန်လည်းဖြစ်သည်။

သည်လိုနှင့် ကျွန်တော့်ဝှီးချဲလေး အဘိုးဆီမှာ အနေကြာသွားသည်။ တညနေ ညီမဖြစ်သူက ဖုန်းဆက်ပြီး လှည်းပြန်လာယူနိုင်ပြီဖြစ်ကြောင်း ပြောသည်။ ကျွန်တော်ရောက်သွားတော့ ကားဂိုဒေါင်မှာ လှည်းကိုအဆင်သင့်တွေ့သည်။ ဘေးမှာ ချိုင်းထောက်တစ်ချောင်းလည်း တွေ့သည်။ အဘိုးအတွက် Wheel chair ဝယ်ရင်း ကျွန်တော့်အတွက် ချိုင်းထောက်တစ်ချောင်း အဆစ်ဝယ်လာခြင်း ဖြစ်သည်။ သူ့စိတ်ကူးနှင့်သူ ဝယ်လာခြင်းဖြစ်သော်ငြား ကျေးဇူးတင်ရပါသည်။ သည်ချိုင်းထောက်တစ်ဖက်က ကျွန်တော့်ထံတွင် ရှိပြီးဖြစ်သည့် ချိုင်းထောက်နှင့် အရောင်ရော၊ ပုံစံပါ နီးနီးစပ်စပ်တူပါသည်။ ချိုင်းထောက်“ကျွဲတဖက်၊ နွားတဖက်”မဖြစ်တော့ဘူးပေါ့။

သူတို့သုံးဦး၏ စေတနာကို အသိအမှတ်ပြုပါ၏။ လေးစားတန်ဖိုးထားပါ၏။ တစ်ယောက်နှင့်တစ်ယောက် နှစ်သက်မြတ်နိုးသောအရာ တူညီလိမ့်မည်မထင်ပါ။ ကျွန်တော်ကတော့ ချိုင်းထောက်တစ်ခု ပေးရကောင်းမှန်း စိတ်ကူးရသော ထိုပုဂ္ဂိုလ်များ၏ ကျေးဇူးကို အထူးအောက်မေ့ သတိရနေမည်သာ။

ဤစာရေးရင်း (၁၉၇၇) နှစ်ခန့်က ရေးခဲ့ဘူးသော သုံးကြောင်းကဗျာလေးကို သတိရဖြစ်အောင် ရလိုက်ပါသေးသည်။

                                           “သစ်သားချိုင်းထောက်”
                                                တစ်သက်လုံးပဲ

                                                တို့နဲ့တွဲလို့

                                                အမြဲလိုက်ခဲ့ပါတော့နော်။ ။