Thursday, May 5, 2016

“ ပိတောက်ပွင့်ဆဲ၊လသာဆဲပါဆရာ ”



ပိတောက်ဖလ်ဝါ၊သာသနာ၌

မဟာကရုဏာ၊ဓမ္မလမင်း

ထိန်ထိန်ဝင်း၏။

ဉာဏ်လင်းထိရောက်

အသိပေါက်က၊ပိတောက်ပွင့်ဆဲ

လသာဆဲပေ၊ခပဲလူသူ

ပူပူသမျှ၊ငြိမ်းအေးကြလော့

လာကြရှုကြ၊သံန္ဒိဌတည့်

ချစ်ရမုန်းရ၊ပြုံးငိုရနှင့်

ဖြစ်ရပျက်ပြန်၊ဝဲကိုလွန်မည်

နတ်ဟန်ချစ်သူ၊ပျိုမျစ်မူနှင့်

ခုတူမကွဲ၊တနေ့လွဲအံ့

နွေမွဲမြူပြာ၊ကမ္ပလာလျှင်

အဝိဇ္ဇာသင်တိုင်း၊မင်မဝိုင်းပြီ

လွမ်းတိုင်းမျက်ရည်မဝဲရစ်စေသော်။ ။


သင်္ကြန်ရက်များအတွင်း တရားရိပ်သာ ရောက်နေခဲ့ပါတယ်။ ရုံးဖွင့်အိမ်ရောက်တော့ တန်ခူးလပြည့်ဝန်းကြီး ထိန်ထိန်သာတာ မြင်လိုက်ပြီး ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ပိတောက်ပွင့်ဆဲ၊လသာဆဲဝယ်ဝတ္ထုကြီးထဲက ဇာတ်သိမ်းကို ဖြတ်ခနဲ သတိရတာနဲ့ ရေးတင်လိုက်မိတယ်။

ချာတိတ်ဘဝထဲက နှစ်သက်စွဲလမ်းခဲ့ရတဲ့ ဆရာမို့ သူ့ဝတ္ထုတွေကို စွဲစွဲလမ်းလမ်း ဖတ်ခဲ့တာပါ။ ကိုယ်ဖတ်တဲ့အချိန်က ဆရာ့ဝတ္ထုတွေက romantic တွေဆိုတော့ တအားခိုက်ခဲ့တာပေါ့။

တဖြည်းဖြည်းနဲ့ ဆရာ့ဝတ္ထုတွေက  romantic  ကနေ realism ဘက်ကို ပြောင်းလာတာ သတိပြုမိလာတယ်။ ဆရာ့ကျောင်းအုပ်ကြီး posting ကို လိုက်ပြောကြည့်မယ်ဆို မော်လမြိုင်တ္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွေ့တာဝန်ထမ်းဆောင်ချိန် ကာလများပေါ့။ ဆရာ့ဝတ္ထုဆိုရင် ဖတ်ပြီး လွမ်းမယ်၊ ဆွေးမယ်၊ ခံစားမယ် ဆိုတဲ့အသိနဲ့ ဖတ်တာဆိုတော့ ဝတ္ထုဆုံးသွားရင် ကိုယ်လိုချင်တဲ့ရသ မရလိုက်မှန်း သိသိနေတာပေါ့။စွန့်ခွါရသော နွေညများညနက်နက်မှာ လထွက်ခြင်းတို့က အစပြုခဲ့ပါတယ်။

တလောက မင်္ဂလာဆောင်တစ်ပွဲမှာ ဆရာမ ခင်ပန်နှင်းနဲ့ အမှတ်မထင် ဆုံကြရာ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုရှည်တွေအကြောင်း အလွတ်သဘော ပြောကြတော့ ကိုယ်ကဆရာ့ romantic ပရိတ်သတ်ပီပီ နောက်ပိုင်းဝတ္ထုတွေ ခံစားမှုရသ နည်းလို့ သိတ်မစွဲကြောင်း ပြောမိတယ်။ ဆရာမက ချက်ချင်းပဲ ဆရာ့ နောက်ပိုင်းဝတ္ထုတွေကမှ ပိုပြီးအနှစ်သာရ ပြည့်ကြောင်း စာအုပ်တအုပ်ချင်းကို ကိုးကားရှင်းပြတယ်။ တကယ်စာဖတ်တဲ့ သမ္ဘာကြီးတွေနဲ့ ယှဉ်ပြောတော့ ကိုယ်ညံ့တာ တော်တော်ကို သိသာသွားတယ်။

စောစောကပြောတဲ့ပိတောက်ပွင့်ဆဲ၊လသာဆဲဝယ်က ဆရာ ၁၉၇၄ ကရေးခဲ့တာပါ။ စာအုပ်ထွက်ထွက်ချင်း ဖတ်ခဲ့ရတယ်။ ဆရာ့ငယ်မူ လက်ရာပီပီ အလွမ်းအဆွေးများနဲ့ ဆိုတော့ တအားကြိုက်ခဲ့တာပေါ့။ အသက်နှစ်ဆယ်မပြည့်ခင်က ဖတ်ရတဲ့ဝတ္ထုကို ကြိုက်လွန်းလို့ အကြိမ်ကြိမ်(ယခုထိတိုင်) ပြန်ဖတ် ဖြစ်တဲ့အထိပါပဲ။

စောစောကပြောခဲ့သလို ဝတ္ထုဖတ်ပြီး ခံစားရတဲ့ ရသလေးကို နှစ်ခြိုက်နေရာက တစ်ခေါက်ပြီး တစ်ခေါက် ဖတ်ဖြစ်တယ်။ အဲဒီတော့မှ ဆရာကြီးပေးချင်တဲ့ အနှစ်သာရကို သဘောပေါက် လာမိတော့တယ်။

ဆယ်ကျော်သက် အရွယ်မှာတုံးက ပိတောက်ပန်းတွေပွင့်ရင် ခံစားရတဲ့ စိတ်ကူးလေးက ခတ်နုနုရယ်၊ အဲဒီလိုတန်ခူးလ ပိတောက်တွေပွင့်ချိန်မှာ လပြည့်ဝန်းကြီးကလည်း သာနေမယ်ဆို ရင်ထဲမှာ လွမ်းသလိုလို ဆွေးသလိုလို ကြီးခံစားဘူးကြမှာပါ။ ဆရာ့ဝတ္ထုဇာတ်လမ်းကလည်း အဲဒီတန်ခူးလပြည့်ည၊ ပိတောက်တွေ လှိုင်လှိုင်ပွင့်ချိန်မှာ စခဲ့တာပဲ။ ဆရာကြီးအရေးအသား အတိုင်းဆိုရရင် ..လွမ်းဖွယ်သော အနမ်းစုံတို့ကို အဖုံဖုံအလည်လည် တုန့်လှယ်ကြူမွှေး ချစ်ရေးပျူငှါ မေတ္တာတာရိုး အကျိုးကြီးကျိုးခဲ့..ကြသော ညပေါ့။
နောက်တော့ ဆရာကြီးပြနေတဲ့ လရောင်ဟာ ပီဘိအေးမြတဲ့ ဓမ္မရောင်ခြည်ဆိုတာ မြင်မြင်လာတယ်။ ပြီး ပွင့်နေတဲ့ ပိတောက်ဝါဝါဆိုတာတွေဟာလည်း သာသာနာ ဝါဝါလင်း နေတာပါလား ဆိုတာ တစ်ခေါက်ဖတ်ရင်း တစ်ခါပိုသိ လာရတယ်။ ဒါကြောင့်လည်းပိတောက်ဖလ်ဝါ၊ သာသနာ၌၊ မဟာကရုဏာ၊ ဓမ္မလမင်း၊ ထိန်ထိန်ဝင်း၏လို့ ဆိုပေတာပဲပေါ့။

အင်တာဗျူးတစ်ခုမှာ ဆရာတက္ကသိုလ်ဘုန်းနိုင်က ဒီဝတ္ထုရဲ့ ရည်ရွယ်ချက်ကိုက လူသားတစ်ဦး သံသရာက လွတ်မြောက်သွားပုံကို ရေးခဲ့တာလို့ ဆိုပါတယ်ဗျာ။ ပါရမီနည်းလေတဲ့ ကျွန်တော်တို့ကတော့ ချစ်ခြင်းမုန်းခြင်းတွေ မလွတ်မြောက်နိုင်သေးသမျှ သံသရာကြီးက ရှည်လျှား နေပေဦးမှာ အသေအချာပါပဲ။

မဆင်ငြင်းရင်လ

ပင်မင်းမှာမာလာသုဉ်းပေလိမ့်

ဘဝမှာပိတောက်တုံးရှာပေါ့

ဆံထုံးနောင်မပြင်နဲ့

တာသင်္ကြတစ်ခါသစ်မှာမို့

သံသရာဟိုတစ်ခေတ်မှာ

ကွယ်..လွမ်းရစ်တော့မငိုစတမ်း။







Wednesday, May 4, 2016

တက္ကသိုလ်ဘုန်းနိုင်စာအုပ်များကပေးသောအသိ

ဆရာကြီး (တက္ကသိုလ်ဘုန်းနိုင်) ဝတ္ထုကို စဖတ်ရတာ ဘေးတစ်အိမ်ကျော်က ဧရာဝတီရုံးမှာပါ။ ရုံးဆိုပေမယ့် နှစ်ထပ်တိုက်ခံအိမ်ကြီးရဲ့ အောက်ထပ်ကို ရုံးခန်းလုပ်ထားပြီး အပေါ်ထပ်မှာ ကိုယ်စားလှယ်ကြီးရဲ့ မိသားစုနေကြပါတယ်။ အသက်ငယ်သေးတော့ ဧရာဝတီရုံးလို့ အရပ်ထဲကခေါ်သလို ခေါ်ခဲ့ပေမယ့် တော်တော်ကြီးမှ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးရုံး ကိုခေါ်တာ ဖြစ်ကြောင်း သိခဲ့ရတယ်။
ထိုနည်းတူပါပဲ။ ကိုယ်စားလှယ်ကြီးလို့ အရပ်ထဲက ခေါ်ကြတဲ့ ကိုယ်စားလှယ်ကြီးရဲ့ ရာထူးတာဝန်က ပို့ဆောင်ရေးမန်နေဂျာကို ခေါ်မှန်း ကလေးတုံးက မသိခဲ့ရပါ။ ကိုယ်စားလှယ်ကြီးရဲ့ နာမည်ကဦးစိန်သွင်ဖြစ်ပြီး သူ့သားနှစ်ယောက်နဲ့ ကိုယ်က အတန်းတူ ကစားဘက်တွေမို့ ဧရာဝတီရုံးကို မကြာမကြာ သွားကစားပါတယ်။ ရံဖန်ရံခါ နွေကျောင်းပိတ်ရက်မှာ ဘဘဦးစိန်သွင် ကိုယ်တိုင်ဖြစ်ဖြစ်၊ ဘဘသမီး (ကျွန်တော်တို့အခေါ်) မမမိက ကျောင်းစာလည်း သင်ပေးလေ့ရှိပါတယ်။
ဧရာဝတီရုံးမှာ ဆော့ရင်းကစားရင်း ကလေးဂျာနယ် တွေဖတ်၊ အခြားစာအုပ်လေးတွေ ဖတ်ရာက တနေ့မှာ ဝတ္ထုတိုစာအုပ်လေးတစ်အုပ် ဖတ်ဖြစ်သွားပါတယ်။ (ဘဘဦးစိန်သွင်ဟာစာဖတ်ဝါသနာကြီးသူမို့ ကိုယ်ပိုင်စာကြည့်တိုက် ဖွင့်ထားသူဖြစ်တာမို့ စာအုပ်တော်တော်များများ သူ့စာကြည့်တိုက်မှာ ရှိပါတယ်။ သူ့စာအုပ်တိုင်း တံဆိပ်ဝိုင်းလေး ထုထားပြီးမောင်စိန်သွင်၊ ကိုယ်ပိုင်စာကြည့်တိုက် ဆိုတဲ့စာသားလေး ရိုက်ထားတာ မှတ်မိနေတယ်။)
စာအုပ်က ဝတ္ထုစာအုပ်၊ ရေးသူက တက္ကသိုလ်ဘုန်းနိုင်။ ဝတ္ထုတိုစုစည်းမှု ဖြစ်မယ်။ မှတ်မိသလောက်..နှင်းရက်ကြွေစော၊ပိတောက်နှင့်ကြိုပါမည် မာရီယာ၊ အောင်ပင်လယ်မတော့ နေညိုခြောက်ခဲ့ပြီ၊ မုန်းရစ်လေဦး.. တို့ဆက်တိုက် ဖတ်ဖြစ်ပြီး ဘုန်းနိုင်ပရိတ်သတ် ဖြစ်သွားတာပါပဲ။ အဲဒီကတဆင့် လုံးချင်းဝတ္ထုကြီးတွေ ဖတ်ဖြစ်တော့ ဆရာ့ဩဇာဟာ ကိုယ့်အပေါ် လွှမ်းမိုးမှုရှိလာမှန်း သတိမပြုမိပေမယ့် ဘဘဦးစိန်သွင်ကို “ဘဘ၊ သားဆယ်တန်းအောင်ရင် ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ကျောင်းမှာ စာသင်ချင်တယ်လို့ပြောမိတယ်။ ဘဘကလည်းငါ့သား၊ စာသာကြိုးစား။ ဘဘမင်းကို ဆရာဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်) ဆီပို့ပေးမယ်လို့ ပြန်ပြောပါတယ်။ အဲဒီကာလက ဆရာက မန္တလေးတက္ကသိုလ်မှာမို့ ကိုယ့်စိတ်ကူးက မန္တလေးတက္ကသိုလ်ကျောင်းသားပဲ ဖြစ်ချင်နေတယ်။ ဆရာ့ဝတ္ထု နောက်ခံနေရာကလည်း မန္ထလေးတက္ကသိုလ်တွေ များတယ်။ အောင်ပင်လယ်တို့၊ ရေနီမြောင်းတို့၊ တောင်သမန်တို့ ဆိုတဲ့နေရာတွေကို ဆရာ့ဝတ္ထုထဲက လှမ်းကြည့်ပြီး တအား ရောက်ဘူးချင် ခဲ့ရတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ မန္တလေးတက္ကသိုလ် နောက်ခံရုပ်ရှင်ဇာတ်မြူးတစ်ကားမေတ္တာပုလဲသွယ်ကြည့်ပြီး မန္တလေးတက္ကသိုလ်ပိုးတွေ ပိုထလာတယ်။ မင်းသားက ညွန့်ဝင်းနဲ့ မင်းသမီးက ခင်သန်းနု။ အဲဒီရုပ်ရှင်ထဲက စာသင်ဆောင်အဆင်း လှေကားကျယ်ကြီးမှာ ညွန့်ဝင်းတို့ ကျောင်းသားတသိုက် ပျော်ပါးစွာ ကျောင်းတက်နေတာ မြင်ရဘူးတယ်။
ဆရာကြီး အမျိုးသားစာပေဆု ရသွားတဲ့နှင်းငွေ့တထောင့်၊မိုးတမှောင့်မှာ ဆရာ့ ဇာတ်လိုက် မင်းသမီး မွန်မွန်သီချင်းဆိုတဲ့ ဇာတ်ခုံဟာမေတ္တာပုလဲသွယ်ဇာတ်ကားထဲက လှေကားခုံပဲ ဆိုတာစိတ်မှန်းနဲ့ လှမ်းမြင်ခဲ့ဘူးတယ်။
၁၉၇၃ခုနှစ် မေမြို့ကို ကျောင်းတက်ဖို့အသွား၊ မန္တလေးမှာ တထောက်နားတော့ ဆရာရေးပြတဲ့ ရေနီမြောင်းတို့၊ တောင်သမန်တို့ကို ရောက်အောင် သွားကြည့်တဲ့အထိ ရူးခဲ့တာပါ။ မန်းတက္ကသိုလ်နဲ့ အောင်ပင်လယ်ကိုတော့ နောက်မှ တွေ့ခဲ့ဘူးကြောင်းပါ။
ဆရာ့ပရိတ်သတ် ဖြစ်နေတဲ့ ကိုယ့်ကို ဘဘဦးစိန်သွင်က“သားရေ.. ဆရာ မကွေးရောက်သွားပြီ၊ ဆရာ ပုသိမ်ကိုပြောင်းသွားပြီ..” စသည်ဖြင့် အမြဲနှိုးဆော် တိုက်တွန်းခဲ့တာ ဘဘတို့ ပြည်က ရန်ကုန်ပြောင်းသွားတဲ့ ၁၉၇၁ခုနှစ် အထိပါပဲ။ အဲဒီနှစ် အောက်တိုဘာ(၂၄)ရက်နေ့မှာ သူငယ်ချင်းတွေကို သတိရလို့ ရန်ကုန်ကို သွားလည်ဖြစ်တော့လည်း ဘဘဦးစိန်သွင်က ဆရာကြီးနဲ့ပတ်သက်တဲ့ သတင်းတွေ အမြဲဝေမျှလျှက်ပဲ။
ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ အရှေ့ပိုင်း ဝတ္ထုတော်တော်များများဟာ ဘဘဦးစိန်သွင် စာအုပ်တွေပါပဲ။ (၆)တန်း(၇)တန်းလောက်မှာ ဆရာရဲ့ နာမည်ကျော် “နွေကန္တာဦး ထွက်လာတော့ တနိုင်ငံလုံး ဆရာ့ စာဖတ်ပရိတ်သတ် ဖြစ်ကုန်ကြတယ်။ နွေကနရာဦးထဲက နှင်းငွေတို့ နုနုငယ်တို့ ညွန့်မေတို့ ဘခက်တို့ စရိုက်တွေဟာ တကယ့်အပြင်မှာရှိတဲ့ ဇာတ်ကောင်တွေလို ကြွတက်နေတယ်။
ဆရာရဲ့ နာမည်ကျော် “စိမ်းနေဦးမည့်ကျွန်တော့်မြေ ဆို ဒေသစွဲလေးနဲ့ ဖတ်ရလို့ အင်မတန် စည်းစိမ်ရှိခဲ့ပါ့။ အဲဒီဝတ္ထု ဇာတ်သိမ်းခန်းလေးထဲက သန့်စင်(ဗိုလ်မှူးဝတ်စုံနဲ့) ရွာပြန်လာပြီး မယဉ်နွယ်ကိုတွေ့၊ သူတို့ညားကြလေသတည်းနဲ့ ဇာတ်သိမ်းလိုက်တော့ ကိုယ်လည်း ကြီးရင် စစ်ထဲဝင်ပြီး ရွာကချစ်သူဆီ ဝတ္ထုထဲကအတိုင်း ပြန်လာချင်စိတ်တွေ အဲဒီအရွယ်ထဲက စိတ်ကူးယဉ် ခဲ့ဘူးသေးတာပေါ့။
တပြည်သူမရွှေထားထွက်လာတော့ အထက်တန်းကျောင်းသား ဖြစ်နေပါပြီ။ ကိုယ်လည်း ပြည်သားဆိုတော့ ဆရာရေးလိုက်တဲ့ ဇာတ်ကွက်ထဲက နေရာလေးတွေ စိတ်မှန်းနဲ့ လိုက်ကြည့်ခဲ့ရအောင် ရူးခဲ့ဘူးပါတယ်။
ဘယ်လောက်ထိ ရူးသလဲဆို ဆရာ့ဝတ္ထုထဲက ကဗျာတွေ ရည်းစားစာ လုပ်ရေးဘူးသလို ဆရာ့ဝတ္ထုထဲက သီချင်းတွေ ကိုယ့်ဖါသာသံစဉ်ဖြည့်ပြီး သီချင်းလုပ်ဆို ခဲ့ဘူးတဲ့အထိပါပဲ။ (ပိတောက်နဲ့ကြိုပါမည်မာရီယာဝတ္ထုထဲက ဇာတ်လိုက် အင်္ဂလန်သံရုံး သင်္ကြန်မှာဆိုတဲ့ သီချင်းပေါ့။ ဧရာဝတီကို နောက်ခံထားပြီး အနောက်ဘက်ကမ်းက တန့်ကြည်တောင်ကိုငေးရင်း ဆိုလိုက်ရတာ တယ်အရသာ ရှိခဲ့ဘူးသဗျ။)
နောက်ရှိသေးတယ်။ “မိုးညအိပ်မက်မြူ ကို ညွန့်ဝင်းနဲ့ ရုပ်ရှင်ရိုက်ထားတာကြည့်ပြီး (ဒါရိုက်တာက ဘဘအေဝမ်းဦးတင်မောင်) ကိုသစ္စာအဖြစ် သရုပ်ဆောင်တဲ့ အခန်းမှာ ညွန့်ဝင်းဝတ်တဲ့ ပုံစံကိုခိုက်ပြီး တိုက်ပုံအကျÐ အမည်းကိုရှပ်အကျÐမပါပဲ စွပ်ကျယ်ခံပြီး ဝတ်ဘူးခဲ့တယ်။ ရူးခဲ့တာလေ။
ထူးခြားတာလေး ဖြည့်ပြီးနိဂုံးချုပ်ပါ့မယ်။
ဆရာ့စာအုပ်တွေ နှစ်နှစ်သက်သက် ဖတ်ဖြစ်ပေမယ့် တစ်အုပ်ကိုတော့ဖြင့် မျက်နှာဖုံးကြည့်ပြီး ဖတ်ဖို့ဘယ်လိုမှ ဝင်စားမရခဲ့ဘူး။ ဒါးတွေ မောက်တိုတွေနဲ့ မြင်းစီးစစ်သည် ပုံတွေကြည့်ပြီး ဆရာ့ဝတ္ထုဆိုတာ အနုအရွလေးတွေပဲ ဖတ်ပြီးခံစားချင်တာမို့ ဒီအတိုင်း ပစ်ထားလိုက်ပါတယ်။ ရာဇဝင်ဝတ္ထုမို့ ဖတ်ရမှာလည်း အဲဒီအရွယ်က ပျင်းတာလည်းပါတယ်။ နောက် ဖတ်စရာက လောလောလတ်လတ် မရှိတော့ဘူး ဖြစ်လည်းလာရော ပျင်းပျင်းနဲ့ စိတ်မပါလက်မပါ ကောက်ဖတ်ဖြစ်သွားတယ်။
သူ့ကျွန်မခံပြီ ပါတဲ့ဗျား။ ဖတ်နေရင်း ဝတ္ထုဆွဲဆောင်မှုကြောင့် တထိုင်တည်း လက်ကမချအောင် ဖတ်သွားဖြစ်တော့တယ်။ ကောင်းလိုက်တဲ့ ဝတ္ထုပါဗျာ။ ဆရာ့ဝတ္ထု မင်းဘာအကြိုက်ဆုံးလည်း လို့မေးလာရင် တော်တော်ဖြေရခက်ပါတယ်။ ဆရာကိုယ်တိုင်လည်း သူ့ရဲ့ ဘယ်စာအုပ်ဆိုတာ ပြောမသွားပါဘူး။ ကျွန်တော်ကတော့ ဆရာ့စာအုပ်တွေထဲက အကြိုက်ဆုံးတစ်အုပ် အတင်းရွေးခိုင်းလာရင်တော့ “သူ့ကျွန်မခံပြီ ကိုပဲပြချင်ပါတယ်။
ဆရာ့ ပရိတ်သတ်တစ်ယောက် အနေနဲ့ ဆရာ့ဝတ္ထု ဘယ်လောက်ကောင်းကြောင်း၊ ဆရာ့ဩဇာ မည်မျှလွှမ်းမိုးမှုရှိကြောင်း ပြောခဲ့ပါပြီ။ ရိုးသားစွာဝန်ခံရရင် ကိုယ် ဒီနေ့ဒီအခြေအနေရောက်အောင် ရပ်တည်နိုင်တာ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်ထဲကပေးတဲ့ အသိတရားတွေ တော်တော်များများ ပါပါတယ်။
လူငယ်တွေကို ပြောချင်တာကတော့ စာဖတ်တာ နည်းချင်နည်းပါစေ။ ဖတ်သမျှ စာထဲက ကိုယ့်အတွက် ဘာတွေ မှတ်သားစရာ ပါသလဲ။ ဘာတွေကို လိုက်နာ ကျင့်သုံးရမလဲ။ ဘာတွေကို ရှောင်ကြဉ်ရမလဲ ဆိုတဲ့အသိလေး ထားပြီး ဖတ်စေချင်တဲ့ စေတနာပါ။ အရေးအကြီးဆုံးက ကိုယ်ဖတ်နေတဲ့စာကို ရေးသူဟာ ဘာကိုညွှန်ပြချင်တာလည်း ဆိုတာ အတွေးနက်နက်နဲ့ မြင်အောင် ကြည့်တတ်ဖို့ပါပဲ။ ဆရာကြီး တပည့်ပီပီ.. မေတ္တာရည်၍..
                                                                                                        တင်ဝင်း(ပြည်)