Friday, December 14, 2018

ကျွန်တော်တို့ အားလုံး၏ သရေခေတ္တရာ (Zawgyi Version) တက္ကသိုလ်ဘုန်းနိုင်


ဤကမ္ဘာပေါ်၌ အဘယ်လူမျိုးသည် မိမိတို့၏ သမိုင်းဦးအစကို အတိအကျ အခိုင်အလုံ ပြည့်ပြည့်စုံစုံ ကုန်ကုန်စေ့စေ့ သိလေကြပါသနည်း။

သမိုင်းအရုဏ်ဦး မှုန်မှုန်အချိန်အခါက ဘဝနိမိတ္တ တို့ကို သားစဉ်အဆက်ဆက် မပျက် မပြောခဲ့သည့် သမနိရှည်သော အဘယ်လူမျိုး ရှိသနည်း။

အမှန်တရားဆိုသည်မှာ ကျောက်သားများ၊ ပျဉ်ပြားများ၊ မြေသားတွင်းမှ ကြွင်းကျန်ပစ္စည်းများ တို့၌သာ တွေ့ရပါသလား။

အသက်ရှည်သော လူမျိုးတို့အလယ်တွင် အသက်ရှင်သော လူက အသက်ရှိသောလူကိုပင် ထပ်ဆင့် လက်ကမ်း ပေးအပ်ခဲ့သဖြင့် သွေးထဲသားထဲ ခန္ဓာထဲတွင် ဆတ်ဆတ်လတ်လတ် ရှင်သန်ကျန်နေသည့် အမှန်တရား တစ်မျိုးကော မရှိဘူးလား။အဲသည်အမှန်တရားမျိုးကို စကားတန်ဆာအဖြစ် တင်စားလျှက် စာပေ၌တော့ ‘ဝိညာဉ်ဟုခေါ်သည်။

လူမျိုးတစ်မျိုး၏ဝိညာဏ် (The soul of a people)

ဝိညာဉ်ရှိသောမြို့ (City with a soul)

ဤသို့သော အသုံးတွေရှိသည်။ ကျွန်တော်တို့မြန်မာလူမျိုးက ဝိညာဉ်ရှိသောလူမျိုး။

ကျွန်တော်တို့မြေပေါ်၌ ဝိညာဉ်ရှိသောမြို့အများရှိနေသည်။

ကျွန်တော်တို့၏ ‘သရေခေတ္တရာ ‘ကား ဤသို့လျှင် ဝိညာဉ်ရှိသောမြို့။အေသင်းဇ် ( Athens ) ဟုခေါ်ကြသော အားသီးနို ( Athenai ) ခေါမမြို့ ရောမဟုကျွန်တော်တို့ကခေါ်သော ရုမ်း  ( Rome) မြို့တို့ကဲသို့ပင် ပါဠိဘာသာဖြင့် သီရိခေတ္တ( Srikhetta )ဟုခေါ်သော ကျွန်တော်တို့၏ သရေခေတ္တရာမြို့မှာလည်း ဝိညာဉ်ရှိသည်။

ဪ…..ရောမမြို့ကို ထာဝရမြို့ကြီး( Eternal City ) ဟု သူတို့ခေါ်ကြသည်။

ဟုတ်ကဲ့…ကျွန်တော်တို့၏ သရေခေတ္တရာမြို့ကိုလည်း ထာဝရမြို့ကြီးဟု ကျွန်တော်တို့၏ အတိုင်းအတာနှင့် ကျွန်တော်တို့ခေါ်နိုင်သည်။

အမရာဝတီ.....သေခြင်းမရှိသောမြို့။ ဖီးနစ်(ခ)(စ်)မြို့( Phoenix City ) အမြဲပြန်ရှင်ဝိညာဉ်မပြတ်သောမြို့။

ဤသို့…ဤသို့လည်း ခေါ်နိုင်သည်။ 



                                                   (၂)


ကျွန်တော်သည် သမိုင်းပညာကို စနစ်တကျ သင်ဖူးပါသည်။သိပ္ပံနည်းကျ သမိုင်းပညာကသုံးသော နည်းစနစ်နှင့် ယုတ္တိပညာကိုလည်း လေးစားပါသည်။

သို့ရာတွင် ကျွန်တော်က စာရေးဆရာ ကဗျာဆရာလည်း ဖြစ်လေသည်။သည်တော့ အသိဉာဏ်အမှန်တရား (Truth of intellect ) ကို လေးစားသကဲသို့ ခံစားမှုအမှန်တရား( Truth of Feeling) ကိုလည်း လက်ခံသည်။အထူးသဖြင့် အခြားနည်းနှင့် ပြော၍မရသောကြောင့်  မာယာစနစ်၊နိမိတ်ပုံစနစ်တွေနှင့် ပြောရသည့်ကဗျာသစ္စာ( Poetic truth) ကိုနားလည်သည်။ ကဗျာသစ္စာက ဘဲလ်တီယင် ( Beltion) ဟု အရစ္စတိုတယ်လ်ခေါ်သည့် ပိုမိုမြင့်မားသောအမှန်တရား  (Higher Reality) ကိုပြောပြတတ်သည်။

ဟစ်စတရီ( History ) ဟုခေါ်သော သမိုင်းပညာက လူသမိုင်းကို အသိဉာဏ် အမှန်တရားရှုထောင့်မှ ချဉ်းကပ်ပြီးပြောပြသည်။

ခက်သည်ကား...လူဆိုသည်က သမိုင်းပညာ မပေါ်မီကတည်းက ရှိနေသည်။သမိုင်းပညာ လက်လှမ်းမမီရာ ဟိုမှာဘက် အချိန်များကတည်းက လူ့ အဖြစ်အပျက် တွေကရှိနေသည်။သမိုင်းအထောက်အထား ကွင်းဆက်လေးတွေ ပျောက်နေသော်လည်း လူမျိုးနွယ် အစဉ်အဆက်က မပြတ်ဘဲရှိနေသည်။

လူဟူသည်ကား...လူဖြစ်ကတည်းက သိတတ်၊ခံစားတတ်သည်။သူသိမှု ခံစားမှုတွေကို သူ့ဦးနှောက်နှင့် သူ့စိတ်တွင်းမှာ မှတ်တမ်းတင်ထားသည်။ခံ့ခံ့ညားညား ပြောရလျှင် လူမှာက သညက္ခန္ဓာနှင့် ဝေဒနက္ခန္ဓာ တွေရှိသည်။ ခန္ဓာပရမတ်ဟုခေါ်သည်။

လူဟူသည်ကား အံ့ဩဖွယ်ဖြစ်သည်။ပရမတ်တွေကို ပညတ်တင်ပြောပြနိုင်ရန် သူ့မှာစကားလည်းရှိသည်။ရိုးရိုးစကားသာမက ကဗျာဘာသာစကား( Poetic Language )ကိုပါ လူကတတ်သည်။

                Poetry is older than literature_

‘ကဗျာသည် စာပေထက် ဝါကြီးသည်’ ဟူသော ကမ္ဘာ့စာပေ သမိုင်းပညာရှင်တို့၏ အဆိုအမိန့်ရှိသည်။

အက္ခရာလေးတွေ မပေါ်မီ၊ အက္ခရာလေးတွေကို ဟိုဟာထက် သည်ဟာထက် မတင်တတ်မီကတည်းက...ကဗျာဆိုသည်က ရှိနှင့်ပြီးပြီ။

ကဗျာကို နှုတ်နှင့်ရွတ်သည်။ မိမိနှုတ်မှ သူ့နှုတ်ဆီ တစ်ဆင့်ကူးပေးသည်။

ကဗျာဆိုသဖြင့် ကာရန်တွေ၊နဘေတွေ၊အချိုးတွေ အအုပ်တွေ၊ အချီတွေ အချတွေနှင့် အဆင့်ဆင့် ပြောင်းလဲမှုအစဉ်၏ နောက်ဆုံးအဆင့်မှ ကဗျာပုံသဏ္ဍာန်တွေကိုချည်း ပြေးမကြည့်စေလိုပါ။

ကဗျာစကားဖြင့်ပြောသော ကဗျာဆိုသည်က မာယာစနစ်တွေ နိမိတ်ပုံစနစ်တွေနှင့် ကဗျာသစ္စာကို ပြောသည်။ပိုမိုမြင့်မားသော အမှန်တရားကိုဖေါ်ပြသည်။

အင်္ဂ လိပ်စာဆိုကြီး ဝါဒ်စ်ဝါတ်သ် (Wordsworth) က၊ ကဗျာဆိုသည်မှာ

“ truth…Carried alive into hearten by passion “

"ခံစားမှု၏အစွမ်းဖြင့် အမှန်တရားကို အရှင်လတ်လတ် နှလုံးသားဆီသို့ ဆောင်ပို့သည်။”

ဟုဆိုခဲ့သည်။
ကျွန်တော်က ယခုကျွန်တော်၏ ချစ်လှစွာသော သရေခေတ္တရာ မြို့ကြီးအကြောင်းကို ပြောပြပါမည်။
ကဗျာသစ္စာအဖြစ်...
ပိုမိုမြင့်မားသော အမှန်တရားအဖြစ်
နှလုံးသား၌ တည်နေသော အရှင်လတ်လတ်
အမှန်တရားအဖြစ်....
ဝိညာဉ်ရှိသော ကျွန်တော်တို့၏ မြို့ကြီးအကြောင်းကို ပြောပြပါမည်။



                                                            (၃)


သမိုင်းအရုဏ်ဦးမှုန်မှုန်....

ဟုတ်ကဲ့….သမိုင်းပညာက လက်လှမ်းမမီသော သမိုင်းအရုဏ်ဦးမှုန်မှုန်ဆိုသည်ကရှိသည်။အထက်၌ ကျွန်တော်တင်ပြခဲ့ပြီးသော ‘သမနိရှည်သော'လူမျိုးတိုင်းမှာရှိသည်။

လူ့ဦးနှောက်နှင့် စိတ်က သမိုင်းဦးကို မှတ်တမ်းတင်သောပစ္စည်း။လူ့ သညက္ခန္ဓာ နှင့် ဝေဒနက္ခန္ဓာတွေက သမိုင်းဦးချိန်က လူ့ဇာတ်လမ်း။သားစဉ်မြေးဆက်...သူ့နှုတ်မှ ကိုယ့်နှုတ်ဆီ အဆင့်ဆင့်ကူးပို့လိုက်သည်တို့က လူ့သမိုင်းဦးမှတ်တမ်း။

ဦးနှောက်မှသည် ဦးနှောက်..။စိတ်မှသည်စိတ်...။နှလုံးသားမှသည် နှလုံးသား။

အဲသည်မှတ်တမ်းမျိုးကို မစ်သ်( myth)ဟုခေါ်သည်။
မစ်သ်သည်ပုံပြင်မဟုတ်ပါ...။
ဤအချက်ကိုတော့ အလေးအနက် စတင်ပြောထားချင်သည်။

သူတို့စကားတွင်လည်းတေးလ် ( tale)၊ ဖေးဘယ်လ်( Fable) ဟူသော စကားတွေရှိသည်။ပုံပြင်တွေ ဒဏ္ဍာရီတွေကိုခေါ်သည်။

မစ်သ် ဟူသည်ကား....

မူလဖန်တီးသူ မည်သူမှန်းမသိသည့် အစဉ်အလာ ယုံကြည်ပြောဆိုကြသော အဖြစ်အပျက် ဇာတ်လမ်းဖြစ်သည်။သမိုင်းအခြေခံရှိသည့် သဘောနှင့်ပြောသည်။စင်စစ်ကား (၁) သဘာဝကြီး၌ ဖြစ်ပေါ်ခဲ့ဘူးသည့် အကြောင်းအရာများ (၂) လူမျိုးတစ်မျိုး၏ အမွန်အစ အဖြစ်ဦးများ၊ထုံးတမ်းများ၊အစဉ်အလာများ၊ဘာသာရေး ထုံးနည်းစနစ်များ စသည်တို့ကို မစ်သ်များက ရှင်းပြကြသည်’

ဟုအဓိပ္ပါယ်ဖွင့်ဆိုသည်။
မစ်သ်များတွင် တန်ခိုးရှင်များ၊ဘုန်းရှင်ကံရှင်များအကြောင်း ပါတတ်သည်ဟုလည်း ဆက်၍ဖွင့်ဆိုသည်။

မစ်သ်နှင့် အဓိပ္ပါယ်ဆင်သော စကားတစ်လုံးလည်းရှိသေးသည်။လက်ဂျင်း( Legend)ဟူ၏။

လက်ဂျင်းဟူသည်ကား....

‘လူမျိုးတစ်မျိုးအလယ်၌ သားစဉ်မြေးဆက်ဆင့်ကာ ဆက်ကာ လက်ဆင့်ကမ်း ပြောဆိုလာသော အံ့ဖွယ် အဖြစ်အပျက် ဇာတ်လမ်းဖြစ်သည်။သမိုင်းအခြေခံရှိသည်ဟု လူအများ ယုံကြည်ကြသော်လည်း သက်သေခံအထောက်အထားပြရန်ခက်သည်။’
                                                    ဟုအဓိပ္ပါယ်ဖွင့်ဆိုသည်။

ကမ္ဘာ၌ အီဂျစ်မစ်သ်၊ဟိန္ဒူမစ်သ်၊ဘေဘီလုံးမစ်သ်၊ခေါမမစ်သ် စသည်ဖြင့် ...မစ်သ်တွေရှိသည်။တစ်ခါတစ်ရံ မစ်သ်အတွင်း၌  လက်ဂျင်းတွေပါပြီး လက်ဂျင်းကလည်း မစ်သ် ဆန်ဆန်ပြောတတ်သည်။မစ်သ်နှင့်လက်ဂျင်းကို တိတိပပ ခွဲခြမ်းရန် မလွယ်လှပါ။

မြန်မာ၌လည်း မြန်မာမစ်သ်တွေ...သို့မဟုတ် မစ်သ်ဆန်သော လက်ဂျင်းတွေရှိသည်။

အထူးသဖြင့် မြန်မာနိူင်ငံတွင် ရွှေတိဂုံသမိုင်း၊ကျိုက်ခေါက်သမိုင်း၊ကျိုက်ထီးရိုးသမိုင်း၊မြသိတင်ဘွဲ့တော်ရှိ ပြည်ရွှေဆံတော်...စသည့် ဘုရားသမိုင်းတွေရှိသည်။ဘုရားသမိုင်းတွေက ဘုရားအကြောင်းတွင်မက ထိုဘုရားတည်ချိန်၌ ထိုဘုရားတည်ရှိရာ လူတွေအကြောင်းကိုလည်း ပြောပြသည်။မမေ့နိုင်ဖွယ် လွမ်းဖွယ်၊တသဖွယ်၊ဂုဏ်ယူဖွယ်၊ သံဝေဂ နှင့်သင်ခန်းစာယူဖွယ်ရာတွေကို ရသပြည့်ပြည့် ဂုဏ်မြောက်မြောက်နှင့် ပြောပြသည်။

သူတို့နိုင်ငံတွေမှာတော့ မစ်သ်တွေ၊လက်ဂျင်းတွေကို နောင်သော် ပထမ နှုတ်ဖြင့်နှုတ်...’ဘာဏကစနစ်' ဖြင့်ဖြန့်ချီသည့်ကဗျာ၊ထိုမှတစ်ဆင့် အက္ခရာတင်ရေးသည့် ကဗျာကြီးများအဖြစ် ဖွဲ့စပ်ကြသည်။ထိုကဗျာမျိုးတို့ကို အက်ပစ် ( Epic ) ကဗျာကြီးများဟု ခေါ်ကြသည်။မော်ကွန်းကဗျာကြီးများဟု ဘာသာပြန်ရမည်ထင်သည်။

ခေါမတို့၏ အိလိယက်ဒ်( Iliad )၊အော့ဒဆီ( Odyssey ) ရောမတို့၏ အိနီးအစ်ဒ်( Aeneid )၊ဂျာမန်တို့၏ နီးဘလွန်းငင်လီးတ်( Nibelungenlied ) ကဗျာကြီးတို့မှာ ကမ္ဘာကျော်သည့် မော်ကွန်းကဗျာကြီးများ ဖြစ်ကြသည်။

ဪ…မြန်မာဟိုးမား( Homer) တွေ၊ဗားဂျီးလ်( Virgil )တွေရှိခဲ့လျှင် ကျွန်တော်တို့မှာလည်း ကမ္ဘာကျော်နိုင်သည့် မစ်သ်တွေ လက်ဂျင်းတွေရှိသည်။

မစ်သ်တွေကို စနစ်တကျ လေ့လာသောပညာကို မစ်သလက်ဂျီ( Mytholegy )ဟုခေါ်သည်။

မစ်သ်သလက်ဂျီကို လူ့အကြောင်း နားလည်ချင်သူ သမိုင်းပညာရှင်တွေ၊မနုဿဗေဒ ပညာရှင်တွေ၊လူမှုဗေဒပညာရှင်တွေ၊စိတ်ပညာရှင်တွေ ဂရုဂမ္မ ထား၍ လေ့လာကြရသည်။

ကျွန်တော်တို့၏ ဘုရားသမိုင်းမှ ‘သမိုင်း' ဆိုသည်ကို အင်္ဂ လိပ်ဘာသာဖြင့် လက်ဂျင်းဟုခေါ်ကြသည်။

လက်ဂျင်းကို ပုံပြင်ထင်သူ ‘မကျက်တကျက်ပေါင်မုန့်' ခေတ်ပညာတတ် အချို့က အထင်သေးအမြင်သေး ပြုချင်ကြသည်။အင်း- မစ်သလက်ဂျီ နားမလည်သော သူတို့ကို (ခွင့်လွှတ်ပါ) ကျွန်တော်ကလည်း  အထင်သေး၏။အဲ..သနားလည်းသနားသည်။

သူ့ခမျာတွေ၌ ‘ဝိညာဉ်'မရှိ။ဝိညာဉ်မရှိသည်မျာလည်း ဝိညာဉ်ရှိသော မြို့များ၌ မနေဘူး၍သော်လည်းကောင်း၊ဝိညာဉ်ရှိသော မြို့များ၏အကြောင်းကို မသိသောကြောင့်သော်လည်းကောင်း ဖြစ်တန်ရာ၏။

ဝိညာဉ်ရှိသောမြို့၊ နေရာ၊ ဒေသမှ လူသား၏ သွေးသားတွင်းသို့ ကိန်းဝင်ကူးရောက်လာသော သဘောသတ္တိကို ‘ဇာတိပုည၊ဂုဏ်မာန' ဟုခေါ်သည်။

မာနဟူသည် လောကုတ္တရာကြောင်းနှင့် ကြည့်လျှင် မကောင်းပါ။ဤအချက်ကို ကျွန်တော် မငြင်းဝံ့ပါ။

သို့ရာတွင် ပုထုဇဉ်၊ လောကီနယ်သားတစ်ဦးအနေနှင့် ပြောရလျှင် ကမ္ဘာ့မိသားစုများအလယ်၌ စိတ်အားမငယ်၊ဝံ့ထည်ထည်ဖြင့် ရင်ကော့မျက်နှာမော့၍ နေရဲ၊ နေနိုင်ရန် ဇာတိပုည၊ဂုဏ်မာနကား မရှိမဖြစ် ရှိကို ရှိရမည်။ဤစကားမှ ‘ပုည' ဟူသည်ကို သတိထားစေချင်သည်။

ဂုဏ်မာန....။အပုညမှလာသော ဂုဏ်မာနမျိုးမဟုတ်။ ဇာတိပုည...။

ကျွန်တော်ကား သန်လျင်မှာမွေးပြီး သရေခေတ္တရာနယ်တွင် ကြီးပြင်းသည်။

ဝိညာဉ်ရှိသော သရေခေတ္တရာက ကျွန်တော့်သွေးသားထဲကို ဇာတိပုည၊ဂုဏ်မာနကိုထည့်ပေးသည်။

ကျွန်တော်တစ်ယောက်တည်းအတွက်မဟုတ်။ပြည်သားတွေ သရေခေတ္တရာ နယ်သားတွေအတွက်မဟုတ်။

အနှစ်ထောင်ချီရှိနေသော ဝိညာဉ်ဖြင့် သရေခေတ္တရာသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံးအတွက်....

ကျွန်တော်တို့ အားလုံးအတွက် ဇာတိပုည၊ ဂုဏ်မာနကို ပေးနေသည်။

ထာဝရ ပေးနေသည်။




                                                          (၄)




ကမ္ဘာမြို့ကြီးတိုင်း၌ ‘ဝိညာဉ်" မရှိပါ။အစက ရောမမြို့ကြီး၌ပင် ဝိညာဉ်မရှိ။ဤအချက်ကို ရောမကဗျာဆရာကြီး ဗားဂျီးလ် ကသိသည်။

ကြည့်လေ။ သူများမြို့များ။

သမုဒ္ဒရာစိုးနတ်မင်းကြီး ပိုးဆိုက်ဒင်( Poseiden) လူမင်းသမီး လစ်ဘီယ( Libya ) တို့ပေါင်းဖက်ကြသည်။လူမင်းသမီးဆိုသော်လည်း လစ်ဘီယသည် နတ်ဧကရာဇ်ကြီး ဇူးစ်( Zeus) ၏မြေးတော်ဖြစ်သည်။ပိုးဆိုက်ဒင်နှင့် လစ်ဘီယသည် အဂျီးနား( Agener) ခေါ် သားတစ်ပါးဖွားသည်။သူက နောင်တွင် ဖနစ်ရှ( Phoenisia )ဟုခေါ်သော ကားနင်( Cannan )ပြည်၏ ဘုရင် ဖြစ်လာသည်။အဂျီးနား၏သမီးတော် ယူးရိုးပါ( Europa )ကို နတ်ဧကရာဇ်ကြီး ဇူးစ်က ချစ်ကြိုက်ပြီး ခိုးယူသွား၏။အဂျီးနားက သားတော်ငါးပါးတို့ကို မတွေ့မခြင်း မပြန်ရဟူသော တစ်ချက်လွှတ်အမိန့်ဖြင့် ပျောက်သွားသော သမီးတော်ကို အရှာခိုင်း၏။

သားတော်ငါးပါးအနက် ဘုန်းရှင်ကံရှင် ကတ်ဒ်မက်စ်( Cadmus )မင်းသားသည် ခေါမတိုင်းသို့ ရောက်လာသည်။သူက အပိုးလို( Apollo )နတ်မင်း၏ ဒလ်ဖစ်ဗျာဒိတ်ပေးနေရာတော် ( Delphic Oracle  ) တွင် ဗေဒင်မေးသည်။ အပိုးလို နတ်က နှမပျောက်ရှာခြင်းကိုရပ်၊ လမ်း၌ တွေ့မည့်နွားတစ်ကောင်နောက်လိုက်၊နွားမမော၍  ဝပ်သောနေရာတွင် မြို့တည်၍ မင်းပြုလေ...ဟုဗျာဒိတ်ခြွေသည်။

နတ်၏စကားကို နားထောင်ပြီး နှမပျောက်ရှာခြင်းကို ကက်ဒ်မက်စ် ကစွန့်လိုက်သည်။လမ်းတွင်တွေ့သော နွားအုပ်တွင်းမှ လဝန်းသဏ္ဌာန် အဖြူမှတ်များ နံဘေးတစ်ဖက်တစ်ချက်တွင်ရှိသည့် နွားမတစ်ကောင်ကို ဝယ်ပြီး ကက်ဒ်မက်စ်နှင့် နောက်လိုက်နောက်ပါတို့က မနားတမ်း မောင်းတော့၏။

နွားမသည် အရှေ့ဘက်ရှိ ဘီအိုးရှာ( Boeotia )နယ်ဆီရှေးရှုသွားသည်။ထိုနယ်တွင်းအရောက်၌ ခြေကုန်သွားသော နွားမသည် တစ်နေရာတွင် မြေ၌ ဝပ်ချလိုက်တော့၏။

နွားမကိုသတ်၍ အသီးနီး( Athene ) စစ်နတ်သမီးကြီးကို ယဇ်ပူဇော်ရန် ကက်ဒ်မက်စ်က နောက်လိုက်များကို မလှမ်းမကမ်းရှိ စမ်းတစ်ခုတွင် ရေခပ်စေသည်။ထိုစမ်းကို စစ်နတ် အေးရီးစ်( Ares ) ၏ ကျွန်နဂါးကြီးတစ်ကောင်က စောင့်လေရာ ရေခပ်လာသူများကို ထိုနဂါးကြီးက ဖမ်းထားလိုက်တော့၏။တပည့်များ ပြန်မလာသဖြင့် ကိုယ်တိုင်လိုက်လာသော ကက်ဒ်မက်စ်နှင့် နဂါးရင်ဆိုင်တွေ့သည်။ ကက်ဒ်မက်စ် က နဂါးကြီး၏ခေါင်းကို ကျောက်ခဲကြီးတစ်လုံးနှင့် ထုသတ်လိုက်သည်။ထို့နောက် နဂါးနိုင်မင်းသား ကက်ဒ်မက်စ် က အသီးနီး နတ်သမီးကြီးကို ဆက်လက် ယဇ်ပူဇော်ရာ အသီးနီးက ကိုယ်ထင်ပြ၍ ကောင်းချီးပေးပြီးနောက် နဂါးကြီး၏ သွားတွေကို မြေ၌ စိုက်ရန် အမိန့်ပေးသည်။အသီးနီး ဆိုတိုင်းပြုသော် မြေမှ စစ်သည်တို့ လက်နက်အစုံနှင့် ပေါ်ပေါက်လာကြသည်။ထိုစစ်သည်တို့ကို ခေါမဘာသာဖြင့်  စပါးတီး( Sparti )ဟုခေါ်သည်။ အင်္ဂ လိပ် ဘာသာဖြင့် ( Sown men )ဟုခေါ်သည်။ စိုက်၍ ပေါက်လာသော လူများဟု အဓိပ္ပါယ်ရှိသည်။ကျွန်တော်ကမူ  ‘သွားတည်ဖွား' များဟု ဆီလျှော်အောင် အမည်ပေးသည်။

ပုန်းကွယ်ရာမှ ကက်ဒ်မက်စ်က သွားတည်ဖွားများကို ခဲလုံးနှင့် ပစ်သည်။ သူ ပစ်သည် ငါ ပစ်သည်ဟု စွပ်စွဲငြင်းခုန်ကြရာမှ သွားတည်ဖွားတို့ အချင်းချင်းခုတ်ထစ် တိုက်ခိုက် သတ်ဖြတ်ကြသည်။သွားတည်ဖွား ငါးဦးတည်း ကျန်ခါမှ သူတို့ကို ကက်ဒ်မက်စ် က စည်းရုံးပြီး တပည့်လုပ်၏။

ကက်ဒ်မက်စ်က ခေါင်းဆောင်ပြီး သွားတည်ဖွားတို့နှင့်အတူ ခေါမသမိုင်းတွင် ထင်ရှားသော သီးဗ်စ်( Thebes ) မြို့တော်ကြီးကို တည်ဆောက်လျှက် စိုးမိုးနန်းစံသည်။

တရွိုင်( Troy ) ဟုလည်းကောင်း၊ တရိုးဂျင်( Trojan )ဟုလည်းကောင်း၊အီလီယင်( Ilium )ဟု လည်းကောင်း ‘သုံးမည်ရ' ခေါမ မြို့တော်ကြီးကလည်း အသီးနီး စစ်နတ်သမီးကြီး၏ ကိုယ်ပွားရုပ်တု ပလေးဒီယင်( Palladium ) မြေ၌ ကျရာတွင် အီလက်စ်( Ilus )မင်းသားက တည်ဆောက်ခဲ့သည်။ပလေးဒီယင် ရုပ်တုမှာလည်း အီလက်စ်ဆုတောင်း ဓိဋ္ဌာန်သောကြောင့် ဇူးစ်နတ် ဧကရာဇ်ကြီးက ကောင်းကင်မှချပေးသော ရုပ်တုဖြစ်သည်။တရွိုင် သို့မဟုတ် အိလိယင်မြို့ကြီးကို တည်ဆောက်သောအခါ  ပိုးဆိုက်ဒင်နတ်မင်းကြီးနှင့် အပိုးလိုနတ်မင်းတို့ လူယောင်ဆောင်၍ အလုပ်သမားများအဖြစ် ဝင်ကူ တည်ဆောက်ကြသည်။အင်း...လူတစ်ရစ် နတ်တစ်ရစ်သဘော။

ဤ ခေါမမြို့ကြီးများ၏ သမိုင်းကို ဗားဂျီးလ်သိသည်။ဗားဂျီးလ်(ခရစ် မပေါ်မီ နှစ် ၇၀ မှ ၁၉) လက်ထက်တွင် လူ့သမိုင်း၌ ထင်ရှားလှသော ဩဂက်စတက်စ်ဆီးဇာ ( Augustus Caesar ) ဧကရာဇ် ဘုန်းမီးနေလ တောက်နေပြီး ရောမမြို့ကြီးက တန်ခိုးအထွတ်အထိပ်သို့ ရောက်နေပြီ။

သို့ရာတွင် ပြောနေကြသော ရောမမြို့သမိုင်းက မကြီးကျယ်၊ မခံ့ညား၊ ဇာတိပုည ဂုဏ်မာန တက်ဖွယ်မရှိ။

ဝံပုလွေမ နို့သောက်၍ ကြီးလာကြသူ ရွမ်မျူးလက်စ် ( Romulus ) နှင့် ရီးမက်စ် ( Remus ) ညီနောင်တို့က ရောမမြို့ကို တည်ထောင်ခဲ့သည်ဆို၏။ နောက်တွင် ရွမ်မျူးလက်စ်က ရီးမက်စ် ကို သတ်ပစ်ခဲ့သည်။

ဤရိုင်းသော သမိုင်းကို ဗားဂျီးလ်မကြိုက်။
ဗားဂျီးလ်က ရောမသမိုင်းသစ်ကို ပြန်ရေးသည်။ ကဗျာဆရာကြီး ဖြစ်သောကြောင့် ကဗျာနှင့်ရေးသည်။သူ့ကဗျာကြီး၏ အမည်က အီနီးအစ်ဒ်( Aeneid )ဖြစ်သည်။ကဗျာကြီးကို ဘီစီနှစ်(၁၉)တွင်စပ်ပြီးသည်။

အီနီးအစ်ဒ်ကဗျာကြီးကို သာမန်ဖတ်လျှင် ဘုန်းရှင်ကံရှင် သူရဲကောင်း အီနီးအက်စ်( Aeneas )၏ စွန့်စားမှုနှင့် စွမ်းဆောင်မှုအကြောင်း ဖြစ်လေသည်။အီနီးအက်စ်ကား ခေါမသူရဲကောင်း အင်ကီးဆီးဇ်( Anchises ) နှင့် အချစ်နတ်သမီးကြီး အက်ဖရာဒိုက်တီး( Aphrodite  )တို့မှ မွေးသော သား ဖြစ်လေသည်။တရွိုင်မြို့ကြီးကို ခေါမတို့ စီးနင်းဝင်ရာက်ဖျက်ဆီး လေသောအခါ အိနီးအက်စ်သည် နောက်လိုက်နောက်ပါများနှင့် မြေထဲပင်လယ်အနောက်ဘက်သို့ ရွက်လွှင့်ထွက်ခွါလာခဲ့သည်။သူ့ခရီးကား ခုနှစ်နှစ်ကြာသည်။ လမ်းတွင် ကြောက်မက်ဖွယ် စွန့်စားခန်းတွေ ကြုံခဲ့ရသည်။ ထို့နောက် ကားသိဂ်( Carthage ) မြို့တော်ကြီးသို့ ရောက်လာခဲ့ပြီး ထိုမြို့၏ ဘုရင်မ ဒီးဒိုး( Dido )နှင့် မေတ္တာသက်ဝင် ပေါင်းသင်းနေသည်။နတ်များက အချစ်နှင့်သာ မိန်းမောမနေဘဲ ပါရမီတာဝန်များ အပြီး ဆောင်ရွက်ရန် အမိန့်ပေးသည်။ အိနီးအက်စ် ထွက်ခွါမသွားရန် ဒီးဒိုးသည် အမျိုးမျိုး ဆွဲဆောင် တားဆီးသော်လည်း မရသဖြင့် ချစ်သူ၏ ဓားဖြင့်ပင် ဒီးဒိုးက မိမိကိုယ်ကို မိမိ အဆုံးစီရင် သွားရှာသည်။ 

အိနီးအက်စ်သည် ဆက်ခရီးထွက်ခဲ့ရာ တန်ခိုးရှင်တို့ဆောင်ပို့သဖြင့် မြေအောက်ဝိညာဉ်လောကဆီသို့ ရောက်လာပြီး ခမည်းတော် အင်ကီးဆီးဇ်၏ ဝိညာဉ်နှင့် တွေ့သည်။ခမည်းတော်က နောင်တွင် ‘ရောမသား 'ဟု ခေါ်ကြမည့် အိနီးအက်စ်၏ အရွယ်တို့ ကမ္ဘာ၌ ဘုန်းမီးနေလ တောက်မည့်အကြောင်း ပြောပြသည်။အာဇာနည် မျိုးမပြတ်ရန် သားတော်ကို တိုက်တွန်းသည်။ သူနှင့်တကွ အာဇာနည်ဝိညာဉ်တို့ ပြန်လာပြီး အောင်ပန်းတွေ ဆွတ်ကြမည်ဟု ကတိပြုသည်။

ခမည်းတော်၏စကားကို နာကြားမှတ်သားပြီး အိနီးအက်စ်သည် လူ့ပြည်ပြန်လာ၍ ခရီးဆက်သည်။ ယခု အီတလီနိုင်ငံ တိုင်းဘာ( Tiber) မြစ်ဝသို့ သူ ရောက်သောအခါ ဘုရင် လက်တီးနက်စ်( Latinus) ကဆီးကြိုသည်။လက်တီးနက်စ်၏ သမီးတော်နှင့် ထိမ်းမြားပြီးနောက် မင်းပြု၍ အိနီးအက်စ် က ကမ္ဘာ၌ ဘုန်းတန်ခိုးအကြီးဆုံး မြို့တော်ကြီး ဖြစ်လာမည့် ရောမကို တည်ထောင်သည်။

ဤကဗျာကြီးကို စပ်ပြီး၍ မကြာမီပင် ဗားဂျီးလ် ကွယ်လွန်သည်။သူ့ကဗျာကြီးကို ထပ်မံ သုတ်သင်မွမ်းမံရန် နောက်ထပ်အချိန် သုံးနှစ်လိုသည်ဟု ယူဆသည်။ယခု အချိန်က မရတော့။ထိုကြောင့် သူအားမရသော သူ့ကဗျာကြီးကို သူသေလျှင် ဖျက်ဆီး မီးရှို့ ပစ်လိုက်ကြရန် သူ မှာကြားခဲ့၏။

သို့ရာတွင် ဩဂတ်စတက်စ်ဆီးဇာ ဧကရာဇ်က အိနီးအစ်ဒ် ကဗျာကြီးကို မဖျက်ဆီးရန် အမိန့်တော်နှင့် တားမြစ်ပြီး မဟာ ကဗျာကြီးအဖြစ် ချီးမြှောက်သည်။

ရောမ ဧကရာဇ် အပေါင်းတွင် ပညာအရှိဆုံး၊ အကြီးကျယ်ဆုံး၊ ဘုန်းသမ္ဘာ အတောက်ဆုံး ဩဂတ်စတက်စ်ဆီးဇာက ဘာကြောင့် အိနီးအစ်ဒ် ကဗျာကြီးကို ထိန်းသိမ်းစောင့်ရှောက်ချီးမြှင့်ရသနည်း။

ဤမေးခွန်းကို နှောင်းခေတ်စာပေကညာရှင်တို့က အဖြေပေးသည်။

အိနီးအစ်ဒ် ၌ ဇာတ်လိုက်အစစ်သည် သူရဲကောင်း အိနီးအက်စ် မဟုတ်။ရောမမြို့ကြီးသာတည်းဟု သူတို့က ဆုံးဖြတ်ကြသည်။

စာပေသမိုင်းပညာရှင်ကြီး ဂျွန်ဒရင့်ဝါးတား( John Drink Water ) ရေးပုံကိုကြည့်ပါ။

သူက ဟိုးမား၏ အိလိယက်ဒ် ကဗျာကြီးနှင့် အော့ဒဆီ ကဗျာကြီးတို့က ခေါမသားတွေအတွက် ကျေနပ်နှစ်သိမ့်မှုကိုပေးရုံမက စိတ်ကို နှိုးဆွလှုံ့ဆော်သည်။ရောမသားတွေမှာကား တန်ခိုးကြီးလာသည်အထိ မိမိတို့ အမျိုးသားဘဝမာန်ကို  နှောင်ချည်တွဲထိန်းထားစရာ လောက်လောက်လားလား ဘာအတိတ်ဇာတ်လမ်းမှ မရှိဟုဆိုပြီး ဗားဂျီး၏ စွမ်းဆောင်ချက်ကို အောက်ပါအတိုင်းရေးသည်။

‘ဗားဂျီးလ်ကသူအသက်ရှင်နေခဲ့သော သူ့ခေတ်အခါက သူ့လူမျိုးတို့ကို-သူတို့၏ အမွန်အစဇာတိ၊သူတို့ဘာကြောင့် ကမ္ဘာပေါ်၌ လူအဖြစ်ရပ်တည် နေကြသနည်းဆိုသည့်အကြောင်း အဓိပ္ပါယ်ကို ရှင်းလင်းဖွင့်ပြသည့် ကဗျာအဖြစ် အိနီးအစ်ဒ် ကဗျာကြီးကို စပ်ခဲ့သည်။’

ဪ…ရောမသားတို့ကြီးကျယ်လာကြသည်မှာမဆန်း။ရောမမြို့ကြီး ထာဝရ မြို့တော်ကြီး ဖြစ်လာခဲ့သည်မှာ မဆန်း။



                                                       (၅)



လူမျိုးတစ်မျိုး၏ အမွန်အစဇာတိ...။

လူမျိုးတစ်မျိုးသည် ဘာကြောင့် ကမ္ဘာပေါ်၌ လူအဖြစ် ရပ်တည်နေကြသည့် အကြောင်းအဓိပ္ပါယ်-။

ဤလေးနက်လှသော သဘောတို့ကို ခြုံငုံ၍ ‘ဇာတိပုည၊ဂုဏ်မာန" ဟုခေါ်သည်။

ဇာတိပုည၊ဂုဏ်မာန ရှိသူလူမျိုးတို့ကိုသာ လောကဓံတရားက ဤကမ္ဘာပေါ်၌ အသက်ရှည်စွာ နေခွင့်ပြုသည်။ ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေသည့် ဂုဏ်သတ္တိစွမ်းပကားကို ဤလူမျိုးတို့သာ ပိုင်ဆိုင်သည်။

အင်း-ဇာတိပုည၊ဂုဏ်မာန ဆိုသည်ကလည်း မိုးပေါ်မှ ကျမလာ။သူက မပြတ်သောဝိညာဉ် သဘောဖြစ်လေသောကြောင့်ထိုဝိညာဉ်တည်ရာ မှီရာ ကိန်းရာရှိရမည်။သူ့အကြောင်းပြောပြနေသော အရာတွေရှိရမည်။ ဖြစ်ခဲ့သည်ဟေ့-ရှိခဲသည်ဟေ့..ဟုသက်သေခံအဖြစ် မားမားရပ်ပြ နေသည်တို့ရှိရမည်။

ပြောပြနေသည်တို့က မစ်သ်တွေ ဖြစ်နေပါစေ။လက်ဂျင်းတွေ ဖြစ်နေပါစေ။ကိစ္စမရှိပါ။ မစ်သ်တွေ လက်ဂျင်းတွေ ရှိနေခြင်းကိုပင် ကျေးဇူးတင်ရသည်။မရှိတော့ ရောမသားတွေအတွက် ဗားဂျီးလ်ခမျာ တီထွင်ပေးရသည်။ဩဂတ်စတက်စ်ဆီးဇာ လိုပုဂ္ဂိုလ်က ထိန်းသိမ်းချီးမြှောက်ပေးရသည်။

သားစဉ်မြေးဆက် နှုတ်မှသည်နှုတ် ပြောပြခဲ့သည့် မစ်သ်တွေ၊လက်ဂျင်းတွေမှာ မယုံစရာတွေ၊ ဘဝင် ရုတ်တရက် မကျနိုင်စရာတွေ ပါမည်။ပါ ပါစေ။ဤသည်ကပင် မစ်သ်တို့ လက်ဂျင်းတို့၏ သဘာဝ။သူတို့၏အလှ။သည်သဘာဝ၊ သည်အလှတွေကြောင့်ပဲ၊ရာစုနှစ်တွေကို ကျော်ဖြတ်ပြီး သူတို့ ရှိနေကြသည်။

မစ်သ်တွေ၊ လက်ဂျင်းတွေ၏ အပေါ်ယံကို ခွာပြီး အနှစ်အသား သစ္စာကို ရှာဖွေတတ်ရမည်။

‘အခွံကိုခွာ၊အကာကိုရှာ၊အသားကိုချေ၊အနှစ်ကို တေနိုင်မှ’ ဟူသော ပညာရှိ စကားရှိသည်။

မစ်သ်တွေ၊ လက်ဂျင်းတွေက နိမိတ်ပုံစနစ်၊မာယာစနစ်တွေနှင့် ကဗျာသစ္စာပမာ သစ္စာကို ပြောပြတတ်သည်။အဲသည် သစ္စာမှ ထိုးထွင်း သိမြင်သော ပညာကို ရသည်။အဲသည်ပညာနှင့်ပင် သမိုင်းပညာက လက်လှမ်းမမီသေးသော အဖြစ်အပျက် အကြောင်းအရာတွေကို ခန့်မှန်းဆင်ခြင် သိရသည်။

ခေါမ မစ်သ်တွေကြောင့် သမိုင်းပညာက လက်လှမ်းမမီသေးသော ဟိုးပဝေသဏီအခါ မြောက်ပိုင်းမှ အဲရီယင်( Aryan ) လူမျိုးသစ်တွေ ဝင်မလာသေးခင် အချိန်က ခေါမတိုင်းနှင့် မြေထဲပင်လယ် ကမ်းခြေတွင် နေနှင့်ပြီးသူတွေအကြောင်း သိရသည်။ ထိုမစ်သ်တွေကြောင့်ပင် အသုတ်လိုက်ဝင်လာသော အဲရီယင်တွေချင်း ဘာဖြစ်ကြသည်ကိုလည်း သိရသည်။

တစ်ခါတစ်ရံ မမျှော်လင့်သည်ကိုလည်း သွားကြုံရသည်။

တရွိုင်မြို့ကြီး ဆိုသည်မှာ အစက မစ်သ်အတွင်းမှ မြို့ကြီး။ဟိုးမား၏အိလိယက်ဒ် ကဗျာတွင်းမှမြို့ကြီး။ဤသို့သာ သိထားကြသည်။နောင်(၁၈၇၀)ခုနှစ် နောက်ပိုင်းတွင် ဂျာမန်လူမျိုး သမိုင်းအထောက်အထားရှာဖွေသူ ရှလီးမန်း( Schliemann )က တရွိုင်မြို့ကြီးကို တူးဖော်တွေ့သည်။

အဆက်ဆက် တူးဖေါ်ရှာဖွေမှုကြောင့် တရွိုင်းမြို့သည် ကိုးထပ်ရှိနေကြောင်း တွေ့ရသည်။ တရွိုင်(၂)ဟုခေါ်သော အထပ်က ဟိုးမား၏ကဗျာမှ တရွိုင်ဖြစ်သည်။တရွိုင်(၉)ဟု ခေါ်သောအထပ်က သည့်ထက်ပင်ရှေးကျသေးသည်။ခေါမ သမိုင်းမှ ပိုရှေးကျပြီး ပိုမြင့်မားသည့် မိုင်စီးနီးယင် ယဉ်ကျေးမှုကြီး( Mycenaean )ခေတ်က မြို့ဖြစ်နေသည်။

မစ်သ်တွေကို မစ်သ်တွေဟု လွှင့်ပစ် စွန့်ဖယ်ထား၍ မရပါ။

မြန်မာ့သမိုင်း အရုဏ်ဥိးမှုန်မှုန်မှ အကြောင်းတွေကို ပြောပြသော မစ်သ်တွေရှိသည်။ ထိုမစ်သ်တွေက မြန်မာပြည်ရှိမြို့ကြီးများနှင့် ဆက်နွယ်နေသည်။

တကောင်း၊ ဒဂုန်၊ သန်လျင်၊ သရေခေတ္တရာ-။

မစ်သ်အတွင်းမှ ဇာတ်လမ်းတွေအရ ထိုမြို့ကြီးတွေသည် တစ်မြို့နှင့်တစ်မြို့ ဆက်နွယ်နေပြန်သည်။

ဒဂုန်နှင့်သန်လျင်....။သန်လျင်နှင့်သရေခေတ္တရာ၊ သရေခေတ္တရာနှင့်တကောင်း...။

ဒဂုန်၊သန်လျင်၊သရေခေတ္တရာ တို့ဆိုလျှင် ရွှေတိဂုံ၊ကျိုက်ခေါက်၊ရွှေဆံတော်(မြသိတင်) စေတီတော်ကြီးများ၏ သမိုင်းတွေနှင့် ခွဲမရအောင် ပူးဆက်နေသည်။

ဘာတွေဖြစ်ခဲ့သဟေ့။ ဘာတွေရှိခဲ့သဟေ့။ဘယ်လိုလူစားတွေဟေ့...ဟု ထိုစေတီမြတ်ကြီးတွေက မြင့်မြင့်မားမား ကြွားကြွားဝင့်ဝင့် ခံ့ခံ့ထည်ထည် မိန့်မြွက်တော်မူနေကြသည်။

ဘုရားသမိုင်းကဆိုသော အဖြစ်အပျက်တွေကို သံသယနှင့် သုံးသပ်သော ‘ မဟာပညာကျော်’တို့ရှိနိုင်သည်။ ကျွန်တော်ကမူ ‘မဟာပညာချော်' များဟု သူတို့ကိုခေါ်သည်။

မဟာပညာချော်တို့ ချော်နေသော အချက်တစ်ချက်မှာ ထိုစေတီတော်ကြီးတို့ ‘ရှိတည်' နေခြင်းပင်ဖြစ်လေသည်။ဟုတ်ကဲ့  ရှိတည်နေခြင်းသည်ပင် ‘အချက်' ။ ရှိတည်နေခြင်းကပင် ‘သစ္စာ' ။ရှိတည်နေခြင်းကပင် အခြားအချက်အလက်တွေပေါ် မမှီမခို သီးသီးခြားခြား မိမိသဘော မိမိဆောင်နေသည့် ကိန်းဝင်နေသော ယုတ္တိ ( Selfsufficient inherent logic )

‘ဟာ   အစကဒီပုံအတိုင်းမဟုတ်ဘူး။သေးသေးလေးတွေဗျ ‘ ဟုပြောချင်ပါသလား...။

ထားပါ ။ အစကတည်းက  သည်ပုံအတိုင်းဟု မည်သူက ဆို၍နည်း။ အဆက်ဆက်သော လူတွေက အဆက်ဆက် ပြုပြင်ထိန်းသိမ်း မွမ်းမံခဲ့သည်။ ဘာကြောင့်နည်း...။

မြန်မာပြည်သည် မိုးကြီးလေကြီး ရာသီဥတုပြင်းသည့် ပထဝီဝင်ဒေသမှာ ရှိသည်။ ဖုံးတတ် လွှမ်းတတ် မျိုတတ်သောတောကြီး မြိုင်ကြီး ချုံကြီးတို့ မင်းမူရာလည်းဖြစ်သည်။ ငလျင်ကြော မကင်းရာလည်းဖြစ်သည်။

သည်ကြားတည်းက သည်စေတီကြီးတွေက ‘သည်မှာဟေ့' ဟု နှစ်တွေ ရာချီလျှက် ရပ်ပြတော်မူနေသည်။ ဘာကြောင့်နည်း။

“ ထုံးမတိမ်၊ ငုံး-အိမ်-ကျူ-လနှင့် တူမျှစံနှိုင်း.....”။

အနိစ္စ၊ ဒုက္ခ၊အနတ္တ သဘောတွေကို ဤကမ္ဘာ၌ အသိဆုံးဖြစ်သော မြန်မာတို့သည် ကမ္ဘာရှည်သမျှတည်သော ‘ကပ္ပဌိတ' သဘောကိုလည်း နားလည်သည်။အဘယ်မည်သော ဉာဏ်နည်း…။

မစ်သ်ဆိုသည်မှာ မစ်သ်ဖြစ်သောကြောင့်  အံ့ဩဖွယ်တွေ၊ထူးဆန်းရာတွေ၊ မယုံနိုင်ဖွယ်တွေပါ ကောင်းပါမည်။

ခေါမ၊ ရာမ နှင့်ဂျာမန်မစ်သ် တွေက ပုံပမာသဘောသာဖြစ်သော ဇူးစ်တို့၊ ဂျူပီတာတို့ ၊ဝိုးတန်( Wotan )တို့ ဆိုသည့် ဣဿရကြီးတွေ ၊ ပရမေသွာနတ်ကြီးတွေ၏ အလိုတွေ ၊အလုပ်တွေ၊ တန်ခိုးတွေနှင့် ရောယှက်ဆက်နွယ် ပြောသည်။ သူတို့၏ ဣဿရကြီးတွေ၊ပရမေသွာကြီးတွေက  ကြောက်ဖို့ကောင်းသည်။ဒေါသကြီးသည်။ ရမ္မက်ကြီးသည်။ကိလေသာတွေ တင်းကျမ်းနှင့်...။

အဲသည်လို ဣဿရကြီးတွေကို လိုချင်လျှင် မြန်မာတွေနှင့်မဝေး....။နီးနီးလေးမှာရှိသည်။

ဗြဟ္မာတို့  ။ဗိဿနိုးတို့  ။သီဝတို့။

ဟင့်အင်း ။မြန်မာမစ်သ်တွေက သူတို့နှင့်မစပါ။

လောကသုံးပါးတွင် ဘုရားအဖြစ် ထင်ရှားသော ဗုဒ္ဓမြတ်စွာ နှင့် စခဲ့သည်။

ဗုဒ္ဓ၏ဂုဏ်တော်၊ တန်ခိုးတော် ၊မေတ္တာတော် ၊မဟာကရုဏာတော် ဒိဗ္ဗစက္ခု- အနာဂတံသဉာဏ်တော်  ။သည်သဘောတွေနှင့်စခဲ့သည်။

သန့်ရာ၊မွန်ရာ၊မြတ်ရာတွေနှင့် စခဲ့သည်။

ဪ..သာသနာတော်၌ လူ၏နေရာ။

နဂါးတွေ၊ ဘီလူးတွေမပြောနှင့် နတ်တွေ ၊သကြားတွေ၊  ဗြဟ္မာတွေပင်  လူယူ၍မရသော လူ၏နေရာ။

ဤသဘောကိုလည်း မြန်မာမစ်သ်တွေက ပြောပြနေသည်။

အံ့ဖွယ်သောမြန်မာမစ်သ်။     



                                                   (၆)



သရေခေတ္တရာကိုသွားပါ။သမိုင်းဝင် တစ်နေရာရာတွင် ထိုင်ပါ။မြို့ကြီး၏ ဝိညာဉ်ခုန်သံကို သင်ကြားရမည် ။

သရေခေတ္တရာမှာက ရွှေဆံတော်(မြသိတင်) စေတီတော်ကြီးအပြင် ပေါပေါ (ဘောဘော)ကြီး၊ မြင်ဗာဟု၊ စသောစေတီတော်ကြီးတွေ အများကြီးရှိသည်။

တန့်ကြည့်တောင်၊ ဖိုးဦးတောင် ၊စသောသမိုင်း သို့မဟုတ် မစ်သ်စကားပြောသည့် သဘာဝသင်္ကေတ တောင်တန်းကြိးတွေ ရှိသည်။

ပေါင်းတလည်၊ ပေါက်ခေါင်း ဘက် သွားသောလမ်းဆီ သွားပါ။ ဧရာမမြို့ရိုးကြီးတစ်ခုပေါ် သင်သွားနေကြောင်းသိမည်။

ကြာကြာလေးနေပြီး လှည့်လည် ကြည့်နိုင်မည်ဆိုလျှင် မင်းကြီးတောင်၏ လျှိုတစ်ခုထဲတွင် ဗေဒါရီဂူကိုလည်းကောင်း ၊ ဘူးခါးချောင်းဝမှ ဗေဒါရီ ရေခပ်သည်ဆိုသည့်နေရာ ၊ပန်ထွာမိဖုရားစံခဲ့သည်ဆိုသော ရွှေပုံသာမြို့လည်းခေါ် ဗိဿနိုးမြို့လည်းခေါ် မြို့ဟောင်းနေရာ ဤသည်တို့ကိုလည်း သင်တွေ့မည်။

ရွှေတောင်မြို့ကိုကျော်ပြီး ရွှေနတ်တောင်အထိ သင်သွားနိုင်ပါသလား။ သွားနိုင်လျှင် ‘ပျော့ခေါ်' ၊’ မယားပါ ‘ဟုခေါ်သောရွာများနှင့် စေတီတို့ကို တွေ့နိုင်သည်။ဒွတ္တပေါင်မင်းနှင့် ပန်ထွာမိဖုရား(ဗိဿနိုးမိဖုရား) တို့၏ လွမ်းဖွယ်သော အချစ်ဇာတ်လမ်း ရိုးမင်းတစ်ခ်စတိုရီ ( Romantic story ) နှင့် ဆက်နေသောနေရာတွေပါ။ ဟိုး  ကျီးသဲ-မြို့မဘက်ကို သွားလျှင် ဧရာဝတီ မြစ်ကမ်းမှာ ရှေးဟောင်း မျှော်စင်ကြီးတစ်ခု ရှိသည်။ကျွန်တော်တို့ငယ်ငယ်က ထုံးဘိုမြို့သို့ လှေနှင့်သွားလျှင် မြစ်အတွင်းမှနေ၍ ထိုမျှော်စင်ကြီးကို တွေ့ရသည်။

လူကြီးတွေက ဒွတ္တပေါင်မင်းကြီးကို ဗိဿနိုးမိဖုရားမျှော်သည့် မျှော်စင်ဟု ပြောကြသည်။ ကျွန်တော်တို့က လွမ်းလွမ်းဆွတ်ဆွတ်နှင့် မျှော်စင်ကြီးကို ကြည့်ကြသည်။ သရေခေတ္တရာ၏ ဇာတ်လမ်းကိုလည်း လွမ်းလွမ်းဆွတ်ဆွတ် အောက်မေ့မိသည်။

လွမ်းလွမ်းဆွတ်ဆွတ် ။ ဟုတ်ကဲ့   လွမ်းလွမ်းဆွတ်ဆွတ်  ။

သရေခေတ္တရာတွင်ကြီးသော ကျွန်တော်တို့အတွက် မဟာသမ္ဘဝတို့ စူဠာသမ္ဘဝတို့ ၊ဗေဒါရီတို့ ၊ဒွတ္တပေါင်တို့၊ပန်ထွာမင်းသမီးတို့မှာ ပုံပြင်ထဲမှ လူတွေမဟုတ်။သူတို့၏ဇာတ်လမ်းတွေမှာလည်း ပုံပြင်ဇာတ်လမ်း တွေမဟုတ်။သူတို့တွေက မနေ့တနေ့က ရှိခဲ့သောလူတွေ၊သူတို့ဖြစ်ပျက်ခဲ့သည်က မနေ့တနေ့က ဖြစ်ပျက်ခဲ့သည့်ပမာ...။

သူတို့နှင့် သူတို့ဇာတ်လမ်းတွေက ကျွန်တော်တို့အတွက်တော့ အစစ်အမှန်( Realities ) တွေ ။နှလုံးသားအတွင်းမှ အစစ်အမှန်တွေ  ။ဘယ်သူ ဘာပြောချင်ကြ ပါသနည်း။

သင်သည် သရေခေတ္တရာဇာတ်လမ်းနှင့် စိမ်းနေသည်ဆိုလျှင် ပြည်ဦးကြိုင်ပြုစုသည့်  “မြသိတင် ခေါ် ပြည်ရွှေဆံတော်သမိုင်းသစ် “ စာအုပ်ကို ဖတ်ပါ။အနည်းဆုံး ရောဘတ်ဂရေ့ပ်စ် ( Robert Graves )ပြုစုသည့် “ ခေါမမစ်သ်  “ ( The Greek Myths )စာအုပ်ကိုဖတ်၍ ရသော အရသာမျိုး ခံစားရမည်။

ဟိုးမားတို့ ၊ဗာဂျီး တို့လို မော်ကွန်းလင်္ကာ ကြီးတွေ စပ်လိုက်ရလျှင် အိလိယက်ဒ်ကို မကြောက်ပါ။အိနီးအစ်ဒ်ကိုမမှုပါ။

ခမ်းနားကြီးကျယ်မှု၊ လူ့သဘာဝ လူ့စရိုက်တွေဖော်မှုတို့၌ ယှဉ်နိုင်သည်သာမက သန့်စင်မွန်မြတ်မှု၌ ကျော်ပြနိုင်သည်။

သဲလွန်စလေး တစ်ခုသာပေးမည်။

ခေါမတွေက ကျွန်တော်တို့နားလည်ကြသော ‘အချစ်' သဘောကို မသိ၊သူတို့က “ရမ္မက်" ( Passion ) ကိုသာဖွဲ့ခဲ့ကြသည်။ရမ္မက်အကြောင်း ဖွဲ့နိုင်သည်ကိုပင် လူ့သဘာဝ လူ့စရိုက်ကို နိုင်နင်းမှုဟု ဆိုချင်သူက ဆိုချင်သည်။

ရမ္မက်မဟုတ်သော အချစ်အကြောင်းကို ရောမစာဆိုကြီး ဗားဂျီးလ် က အိနိအက်စ် နှင့် ဒီးဒိုးဇာတ်လမ်းတွင် ပထမဆုံးဖော်ပြသည်ဟု ကမ္ဘာ့စာပေသမိုင်းက ဆိုသည်။

ဪ…ဖြစ်ရလေ။
ကျွန်တော်တို့ဆီမှာက ရမ္မက်ကို ဘယ်တုံးကမှ အသားမပေးခဲ့။
သမိုင်းဦးထဲက ရမ္မက်မဟုတ်သော အချစ်အကြောင်းကိုသာ ပြောခဲ့ကြ၏။

ဒဂုံ-သန်လျင်က မင်းနန္ဒာ၊ရှင်မွေ့နွမ်းတို့၏ သနားဖွယ်၊ကြည်နူးကြေကွဲဖွယ်အချစ်၊သရေခေတ္တရာက ဒွတ္တပေါင်နှင့် ပန်ထွာမိဖုရားတို့၏ လွမ်းဖွယ်၊သံဝေဂယူဖွယ်၊ရင်ထုမနာ ဖြစ်ဖွယ်အချစ်။
ကျွန်တော်တို့၏ မစ်သ်တွေမှာက သည်လိုအချစ်အကြောင်းတွေပါသည်။

သမိုင်းပညာသက်သက်က အသက်မရှိ။ခြောက်သွေ့သော အချက်အလက် တွေကိုသာ ပြောသည်။

မိဘဘိုးဘွားတွေ သားစဉ်မြေးဆက် ပြောခဲ့သော ဇာတ်လမ်းတွေ၌မူ နှလုံးသားဆီ အရှင်လတ်လတ် ပို့ပေးသော အမှန်တရား ပါသည်။
ပြည်မြို့၏ အမြင့်ဆုံးတစ်နေရာမှ တန့်ကြည်တောင်နှင့် ဖိုးဦးတောင်တို့ကို ကျွန်တော် ငေးကြည့်တတ်သည်။

ကျွန်တော့် စိတ်ပန်းချီကား၏ နောက်ခံတွင် ကြီးကျယ်မြင့်မြတ်သော သရေခေတ္တရာ၏ယဉ်ကျေးမှုတွေရှိသည်။

ကျွန်တော့် မနောဝိဉာဉ်မျက်စိတွင် ထင်လင်းနေသည်ကား ….

ကောင်းကင်ပြင်တွင် ပန်းဆိုင်းဆွဲသကဲသို့ တည်ရှိနေသော မြကြုတ်။ထိုမြကြုတ်ပေါ်မှ ခြောက်သွယ်ရောင်ခြည် ကွန့်မြူးစည်နေသည့် ဘုရားရှင်၏ နိမ္မိတရုပ်ပွားတော်။

ရုပ်ပွားတော်၏ ဝန်းကျင်မှာက ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာနှင့် ဗြဟ္မာ၊သိကြား၊ နတ်အများ။

ဪ…ဧရာဝတီမြစ်အတွင်း ရွက်သင်္ဘော ကြီး နှစ်စင်းပေါ်မှာက ကောင်းကင်ဆီ လက်အုပ်ချီမိုး ရှိခိုးမျှော်ကြည့်နေကြသည့်  အဇ္ဇက နှင့် ဘလ္လိက ကုန်သည်ညီနောင် ၊ပြီးတော့ သူတို့၏သင်္ဘော သားများ။
ကျွန်တော့် မနောဝိညာဉ် မျက်လုံးများက ဖိုးဦးတောင်ဆီ ရွေ့သည်။သည်တစ်ကြိမ်တွင်တော့ မြတ်စွာဘုရားကို ဖူးတွေ့ရသည်။
ရှေ့တော်မှာက သတ္တဝါလေးတစ်ကောင်။
အို…ပွေးဖိုလေး။
သူက သန့်စင်သော မြေစိုင်ခဲကို သူ့ရှေ့လက်လေးနှစ်ဘက်ဖြင့် ချီမ၊ ကိုင်လျှက် မြတ်စွာဘုရားကို လှူဒါန်းဆက်ကပ်နေသည်။
ဉာဏ်ကောင်းလိုက်သည့် ပွေးဖိုလေး။
သူ တတ်နိုင်သမျှ လှူသည်။ သူ လှူသည်က သန့်စင်သော မြေစိုင်ခဲ။
မြေကြီးထက် မြတ်သောအရာ ဤလောက၌ ဘာရှိသနည်း။
ပွေးဖိုလေးလက်တွင်းက မြတ်စွာဘုရား လက်ခံတော်မူသော သန့်စင်သည့်မြေကြီး။
သည်မြေကြီးထက် မြတ်ရာ ဘာရှိသနည်း။
ဒါပေမယ့်...
ပွေးဖိုလေးရေ။ပွေးမလေး ဘယ်မှာလဲ။
သူ စိတ်နာတော့မည်။ သူ မုန်းတော့မည်။
ဪ….ကိစ္စမရှိပါ။ ပွေးဖိုလေးက ချစ်တတ်သူပါ။ သူက မေတ္တာရှင်ပါ။

မေတ္တာဟူသည် အရာရာကို အောင်နိုင်သည်။
ဤသည်ကို ပွေးဖိုလေး သိသည်။
ဪ…ကျွန်တော်တို့ အားလုံးလည်း သိပါသည်တကား။



                                                 (၇)




ကဗျာသစ္စာ သဘောမှ နေ၍ ခြောက်သွေ့သော သမိုင်းပညာ အချက်အလက်တွေဆီ ခေတ္တသွားကြမည်။
အလွန်သတိကြီးစွာနှင့် သွားကြမည်။

သရေခေတ္တရာ ဇာတ်လမ်းက ဘယ်အချိန်မှာ စခဲ့သနည်း။
ကျွန်တော်တို့ မိဘဘိုးဘွားတွေ ပြောပြသည်က မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါက သည်တော့ ခရစ်တော် မပေါ်မီ နှစ် ၅၀၉ (ဘီစီ ၅၀၉ )။

ဒွတ္တပေါင်မင်းကြီး သရေခေတ္တရာ တည်ချိန်က သာသနာ သက္ကရာဇ် (၁၀၁) ခုနှစ်၊တန်ခူးလဆန်း (၁) ရက်နေ့၊ တနင်္ဂနွေနေ့၊ နက္ခတ် (၁၆) လုံး နေထွက်တပြူ။ ကျွန်တော်တို့ အစဉ်အလာ မှတ်တမ်းက ဤမျှတိကျသည်။ ဤသို့ဆိုလျှင် သရေခေတ္တရာကို ( ဘီစီ ၄၄၃ ) ၌ တည်ထောင်သည်။

မြန်မာအစဉ်အလာ ပြောဆိုရေးသား မှတ်တမ်းတင်လာခဲ့ကြသည်က ကျွန်တော်တို့ လူမျိုးတွေ ယဉ်ကျေးမှု မြင့်မြင့်နှင့် နေလာခဲ့ကြသည်မှာ ဘုရားလက်ထက်တော်ကတည်းက။ဘီစီခြောက်ရာစုနှစ်တွေကတည်းက။ သန်လျင်၊ ဒဂုံ၊ သရေခေတ္တရာ သမိုင်းအားလုံးက ဤအတိုင်း ဆိုကြသည်။

သထုံသမိုင်းက သီရိဓမ္မာသောက မင်းကြီးလက်ထက်တွင် ရှင်သောဏ နှင့် ရှင်ဥတ္တရ မထေရ်တို့ သထုံသို့ သာသနာပြုရန် ရောက်လာတော်မူကြသည်ဆိုသည်။ ( ဘီစီ ၂၅၀ ) ခန့် ။

ကျွန်တော် တင်ပြလိုသည့် အဓိက အချက်ကား အတိအကျ ဂဏန်း အရေအတွက်တွေဖယ်ထား။ ကျွန်တော်တို့က ကျွန်တော်တို့ အစဉ်အလာအရ ဘီစီနှစ်များတွင်ကတည်းက ကျွန်တော်တို့ ယဉ်ကျေးမှု မြင့်မားနေခဲ့ပြီဟု ယုံကြည်သည်။

အနောက်နိုင်ငံသား သမိုင်းပညာရှင်တွေက ကျွန်တော်တို့ အပါအဝင် အာရှ အရှ့တောင်ဒေသသားတွေ ယဉ်ကျေးလာကြသည်မှာ ခရစ်တော်ပေါ်ပြီး နှစ်လေးရာ (အေဒီ ၄၀၀) တစ်ဝိုက်တွင်မှ ဟုဆိုကြသည်။

ဪ…သူတို့ဥရောပဆီတွင်  အေဒီ ၄၃၃ တစ်ဝိုက်၌ ဟန်းတို့၏ဘုရင် အက်တလာ ( Attila the Hun )က မြို့တွေ ပြည်တွေကို မီးရှို့ လုယက်ဖျက်ဆီး၍ ရိုင်းချင်တိုင်း ရိုင်း၍ ကောင်းနေတုံးအချိန်ကို။
ရှေးရောမနိုင်ငံကြီးပင်လျှင် အေဒီ ၄၁၀ တည်းက ရိုင်းစိုင်းသူ လူမျိုးတို့ ဝင်ရာက်ဖျက်ဆီးသည် ခံရပြီး ဇီဝိန်ကယဲ့ယဲ့။
အာရှ အရှေ့တောင်ပိုင်းသားတွေ၏ ယဉ်ကျေးမှုသမိုင်း ပြောလျှင်  ပထမက ဥရောပကို ငဲ့ရှုသောအမြင် ( European Orientation )နှင့် ပြောသည်။ထိုနောက်အိန္ဒိယကို ငဲ့ရှုသောအမြင် ( Indian Orientation ) နှင့်ပြောသည်။
အဲသည်မှာ ဒုက္ခရောက်ကုန်သည်။

အေဒီနှစ်များအတွင်း အ်န္ဒိယနှင့် ရောမနိုင်ငံကို ကုန်ကူးသန်းရောင်းဝယ်နေကြချိန်တွင် ရောမဧကရာဇ် တစ်ပါးက ရောမအင်ပိုင်ယာတွင်းမှ ရွှေတွေ အပြင်မထွက်ရန် ချုပ်ချယ် ပိတ်ပစ်လိုက်၏။ ထိုအခါ ရှေးက သိပြီးသည်အလျောက် ရွှေပေါသော သုဝဏ္ဏဒီပ၊ သုဝဏ္ဏဘုမ္မိ ခေါ် အာရှအရှေ့တောင်ပိုင်းကျွန်းတို့နှင့် ကုန်းမဆီသို့ အိန္ဒိယသား ကုန်သည်တို့ တစ်သုတ် ပြန်လှည့်ကြသည်။သူတို့နှင့်အတူ သူတို့ယဉ်ကျေးမှုတွေလည်း ပါလာသည်။ဤသည်ကို ဟိန္ဒူယဉ်ကျေးမှုပြန့်ခြင်း ( Hindunization ) ဟု ခေါ်သည်။ အချို့ပညာကျော်များက ဟိန္ဒူယဉ်ကျေးမှု ပြန့်မှ ကျွန်တော်တို့တွေ ယဉ်ကျေးသယောင်ယောင် ပြောချင်ကြသည်။

သို့ရာတွင် တရုတ်မှတ်တမ်းများကလည်း ရှိနေသေးသည်။တရုတ်စာကို ဖတ်ရန် ခက်သည်။တရုတ်သံထွက်ထားသည့် အာရှအရှေ့တောင်ပိုင်းမှ ဒေသတွေ မြို့တွေ၏ အမည်ကို သိရန်ခက်သည်။

သို့ရာတွင် ယခုအခါ သမိုင်းပညာရှင်တို့ အာရှအရှေ့တောင်ပိုင်း နိုင်ငံများ၏ ယဉ်ကျေးမှုအကြောင်း ပြောသောအခါ တရုတ်မှတ်တမ်း များကိုလည်း ငဲ့ကြ၊ရှုကြ ရပြန်ပြီ။ဤသည်ကို တရုတ်ကို ငဲ့ရှုသောအမြင် ( Chinese Orientation ) ဟုခေါ်သည်။ဤအမြင်နှင့်ရှုသောအခါ ကျွန်တော်တို့ အပါအဝင် အာရှ အရှေ့တောင်ပိုင်းသားတို့၏ ယဉ်ကျေးမှု သမိုင်းသက်ကို တစ်ဆင့်ထပ်မြှင့်ရမည့် အလားအလာတွေ ပေါ်လာနေသည်။ ဟောသည်မှာ တွေးဖွယ် အစလေးတစ်စ ( Food for Thought ) ။

တရုတ်မှတ်တမ်း မှသိရသည်။

ဖြစ်ပျက်ခဲ့သည်က ဘီစီနှစ် (၁၂၀ ) မှာဖြစ်သည်။ ထပ်၍ ဆိုပါမည်။ခရစ်တော် မပေါ်မီ (၁၂၀) နှစ်မှာဖြစ်ပါသည်။

ထိုစဉ်က တရုတ်ဧကရာဇ်မှာ ဟန်ဝူတိုင်း ( Han Wu Ti) ဖြစ်လေသည်။ကမ္ဘာကျော် တရုတ်ပြည် တံတိုင်းကြိးသည် ဘီစီနှစ် (၂၀၀) ခန့်၌ ပြီးခဲ့သည်။ တံတိုင်းကြီးပြီးသော်လည်း မြောက်ပိုင်းမှ လာလာတိုက်နေသော စီယင်နုတွေ၏ ရန်က မငြိမ်းသေး။ စီယင်နုတွေကို ပူးပေါင်းကာကွယ်ရန် ယုချိလူမျိုးတွေနှင့် ဟန်ဝူးတိုင်းက မဟာမိတ်ပြုလိုသည်။

ယုချိလူမျိုး (တူရကီအနွယ်)တွေက ယခုတရုတ်နိုင်ငံ၏ အနောက်မြောက်ရှိ  ကန်းဆူး( Kamsu )နယ်၌ နေကြသည်။သူတို့ဆီသို့ ဟန်ဝူတိုင်းက ဘီစီ(၁၂၈) ခုနှစ်တွင် ချစ်ကြည်ရေးတာဝန်ဖြင့် သံအမတ်ကြီး ချန်ချိယင်ကို စေလွှတ်သည်။ 

ချန်ချိယင် ကန်ဆူးသို့ ရောက်သောအခါ ယုချိလူမျိုးတွေကို မတွေ့ရတော့။သူတို့က အနောက်ဘက်သို့ ရွှေ့သွားကြပြီ ဆိုသည်။တွေ့နိုးတွေ့နိုးနှင့် ချန်ချိယင်က နောက်ဘက်သို့ ဆက်လိုက်သွားရာ ယခု အာဖဂန်နီစတန်နိုင်ငံ၏ အရှေ့မြောက်ရှိ ဘက်တရီးယား( Bactria ) ပြည်သို့ အထိ ရောက်သည်။

ထိုပြည်ရောက်မှ ယုချိတို့ကို တွေ့သည်။ သို့ရာတွင် သူတို့က အရှေ့ဖျားမှ ကိစ္စအရေးအရာများတွင် စိတ်မဝင်စားကြတော့။ထိုကြောင့် ချန်ချိယင်၏ မူလလာရင်းရည်ရွယ်ချက် မအောင်မြင်လေ...။

သို့ရာတွင် မည်သို့မျှ မျှော်လင့်မထားသည့် အမြတ်သဖွယ် အချက်တစ်ရပ်ကို ချန်ချိယင် တွေ့သိသွားသည်။

တရုတ်ပြည်တောင်ပိုင်း ယူနန်ပြည်နယ်မှလာသော ကုန်ပစ္စည်းတို့ကို ဘက်တရီးယား၌ မယုံနိုင်ဖွယ် ချန်ချိယင် တွေ့မြင်ရသည်။

ဘယ်သို့ဘယ်ပုံ ဘယ်လမ်းမှ ရောက်လာကြပါသနည်း။

စုံစမ်းမေးမြန်းသော ချန်ချိယင်သည် သူရော၊တရုတ်ဧကရာဇ်ပါ မသိသော တောင်ဘက်လမ်းကြီးတစ်လမ်း ရှိနေမှန်း သိရသည်။ ထိုလမ်းကြီးကား ယူနန်မှ သည် ဗန်းမော် ၊ ဗန်းမော်မှသည် ပုဂံ၊ ပုဂံ၌ တောင်ဘက်သို့ တစ်လမ်းခွဲသွားပြီး အခြားတစ်လမ်းက မြောက်ဘက်သို့ပြန်တက်ကြီး ဟံလင်းဆီ၊ ဟံလင်းမှ မြစ်အသွယ်သွယ် တောင်အထပ်ထပ်ကိုဖြတ်ပြီး ထိုခေတ်က အဓိကရ စီးပွားရေးမြို့တော်ကြီး ဖြစ်နေပြီဖြစ်သော ပါဋလိပုတ်ဆီ။ ပါဋလိပုတ်မှဂင်္ဂါမြစ်အတိုင်းသွား၍ အိန္ဒိယအနောက်ပိုင်းတွင် လမ်းနှစ်သွယ် ခွဲပြန်သည်။

တစ်လမ်းက တောင်ဘက်သို့သွားပြီး သုပရက( Surparaka )ပင်လယ်ဆိပ်ကမ်းမြို့သို့ရောက်သည်။ထိုမှသည် အနောက်ဘက်သို့ ပင်လယ်ခရီးဖြင့် ပင်လယ်နီသို့ ရောက်သည်။ပင်လယ်ခရီးဖြင့်ပင် တောင်ဘက်သို့လာ၍ အိန္ဒိယတိုက်ငယ်ကိုပတ်ပြီး တမ္မပဏ္ဏိ ( တာမြပဏီ ) ခေါ် သီဟိုဋ်ကျွန်း...ထိုမှသည် အိန္ဒိယအရှေ့ဘက်ကမ်းရှိ မြို့များဆီရောက်သည်။ အခြားတစ်လမ်းက မြောက်ဘက်သို့သွားပြီး ခိုင်ဘာ ( Khyber ) တောင်ကြားလမ်းမှတစ်ဆင့် ဘက်တရီးယားသို့ ရောက်လာသည်။

မြန်မာပြည်တွင်းရှိစဉ် လမ်းကြီးသည် ပုဂံမှ တောင်ဘက်သို့ ဆင်းလာကြောင်း ဖော်ပြခဲ့ပြီးပြီ။ ထိုလမ်းကလည်း သင်္ဘော ဆိပ်ကမ်းမြို့ကြီးဖြစ်သော သရေခေတ္တရာ၌ ဆုံးကြောင်း ဤတရုတ်မှတ်တမ်းအကြောင်း ဆွေးနွေးသည့် စာအုပ်မှ မြေပုံတွင် ပြထား၏။

သရေခေတ္တရာမှ သင်္ဘော လွှတ်သော် အရှေ့တောင်ဘက်၌ ဒဂုံ၊သန်လျင်၊သထုံ ဆိပ်ကမ်းမြို့များရှိသည်။ အနောက်ဘက် အိန္ဒိယအရှေ့ဘက်ကမ်း မြို့များထိလည်း ရောက်သည်။အနောက်တောင်ဘက်ရှိ သီဟိုဠ်ကျွန်း(သီရိလင်္ကာ) သို့လည်းရောက်သည်။

ချန်ချိယင်သည် ဤတောင်ပိုင်းလမ်းကြီးအရေးပါပုံကို ချက်ချင်း သိသည်။

သူလာခဲ့သည်မှာ ပိုးကုန်သည်လမ်းခေါ် မြောက်ပိုင်းလမ်းကြီး။ထိုလမ်းကြီးက မလုံခြုံ။စီယင်နုတွေနှောက်ယှက်သဖြင့် မကြာခဏ ပိတ်ထားရသည်။ယခုတော့ မြောက်ပိုင်းလမ်း ပိတ်ထားရလျှင် ကိစ္စမရှိ။တောင်ပိုင်းလမ်းကြီးက ရှိနေပြီ။

နောက်ဆ့ယ်နှစ်နှစ်အကြာ၌ တရုတ်ပြည်သို့ ပြန်ရောက်သောအခါ တရုတ်ဧကရာဇ်ထံ ဤတောင်ပိုင်းလမ်းကြီးအကြောင်း ချန်ချိယင်က အစီရင်ခံပြီး ဤလမ်းကြီးကို ထိန်းသိမ်းစောင့်ရှောက် အသုံးပြုရန် အကြံပြုသည်။

တောင်ပိုင်းလမ်းကြီးကို ချက်ချင်းမူ စိုးမိုးအုပ်ချုပ်ခြင်း မပြုနိုင်သေး။ပထမ ကန်တုန်( Canton )ကို တိုက်ခိုက် သိမ်းပိုက်ရသည်။ယူနန်ကမူ ဧကရာဇ်ကို အညံ့ခံသည်။

ဤသို့ပြင်ဆင်မှုများ လုပ်နေရသောကြောင့် နှစ်များကြာသွားပြီး အေဒီ (၆၉) နှစ်ကျခါမှ ယနေ့ မြန်မာနယ်နိမိတ်မှ မိုင် (၆၀ )ကွာတွင် ယွန်ချန် အုပ်ချုပ်ရေးနယ်မြေ ( prefecture of Yung Chang ) ကို တည်ထောင်နိုင်ပြီး တောင်ပိုင်းလမ်းမကြီးကို စောင့်ရှောက်ရသည်။

အေဒီ (၉၇) တွင် ရောမ အင်ပါယာအရှေ့ပိုင်းမှ သံတမန်တို့ ဤလမ်း ယွန်ချန်သို့ ရောက်လာကြသည် ဆို၏။

ဤအတိုင်းဆိုလျှင် သရေခေတ္တရာ တည်နေရာသည် ကမ္ဘာ့ ကုန်သည် လမ်းမကြီးတစ်ခု၏ ပင်လယ်သို့ ထွက်ပေါက်အဝ တစ်ခုဖြစ်နေသည်။

ထိုခေတ် ထိုအချိန်က မြန်မာပြည်နှင့် အိန္ဒိယ၊သီဟိုဠ် တို့ပင်လယ်ကူး၍ ဆက်သွယ် ဆက်ဆံနိုင်ကြပြီလော...။

ဤအချက်နှင့်ပတ်သက်၍လည်း ရှေးက ဟိုလို သည်လို ရေးထားသည်တို့ ရှိသည်။သို့ရာတွင် ယခုအချိန်တွင်ကား အနောက်တိုင်း ပထဝီပညာရှင် ဝေါ့ကာ ( Walker ) တို့က-

‘ ဘီစီ (၆၀၀ )နှစ်များတွင်းကတည်းက မြန်မာပြည်တောင်ပိုင်း မြို့များနှင့် အိန္ဒိယအရှေ့ပိုင်း ကမ်းရိုးတန်း သင်္ဘော ဆိပ်မြို့များကြား ကုန်ကူးသန်းရောင်းဝယ်မှု ရှိနိုင်သည် ‘

                                  ဟု ရဲရဲဝံ့ဝံ့ ရေးကုန်ကြပြီ။
                                 

                                  အဲသည်လိုဆိုလျှင်.......

                                   သန်လျင်၊ ဒဂုံ၊ သရေခေတ္တရာတို့၏ မြို့သက်သည်........။






                                                         (၈)



ဘာမျှ အလွန်အကျွံ ကျွန်တော် မပြောလိုပါ။

သို့ရာတွင် စဉ်းစားဖွယ်ရာတွေ ရှိ၏။ အင်း…စဉ်းစားဖွယ်ရာတွေ ရှိနေ၏။

မြန်မာပြည်တောင်ပိုင်းမြို့များနှင့် အိန္ဒိယအရှေ့ပိုင်းတို့ ပင်လယ်ခရီးမှ ဆက်ဆံကြသည့် အကြောင်းကိုပြောလျှင် ရရှိသမျှ အထောက်အထားတွေအရ အိန္ဒိယမှ ခေတ်ကြီး နှစ်ခေတ်ကို ငဲ့ရှုရမည်။

ပထမခေတ်ကြီးက မောရိယ ( Maurya ) ခေတ်ကြီး   အထင်ရှားဆုံး မောရိယမင်းက သီရိဓမ္မာသောကမင်း( Asoka  ) ကြီး။သူက ဘီစီ (၂၆၉ ) ၌ နန်းတက်သည်။ ဘီစီ (၂၅၀ ) ၌ တတိယ သင်္ဂါ ယနာတင်သည်။သီရိဓမ္မာသောကမင်းကြီး လက်ထက်နှင့် သူ့နောက်ပိုင်း မောရိယခေတ်က ဗုဒ္ဓယဉ်ကျေးမှုခေတ်ကြိး။သူ့လက်ထက်တွင် ထေရဝါဒ ဗုဒ္ဓရဟန်းတော်များ ပင်လယ်တွေ သဲကန္တာရတွေကို ဖြတ်ပြီး  စွန့်စွန့်စားစား ကြွတော်မူခဲ့သည်။

ဒုတိယခေတ်ကြီးက ဂွပ်ပ်တား( Gupta )ခေတ်ကြီး။ အေဒီ (၃၂၀) နှင့် အေဒီ(၆၀၀) ကြား၌ ထွန်းကားခဲ့သည်။အဲဒိခေတ်က တန်ခိုးအကြိးဆုံး မင်းကား သမုဒြဂွပ်ပ်တား ( Samudra Gupta ) ။သူက သီရိဝိကရမ ( Sri Vikrama ) ဘွဲ့ကိုလည်း ခံယူ၏။သူနှင့် သူ့ဆက်ခံသူတွေက ဗြဟ္မဏ ဝါဒီတွေ ဗိဿနိုးနတ်ကို ကိုးကွယ်သည်။ သူတို့ခေတ်မှာက ပူရဝမီးမံဆား( Purva Mimamsa ) ဝါဒတွေ ခေါင်းထောင်၏။ ပူရဝမိမံသ၊ကာမမိမံသ ဟုမြန်မာသံနှင့် ခေါ်ကြမည်။အများပြည်သူတွေကြား ပေါ်ပျူလာဖြစ်နေသည်က ဗိဿနိုးနှင့် သီဝ သို့မဟုတ် ရှီဝ ( Siva ) ပရမေသွာ နတ်တွေကို ကိုးကွယ်ပူဇော်သည့်  ဘက္ခတိမဂ္ဂ ( Bhakti Marga ) ကျင့်စဉ်။ ဗုဒ္ဓမြတ်စွာဘုရားကိုပင် နာရယန ဗိဿနိုး (  Narayana Vishnu ) ဝင်စားသူဟု ပြောသူကပြော နေ သောခေတ်။ အသံဃ ( Asanga ) ဝသုဗန္ဓု ( Vasubandhu ) ကုမာရဇီဝ ( Kumarajiva ) ဒီနာဂ ( Dinaga ) ဆိုသည့် မဟာယန ဗုဒ္ဓဘာသာ ကျမ်းပြုပုဂ္ဂိုလ်တွေလည်း ပေါ်ထွက်ချိန်...။

ဗိသုကာ ပညာတွင် ဂွပ်ပ်တား ခေတ်သည် စံမပြုလောက်။ထိုခေတ်၏ နောက်ခေတ်များတွင် ပေါ်လာသော တောင်ပိုင်း အိန္ဒိယသားတို့၏ ဗိသုကာပညာကား ပုံသစ်ဟန်သစ်တွေနှင့် လက်ရာမြောက်သည်။ အထူးသဖြင့် အေဒီ (၆၀၀)နှင့် အေဒီ (၁၂၀၀) ကြားပေါ်လာသော ပလ္လိဝ ( Pallava ) ဘုရား (နတ်) ကျောင်းများ၏ ဟန်က ကျော်ကြားထင်ရှားသည်။

သရေခေတ္တရာ ယဉ်ကျေးမှုကား ဂွပ်ပ်တား ယဉ်ကျေးမှုနှင့် ဆက်စပ်၍ မရ။သရေခေတ္တရာ၌ ထွန်းကားသည်မှာ ဗြဟ္မဏမိမံသ ဝါဒတွေမဟုတ်။ဗိဿနိုးနှင့် သီဝ ကို မကိုးကွယ်။

ဘက္ခတိမဂ္ဂကျင့်စဉ် အရိပ်အယောင် အစအန မတွေ့ရ။ အသံဃ တို့ ဝသုဗန္ဓု စသည်တို့၏ မဟာယန တရားတွေလည်း သရေခေတ္တရာမှာ မရှိ။သရေခေတ္တရာ၏ မြို့ပေါက်ကြီး ( ၉ ) ခုအနက်မှ ရွှေတံခါးမြို့ပေါက် အဝင်အဝတွင် ထိုးစိုက်ထားသော ကျောက်စာတိုင်မှာ တွေ့ရသည်က အိန္ဒိယတောင်ပိုင်းသုံး အက္ခရာတွေနှင့် ရေးထားသည့် မောရသုတ်၊ မင်္ဂလ သုတ်၊ ထေရဝါဒ ဗုဒ္ဓဘာသာ ပရိတ်တရားတော် ပါဠိဂါထာများသာ။အုတ်ခွက်စသည်များ၌ ထပ်တွေ့ရသည်က သာသနာတော်၌ ထင်ရှားသော ကျော်ကြားလှသည့်  ‘ယေဓမ္မာဟေတုပ္ပဘဝါ ‘ အစချီသည့် ဂါထာတော်သာ...။

ဗိဿနိုးနှင့် သီဝကို မကိုးကွယ်။ အသံဃတို့ ၊ဝသုဗန္ဓုတို့ကို မသိသော သရေခေတ္တရာသားတွေသည် ဗုဒ္ဓကို ကိုးကွယ်ပြီး အရှင် အဿဇိတို့ ၊ အရှင်သာရိပုတြာ တို့ကို သိကြလေသည်။

သရေခေတ္တရာမှ ပေါပေါ( ဘောဘော ) ကြီး စေတီတာ်၏ ပုံသဏ္ဌာန် နှင့် ဟန်က ပလ္လီဝ ဟန်မဟုတ်။ မောရိယခေတ်မှ သီရိဓမ္မာသောကမင်းကြီး၏ ကောင်းမှုတော် ဆန်ချီပထိုးတော်ကြီး ( Sanchi Stupa ) သီရိလင်္ကာမှ ဒုဌာဂါမဏိမင်းကြီး၏ ကုသိုလ်တော် မဟာစေတီ ( ဘီစီ ၁၀၀ ) တို့နှင့်ကား သဏ္ဌာန်ချင်း ၊ဟန်ချင်း ဆွေမျိုးတော်သည်ဟု ထင်သည်။

အိန္ဒိယသမိုင်းပညာရှင်တို့ပြုစုသော ' တိုးတက်ခေတ်မီသော အိန္ဒိယသမိုင်း ‘ ( An Advanced History Of India ) စာအုပ်၌ ဂွပ်ပ်တားခေတ်ဦးနှင့် ခေတ်နောက်ပိုင်းတွင် အာရှတောင်ပိုင်း နိုင်ငံများသို့ ဗြဟ္မဏဝါဒနှင့် ယဉ်ကျေးမှု ပြန့်ပွားပုံအကြောင်း ဆွေးနွေးထားသည်။

ဗိဿနိုးကိုးကွယ်မှု ၊သီဝကိုးကွယ်မှု ။ပလ္လဝဗိသုကာလက်ရာတွေရှိကြသည့် ချမ်ပါ ( Champa ) ကန်ဗုဂျ ( Kambuja ) ၊ဆူမတြာ ၊ဂျာဗား ၊ ဘာလီ ၊ ဘော်နီယို တို့အကြောင်းကို ကိုလိုနီနှင့် ယဉ်ကျေးမှု ပြန့်ကျယ်ခြင်း ( Colonial and Cultural Expression )ဟူသည့် အခန်း၌ တော်တော် စေ့စေ့ စုံစုံလေး ဖော်ပြထားသည်။

သို့ရာတွင်-
သရေခေတ္တရာ အကြောင်းကိုတော့ နှုတ်ပိတ်ရေငုံနေသည်။

သရေခေတ္တရာ၏ သီးခြားဂုဏ်ကို လေးစားသောကြောင့်ဟု ကျွန်တော်ထင်သည်။

ကူးလူးဆက်ဆံခြင်းရှိသောကြောင့် အချို့ယဉ်ကျေးမှုကိစ္စ တွေ၌ ရောခြင်း ယှက်ခြင်း ရှိတန်သမျှ ရှိမည်။ သို့ရာတွင် သရေခေတ္တရာ၏ အဓိက ယဉ်ကျေးမှုကား သီးခြားဖြစ်သော ဂုဏ်တို့နှင့် တင့်တယ်သည့် ထေရဝါဒ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသာတည်း။

အဲသည် ယဉ်ကျေးမှုကို ဘယ်တုံးက ဘယ်က ရရှိခဲ့သနည်း။

တွေ့ပြီးသမျှ အထောက်အထားတွေက ( မပြည့်စုံလှသေးသော်လည်း ) ဘီစီနှစ်များဆီ ညွှန်ပြနေသည်။ကျွန်တော်တို့ ဘိုးဘွားတွေကတော့ ဘီစီ ခြောက်ရာစု နှစ်များကတည်းကဟု တစ်ပြားမျှ မလျှော့ဘဲ ပြောသည်။

သမိုင်းပညာရှင်တို့ သတိမမေ့ဘဲ ထည့်စဉ်းစားစေချင်သော အချက်လေးများလည်း ရှိသေးသည်။သာမန်ကြည့်လျှင်တော့ အချက်လေးတွေပါ။

တကောင်းမင်းရိုး ခေပဒူတမင်းသားက သရေခေတ္တရာတည်မည့် နေရာသို့ ရောက်ရှိပြီး ရသေ့လုပ်ချိန်က ထိုဒေသကို အုပ်ချုပ်နေသူမှာ သကျအင်း ပျူမိဖုရား နန်းခမ်း။

တူတော်မောင်များ ရောက်လာမှ မဟာသမ္ဘဝမင်းသားကို ပျူမိဖုရားကိုရော၊ သမီးတော် ဗေဒါရီကိုပါ မိဖုရားတွေအဖြစ်မြှောက်ပြီး မင်းပြုစေသည်။ဤသည်က တစ်ချက်။

ပန်ထွာပြည်ကို အုပ်ချုပ်နေသူမှာလည်း ပန်ထွာမင်းသမီး။ မိန်းမ။
သရေခေတ္တရာ တည်ပြီးနောက် ဒွတ္တပေါင်မင်း သွားရောက် သိမ်းပိုက်ခဲ့သော ပန်ထွာပြည်ကို အုပ်ချုပ်ခဲ့သူမှာလည်း ပန်ထွာဘုရင်မ။  ဤသည်လည်းတစ်ချက်။

ပန်ထွာမိဖုရား အပေါ်၌ ဒွတ္တပေါင်မင်း၏ မေတ္တာကကြီးလှသည်။သို့ရာတွင် ပန်ထွာ မိဖုရားကမူ မင်းကြီးပေါ်၌ မေတ္တာတော် စူးရှမှု မရှိ။ရန်ညှိုးက မပြေ။ မင်းကြီး ဘုန်းတေဇာလျှောကျရန်ပင် အကောက်ကြံဖန်တီးခဲ့သည်။

ဤဇာတ်လမ်းက ထူးထူးဆန်းဆန်း ခေါမမစ်သ်မှ နတ်ဧကရာဇ်ကြီး ဇူးစ်နှင့် သူ့မိဖုရားနတ်ဒေဝီကြီးဟီးရား ( Hera )တို့၏ ဇာတ်လမ်းနှင့် အလွန်ကို ဆင်တူနေ၏။

ဒွတ္တပေါင်နှင့် ပန်ထွာမိဖုရားတို့က မောင်နှမ တော်သည်။ ဇူးစ်နှင့် ဟီးရာတို့လည်း မောင်နှမ တော်သည်။ ဇူးစ်နှင့် ဟီးရာကို အသေအလဲ ချစ်သော်လည်း ဟီးရာက ပြန်မချစ်။ ဟီးရာကို ဇူးစ်က ဇွတ်အတင်း သိမ်းပိုက်ရသည်။မိဖုရားကြီးဖြစ်လာသော အခါ၌လည်း ဇူးစ်က ဟီးရာကို အထူးအခွင့်အရေးတွေ ပေးသည်။ ဤကြားတည်းက ဟီးရာသည်  ပိုးဆိုက်ဒင်တို့၊ အပိုးလိုတို့နှင့် ပူးပေါင်းလျှက် ခေါင်းဆောင်ကာ ဇူးစ်ကို အလစ်၌ ဖမ်းပြီး စကြာဝဠာ ဧကရာဇ်ကြီး ဘဝမှ နန်းချရန် ကြိုးစားသည်။ သစ္စာရှိသူ နတ်သမီး သီးတစ်(စ်) ( Thetis ) ၏အကူအညီဖြင့် ဟီးရာတို့ လက်မှ လွတ်လာသူ ဇူးစ်သည် ဟီးရာကိုတော့ မှတ်လောက်အောင်တော့ အပြစ်ပေးသည်။သို့ရာတွင် ဒေါသပြေသောအခါ ဟီးရာကို မိဖုရားကြီးအဖြစ်ပင် ဆက်ထားသည်။

ခေါမ မစ်သ်တွေက ခေါမသမိုင်းဦးမှ ဖြစ်ရပ်တွေကို နိမိတ်ပုံစနစ်နှင့် ပြောသည်။

ခေါမနှင့်တကွ မြေထဲပင်လယ်ကမ်းမှ တိုင်းပြည်တွေတွင် သမိုင်းဦးအချိန်က မိန်းမဘုရင်မတွေသာ အုပ်ချုပ်သော မေတရီအာခီ ( Matriarchy )စနစ်ကို ကျင့်သုံးသည်။ နောင်တွင် ထိုအရပ်ဒေသများတွင်းသို့ မြောက်ပိုင်းမှ အဲရီယင်လူမျိုးသစ်တို့ ဝင်လာသည်။ အဲရီယင် တွေက ယောက်ကျားဘုရင် အုပ်ချုပ်သော ပေတရီအာခီ ( Patriarchy ) စနစ်ကို ကျင့်သုံးသည်။ ခေါမမစ်သ်တွေက ထိုစနစ်နှစ်ခုတို့ အားပြိုင်ရုန်းကန်မှုကို ပြသည်။  နောက်ဆုံးတော့ ပေတရီအာခီစနစ်က အောင်နိုင်လွှမ်းမိုးသွားသည်။စစ်ရေးနည်းနှင့် အနိုင်ယူသည်လည်း ရှိသည်။ စေ့စပ်ညှိနှိုင်းပြီး အနိုင်ယူသည်လည်း ရှိသည်။ အရှည်မျှော်လျှက် မေတရီအာခီစနစ်မှ ယဉ်ကျေးမှုအားလုံးကို ဖျက်မပစ်။ လက်ခံနိုင်သော ယဉ်ကျေးမှု ထုံးတမ်းတို့ကို ဆက်လက်ထိန်းသိမ်း ထားရှိပေးသည်။ ဤသို့ဖြင့် ပိုမိုတိုးတက် အားကြီးသော ယဉ်ကျေးမှုသစ်ကြီးတစ်ခုကို တည်ထောင်ကြသည်။

သရေခေတ္တရာ ဇာတ်လမ်းတွင် ဤသဘောဆန်ဆန်တွေကို တွေ့ရသည်။ 

မေတရီအာခီစနစ် နှင့် ပေတရီအာခီစနစ် အကူးအပြောင်းသည် အလွန့်အလွန် ရှေးကျပြီး သာမန်သမိုင်းပညာက လက်လှမ်းမမီသေးသော ပဝေသဏီအခါက ဖြစ်ခဲ့သည်။ သားစဉ်မြေးဆက် ထားချန်ခဲ့သော သမိုင်းရိပ်ပြ ဂန္ဓဝင် ဇာတ်လမ်း ဟုခေါ်သည့် မစ်သ်များမှနေ၍ အဓိပ္ပါယ် ဖော်ထုတ် ယူရသည်။

ဤရှုထောင့်မှချဉ်းကပ်သော် သရေခေတ္တရာ၏ အမွန်အစသည် အလွန်ရှည်ကြာလှလေပြီ။ အေဒီနှစ်များ၏ ဟိုမှာဘက်  ဘီစီနှစ်များဆီ ညွှန်ပြနေသည်။

မြို့နာမည် ပေးထားပုံကိုလည်း ကြည့်ပါ။

သရေခေတ္တရာ…..

နောက်၌ ဘာမျှမပါ။

အိန္ဒိယမြို့ကြီးများ၏ အမည်အဆုံးတွင် နဂရ ( Nagara )  ပုတြ ( Putra )   ဝတီ ( Vati ) တို့ပါတတ်သည်။

ဂရ ၏အဓိပ္ပါယ်မှာ မြို့ဟုရသည်။ နာဂရ ဖြစ်ရန် မည်ကဲသို့သော အင်္ဂါ လက္ခဏာများနှင့် ပြည့်စုံရမည်ဟူသည့် သတ်မှတ်ချက် ရှိသည်။  စမ္ပနဂရ (စမ္ပာနဂို) ကို ယှနဂရ  (ကုသိနာရာ = ကုသိနာရုံ ) တို့ကား နဂရ မြို့များဖြစ်ကြသည်။

ပုတြကား ပုရ် ( pur ) (ဝါ) ပုရ မှလာသည်။ မူလ အဓိပ္ပါယ်ကား ခံတပ်ဟုဖြစ်သည်။ ခံတပ် သို့မဟုတ် တပ်မြို့မှတစ်ဆင့် ကြီးကျယ်လာသော မြို့တို့၏အမည်နောက်တွင် ပုရ (ဝါ ) ပုတြ ပါသည်။

ဂင်္ဂါမြစ်နှင့်သောဏာ ( Sona ) မြစ်ဆုံရာ၌ မူလက ပါဋလိဂရာမ သို့မဟုတ် ပါဋလိဂါမ ရွာလေးရှိသည်။ ဂရာမ သို့မဟုတ် ဂါမ ဆိုသည်မှာ ရွာဟုပင် အဓိပ္ပါယ် ရှိသည်။ မြောက်ပိုင်းမှ ရန်တို့ကြောင့် အာဇာတသတ်မင်း လက်ထက်တွင် ထိုရွာလေးကို အင်အားဖြည့်၍ ခံတပ်မြို့ပြုသည်။နောင်ခေတ်များတွင် ထိုခံတပ်မြို့လေးက ကြီးပွားလာပြီး ပါဋလိပုတြ   pataliputra  ခေါ်  ပါဋလိပုတ် မြို့ကြီးဖြစ်လာသည်။

ဝတီ  သို့မဟုတ် ဝသတီ  Vasti  ကား အရံအတား ။ ပေါများခြင်းဆုဟု အဓိပ္ပါယ်တွေ ရသည်။ သာဝတ္ထိကို ရှရာဝတ်သတိ  Sravasti ဟုခေါ်သည်။

အိန္ဒိယတောင်ပိုင်း အရှေ့ဘက်ကမ်းတွင်  အမရဝတီ  Rmaravati  ခေါ်သော မြို့ရှိသည်။ သိကြားမင်း စံသောမြို့ကိုလည်း အမရဝတီ ဟုခေါ်သည်။ အိန္ဒိယတောင်ပိုင်း အရှေ့ဘက်ကမ်း၌ ဒန္တပုရ  Dantapura  ပိရှုပူရ  Pishupura   စသည်ဖြင့် ပုရမြို့များလည်းရှိသေးသည်။

သရေခေတ္တရာထက် နောက်ကျသော အာရှတောင်ပိုင်းမြို့များ အမည်တွင် ဝတီကို တွေ့ရသည်။ဟံသာဝတီ ၊ဒွါရဝတီ ၊သုဓမ္မဝတီ စသည် ၊ ပုဂံနှင့်ခေတ်ပြိုင်ဖြစ်သော (ယခု ထိုင်းနိုင်ငံတွင်ရှိ ) ရှေးဟောင်း နကွန်ပတုံ ( Nakorn Pathom )မြို့မှာ မာဂဓ ၊သက္ကဋတို့နှင့် နဂရပထမဟု အသံထွက်သည်။

မြန်မာပြည်မြောက်ပိုင်းမှ မြို့များအမည်တွင် ပုရကိုတွေ့ရ၏။အရိမဒ္ဒနပုရ၊ အမရပုရ၊ ရတနပုရ...။

သရေခေတ္တရာကို နဂရနှင့်လည်း တွဲမသုံး။ဝတီနှင့်လည်း တွဲမသုံး...။

သရေခေတ္တရာ   ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော လယ်မြေ   ဤမျှ     ဤမျှသာ။

ဤအချက်ကလည်းဆန်းသည်။  စဉ်းစားစရာ...။

သရေခေတ္တရာသည် ဧရာမမြို့ကြီးဖြစ်သည်။ အာရှတောင်ပိုင်းတွင် ထိုရှေးအခါက သူ့ကိုမီအောင် ကြီးသောမြို့မရှိ။ ( ရှိသည်ဟု မကြားရဘူးသေး )

သရေခေတ္တရာသည် သင်္ဘော ဆိပ် မြို့ကြီးလည်းဖြစ်လေသည်။

ကျွန်တော်တို့ အစဉ်အလာ ပြောဆိုခဲ့သောသမိုင်းပါ မြတ်စွာဘုရား ဗျာဒိတ်တော်၌ နိမိတ်ကြီးငါးပါးတွင် -

“ သရေခေတ္တရာ ပြည်တည်ရာအရပ်၌ ပင်လယ်ရေ ခန်းခြောက်ခြင်းလည်းတစ်ပါး “
    ဟုပါသည်။

သရေခေတ္တရာသည် ဒဂုံတို့ သန်လျင်တို့ကဲသို့ ကျွန်းမဟုတ်သော်လည်း ပင်လယ်နှင့်မဝေး။ ပြည်မြို့နှင့်တကွ တောင်ဘက် ထုံးဘိုမြို့၊ ပေါင်းတည်မြို့တို့တွင် ရေတွင်းတူးလျှင် ရေငံတွေသာထွက်သည်။ အရှေ့ဘက် ပေါင်းတလည်တွင်ကား ရေတွင်းတူးလျှင် ရေချိုအလွယ်ရသည်။ကျွန်တော်တို့ငယ်ငယ်က ပြည်တွင် မြစ်ရေကို ရေကြည်စေ့ သွေးတည့်ပြီး သောက်ရ၏။တွင်းရေကို ရေချိုးခြင်းနှင့် ဖွပ်လျှော်ခြင်းများပြုကြသည်။

အစဉ်အလာအရ  ပြောဆိုကြသည်လည်း တစ်ခုရှိသေးသည်။ရေငံနယ်အဆုံးက “ ရေကင်း “ အရပ်ဟုဆိုသည်။ဒဂုံမစ်သ်တွင် ရေငံနယ်ကိုစိုးသော ငမိုးရိပ်ကြီး၏ ချစ်သူဇနီးကား....ရေကင်းသူ ‘ မရွှေပွင့် ‘ ဟူ၏။

ဦးရှင်ကြီးနတ်ပိုင်သော နယ်မှာလည်း ရေကင်းအထိသာရောက်သည်။ရေကင်းရွာကား ပြည်မြို့တောင်ဘက် ကနောင်မြို့အနီးတွင် ရှိသည်။ ရှေးအခါက သရေခေတ္တရာသည် ယခု ရန်ကုန်၊ မော်လမြိုင်၊ ပုသိမ်မြို့များလောက်ပင် ပင်လယ်မှ မဝေး။ ပြည်တောင်ဘက်က ရွှေနတ်တောင် စေတီသမိုင်းတွင် ရွှေနတ်တောင်ကို ကျွန်းပေါ်မှ တောင်အဖြစ် ပင်လယ်မှ မြင်ရသည်ဆို၏။

အဲသည်အချက်တွေကို ချန်ချိယင်၏မှတ်တမ်း၊ ဝေါ့ကာတို့၏မှတ်ချက်တွေနှင့် နှိုင်းယှဉ်စဉ်းစားကြည့်သောအခါ သရေခေတ္တရာသည် ရှေးဟောင်းမဟာကုန်သည်လမ်းမကြီးတစ်ခု၏ အဆုံးမှ ပင်လယ်သင်္ဘော ဆိပ်မြို့ကြီးတစ်ခု ယဉ်ကျေးမှုမြို့တော်ကြီး။ အာရှ အရှေ့တောင်ပိုင်းမှ သီးခြားဂုဏ်အင်္ဂါ လက္ခဏာရှိသော ထေရဝါဒ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု၏ အမွန်အစ မြို့တော်ကြီး။

သရေခေတ္တရာသည် ဧရာဝတီမြစ်ကြီး၏အဝ ခေါင်းလောင်းပုံပင်လယ်ကွေ့ကြီးထိပ်မှာ တည်ရှိသည်။ အဲသည်ကနေပြီး ပင်လယ်ကွေ့ကြီးကို စိုးမိုးထိန်းချုပ်ထားပုံရသည်။

ကျွန်တော်တို့ အစဉ်အလာသမိုင်းက ပြောသည်ကား ဒွတ္တပေါင်မင်းကြီးသည် နဂါးကြေးလှေတော်နှင့် ပင်လယ်လှည့်၍ အခွန်ဘဏ္ဍာ သိမ်းကောက်တော်မူစဉ် ပင်လယ်၌ နတ်ရွာစံသည်ဆို၏။သူ့အလောင်းတော်ကို နဂါးတွေက နဂါးပြည်သို့ ဆောင်သွားသည်ဟု ဆိုသည်။ သူရို့ ဥရောပအလယ်ခေတ်၌လည်း ဂျာမန်ဧကရာဇ် ဖရက်ဒရစ်ဘားဘရော့ဆား ( Frederick Barbarossa )သည် ပင်လယ်တွင် နတ်ရွာစံသည်။သူ့ဝိညာဉ်ကို ကောင်းကင်တမန် နတ်တစ်ပါးက ပင်လယ်တွင်းမှ ဆောင်ယူ၍ ထာဝရဘုရားသခင်ထံ ပို့ပေးပုံ ပန်းချီကား ကျွန်တော့်စာအုပ်တစ်အုပ်တွင် ရှိသည်။ဘားဘရော့ဆားကား ဂျာမန်တို့၏ အာဇာနည်သူရဲကောင်း ဧကရာဇ်။ ဘားဘရော့ဆားက ‘လက်ဂျင်း ‘ခေါ် မော်ကွန်းထားခဲ့သည်။ ဒွတ္တပေါင်ကလည်း ကျွန်တော်တို့အားလုံးအတွက် မော်ကွန်းထားခဲ့သည်။

ပင်လယ်လှည့်၍ အခွန်ဘဏ္ဍာ သိမ်းကောက်တော်မူသည်ဆိုသည်မှာ ပင်လယ်ကို စိုးမိုးထိန်းချုပ်ထားသည်ဟု အဓိပ္ပါယ် ရှိသည်။

ဪ….သရေခေတ္တရာ၏ ဘုန်းက ကြီးလှပါတကား။   




                       


                                                             ( ၉ )




သရေခေတ္တရာသည် အသက်လည်း ပြင်းလှစွာ၏။
အီဂျစ်မစ်သ်များက ဖီးနစ်(ခ်)(စ်)ငှက်အကြောင်း ပြောပြသည်။
ထိုငှက်က အလွန်လှပပြီး သဲကန္တာရတွင်းမှာ တစ်ကောင်တည်း နေသည်။အနှစ် ( ၅၀၀ ) မှ ( ၆၀၀ ) နေပြီးသောအခါ တေဇောမီးလျှံ၌ မိမိကိုယ်ကို မိမိဘဝ ပြောင်းပစ်သည်။ မီးလျှံမှ ကြွင်းသည့် ပြာတို့မှ ဖီးနစ် (ခ်)(စ်) ငှက်သစ်တစ်ကောင် ပြန်ပေါက်လာပြီးနောက် နှစ်ပေါင်းရှည်စွာ အသက်ရှင် တည်နေသည်။ သေခြင်းမဲ့သော ငှက်တည်း။
သရေခေတ္တရာ၌လည်း သေခြင်းမဲ့သည်။

ကမ္ဘာပေါ်၌ ရှေးဟောင်းမြို့ကြီး အများတို့သည် ထွန်းကားချိန်၌ ထွန်းကားပြီးနောက် ပျက်သွားကြသည်။ မြို့ဟောင်းမြို့ပျက်ကြီးအဖြစ် ကျန်ကောင်းကျန်မည်။ ရွာသိမ်ရွာငယ်လေးအဖြစ် ပြောင်းကောင်းပြောင်းသွားမည်။ မြို့ကြီးပြကြီး ပြန်မဖြစ်တော့။

သရေခေတ္တရာပျက်ပြီးနောက် သရေခေတ္တရာမှ ထူးချွန်သူတို့သည် ပုဂံမှ ညီအစ်ကိုများနှင့် ပေါင်းပြီး အာရှ အရှေ့တောင်ပိုင်း၌ ရင်သပ်ရှုမော အံ့ဩရသော အရိမဒ္ဒနပုရပုဂံမြို့ကြီးနှင့် ပုဂံယဉ်ကျေးမှုကြီးကို အသစ်ဖန်တီး တည်ထောင်ကြပြန်သည်။ အိနီးအက်စ် ရောမမြို့ကြီးကို တည်သည့်ပမာတည်း။

မူလ သရေခေတ္တရာကလည်း ဝိညာဉ်ချုပ်ငြိမ်းမသွား။အသက်ပြင်းပြင်းနှင့် ဆက်ရှိနေသည်။

ဩဂတ်စတက်စ်ဆီးဇာ ဧကရာဇ်သည် ထာဝရမြို့တော်ကြီးဖြစ်သော ရောမကို ပူဇော်သောအားဖြင့် အိနီးအစ်ဒ်ကဗျာကြီးကို မော်ကွန်းဝင်အောင် ပြုသကဲသို့ ပုဂံ၏ ပညာအကြီးဆုံး ကျန်စစ်သားမင်းကလည်း သူ့နည်းသူ့ဟန်ဖြင့် သရေခေတ္တရာ၏ ကျေးဇူးဂုဏ်ကို မော်ကွန်းတင်ပေးခဲ့သည်။

ကျန်စစ်သားမင်းကြီးက မွန်ဘာသာဖြင့် ကျောက်စာကြီးသုံးချပ်ပေါ် ကျောက်စာထိုးခဲ့သည်။ထိုကျောက်စာပေါ်တွင် ကျန်စစ်သားမင်းကြီးက သူကိုယ်တိုင် ဗားဂျီးလ်လုပ်ပြီး ကဗျာသစ္စာစကား ဆိုခဲ့၏။
သရေခေတ္တရာမြို့ကြီး တည်စဉ်က သည်ဗိသဏုရသေ့ကြီးအဖြစ် ပါဝင်ခဲ့သည် ဆိုသတည်း။
သရေခေတ္တရာ ယဉ်ကျေးမှုနှင့် ပုဂံယဉ်ကျေးမှုတို့ ဝိညာဉ်ဆက်နေပုံကို သည့်ထက်ဂုဏ်မြောက်အောင် မည်သူပြောနိုင်မည်နည်း။
သရေခေတ္တရာ၏ ဝိညာဉ်သည် ကျန်စစ်သားမင်း၏ နှလုံးတွင်းမှာ ခုန်နေသည်။
နောက်ခေတ် အဆက်ဆက် သရေခေတ္တရာသည် မြို့အဖြစ် ဝိညာဉ်ဆက်ရှိနေသည်။

အင်းဝခေတ်မှာလည်း သရေခေတ္တရာသည် မြို့ကြီးပေတည်း။မင်းခေါင်နှင့် ရာဇာဓိရာဇ်တို့ ရွှေဆံတော် ဘုရားရင်ပြင်တော်ပေါ်တွင် ချစ်ကြည်ရေးပြုကြသည်။

အင်းဝပျက်သောအခါ အရှင်မဟာရဋ္ဌသာရသည် သရေခေတ္တရာသို့ ပြေးရှောင်လာပြီး “ ကိုးခန်းပျို့ “ကြီးကို နိဂုံးအသစ် ပြန်ရေး၍ သရေခေတ္တရာမြေတွင် အဆုံးသတ်ကာ စာပေအမွေ ပေးခဲ့သည်။ ပြည်နဝဒေးကြီးကလည်း တောင်ငူခေတ်ဦး၏ “ ရတုဘုရင် “ဖြစ်လာခဲ့သည်။ သူ့ရတုများဖြင့် မြသိတင်စေတီ၌ သူစမြင်တွေ့ခဲ့ရသည့် သူ့ချစ်သူ  ရှင်နှောင်းကို ကမ္ဘာ့စပေမှ ချစ်သူ ဘီးယားတရစ်စ် ( Beatrice ) အား ဒန်းတီ ( Dante  )က ထာဝရမျိုးအလှပုံရိပ် ( image of immortal beauty ) အဖြစ် ထုသွန်းသွားသကဲသို့ နဝဒေးကလည်း ထုသွန်းသွားသည်။

တောင်ငူခေတ်၊ ဒုတိယအင်းဝခေတ် ၊ ကုန်းဘောင်ခေတ်တွေမှာလည်း သရေခေတ္တရာသည် မြို့ကြီးပြကြီးအဖြစ်ဖြင့်ပင် တင့်တင့်တယ်တယ် ရပ်တည်နေခဲ့သည်။

ထို့ကြောင့်လည်း သရေခေတ္တရာသည် “ ပြည် “ဟူသော ဘွဲ့ကိုရသည်။

ပြည်ဟူသောစကားမှာ နဂရတို့ ပုရတို့ ကဲသို့ပင် မြို့ဟု အဓိပ္ပါယ်ရသည်။ သို့ရာတွင် အခြားမြို့များသည် မြို့အမည်ဖြစ်သွားသည်အထိ ပြည်ဘွဲ့ကို မရ။သူတို့က အခြားအမည်နှင့် တွဲခေါ်ရသည့်မြို့၊ ပြည် ၊ စီးတီး ( City )

သရေခေတ္တရာကတော့ ရှေးပဝေသဏီတည်းက ဂုဏ်ထည်ထည်နှင့် မပြတ် မားမားရပ်တည်နေသောကြောင့် စီးတီးရှေ့မှ ပုဂ္ဂလိက နာမဝိသေသန ပြသော သာ( The ) ကိုထည့်ပေးရသည်။

သာစီးတီး ( The City ) ။ပြည်၏ အင်္ဂ လိပ်ဘာသာ အဓိပ္ပါယ်က ဤသို့ရှိနေသည်။

သရေခေတ္တရာကို “ပြည် “ဟု ကျွန်တော်တို့အားလုံးက ခေါ်ကြခြင်းမှာ ကျွန်တော်တို့နည်းနှင့် ကျွန်တော်တို့ အင်မောတဲလ်စီးတီး ( Immortal City ) သို့မဟုတ် သေခြင်းမဲ့သော ထာဝရမြို့ကြီးဟု ဘွဲ့တပ်ပေးကြခြင်း ဖြစ်လေသည်။ 

မှန်လည်းမှန်စွ.ခရီးလမ်းတို့ ဆုံရာဖြစ်သောကြောင့် သရေခေတ္တရာသည် စစ်ပွဲကြီးတွေ အလီလီ၊စစ်ဘေးကြီးတွေ အကြိမ်ကြိမ် ကြု့ဆုံခဲ့ရသည်။ ပျက်ခဲ့ ကြေခဲ့ရသည်။

ဒုတိယကမ္ဘာစစ်အတွင်းက မြေ၌ ပြားပြားဝပ်အောင် ကြေပျက်ခဲ့ရသည်။ ပြည်မြို့ကြီးကို ကျွန်တော်ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။

အဲသည်တုံးက ရင်နင့်ရင်နာသည့် ခံစားမှုကို “တပြည်သူမရွှေထား “ဝတ္ထုရှည်၌ လွမ်းလွမ်းဆွတ်ဆွတ်၊ ဆို့ဆို့ကျင်ကျင်နှင့် ကျွန်တော်ရေးခဲ့မိသည်။

သို့ရာတွင် ဖီးနစ် (ခ်)(စ်)ငှက်ပမာအလား၊ဆိုးဝါးလှသည့်ဒုတိယကမ္ဘာစစ်ကြီး၏ အပျက်တွေကြားမှ ကျွန်တော်၏ ချစ်လှစွာသော  မြို့ကြီးက ပြန်လည်ရှင်သန် ထမြောက်လာသည်။

ရောမမြို့ကြီးနှင့် ပခုံးချင်းယှဉ်နိုင်သော ကျွန်တော်တို့၏...။

သေခြင်းမဲ့သော  မြို့ကြီး ။ ထာဝရ မြို့ကြီး ။

သီရိခေတ္တရာ။



                                                           (၁၀)



ကျွန်တော်ပြောပြခဲ့သော ကဗျာသစ္စာ ၊ ပိုမိုမြင့်မားသော အမှန်တရားတို့ကို ရင်မှာထားပြီး သရေခေတ္တရာ၏ မြင့်သောတစ်နေရာမှ ဖိုးဦးတောင်ဆီ ကြည့်ပါလော့ မိတ်ဆွေ ။

ကျွန်တော်မြင်သကဲသို့ မြတ်စွာဘုရားသခင်နှင့် သူ့ကို သင်လည်းမြင်မည် ။

ဘုရားသခင် လက်ခံတော်မူသော သူ၏ သန့်စင်သော မြေစိုင်ခဲ လေးကိုလည်း မြင်ရမည်။

သည်ထက် မွန်ရာမြတ်ရာ ဘာရှိသနည်း ။

သည်မြေစိုင်ခဲလေးက ကျွန်တော်တို့ အားလုံး၏ အမွန်အစ နိမိတ်ပုံ ။ ကျွန်တော်တို့ အားလုံး ဤကမ္ဘာမြေပေါ်၌ လူအဖြစ် ဘာကြောင့် ရပ်တည် နေသနည်းဟူသည့် အကြောင်း အဓိပ္ပါယ်၏ သင်္ကေတ ။

မပြတ်သော သရေခေတ္တရာ၏ ဝိညာဉ် တည်ရာ၊ မှီရာ ။




                                                                                           ပြီးပါပြီ
                                           
                                                                                တက္ကသိုလ်ဘုန်းနိုင်
                 
                                                                                       ၇-၉-၉၃





( ဤဆောင်းပါးသည် စာရေးသူ၏ မူပိုင်သာ ဖြစ်သည်။ )











Thursday, December 13, 2018

ကျွန်တော်တို့ အားလုံး၏ သရေခေတ္တရာ တက္ကသိုလ် ဘုန်းနိုင်









ဤကမ္ဘာပေါ်၌ အဘယ်လူမျိုးသည် မိမိတို့၏ သမိုင်းဦးအစကို အတိအကျ အခိုင်အလုံ ပြည့်ပြည့်စုံစုံ ကုန်ကုန်စေ့စေ့ သိလေကြပါသနည်း။

သမိုင်းအရုဏ်ဦး မှုန်မှုန်အချိန်အခါက ဘဝနိမိတ္တ တို့ကို သားစဉ်အဆက်ဆက် မပျက် မပြောခဲ့သည့် သမနိရှည်သော အဘယ်လူမျိုး ရှိသနည်း။

အမှန်တရားဆိုသည်မှာ ကျောက်သားများ၊ ပျဉ်ပြားများ၊ မြေသားတွင်းမှ ကြွင်းကျန်ပစ္စည်းများ တို့၌သာ တွေ့ရပါသလား။

အသက်ရှည်သော လူမျိုးတို့အလယ်တွင် အသက်ရှင်သော လူက အသက်ရှိသောလူကိုပင် ထပ်ဆင့် လက်ကမ်း ပေးအပ်ခဲ့သဖြင့် သွေးထဲသားထဲ ခန္ဓာထဲတွင် ဆတ်ဆတ်လတ်လတ် ရှင်သန်ကျန်နေသည့် အမှန်တရား တစ်မျိုးကော မရှိဘူးလား။အဲသည်အမှန်တရားမျိုးကို စကားတန်ဆာအဖြစ် တင်စားလျှက် စာပေ၌တော့ဝိညာဉ်ဟုခေါ်သည်။

လူမျိုးတစ်မျိုး၏ဝိညာဏ် (The soul of a people)

ဝိညာဉ်ရှိသောမြို့ (City with a soul)

ဤသို့သော အသုံးတွေရှိသည်။ ကျွန်တော်တို့မြန်မာလူမျိုးက ဝိညာဉ်ရှိသောလူမျိုး။

ကျွန်တော်တို့မြေပေါ်၌ ဝိညာဉ်ရှိသောမြို့အများရှိနေသည်။

ကျွန်တော်တို့၏သရေခေတ္တရာကား ဤသို့လျှင် ဝိညာဉ်ရှိသောမြို့။အေသင်းဇ် ( Athens ) ဟုခေါ်ကြသော အားသီးနို ( Athenai ) ခေါမမြို့ ရောမဟုကျွန်တော်တို့ကခေါ်သော ရုမ်း  ( Rome) မြို့တို့ကဲသို့ပင် ပါဠိဘာသာဖြင့် သီရိခေတ္တ( Srikhetta )ဟုခေါ်သော ကျွန်တော်တို့၏ သရေခေတ္တရာမြို့မှာလည်း ဝိညာဉ်ရှိသည်။

…..ရောမမြို့ကို ထာဝရမြို့ကြီး( Eternal City ) ဟု သူတို့ခေါ်ကြသည်။

ဟုတ်ကဲ့ကျွန်တော်တို့၏ သရေခေတ္တရာမြို့ကိုလည်း ထာဝရမြို့ကြီးဟု ကျွန်တော်တို့၏ အတိုင်းအတာနှင့် ကျွန်တော်တို့ခေါ်နိုင်သည်။

အမရာဝတီ.....သေခြင်းမရှိသောမြို့။ ဖီးနစ်()(စ်)မြို့( Phoenix City ) အမြဲပြန်ရှင်ဝိညာဉ်မပြတ်သောမြို့။

ဤသို့ဤသို့လည်း ခေါ်နိုင်သည်။  



                                                   ()


ကျွန်တော်သည် သမိုင်းပညာကို စနစ်တကျ သင်ဖူးပါသည်။သိပ္ပံနည်းကျ သမိုင်းပညာကသုံးသော နည်းစနစ်နှင့် ယုတ္တိပညာကိုလည်း လေးစားပါသည်။

သို့ရာတွင် ကျွန်တော်က စာရေးဆရာ ကဗျာဆရာလည်း ဖြစ်လေသည်။သည်တော့ အသိဉာဏ်အမှန်တရား (Truth of intellect ) ကို လေးစားသကဲသို့ ခံစားမှုအမှန်တရား( Truth of Feeling) ကိုလည်း လက်ခံသည်။အထူးသဖြင့် အခြားနည်းနှင့် ပြော၍မရသောကြောင့်  မာယာစနစ်၊နိမိတ်ပုံစနစ်တွေနှင့် ပြောရသည့်ကဗျာသစ္စာ( Poetic truth) ကိုနားလည်သည်။ ကဗျာသစ္စာက ဘဲလ်တီယင် ( Beltion) ဟု အရစ္စတိုတယ်လ်ခေါ်သည့် ပိုမိုမြင့်မားသောအမှန်တရား  (Higher Reality) ကိုပြောပြတတ်သည်။

ဟစ်စတရီ( History ) ဟုခေါ်သော သမိုင်းပညာက လူသမိုင်းကို အသိဉာဏ် အမှန်တရားရှုထောင့်မှ ချဉ်းကပ်ပြီးပြောပြသည်။

ခက်သည်ကား...လူဆိုသည်က သမိုင်းပညာ မပေါ်မီကတည်းက ရှိနေသည်။သမိုင်းပညာ လက်လှမ်းမမီရာ ဟိုမှာဘက် အချိန်များကတည်းက လူ့ အဖြစ်အပျက် တွေကရှိနေသည်။သမိုင်းအထောက်အထား ကွင်းဆက်လေးတွေ ပျောက်နေသော်လည်း လူမျိုးနွယ် အစဉ်အဆက်က မပြတ်ဘဲရှိနေသည်။

လူဟူသည်ကား...လူဖြစ်ကတည်းက သိတတ်၊ခံစားတတ်သည်။သူသိမှု ခံစားမှုတွေကို သူ့ဦးနှောက်နှင့် သူ့စိတ်တွင်းမှာ မှတ်တမ်းတင်ထားသည်။ခံ့ခံ့ညားညား ပြောရလျှင် လူမှာက သညက္ခန္ဓာနှင့် ဝေဒနက္ခန္ဓာ တွေရှိသည်။ ခန္ဓာပရမတ်ဟုခေါ်သည်။

လူဟူသည်ကား အံ့ဩဖွယ်ဖြစ်သည်။ပရမတ်တွေကို ပညတ်တင်ပြောပြနိုင်ရန် သူ့မှာစကားလည်းရှိသည်။ရိုးရိုးစကားသာမက ကဗျာဘာသာစကား( Poetic Language )ကိုပါ လူကတတ်သည်။

                Poetry is older than literature_

ကဗျာသည် စာပေထက် ဝါကြီးသည်ဟူသော ကမ္ဘာ့စာပေ သမိုင်းပညာရှင်တို့၏ အဆိုအမိန့်ရှိသည်။

အက္ခရာလေးတွေ မပေါ်မီ၊ အက္ခရာလေးတွေကို ဟိုဟာထက် သည်ဟာထက် မတင်တတ်မီကတည်းက...ကဗျာဆိုသည်က ရှိနှင့်ပြီးပြီ။

ကဗျာကို နှုတ်နှင့်ရွတ်သည်။ မိမိနှုတ်မှ သူ့နှုတ်ဆီ တစ်ဆင့်ကူးပေးသည်။

ကဗျာဆိုသဖြင့် ကာရန်တွေ၊နဘေတွေ၊အချိုးတွေ အအုပ်တွေ၊ အချီတွေ အချတွေနှင့် အဆင့်ဆင့် ပြောင်းလဲမှုအစဉ်၏ နောက်ဆုံးအဆင့်မှ ကဗျာပုံသဏ္ဍာန်တွေကိုချည်း ပြေးမကြည့်စေလိုပါ။

ကဗျာစကားဖြင့်ပြောသော ကဗျာဆိုသည်က မာယာစနစ်တွေ နိမိတ်ပုံစနစ်တွေနှင့် ကဗျာသစ္စာကို ပြောသည်။ပိုမိုမြင့်မားသော အမှန်တရားကိုဖေါ်ပြသည်။

အင်္ဂ လိပ်စာဆိုကြီး ဝါဒ်စ်ဝါတ်သ် (Wordsworth) က၊ ကဗျာဆိုသည်မှာ 

“ truth…Carried alive into hearten by passion “ 

"ခံစားမှု၏အစွမ်းဖြင့် အမှန်တရားကို အရှင်လတ်လတ် နှလုံးသားဆီသို့ ဆောင်ပို့သည်။

ဟုဆိုခဲ့သည်။
ကျွန်တော်က ယခုကျွန်တော်၏ ချစ်လှစွာသော သရေခေတ္တရာ မြို့ကြီးအကြောင်းကို ပြောပြပါမည်။
ကဗျာသစ္စာအဖြစ်...
ပိုမိုမြင့်မားသော အမှန်တရားအဖြစ်
နှလုံးသား၌ တည်နေသော အရှင်လတ်လတ်
အမှန်တရားအဖြစ်....
ဝိညာဉ်ရှိသော ကျွန်တော်တို့၏ မြို့ကြီးအကြောင်းကို ပြောပြပါမည်။



                                                            ()


သမိုင်းအရုဏ်ဦးမှုန်မှုန်....

ဟုတ်ကဲ့….သမိုင်းပညာက လက်လှမ်းမမီသော သမိုင်းအရုဏ်ဦးမှုန်မှုန်ဆိုသည်ကရှိသည်။အထက်၌ ကျွန်တော်တင်ပြခဲ့ပြီးသောသမနိရှည်သော'လူမျိုးတိုင်းမှာရှိသည်။

လူ့ဦးနှောက်နှင့် စိတ်က သမိုင်းဦးကို မှတ်တမ်းတင်သောပစ္စည်း။လူ့ သညက္ခန္ဓာ နှင့် ဝေဒနက္ခန္ဓာတွေက သမိုင်းဦးချိန်က လူ့ဇာတ်လမ်း။သားစဉ်မြေးဆက်...သူ့နှုတ်မှ ကိုယ့်နှုတ်ဆီ အဆင့်ဆင့်ကူးပို့လိုက်သည်တို့က လူ့သမိုင်းဦးမှတ်တမ်း။

ဦးနှောက်မှသည် ဦးနှောက်..။စိတ်မှသည်စိတ်...။နှလုံးသားမှသည် နှလုံးသား။

အဲသည်မှတ်တမ်းမျိုးကို မစ်သ်( myth)ဟုခေါ်သည်။
မစ်သ်သည်ပုံပြင်မဟုတ်ပါ...
ဤအချက်ကိုတော့ အလေးအနက် စတင်ပြောထားချင်သည်။

သူတို့စကားတွင်လည်းတေးလ် ( tale) ဖေးဘယ်လ်( Fable) ဟူသော စကားတွေရှိသည်။ပုံပြင်တွေ ဒဏ္ဍာရီတွေကိုခေါ်သည်။

မစ်သ် ဟူသည်ကား....

မူလဖန်တီးသူ မည်သူမှန်းမသိသည့် အစဉ်အလာ ယုံကြည်ပြောဆိုကြသော အဖြစ်အပျက် ဇာတ်လမ်းဖြစ်သည်။သမိုင်းအခြေခံရှိသည့် သဘောနှင့်ပြောသည်။စင်စစ်ကား () သဘာဝကြီး၌ ဖြစ်ပေါ်ခဲ့ဘူးသည့် အကြောင်းအရာများ () လူမျိုးတစ်မျိုး၏ အမွန်အစ အဖြစ်ဦးများ၊ထုံးတမ်းများ၊အစဉ်အလာများ၊ဘာသာရေး ထုံးနည်းစနစ်များ စသည်တို့ကို မစ်သ်များက ရှင်းပြကြသည်

ဟုအဓိပ္ပါယ်ဖွင့်ဆိုသည်။
မစ်သ်များတွင် တန်ခိုးရှင်များ၊ဘုန်းရှင်ကံရှင်များအကြောင်း ပါတတ်သည်ဟုလည်း ဆက်၍ဖွင့်ဆိုသည်။

မစ်သ်နှင့် အဓိပ္ပါယ်ဆင်သော စကားတစ်လုံးလည်းရှိသေးသည်။လက်ဂျင်း( Legend)ဟူ၏။

လက်ဂျင်းဟူသည်ကား....

လူမျိုးတစ်မျိုးအလယ်၌ သားစဉ်မြေးဆက်ဆင့်ကာ ဆက်ကာ လက်ဆင့်ကမ်း ပြောဆိုလာသော အံ့ဖွယ် အဖြစ်အပျက် ဇာတ်လမ်းဖြစ်သည်။သမိုင်းအခြေခံရှိသည်ဟု လူအများ ယုံကြည်ကြသော်လည်း သက်သေခံအထောက်အထားပြရန်ခက်သည်။
                                                    ဟုအဓိပ္ပါယ်ဖွင့်ဆိုသည်။

ကမ္ဘာ၌ အီဂျစ်မစ်သ်၊ဟိန္ဒူမစ်သ်၊ဘေဘီလုံးမစ်သ်၊ခေါမမစ်သ် စသည်ဖြင့် ...မစ်သ်တွေရှိသည်။တစ်ခါတစ်ရံ မစ်သ်အတွင်း၌  လက်ဂျင်းတွေပါပြီး လက်ဂျင်းကလည်း မစ်သ် ဆန်ဆန်ပြောတတ်သည်။မစ်သ်နှင့်လက်ဂျင်းကို တိတိပပ ခွဲခြမ်းရန် မလွယ်လှပါ။

မြန်မာ၌လည်း မြန်မာမစ်သ်တွေ...သို့မဟုတ် မစ်သ်ဆန်သော လက်ဂျင်းတွေရှိသည်။

အထူးသဖြင့် မြန်မာနိူင်ငံတွင် ရွှေတိဂုံသမိုင်း၊ကျိုက်ခေါက်သမိုင်း၊ကျိုက်ထီးရိုးသမိုင်း၊မြသိတင်ဘွဲ့တော်ရှိ ပြည်ရွှေဆံတော်...စသည့် ဘုရားသမိုင်းတွေရှိသည်။ဘုရားသမိုင်းတွေက ဘုရားအကြောင်းတွင်မက ထိုဘုရားတည်ချိန်၌ ထိုဘုရားတည်ရှိရာ လူတွေအကြောင်းကိုလည်း ပြောပြသည်။မမေ့နိုင်ဖွယ် လွမ်းဖွယ်၊တသဖွယ်၊ဂုဏ်ယူဖွယ်၊ သံဝေဂ နှင့်သင်ခန်းစာယူဖွယ်ရာတွေကို ရသပြည့်ပြည့် ဂုဏ်မြောက်မြောက်နှင့် ပြောပြသည်။ 

သူတို့နိုင်ငံတွေမှာတော့ မစ်သ်တွေ၊လက်ဂျင်းတွေကို နောင်သော် ပထမ နှုတ်ဖြင့်နှုတ်...’ဘာဏကစနစ်' ဖြင့်ဖြန့်ချီသည့်ကဗျာ၊ထိုမှတစ်ဆင့် အက္ခရာတင်ရေးသည့် ကဗျာကြီးများအဖြစ် ဖွဲ့စပ်ကြသည်။ထိုကဗျာမျိုးတို့ကို အက်ပစ် ( Epic ) ကဗျာကြီးများဟု ခေါ်ကြသည်။မော်ကွန်းကဗျာကြီးများဟု ဘာသာပြန်ရမည်ထင်သည်။

ခေါမတို့၏ အိလိယက်ဒ်( Iliad )၊အော့ဒဆီ( Odyssey ) ရောမတို့၏ အိနီးအစ်ဒ်( Aeneid )၊ဂျာမန်တို့၏ နီးဘလွန်းငင်လီးတ်( Nibelungenlied ) ကဗျာကြီးတို့မှာ ကမ္ဘာကျော်သည့် မော်ကွန်းကဗျာကြီးများ ဖြစ်ကြသည်။

မြန်မာဟိုးမား( Homer) တွေ၊ဗားဂျီးလ်( Virgil )တွေရှိခဲ့လျှင် ကျွန်တော်တို့မှာလည်း ကမ္ဘာကျော်နိုင်သည့် မစ်သ်တွေ လက်ဂျင်းတွေရှိသည်။

မစ်သ်တွေကို စနစ်တကျ လေ့လာသောပညာကို မစ်သလက်ဂျီ( Mytholegy )ဟုခေါ်သည်။

မစ်သ်သလက်ဂျီကို လူ့အကြောင်း နားလည်ချင်သူ သမိုင်းပညာရှင်တွေ၊မနုဿဗေဒ ပညာရှင်တွေ၊လူမှုဗေဒပညာရှင်တွေ၊စိတ်ပညာရှင်တွေ ဂရုဂမ္မ ထား၍ လေ့လာကြရသည်။

ကျွန်တော်တို့၏ ဘုရားသမိုင်းမှသမိုင်း' ဆိုသည်ကို အင်္ဂ လိပ်ဘာသာဖြင့် လက်ဂျင်းဟုခေါ်ကြသည်။

လက်ဂျင်းကို ပုံပြင်ထင်သူမကျက်တကျက်ပေါင်မုန့်' ခေတ်ပညာတတ် အချို့က အထင်သေးအမြင်သေး ပြုချင်ကြသည်။အင်း- မစ်သလက်ဂျီ နားမလည်သော သူတို့ကို (ခွင့်လွှတ်ပါ) ကျွန်တော်ကလည်း  အထင်သေး၏။အဲ..သနားလည်းသနားသည်။

သူ့ခမျာတွေ၌ဝိညာဉ်'မရှိ။ဝိညာဉ်မရှိသည်မျာလည်း ဝိညာဉ်ရှိသော မြို့များ၌ မနေဘူး၍သော်လည်းကောင်း၊ဝိညာဉ်ရှိသော မြို့များ၏အကြောင်းကို မသိသောကြောင့်သော်လည်းကောင်း ဖြစ်တန်ရာ၏။

ဝိညာဉ်ရှိသောမြို့၊ နေရာ၊ ဒေသမှ လူသား၏ သွေးသားတွင်းသို့ ကိန်းဝင်ကူးရောက်လာသော သဘောသတ္တိကိုဇာတိပုည၊ဂုဏ်မာန' ဟုခေါ်သည်။

မာနဟူသည် လောကုတ္တရာကြောင်းနှင့် ကြည့်လျှင် မကောင်းပါ။ဤအချက်ကို ကျွန်တော် မငြင်းဝံ့ပါ။

သို့ရာတွင် ပုထုဇဉ်၊ လောကီနယ်သားတစ်ဦးအနေနှင့် ပြောရလျှင် ကမ္ဘာ့မိသားစုများအလယ်၌ စိတ်အားမငယ်၊ဝံ့ထည်ထည်ဖြင့် ရင်ကော့မျက်နှာမော့၍ နေရဲ၊ နေနိုင်ရန် ဇာတိပုည၊ဂုဏ်မာနကား မရှိမဖြစ် ရှိကို ရှိရမည်။ဤစကားမှပုည' ဟူသည်ကို သတိထားစေချင်သည်။

ဂုဏ်မာန....။အပုညမှလာသော ဂုဏ်မာနမျိုးမဟုတ်။ ဇာတိပုည...

ကျွန်တော်ကား သန်လျင်မှာမွေးပြီး သရေခေတ္တရာနယ်တွင် ကြီးပြင်းသည်။

ဝိညာဉ်ရှိသော သရေခေတ္တရာက ကျွန်တော့်သွေးသားထဲကို ဇာတိပုည၊ဂုဏ်မာနကိုထည့်ပေးသည်။

ကျွန်တော်တစ်ယောက်တည်းအတွက်မဟုတ်။ပြည်သားတွေ သရေခေတ္တရာ နယ်သားတွေအတွက်မဟုတ်။

အနှစ်ထောင်ချီရှိနေသော ဝိညာဉ်ဖြင့် သရေခေတ္တရာသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံးအတွက်....

ကျွန်တော်တို့ အားလုံးအတွက် ဇာတိပုည၊ ဂုဏ်မာနကို ပေးနေသည်။

ထာဝရ ပေးနေသည်။




                                                          ()




ကမ္ဘာမြို့ကြီးတိုင်း၌ဝိညာဉ်" မရှိပါ။အစက ရောမမြို့ကြီး၌ပင် ဝိညာဉ်မရှိ။ဤအချက်ကို ရောမကဗျာဆရာကြီး ဗားဂျီးလ် ကသိသည်။

ကြည့်လေ။ သူများမြို့များ။

သမုဒ္ဒရာစိုးနတ်မင်းကြီး ပိုးဆိုက်ဒင်( Poseiden) လူမင်းသမီး လစ်ဘီယ( Libya ) တို့ပေါင်းဖက်ကြသည်။လူမင်းသမီးဆိုသော်လည်း လစ်ဘီယသည် နတ်ဧကရာဇ်ကြီး ဇူးစ်( Zeus) ၏မြေးတော်ဖြစ်သည်။ပိုးဆိုက်ဒင်နှင့် လစ်ဘီယသည် အဂျီးနား( Agener) ခေါ် သားတစ်ပါးဖွားသည်။သူက နောင်တွင် ဖနစ်ရှ( Phoenisia )ဟုခေါ်သော ကားနင်( Cannan )ပြည်၏ ဘုရင် ဖြစ်လာသည်။အဂျီးနား၏သမီးတော် ယူးရိုးပါ( Europa )ကို နတ်ဧကရာဇ်ကြီး ဇူးစ်က ချစ်ကြိုက်ပြီး ခိုးယူသွား၏။အဂျီးနားက သားတော်ငါးပါးတို့ကို မတွေ့မခြင်း မပြန်ရဟူသော တစ်ချက်လွှတ်အမိန့်ဖြင့် ပျောက်သွားသော သမီးတော်ကို အရှာခိုင်း၏။

သားတော်ငါးပါးအနက် ဘုန်းရှင်ကံရှင် ကတ်ဒ်မက်စ်( Cadmus )မင်းသားသည် ခေါမတိုင်းသို့ ရောက်လာသည်။သူက အပိုးလို( Apollo )နတ်မင်း၏ ဒလ်ဖစ်ဗျာဒိတ်ပေးနေရာတော် ( Delphic Oracle  ) တွင် ဗေဒင်မေးသည်။ အပိုးလို နတ်က နှမပျောက်ရှာခြင်းကိုရပ်၊ လမ်း၌ တွေ့မည့်နွားတစ်ကောင်နောက်လိုက်၊နွားမမော၍  ဝပ်သောနေရာတွင် မြို့တည်၍ မင်းပြုလေ...ဟုဗျာဒိတ်ခြွေသည်။

နတ်၏စကားကို နားထောင်ပြီး နှမပျောက်ရှာခြင်းကို ကက်ဒ်မက်စ် ကစွန့်လိုက်သည်။လမ်းတွင်တွေ့သော နွားအုပ်တွင်းမှ လဝန်းသဏ္ဌာန် အဖြူမှတ်များ နံဘေးတစ်ဖက်တစ်ချက်တွင်ရှိသည့် နွားမတစ်ကောင်ကို ဝယ်ပြီး ကက်ဒ်မက်စ်နှင့် နောက်လိုက်နောက်ပါတို့က မနားတမ်း မောင်းတော့၏။

နွားမသည် အရှေ့ဘက်ရှိ ဘီအိုးရှာ( Boeotia )နယ်ဆီရှေးရှုသွားသည်။ထိုနယ်တွင်းအရောက်၌ ခြေကုန်သွားသော နွားမသည် တစ်နေရာတွင် မြေ၌ ဝပ်ချလိုက်တော့၏။

နွားမကိုသတ်၍ အသီးနီး( Athene ) စစ်နတ်သမီးကြီးကို ယဇ်ပူဇော်ရန် ကက်ဒ်မက်စ်က နောက်လိုက်များကို မလှမ်းမကမ်းရှိ စမ်းတစ်ခုတွင် ရေခပ်စေသည်။ထိုစမ်းကို စစ်နတ် အေးရီးစ်( Ares ) ကျွန်နဂါးကြီးတစ်ကောင်က စောင့်လေရာ ရေခပ်လာသူများကို ထိုနဂါးကြီးက ဖမ်းထားလိုက်တော့၏။တပည့်များ ပြန်မလာသဖြင့် ကိုယ်တိုင်လိုက်လာသော ကက်ဒ်မက်စ်နှင့် နဂါးရင်ဆိုင်တွေ့သည်။ ကက်ဒ်မက်စ် က နဂါးကြီး၏ခေါင်းကို ကျောက်ခဲကြီးတစ်လုံးနှင့် ထုသတ်လိုက်သည်။ထို့နောက် နဂါးနိုင်မင်းသား ကက်ဒ်မက်စ် က အသီးနီး နတ်သမီးကြီးကို ဆက်လက် ယဇ်ပူဇော်ရာ အသီးနီးက ကိုယ်ထင်ပြ၍ ကောင်းချီးပေးပြီးနောက် နဂါးကြီး၏ သွားတွေကို မြေ၌ စိုက်ရန် အမိန့်ပေးသည်။အသီးနီး ဆိုတိုင်းပြုသော် မြေမှ စစ်သည်တို့ လက်နက်အစုံနှင့် ပေါ်ပေါက်လာကြသည်။ထိုစစ်သည်တို့ကို ခေါမဘာသာဖြင့်  စပါးတီး( Sparti )ဟုခေါ်သည်။ အင်္ဂ လိပ် ဘာသာဖြင့် ( Sown men )ဟုခေါ်သည်။ စိုက်၍ ပေါက်လာသော လူများဟု အဓိပ္ပါယ်ရှိသည်။ကျွန်တော်ကမူ  သွားတည်ဖွား' များဟု ဆီလျှော်အောင် အမည်ပေးသည်။

ပုန်းကွယ်ရာမှ ကက်ဒ်မက်စ်က သွားတည်ဖွားများကို ခဲလုံးနှင့် ပစ်သည်။ သူ ပစ်သည် ငါ ပစ်သည်ဟု စွပ်စွဲငြင်းခုန်ကြရာမှ သွားတည်ဖွားတို့ အချင်းချင်းခုတ်ထစ် တိုက်ခိုက် သတ်ဖြတ်ကြသည်။သွားတည်ဖွား ငါးဦးတည်း ကျန်ခါမှ သူတို့ကို ကက်ဒ်မက်စ် က စည်းရုံးပြီး တပည့်လုပ်၏။

ကက်ဒ်မက်စ်က ခေါင်းဆောင်ပြီး သွားတည်ဖွားတို့နှင့်အတူ ခေါမသမိုင်းတွင် ထင်ရှားသော သီးဗ်စ်( Thebes ) မြို့တော်ကြီးကို တည်ဆောက်လျှက် စိုးမိုးနန်းစံသည်။

တရွိုင်( Troy ) ဟုလည်းကောင်း၊ တရိုးဂျင်( Trojan )ဟုလည်းကောင်း၊အီလီယင်( Ilium )ဟု လည်းကောင်းသုံးမည်ရ' ခေါမ မြို့တော်ကြီးကလည်း အသီးနီး စစ်နတ်သမီးကြီး၏ ကိုယ်ပွားရုပ်တု ပလေးဒီယင်( Palladium ) မြေ၌ ကျရာတွင် အီလက်စ်( Ilus )မင်းသားက တည်ဆောက်ခဲ့သည်။ပလေးဒီယင် ရုပ်တုမှာလည်း အီလက်စ်ဆုတောင်း ဓိဋ္ဌာန်သောကြောင့် ဇူးစ်နတ် ဧကရာဇ်ကြီးက ကောင်းကင်မှချပေးသော ရုပ်တုဖြစ်သည်။တရွိုင် သို့မဟုတ် အိလိယင်မြို့ကြီးကို တည်ဆောက်သောအခါ  ပိုးဆိုက်ဒင်နတ်မင်းကြီးနှင့် အပိုးလိုနတ်မင်းတို့ လူယောင်ဆောင်၍ အလုပ်သမားများအဖြစ် ဝင်ကူ တည်ဆောက်ကြသည်။အင်း...လူတစ်ရစ် နတ်တစ်ရစ်သဘော။

ခေါမမြို့ကြီးများ၏ သမိုင်းကို ဗားဂျီးလ်သိသည်။ဗားဂျီးလ်(ခရစ် မပေါ်မီ နှစ် ၇၀ မှ ၁၉) လက်ထက်တွင် လူ့သမိုင်း၌ ထင်ရှားလှသော ဩဂက်စတက်စ်ဆီးဇာ ( Augustus Caesar ) ဧကရာဇ် ဘုန်းမီးနေလ တောက်နေပြီး ရောမမြို့ကြီးက တန်ခိုးအထွတ်အထိပ်သို့ ရောက်နေပြီ။

သို့ရာတွင် ပြောနေကြသော ရောမမြို့သမိုင်းက မကြီးကျယ်၊ မခံ့ညား၊ ဇာတိပုည ဂုဏ်မာန တက်ဖွယ်မရှိ။ 

ဝံပုလွေမ နို့သောက်၍ ကြီးလာကြသူ ရွမ်မျူးလက်စ် ( Romulus ) နှင့် ရီးမက်စ် ( Remus ) ညီနောင်တို့က ရောမမြို့ကို တည်ထောင်ခဲ့သည်ဆို၏။ နောက်တွင် ရွမ်မျူးလက်စ်က ရီးမက်စ် ကို သတ်ပစ်ခဲ့သည်။

ဤရိုင်းသော သမိုင်းကို ဗားဂျီးလ်မကြိုက်။
ဗားဂျီးလ်က ရောမသမိုင်းသစ်ကို ပြန်ရေးသည်။ ကဗျာဆရာကြီး ဖြစ်သောကြောင့် ကဗျာနှင့်ရေးသည်။သူ့ကဗျာကြီး၏ အမည်က အီနီးအစ်ဒ်( Aeneid )ဖြစ်သည်။ကဗျာကြီးကို ဘီစီနှစ်(၁၉)တွင်စပ်ပြီးသည်။

အီနီးအစ်ဒ်ကဗျာကြီးကို သာမန်ဖတ်လျှင် ဘုန်းရှင်ကံရှင် သူရဲကောင်း အီနီးအက်စ်( Aeneas ) စွန့်စားမှုနှင့် စွမ်းဆောင်မှုအကြောင်း ဖြစ်လေသည်။အီနီးအက်စ်ကား ခေါမသူရဲကောင်း အင်ကီးဆီးဇ်( Anchises ) နှင့် အချစ်နတ်သမီးကြီး အက်ဖရာဒိုက်တီး( Aphrodite  )တို့မှ မွေးသော သား ဖြစ်လေသည်။တရွိုင်မြို့ကြီးကို ခေါမတို့ စီးနင်းဝင်ရာက်ဖျက်ဆီး လေသောအခါ အိနီးအက်စ်သည် နောက်လိုက်နောက်ပါများနှင့် မြေထဲပင်လယ်အနောက်ဘက်သို့ ရွက်လွှင့်ထွက်ခွါလာခဲ့သည်။သူ့ခရီးကား ခုနှစ်နှစ်ကြာသည်။ လမ်းတွင် ကြောက်မက်ဖွယ် စွန့်စားခန်းတွေ ကြုံခဲ့ရသည်။ ထို့နောက် ကားသိဂ်( Carthage ) မြို့တော်ကြီးသို့ ရောက်လာခဲ့ပြီး ထိုမြို့၏ ဘုရင်မ ဒီးဒိုး( Dido )နှင့် မေတ္တာသက်ဝင် ပေါင်းသင်းနေသည်။နတ်များက အချစ်နှင့်သာ မိန်းမောမနေဘဲ ပါရမီတာဝန်များ အပြီး ဆောင်ရွက်ရန် အမိန့်ပေးသည်။ အိနီးအက်စ် ထွက်ခွါမသွားရန် ဒီးဒိုးသည် အမျိုးမျိုး ဆွဲဆောင် တားဆီးသော်လည်း မရသဖြင့် ချစ်သူ၏ ဓားဖြင့်ပင် ဒီးဒိုးက မိမိကိုယ်ကို မိမိ အဆုံးစီရင် သွားရှာသည်။  

အိနီးအက်စ်သည် ဆက်ခရီးထွက်ခဲ့ရာ တန်ခိုးရှင်တို့ဆောင်ပို့သဖြင့် မြေအောက်ဝိညာဉ်လောကဆီသို့ ရောက်လာပြီး ခမည်းတော် အင်ကီးဆီးဇ်၏ ဝိညာဉ်နှင့် တွေ့သည်။ခမည်းတော်က နောင်တွင်ရောမသား 'ဟု ခေါ်ကြမည့် အိနီးအက်စ်၏ အရွယ်တို့ ကမ္ဘာ၌ ဘုန်းမီးနေလ တောက်မည့်အကြောင်း ပြောပြသည်။အာဇာနည် မျိုးမပြတ်ရန် သားတော်ကို တိုက်တွန်းသည်။ သူနှင့်တကွ အာဇာနည်ဝိညာဉ်တို့ ပြန်လာပြီး အောင်ပန်းတွေ ဆွတ်ကြမည်ဟု ကတိပြုသည်။

ခမည်းတော်၏စကားကို နာကြားမှတ်သားပြီး အိနီးအက်စ်သည် လူ့ပြည်ပြန်လာ၍ ခရီးဆက်သည်။ ယခု အီတလီနိုင်ငံ တိုင်းဘာ( Tiber) မြစ်ဝသို့ သူ ရောက်သောအခါ ဘုရင် လက်တီးနက်စ်( Latinus) ကဆီးကြိုသည်။လက်တီးနက်စ်၏ သမီးတော်နှင့် ထိမ်းမြားပြီးနောက် မင်းပြု၍ အိနီးအက်စ် က ကမ္ဘာ၌ ဘုန်းတန်ခိုးအကြီးဆုံး မြို့တော်ကြီး ဖြစ်လာမည့် ရောမကို တည်ထောင်သည်။

ဤကဗျာကြီးကို စပ်ပြီး၍ မကြာမီပင် ဗားဂျီးလ် ကွယ်လွန်သည်။သူ့ကဗျာကြီးကို ထပ်မံ သုတ်သင်မွမ်းမံရန် နောက်ထပ်အချိန် သုံးနှစ်လိုသည်ဟု ယူဆသည်။ယခု အချိန်က မရတော့။ထိုကြောင့် သူအားမရသော သူ့ကဗျာကြီးကို သူသေလျှင် ဖျက်ဆီး မီးရှို့ ပစ်လိုက်ကြရန် သူ မှာကြားခဲ့၏။

သို့ရာတွင် ဩဂတ်စတက်စ်ဆီးဇာ ဧကရာဇ်က အိနီးအစ်ဒ် ကဗျာကြီးကို မဖျက်ဆီးရန် အမိန့်တော်နှင့် တားမြစ်ပြီး မဟာ ကဗျာကြီးအဖြစ် ချီးမြှောက်သည်။

ရောမ ဧကရာဇ် အပေါင်းတွင် ပညာအရှိဆုံး၊ အကြီးကျယ်ဆုံး၊ ဘုန်းသမ္ဘာ အတောက်ဆုံး ဩဂတ်စတက်စ်ဆီးဇာက ဘာကြောင့် အိနီးအစ်ဒ် ကဗျာကြီးကို ထိန်းသိမ်းစောင့်ရှောက်ချီးမြှင့်ရသနည်း။

ဤမေးခွန်းကို နှောင်းခေတ်စာပေကညာရှင်တို့က အဖြေပေးသည်။

အိနီးအစ်ဒ် ဇာတ်လိုက်အစစ်သည် သူရဲကောင်း အိနီးအက်စ် မဟုတ်။ရောမမြို့ကြီးသာတည်းဟု သူတို့က ဆုံးဖြတ်ကြသည်။

စာပေသမိုင်းပညာရှင်ကြီး ဂျွန်ဒရင့်ဝါးတား( John Drink Water ) ရေးပုံကိုကြည့်ပါ။

သူက ဟိုးမား၏ အိလိယက်ဒ် ကဗျာကြီးနှင့် အော့ဒဆီ ကဗျာကြီးတို့က ခေါမသားတွေအတွက် ကျေနပ်နှစ်သိမ့်မှုကိုပေးရုံမက စိတ်ကို နှိုးဆွလှုံ့ဆော်သည်။ရောမသားတွေမှာကား တန်ခိုးကြီးလာသည်အထိ မိမိတို့ အမျိုးသားဘဝမာန်ကို  နှောင်ချည်တွဲထိန်းထားစရာ လောက်လောက်လားလား ဘာအတိတ်ဇာတ်လမ်းမှ မရှိဟုဆိုပြီး ဗားဂျီး၏ စွမ်းဆောင်ချက်ကို အောက်ပါအတိုင်းရေးသည်။

ဗားဂျီးလ်ကသူအသက်ရှင်နေခဲ့သော သူ့ခေတ်အခါက သူ့လူမျိုးတို့ကို-သူတို့၏ အမွန်အစဇာတိ၊သူတို့ဘာကြောင့် ကမ္ဘာပေါ်၌ လူအဖြစ်ရပ်တည် နေကြသနည်းဆိုသည့်အကြောင်း အဓိပ္ပါယ်ကို ရှင်းလင်းဖွင့်ပြသည့် ကဗျာအဖြစ် အိနီးအစ်ဒ် ကဗျာကြီးကို စပ်ခဲ့သည်။

ရောမသားတို့ကြီးကျယ်လာကြသည်မှာမဆန်း။ရောမမြို့ကြီး ထာဝရ မြို့တော်ကြီး ဖြစ်လာခဲ့သည်မှာ မဆန်း။



                                                       ()



လူမျိုးတစ်မျိုး၏ အမွန်အစဇာတိ...

လူမျိုးတစ်မျိုးသည် ဘာကြောင့် ကမ္ဘာပေါ်၌ လူအဖြစ် ရပ်တည်နေကြသည့် အကြောင်းအဓိပ္ပါယ်-

ဤလေးနက်လှသော သဘောတို့ကို ခြုံငုံ၍ဇာတိပုည၊ဂုဏ်မာန" ဟုခေါ်သည်။

ဇာတိပုည၊ဂုဏ်မာန ရှိသူလူမျိုးတို့ကိုသာ လောကဓံတရားက ဤကမ္ဘာပေါ်၌ အသက်ရှည်စွာ နေခွင့်ပြုသည်။ ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေသည့် ဂုဏ်သတ္တိစွမ်းပကားကို ဤလူမျိုးတို့သာ ပိုင်ဆိုင်သည်။

အင်း-ဇာတိပုည၊ဂုဏ်မာန ဆိုသည်ကလည်း မိုးပေါ်မှ ကျမလာ။သူက မပြတ်သောဝိညာဉ် သဘောဖြစ်လေသောကြောင့်ထိုဝိညာဉ်တည်ရာ မှီရာ ကိန်းရာရှိရမည်။သူ့အကြောင်းပြောပြနေသော အရာတွေရှိရမည်။ ဖြစ်ခဲ့သည်ဟေ့-ရှိခဲသည်ဟေ့..ဟုသက်သေခံအဖြစ် မားမားရပ်ပြ နေသည်တို့ရှိရမည်။

ပြောပြနေသည်တို့က မစ်သ်တွေ ဖြစ်နေပါစေ။လက်ဂျင်းတွေ ဖြစ်နေပါစေ။ကိစ္စမရှိပါ။ မစ်သ်တွေ လက်ဂျင်းတွေ ရှိနေခြင်းကိုပင် ကျေးဇူးတင်ရသည်။မရှိတော့ ရောမသားတွေအတွက် ဗားဂျီးလ်ခမျာ တီထွင်ပေးရသည်။ဩဂတ်စတက်စ်ဆီးဇာ လိုပုဂ္ဂိုလ်က ထိန်းသိမ်းချီးမြှောက်ပေးရသည်။

သားစဉ်မြေးဆက် နှုတ်မှသည်နှုတ် ပြောပြခဲ့သည့် မစ်သ်တွေ၊လက်ဂျင်းတွေမှာ မယုံစရာတွေ၊ ဘဝင် ရုတ်တရက် မကျနိုင်စရာတွေ ပါမည်။ပါ ပါစေ။ဤသည်ကပင် မစ်သ်တို့ လက်ဂျင်းတို့၏ သဘာဝ။သူတို့၏အလှ။သည်သဘာဝ၊ သည်အလှတွေကြောင့်ပဲ၊ရာစုနှစ်တွေကို ကျော်ဖြတ်ပြီး သူတို့ ရှိနေကြသည်။

မစ်သ်တွေ၊ လက်ဂျင်းတွေ၏ အပေါ်ယံကို ခွာပြီး အနှစ်အသား သစ္စာကို ရှာဖွေတတ်ရမည်။

အခွံကိုခွာ၊အကာကိုရှာ၊အသားကိုချေ၊အနှစ်ကို တေနိုင်မှဟူသော ပညာရှိ စကားရှိသည်။

မစ်သ်တွေ၊ လက်ဂျင်းတွေက နိမိတ်ပုံစနစ်၊မာယာစနစ်တွေနှင့် ကဗျာသစ္စာပမာ သစ္စာကို ပြောပြတတ်သည်။အဲသည် သစ္စာမှ ထိုးထွင်း သိမြင်သော ပညာကို ရသည်။အဲသည်ပညာနှင့်ပင် သမိုင်းပညာက လက်လှမ်းမမီသေးသော အဖြစ်အပျက် အကြောင်းအရာတွေကို ခန့်မှန်းဆင်ခြင် သိရသည်။

ခေါမ မစ်သ်တွေကြောင့် သမိုင်းပညာက လက်လှမ်းမမီသေးသော ဟိုးပဝေသဏီအခါ မြောက်ပိုင်းမှ အဲရီယင်( Aryan ) လူမျိုးသစ်တွေ ဝင်မလာသေးခင် အချိန်က ခေါမတိုင်းနှင့် မြေထဲပင်လယ် ကမ်းခြေတွင် နေနှင့်ပြီးသူတွေအကြောင်း သိရသည်။ ထိုမစ်သ်တွေကြောင့်ပင် အသုတ်လိုက်ဝင်လာသော အဲရီယင်တွေချင်း ဘာဖြစ်ကြသည်ကိုလည်း သိရသည်။

တစ်ခါတစ်ရံ မမျှော်လင့်သည်ကိုလည်း သွားကြုံရသည်။

တရွိုင်မြို့ကြီး ဆိုသည်မှာ အစက မစ်သ်အတွင်းမှ မြို့ကြီး။ဟိုးမား၏အိလိယက်ဒ် ကဗျာတွင်းမှမြို့ကြီး။ဤသို့သာ သိထားကြသည်။နောင်(၁၈၇၀)ခုနှစ် နောက်ပိုင်းတွင် ဂျာမန်လူမျိုး သမိုင်းအထောက်အထားရှာဖွေသူ ရှလီးမန်း( Schliemann )က တရွိုင်မြို့ကြီးကို တူးဖော်တွေ့သည်။

အဆက်ဆက် တူးဖေါ်ရှာဖွေမှုကြောင့် တရွိုင်းမြို့သည် ကိုးထပ်ရှိနေကြောင်း တွေ့ရသည်။ တရွိုင်()ဟုခေါ်သော အထပ်က ဟိုးမား၏ကဗျာမှ တရွိုင်ဖြစ်သည်။တရွိုင်()ဟု ခေါ်သောအထပ်က သည့်ထက်ပင်ရှေးကျသေးသည်။ခေါမ သမိုင်းမှ ပိုရှေးကျပြီး ပိုမြင့်မားသည့် မိုင်စီးနီးယင် ယဉ်ကျေးမှုကြီး( Mycenaean )ခေတ်က မြို့ဖြစ်နေသည်။

မစ်သ်တွေကို မစ်သ်တွေဟု လွှင့်ပစ် စွန့်ဖယ်ထား၍ မရပါ။

မြန်မာ့သမိုင်း အရုဏ်ဥိးမှုန်မှုန်မှ အကြောင်းတွေကို ပြောပြသော မစ်သ်တွေရှိသည်။ ထိုမစ်သ်တွေက မြန်မာပြည်ရှိမြို့ကြီးများနှင့် ဆက်နွယ်နေသည်။

တကောင်း၊ ဒဂုန်၊ သန်လျင်၊ သရေခေတ္တရာ-

မစ်သ်အတွင်းမှ ဇာတ်လမ်းတွေအရ ထိုမြို့ကြီးတွေသည် တစ်မြို့နှင့်တစ်မြို့ ဆက်နွယ်နေပြန်သည်။

ဒဂုန်နှင့်သန်လျင်....။သန်လျင်နှင့်သရေခေတ္တရာ၊ သရေခေတ္တရာနှင့်တကောင်း...

ဒဂုန်၊သန်လျင်၊သရေခေတ္တရာ တို့ဆိုလျှင် ရွှေတိဂုံ၊ကျိုက်ခေါက်၊ရွှေဆံတော်(မြသိတင်) စေတီတော်ကြီးများ၏ သမိုင်းတွေနှင့် ခွဲမရအောင် ပူးဆက်နေသည်။

ဘာတွေဖြစ်ခဲ့သဟေ့။ ဘာတွေရှိခဲ့သဟေ့။ဘယ်လိုလူစားတွေဟေ့...ဟု ထိုစေတီမြတ်ကြီးတွေက မြင့်မြင့်မားမား ကြွားကြွားဝင့်ဝင့် ခံ့ခံ့ထည်ထည် မိန့်မြွက်တော်မူနေကြသည်။

ဘုရားသမိုင်းကဆိုသော အဖြစ်အပျက်တွေကို သံသယနှင့် သုံးသပ်သောမဟာပညာကျော်တို့ရှိနိုင်သည်။ ကျွန်တော်ကမူမဟာပညာချော်' များဟု သူတို့ကိုခေါ်သည်။

မဟာပညာချော်တို့ ချော်နေသော အချက်တစ်ချက်မှာ ထိုစေတီတော်ကြီးတို့ရှိတည်' နေခြင်းပင်ဖြစ်လေသည်။ဟုတ်ကဲ့  ရှိတည်နေခြင်းသည်ပင်အချက်' ရှိတည်နေခြင်းကပင်သစ္စာ' ။ရှိတည်နေခြင်းကပင် အခြားအချက်အလက်တွေပေါ် မမှီမခို သီးသီးခြားခြား မိမိသဘော မိမိဆောင်နေသည့် ကိန်းဝင်နေသော ယုတ္တိ ( Selfsufficient inherent logic ) 

ဟာ   အစကဒီပုံအတိုင်းမဟုတ်ဘူး။သေးသေးလေးတွေဗျဟုပြောချင်ပါသလား...

ထားပါ အစကတည်းက  သည်ပုံအတိုင်းဟု မည်သူက ဆို၍နည်း။ အဆက်ဆက်သော လူတွေက အဆက်ဆက် ပြုပြင်ထိန်းသိမ်း မွမ်းမံခဲ့သည်။ ဘာကြောင့်နည်း...

မြန်မာပြည်သည် မိုးကြီးလေကြီး ရာသီဥတုပြင်းသည့် ပထဝီဝင်ဒေသမှာ ရှိသည်။ ဖုံးတတ် လွှမ်းတတ် မျိုတတ်သောတောကြီး မြိုင်ကြီး ချုံကြီးတို့ မင်းမူရာလည်းဖြစ်သည်။ ငလျင်ကြော မကင်းရာလည်းဖြစ်သည်။

သည်ကြားတည်းက သည်စေတီကြီးတွေကသည်မှာဟေ့' ဟု နှစ်တွေ ရာချီလျှက် ရပ်ပြတော်မူနေသည်။ ဘာကြောင့်နည်း။

ထုံးမတိမ်၊ ငုံး-အိမ်-ကျူ-လနှင့် တူမျှစံနှိုင်း.....”

အနိစ္စ၊ ဒုက္ခ၊အနတ္တ သဘောတွေကို ဤကမ္ဘာ၌ အသိဆုံးဖြစ်သော မြန်မာတို့သည် ကမ္ဘာရှည်သမျှတည်သောကပ္ပဌိတ' သဘောကိုလည်း နားလည်သည်။အဘယ်မည်သော ဉာဏ်နည်း

မစ်သ်ဆိုသည်မှာ မစ်သ်ဖြစ်သောကြောင့်  အံ့ဩဖွယ်တွေ၊ထူးဆန်းရာတွေ၊ မယုံနိုင်ဖွယ်တွေပါ ကောင်းပါမည်။

ခေါမ၊ ရာမ နှင့်ဂျာမန်မစ်သ် တွေက ပုံပမာသဘောသာဖြစ်သော ဇူးစ်တို့၊ ဂျူပီတာတို့ ၊ဝိုးတန်( Wotan )တို့ ဆိုသည့် ဣဿရကြီးတွေ ပရမေသွာနတ်ကြီးတွေ၏ အလိုတွေ ၊အလုပ်တွေ၊ တန်ခိုးတွေနှင့် ရောယှက်ဆက်နွယ် ပြောသည်။ သူတို့၏ ဣဿရကြီးတွေ၊ပရမေသွာကြီးတွေက  ကြောက်ဖို့ကောင်းသည်။ဒေါသကြီးသည်။ ရမ္မက်ကြီးသည်။ကိလေသာတွေ တင်းကျမ်းနှင့်...

အဲသည်လို ဣဿရကြီးတွေကို လိုချင်လျှင် မြန်မာတွေနှင့်မဝေး....။နီးနီးလေးမှာရှိသည်။

ဗြဟ္မာတို့  ။ဗိဿနိုးတို့  ။သီဝတို့။

ဟင့်အင်း ။မြန်မာမစ်သ်တွေက သူတို့နှင့်မစပါ။

လောကသုံးပါးတွင် ဘုရားအဖြစ် ထင်ရှားသော ဗုဒ္ဓမြတ်စွာ နှင့် စခဲ့သည်။

ဗုဒ္ဓ၏ဂုဏ်တော်၊ တန်ခိုးတော် ၊မေတ္တာတော် ၊မဟာကရုဏာတော် ဒိဗ္ဗစက္ခု- အနာဂတံသဉာဏ်တော်  ။သည်သဘောတွေနှင့်စခဲ့သည်။

သန့်ရာ၊မွန်ရာ၊မြတ်ရာတွေနှင့် စခဲ့သည်။

..သာသနာတော်၌ လူ၏နေရာ။

နဂါးတွေ၊ ဘီလူးတွေမပြောနှင့် နတ်တွေ ၊သကြားတွေ၊  ဗြဟ္မာတွေပင်  လူယူ၍မရသော လူ၏နေရာ။

ဤသဘောကိုလည်း မြန်မာမစ်သ်တွေက ပြောပြနေသည်။

အံ့ဖွယ်သောမြန်မာမစ်သ်။       



                                                   ()



သရေခေတ္တရာကိုသွားပါ။သမိုင်းဝင် တစ်နေရာရာတွင် ထိုင်ပါ။မြို့ကြီး၏ ဝိညာဉ်ခုန်သံကို သင်ကြားရမည်  

သရေခေတ္တရာမှာက ရွှေဆံတော်(မြသိတင်) စေတီတော်ကြီးအပြင် ပေါပေါ (ဘောဘော)ကြီး၊ မြင်ဗာဟု၊ စသောစေတီတော်ကြီးတွေ အများကြီးရှိသည်။

တန့်ကြည့်တောင်၊ ဖိုးဦးတောင် ၊စသောသမိုင်း သို့မဟုတ် မစ်သ်စကားပြောသည့် သဘာဝသင်္ကေတ တောင်တန်းကြိးတွေ ရှိသည်။

ပေါင်းတလည်၊ ပေါက်ခေါင်း ဘက် သွားသောလမ်းဆီ သွားပါ။ ဧရာမမြို့ရိုးကြီးတစ်ခုပေါ် သင်သွားနေကြောင်းသိမည်။

ကြာကြာလေးနေပြီး လှည့်လည် ကြည့်နိုင်မည်ဆိုလျှင် မင်းကြီးတောင်၏ လျှိုတစ်ခုထဲတွင် ဗေဒါရီဂူကိုလည်းကောင်း ဘူးခါးချောင်းဝမှ ဗေဒါရီ ရေခပ်သည်ဆိုသည့်နေရာ ၊ပန်ထွာမိဖုရားစံခဲ့သည်ဆိုသော ရွှေပုံသာမြို့လည်းခေါ် ဗိဿနိုးမြို့လည်းခေါ် မြို့ဟောင်းနေရာ ဤသည်တို့ကိုလည်း သင်တွေ့မည်။

ရွှေတောင်မြို့ကိုကျော်ပြီး ရွှေနတ်တောင်အထိ သင်သွားနိုင်ပါသလား။ သွားနိုင်လျှင်ပျော့ခေါ်' မယားပါဟုခေါ်သောရွာများနှင့် စေတီတို့ကို တွေ့နိုင်သည်။ဒွတ္တပေါင်မင်းနှင့် ပန်ထွာမိဖုရား(ဗိဿနိုးမိဖုရား) တို့၏ လွမ်းဖွယ်သော အချစ်ဇာတ်လမ်း ရိုးမင်းတစ်ခ်စတိုရီ ( Romantic story ) နှင့် ဆက်နေသောနေရာတွေပါ။ ဟိုး  ကျီးသဲ-မြို့မဘက်ကို သွားလျှင် ဧရာဝတီ မြစ်ကမ်းမှာ ရှေးဟောင်း မျှော်စင်ကြီးတစ်ခု ရှိသည်။ကျွန်တော်တို့ငယ်ငယ်က ထုံးဘိုမြို့သို့ လှေနှင့်သွားလျှင် မြစ်အတွင်းမှနေ၍ ထိုမျှော်စင်ကြီးကို တွေ့ရသည်။

လူကြီးတွေက ဒွတ္တပေါင်မင်းကြီးကို ဗိဿနိုးမိဖုရားမျှော်သည့် မျှော်စင်ဟု ပြောကြသည်။ ကျွန်တော်တို့က လွမ်းလွမ်းဆွတ်ဆွတ်နှင့် မျှော်စင်ကြီးကို ကြည့်ကြသည်။ သရေခေတ္တရာ၏ ဇာတ်လမ်းကိုလည်း လွမ်းလွမ်းဆွတ်ဆွတ် အောက်မေ့မိသည်။

လွမ်းလွမ်းဆွတ်ဆွတ် ဟုတ်ကဲ့   လွမ်းလွမ်းဆွတ်ဆွတ် 

သရေခေတ္တရာတွင်ကြီးသော ကျွန်တော်တို့အတွက် မဟာသမ္ဘဝတို့ စူဠာသမ္ဘဝတို့ ၊ဗေဒါရီတို့ ၊ဒွတ္တပေါင်တို့၊ပန်ထွာမင်းသမီးတို့မှာ ပုံပြင်ထဲမှ လူတွေမဟုတ်။သူတို့၏ဇာတ်လမ်းတွေမှာလည်း ပုံပြင်ဇာတ်လမ်း တွေမဟုတ်။သူတို့တွေက မနေ့တနေ့က ရှိခဲ့သောလူတွေ၊သူတို့ဖြစ်ပျက်ခဲ့သည်က မနေ့တနေ့က ဖြစ်ပျက်ခဲ့သည့်ပမာ...

သူတို့နှင့် သူတို့ဇာတ်လမ်းတွေက ကျွန်တော်တို့အတွက်တော့ အစစ်အမှန်( Realities ) တွေ ။နှလုံးသားအတွင်းမှ အစစ်အမှန်တွေ  ။ဘယ်သူ ဘာပြောချင်ကြ ပါသနည်း။

သင်သည် သရေခေတ္တရာဇာတ်လမ်းနှင့် စိမ်းနေသည်ဆိုလျှင် ပြည်ဦးကြိုင်ပြုစုသည့်  မြသိတင် ခေါ် ပြည်ရွှေဆံတော်သမိုင်းသစ်စာအုပ်ကို ဖတ်ပါ။အနည်းဆုံး ရောဘတ်ဂရေ့ပ်စ် ( Robert Graves )ပြုစုသည့်ခေါမမစ်သ်  “ ( The Greek Myths )စာအုပ်ကိုဖတ်၍ ရသော အရသာမျိုး ခံစားရမည်။

ဟိုးမားတို့ ၊ဗာဂျီး တို့လို မော်ကွန်းလင်္ကာ ကြီးတွေ စပ်လိုက်ရလျှင် အိလိယက်ဒ်ကို မကြောက်ပါ။အိနီးအစ်ဒ်ကိုမမှုပါ။

ခမ်းနားကြီးကျယ်မှု၊ လူ့သဘာဝ လူ့စရိုက်တွေဖော်မှုတို့၌ ယှဉ်နိုင်သည်သာမက သန့်စင်မွန်မြတ်မှု၌ ကျော်ပြနိုင်သည်။

သဲလွန်စလေး တစ်ခုသာပေးမည်။

ခေါမတွေက ကျွန်တော်တို့နားလည်ကြသောအချစ်' သဘောကို မသိ၊သူတို့ကရမ္မက်" ( Passion ) ကိုသာဖွဲ့ခဲ့ကြသည်။ရမ္မက်အကြောင်း ဖွဲ့နိုင်သည်ကိုပင် လူ့သဘာဝ လူ့စရိုက်ကို နိုင်နင်းမှုဟု ဆိုချင်သူက ဆိုချင်သည်။

ရမ္မက်မဟုတ်သော အချစ်အကြောင်းကို ရောမစာဆိုကြီး ဗားဂျီးလ် က အိနိအက်စ် နှင့် ဒီးဒိုးဇာတ်လမ်းတွင် ပထမဆုံးဖော်ပြသည်ဟု ကမ္ဘာ့စာပေသမိုင်းက ဆိုသည်။

ဖြစ်ရလေ။
ကျွန်တော်တို့ဆီမှာက ရမ္မက်ကို ဘယ်တုံးကမှ အသားမပေးခဲ့။
သမိုင်းဦးထဲက ရမ္မက်မဟုတ်သော အချစ်အကြောင်းကိုသာ ပြောခဲ့ကြ၏။

ဒဂုံ-သန်လျင်က မင်းနန္ဒာ၊ရှင်မွေ့နွမ်းတို့၏ သနားဖွယ်၊ကြည်နူးကြေကွဲဖွယ်အချစ်၊သရေခေတ္တရာက ဒွတ္တပေါင်နှင့် ပန်ထွာမိဖုရားတို့၏ လွမ်းဖွယ်၊သံဝေဂယူဖွယ်၊ရင်ထုမနာ ဖြစ်ဖွယ်အချစ်။
ကျွန်တော်တို့၏ မစ်သ်တွေမှာက သည်လိုအချစ်အကြောင်းတွေပါသည်။

သမိုင်းပညာသက်သက်က အသက်မရှိ။ခြောက်သွေ့သော အချက်အလက် တွေကိုသာ ပြောသည်။

မိဘဘိုးဘွားတွေ သားစဉ်မြေးဆက် ပြောခဲ့သော ဇာတ်လမ်းတွေ၌မူ နှလုံးသားဆီ အရှင်လတ်လတ် ပို့ပေးသော အမှန်တရား ပါသည်။
ပြည်မြို့၏ အမြင့်ဆုံးတစ်နေရာမှ တန့်ကြည်တောင်နှင့် ဖိုးဦးတောင်တို့ကို ကျွန်တော် ငေးကြည့်တတ်သည်။

ကျွန်တော့် စိတ်ပန်းချီကား၏ နောက်ခံတွင် ကြီးကျယ်မြင့်မြတ်သော သရေခေတ္တရာ၏ယဉ်ကျေးမှုတွေရှိသည်။

ကျွန်တော့် မနောဝိဉာဉ်မျက်စိတွင် ထင်လင်းနေသည်ကား ….

ကောင်းကင်ပြင်တွင် ပန်းဆိုင်းဆွဲသကဲသို့ တည်ရှိနေသော မြကြုတ်။ထိုမြကြုတ်ပေါ်မှ ခြောက်သွယ်ရောင်ခြည် ကွန့်မြူးစည်နေသည့် ဘုရားရှင်၏ နိမ္မိတရုပ်ပွားတော်။

ရုပ်ပွားတော်၏ ဝန်းကျင်မှာက ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာနှင့် ဗြဟ္မာ၊သိကြား၊ နတ်အများ။

ဧရာဝတီမြစ်အတွင်း ရွက်သင်္ဘော ကြီး နှစ်စင်းပေါ်မှာက ကောင်းကင်ဆီ လက်အုပ်ချီမိုး ရှိခိုးမျှော်ကြည့်နေကြသည့်  အဇ္ဇက နှင့် ဘလ္လိက ကုန်သည်ညီနောင် ၊ပြီးတော့ သူတို့၏သင်္ဘော သားများ။
ကျွန်တော့် မနောဝိညာဉ် မျက်လုံးများက ဖိုးဦးတောင်ဆီ ရွေ့သည်။သည်တစ်ကြိမ်တွင်တော့ မြတ်စွာဘုရားကို ဖူးတွေ့ရသည်။
ရှေ့တော်မှာက သတ္တဝါလေးတစ်ကောင်။
အိုပွေးဖိုလေး။
သူက သန့်စင်သော မြေစိုင်ခဲကို သူ့ရှေ့လက်လေးနှစ်ဘက်ဖြင့် ချီမ၊ ကိုင်လျှက် မြတ်စွာဘုရားကို လှူဒါန်းဆက်ကပ်နေသည်။
ဉာဏ်ကောင်းလိုက်သည့် ပွေးဖိုလေး။
သူ တတ်နိုင်သမျှ လှူသည်။ သူ လှူသည်က သန့်စင်သော မြေစိုင်ခဲ။
မြေကြီးထက် မြတ်သောအရာ ဤလောက၌ ဘာရှိသနည်း။
ပွေးဖိုလေးလက်တွင်းက မြတ်စွာဘုရား လက်ခံတော်မူသော သန့်စင်သည့်မြေကြီး။
သည်မြေကြီးထက် မြတ်ရာ ဘာရှိသနည်း။
ဒါပေမယ့်...
ပွေးဖိုလေးရေ။ပွေးမလေး ဘယ်မှာလဲ။
သူ စိတ်နာတော့မည်။ သူ မုန်းတော့မည်။
….ကိစ္စမရှိပါ။ ပွေးဖိုလေးက ချစ်တတ်သူပါ။ သူက မေတ္တာရှင်ပါ။

မေတ္တာဟူသည် အရာရာကို အောင်နိုင်သည်။
ဤသည်ကို ပွေးဖိုလေး သိသည်။
ကျွန်တော်တို့ အားလုံးလည်း သိပါသည်တကား။



                                                 ()




ကဗျာသစ္စာ သဘောမှ နေ၍ ခြောက်သွေ့သော သမိုင်းပညာ အချက်အလက်တွေဆီ ခေတ္တသွားကြမည်။
အလွန်သတိကြီးစွာနှင့် သွားကြမည်။

သရေခေတ္တရာ ဇာတ်လမ်းက ဘယ်အချိန်မှာ စခဲ့သနည်း။
ကျွန်တော်တို့ မိဘဘိုးဘွားတွေ ပြောပြသည်က မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါက သည်တော့ ခရစ်တော် မပေါ်မီ နှစ် ၅၀၉ (ဘီစီ ၅၀၉ )

ဒွတ္တပေါင်မင်းကြီး သရေခေတ္တရာ တည်ချိန်က သာသနာ သက္ကရာဇ် (၁၀၁) ခုနှစ်၊တန်ခူးလဆန်း () ရက်နေ့၊ တနင်္ဂနွေနေ့၊ နက္ခတ် (၁၆) လုံး နေထွက်တပြူ။ ကျွန်တော်တို့ အစဉ်အလာ မှတ်တမ်းက ဤမျှတိကျသည်။ ဤသို့ဆိုလျှင် သရေခေတ္တရာကို ( ဘီစီ ၄၄၃ ) တည်ထောင်သည်။

မြန်မာအစဉ်အလာ ပြောဆိုရေးသား မှတ်တမ်းတင်လာခဲ့ကြသည်က ကျွန်တော်တို့ လူမျိုးတွေ ယဉ်ကျေးမှု မြင့်မြင့်နှင့် နေလာခဲ့ကြသည်မှာ ဘုရားလက်ထက်တော်ကတည်းက။ဘီစီခြောက်ရာစုနှစ်တွေကတည်းက။ သန်လျင်၊ ဒဂုံ၊ သရေခေတ္တရာ သမိုင်းအားလုံးက ဤအတိုင်း ဆိုကြသည်။

သထုံသမိုင်းက သီရိဓမ္မာသောက မင်းကြီးလက်ထက်တွင် ရှင်သောဏ နှင့် ရှင်ဥတ္တရ မထေရ်တို့ သထုံသို့ သာသနာပြုရန် ရောက်လာတော်မူကြသည်ဆိုသည်။ ( ဘီစီ ၂၅၀ ) ခန့်

ကျွန်တော် တင်ပြလိုသည့် အဓိက အချက်ကား အတိအကျ ဂဏန်း အရေအတွက်တွေဖယ်ထား။ ကျွန်တော်တို့က ကျွန်တော်တို့ အစဉ်အလာအရ ဘီစီနှစ်များတွင်ကတည်းက ကျွန်တော်တို့ ယဉ်ကျေးမှု မြင့်မားနေခဲ့ပြီဟု ယုံကြည်သည်။

အနောက်နိုင်ငံသား သမိုင်းပညာရှင်တွေက ကျွန်တော်တို့ အပါအဝင် အာရှ အရှ့တောင်ဒေသသားတွေ ယဉ်ကျေးလာကြသည်မှာ ခရစ်တော်ပေါ်ပြီး နှစ်လေးရာ (အေဒီ ၄၀၀) တစ်ဝိုက်တွင်မှ ဟုဆိုကြသည်။

သူတို့ဥရောပဆီတွင်  အေဒီ ၄၃၃ တစ်ဝိုက်၌ ဟန်းတို့၏ဘုရင် အက်တလာ ( Attila the Hun )က မြို့တွေ ပြည်တွေကို မီးရှို့ လုယက်ဖျက်ဆီး၍ ရိုင်းချင်တိုင်း ရိုင်း၍ ကောင်းနေတုံးအချိန်ကို။
ရှေးရောမနိုင်ငံကြီးပင်လျှင် အေဒီ ၄၁၀ တည်းက ရိုင်းစိုင်းသူ လူမျိုးတို့ ဝင်ရာက်ဖျက်ဆီးသည် ခံရပြီး ဇီဝိန်ကယဲ့ယဲ့။
အာရှ အရှေ့တောင်ပိုင်းသားတွေ၏ ယဉ်ကျေးမှုသမိုင်း ပြောလျှင်  ပထမက ဥရောပကို ငဲ့ရှုသောအမြင် ( European Orientation )နှင့် ပြောသည်။ထိုနောက်အိန္ဒိယကို ငဲ့ရှုသောအမြင် ( Indian Orientation ) နှင့်ပြောသည်။
အဲသည်မှာ ဒုက္ခရောက်ကုန်သည်။

အေဒီနှစ်များအတွင်း အ်န္ဒိယနှင့် ရောမနိုင်ငံကို ကုန်ကူးသန်းရောင်းဝယ်နေကြချိန်တွင် ရောမဧကရာဇ် တစ်ပါးက ရောမအင်ပိုင်ယာတွင်းမှ ရွှေတွေ အပြင်မထွက်ရန် ချုပ်ချယ် ပိတ်ပစ်လိုက်၏။ ထိုအခါ ရှေးက သိပြီးသည်အလျောက် ရွှေပေါသော သုဝဏ္ဏဒီပ၊ သုဝဏ္ဏဘုမ္မိ ခေါ် အာရှအရှေ့တောင်ပိုင်းကျွန်းတို့နှင့် ကုန်းမဆီသို့ အိန္ဒိယသား ကုန်သည်တို့ တစ်သုတ် ပြန်လှည့်ကြသည်။သူတို့နှင့်အတူ သူတို့ယဉ်ကျေးမှုတွေလည်း ပါလာသည်။ဤသည်ကို ဟိန္ဒူယဉ်ကျေးမှုပြန့်ခြင်း ( Hindunization ) ဟု ခေါ်သည်။ အချို့ပညာကျော်များက ဟိန္ဒူယဉ်ကျေးမှု ပြန့်မှ ကျွန်တော်တို့တွေ ယဉ်ကျေးသယောင်ယောင် ပြောချင်ကြသည်။

သို့ရာတွင် တရုတ်မှတ်တမ်းများကလည်း ရှိနေသေးသည်။တရုတ်စာကို ဖတ်ရန် ခက်သည်။တရုတ်သံထွက်ထားသည့် အာရှအရှေ့တောင်ပိုင်းမှ ဒေသတွေ မြို့တွေ၏ အမည်ကို သိရန်ခက်သည်။

သို့ရာတွင် ယခုအခါ သမိုင်းပညာရှင်တို့ အာရှအရှေ့တောင်ပိုင်း နိုင်ငံများ၏ ယဉ်ကျေးမှုအကြောင်း ပြောသောအခါ တရုတ်မှတ်တမ်း များကိုလည်း ငဲ့ကြ၊ရှုကြ ရပြန်ပြီ။ဤသည်ကို တရုတ်ကို ငဲ့ရှုသောအမြင် ( Chinese Orientation ) ဟုခေါ်သည်။ဤအမြင်နှင့်ရှုသောအခါ ကျွန်တော်တို့ အပါအဝင် အာရှ အရှေ့တောင်ပိုင်းသားတို့၏ ယဉ်ကျေးမှု သမိုင်းသက်ကို တစ်ဆင့်ထပ်မြှင့်ရမည့် အလားအလာတွေ ပေါ်လာနေသည်။ ဟောသည်မှာ တွေးဖွယ် အစလေးတစ်စ ( Food for Thought )

တရုတ်မှတ်တမ်း မှသိရသည်။

ဖြစ်ပျက်ခဲ့သည်က ဘီစီနှစ် (၁၂၀ ) မှာဖြစ်သည်။ ထပ်၍ ဆိုပါမည်။ခရစ်တော် မပေါ်မီ (၁၂၀) နှစ်မှာဖြစ်ပါသည်။

ထိုစဉ်က တရုတ်ဧကရာဇ်မှာ ဟန်ဝူတိုင်း ( Han Wu Ti) ဖြစ်လေသည်။ကမ္ဘာကျော် တရုတ်ပြည် တံတိုင်းကြိးသည် ဘီစီနှစ် (၂၀၀) ခန့်၌ ပြီးခဲ့သည်။ တံတိုင်းကြီးပြီးသော်လည်း မြောက်ပိုင်းမှ လာလာတိုက်နေသော စီယင်နုတွေ၏ ရန်က မငြိမ်းသေး။ စီယင်နုတွေကို ပူးပေါင်းကာကွယ်ရန် ယုချိလူမျိုးတွေနှင့် ဟန်ဝူးတိုင်းက မဟာမိတ်ပြုလိုသည်။

ယုချိလူမျိုး (တူရကီအနွယ်)တွေက ယခုတရုတ်နိုင်ငံ၏ အနောက်မြောက်ရှိ  ကန်းဆူး( Kamsu )နယ်၌ နေကြသည်။သူတို့ဆီသို့ ဟန်ဝူတိုင်းက ဘီစီ(၁၂၈) ခုနှစ်တွင် ချစ်ကြည်ရေးတာဝန်ဖြင့် သံအမတ်ကြီး ချန်ချိယင်ကို စေလွှတ်သည်။  

ချန်ချိယင် ကန်ဆူးသို့ ရောက်သောအခါ ယုချိလူမျိုးတွေကို မတွေ့ရတော့။သူတို့က အနောက်ဘက်သို့ ရွှေ့သွားကြပြီ ဆိုသည်။တွေ့နိုးတွေ့နိုးနှင့် ချန်ချိယင်က နောက်ဘက်သို့ ဆက်လိုက်သွားရာ ယခု အာဖဂန်နီစတန်နိုင်ငံ၏ အရှေ့မြောက်ရှိ ဘက်တရီးယား( Bactria ) ပြည်သို့ အထိ ရောက်သည်။

ထိုပြည်ရောက်မှ ယုချိတို့ကို တွေ့သည်။ သို့ရာတွင် သူတို့က အရှေ့ဖျားမှ ကိစ္စအရေးအရာများတွင် စိတ်မဝင်စားကြတော့။ထိုကြောင့် ချန်ချိယင်၏ မူလလာရင်းရည်ရွယ်ချက် မအောင်မြင်လေ...

သို့ရာတွင် မည်သို့မျှ မျှော်လင့်မထားသည့် အမြတ်သဖွယ် အချက်တစ်ရပ်ကို ချန်ချိယင် တွေ့သိသွားသည်။

တရုတ်ပြည်တောင်ပိုင်း ယူနန်ပြည်နယ်မှလာသော ကုန်ပစ္စည်းတို့ကို ဘက်တရီးယား၌ မယုံနိုင်ဖွယ် ချန်ချိယင် တွေ့မြင်ရသည်။

ဘယ်သို့ဘယ်ပုံ ဘယ်လမ်းမှ ရောက်လာကြပါသနည်း။

စုံစမ်းမေးမြန်းသော ချန်ချိယင်သည် သူရော၊တရုတ်ဧကရာဇ်ပါ မသိသော တောင်ဘက်လမ်းကြီးတစ်လမ်း ရှိနေမှန်း သိရသည်။ ထိုလမ်းကြီးကား ယူနန်မှ သည် ဗန်းမော် ဗန်းမော်မှသည် ပုဂံ၊ ပုဂံ၌ တောင်ဘက်သို့ တစ်လမ်းခွဲသွားပြီး အခြားတစ်လမ်းက မြောက်ဘက်သို့ပြန်တက်ကြီး ဟံလင်းဆီ၊ ဟံလင်းမှ မြစ်အသွယ်သွယ် တောင်အထပ်ထပ်ကိုဖြတ်ပြီး ထိုခေတ်က အဓိကရ စီးပွားရေးမြို့တော်ကြီး ဖြစ်နေပြီဖြစ်သော ပါဋလိပုတ်ဆီ။ ပါဋလိပုတ်မှဂင်္ဂါမြစ်အတိုင်းသွား၍ အိန္ဒိယအနောက်ပိုင်းတွင် လမ်းနှစ်သွယ် ခွဲပြန်သည်။

တစ်လမ်းက တောင်ဘက်သို့သွားပြီး သုပရက( Surparaka )ပင်လယ်ဆိပ်ကမ်းမြို့သို့ရောက်သည်။ထိုမှသည် အနောက်ဘက်သို့ ပင်လယ်ခရီးဖြင့် ပင်လယ်နီသို့ ရောက်သည်။ပင်လယ်ခရီးဖြင့်ပင် တောင်ဘက်သို့လာ၍ အိန္ဒိယတိုက်ငယ်ကိုပတ်ပြီး တမ္မပဏ္ဏိ ( တာမြပဏီ ) ခေါ် သီဟိုဋ်ကျွန်း...ထိုမှသည် အိန္ဒိယအရှေ့ဘက်ကမ်းရှိ မြို့များဆီရောက်သည်။ အခြားတစ်လမ်းက မြောက်ဘက်သို့သွားပြီး ခိုင်ဘာ ( Khyber ) တောင်ကြားလမ်းမှတစ်ဆင့် ဘက်တရီးယားသို့ ရောက်လာသည်။

မြန်မာပြည်တွင်းရှိစဉ် လမ်းကြီးသည် ပုဂံမှ တောင်ဘက်သို့ ဆင်းလာကြောင်း ဖော်ပြခဲ့ပြီးပြီ။ ထိုလမ်းကလည်း သင်္ဘော ဆိပ်ကမ်းမြို့ကြီးဖြစ်သော သရေခေတ္တရာ၌ ဆုံးကြောင်း ဤတရုတ်မှတ်တမ်းအကြောင်း ဆွေးနွေးသည့် စာအုပ်မှ မြေပုံတွင် ပြထား၏။

သရေခေတ္တရာမှ သင်္ဘော လွှတ်သော် အရှေ့တောင်ဘက်၌ ဒဂုံ၊သန်လျင်၊သထုံ ဆိပ်ကမ်းမြို့များရှိသည်။ အနောက်ဘက် အိန္ဒိယအရှေ့ဘက်ကမ်း မြို့များထိလည်း ရောက်သည်။အနောက်တောင်ဘက်ရှိ သီဟိုဠ်ကျွန်း(သီရိလင်္ကာ) သို့လည်းရောက်သည်။

ချန်ချိယင်သည် ဤတောင်ပိုင်းလမ်းကြီးအရေးပါပုံကို ချက်ချင်း သိသည်။

သူလာခဲ့သည်မှာ ပိုးကုန်သည်လမ်းခေါ် မြောက်ပိုင်းလမ်းကြီး။ထိုလမ်းကြီးက မလုံခြုံ။စီယင်နုတွေနှောက်ယှက်သဖြင့် မကြာခဏ ပိတ်ထားရသည်။ယခုတော့ မြောက်ပိုင်းလမ်း ပိတ်ထားရလျှင် ကိစ္စမရှိ။တောင်ပိုင်းလမ်းကြီးက ရှိနေပြီ။

နောက်ဆ့ယ်နှစ်နှစ်အကြာ၌ တရုတ်ပြည်သို့ ပြန်ရောက်သောအခါ တရုတ်ဧကရာဇ်ထံ ဤတောင်ပိုင်းလမ်းကြီးအကြောင်း ချန်ချိယင်က အစီရင်ခံပြီး ဤလမ်းကြီးကို ထိန်းသိမ်းစောင့်ရှောက် အသုံးပြုရန် အကြံပြုသည်။

တောင်ပိုင်းလမ်းကြီးကို ချက်ချင်းမူ စိုးမိုးအုပ်ချုပ်ခြင်း မပြုနိုင်သေး။ပထမ ကန်တုန်( Canton )ကို တိုက်ခိုက် သိမ်းပိုက်ရသည်။ယူနန်ကမူ ဧကရာဇ်ကို အညံ့ခံသည်။

ဤသို့ပြင်ဆင်မှုများ လုပ်နေရသောကြောင့် နှစ်များကြာသွားပြီး အေဒီ (၆၉) နှစ်ကျခါမှ ယနေ့ မြန်မာနယ်နိမိတ်မှ မိုင် (၆၀ )ကွာတွင် ယွန်ချန် အုပ်ချုပ်ရေးနယ်မြေ ( prefecture of Yung Chang ) ကို တည်ထောင်နိုင်ပြီး တောင်ပိုင်းလမ်းမကြီးကို စောင့်ရှောက်ရသည်။

အေဒီ (၉၇) တွင် ရောမ အင်ပါယာအရှေ့ပိုင်းမှ သံတမန်တို့ ဤလမ်း ယွန်ချန်သို့ ရောက်လာကြသည် ဆို၏။

ဤအတိုင်းဆိုလျှင် သရေခေတ္တရာ တည်နေရာသည် ကမ္ဘာ့ ကုန်သည် လမ်းမကြီးတစ်ခု၏ ပင်လယ်သို့ ထွက်ပေါက်အဝ တစ်ခုဖြစ်နေသည်။

ထိုခေတ် ထိုအချိန်က မြန်မာပြည်နှင့် အိန္ဒိယ၊သီဟိုဠ် တို့ပင်လယ်ကူး၍ ဆက်သွယ် ဆက်ဆံနိုင်ကြပြီလော...

ဤအချက်နှင့်ပတ်သက်၍လည်း ရှေးက ဟိုလို သည်လို ရေးထားသည်တို့ ရှိသည်။သို့ရာတွင် ယခုအချိန်တွင်ကား အနောက်တိုင်း ပထဝီပညာရှင် ဝေါ့ကာ ( Walker ) တို့က-

ဘီစီ (၆၀၀ )နှစ်များတွင်းကတည်းက မြန်မာပြည်တောင်ပိုင်း မြို့များနှင့် အိန္ဒိယအရှေ့ပိုင်း ကမ်းရိုးတန်း သင်္ဘော ဆိပ်မြို့များကြား ကုန်ကူးသန်းရောင်းဝယ်မှု ရှိနိုင်သည်

                                  ဟု ရဲရဲဝံ့ဝံ့ ရေးကုန်ကြပြီ။
                                  

                                  အဲသည်လိုဆိုလျှင်.......

                                   သန်လျင်၊ ဒဂုံ၊ သရေခေတ္တရာတို့၏ မြို့သက်သည်........






                                                         ()



ဘာမျှ အလွန်အကျွံ ကျွန်တော် မပြောလိုပါ။

သို့ရာတွင် စဉ်းစားဖွယ်ရာတွေ ရှိ၏။ အင်းစဉ်းစားဖွယ်ရာတွေ ရှိနေ၏။

မြန်မာပြည်တောင်ပိုင်းမြို့များနှင့် အိန္ဒိယအရှေ့ပိုင်းတို့ ပင်လယ်ခရီးမှ ဆက်ဆံကြသည့် အကြောင်းကိုပြောလျှင် ရရှိသမျှ အထောက်အထားတွေအရ အိန္ဒိယမှ ခေတ်ကြီး နှစ်ခေတ်ကို ငဲ့ရှုရမည်။

ပထမခေတ်ကြီးက မောရိယ ( Maurya ) ခေတ်ကြီး   အထင်ရှားဆုံး မောရိယမင်းက သီရိဓမ္မာသောကမင်း( Asoka  ) ကြီး။သူက ဘီစီ (၂၆၉ ) နန်းတက်သည်။ ဘီစီ (၂၅၀ ) တတိယ သင်္ဂါ ယနာတင်သည်။သီရိဓမ္မာသောကမင်းကြီး လက်ထက်နှင့် သူ့နောက်ပိုင်း မောရိယခေတ်က ဗုဒ္ဓယဉ်ကျေးမှုခေတ်ကြိး။သူ့လက်ထက်တွင် ထေရဝါဒ ဗုဒ္ဓရဟန်းတော်များ ပင်လယ်တွေ သဲကန္တာရတွေကို ဖြတ်ပြီး  စွန့်စွန့်စားစား ကြွတော်မူခဲ့သည်။

ဒုတိယခေတ်ကြီးက ဂွပ်ပ်တား( Gupta )ခေတ်ကြီး။ အေဒီ (၃၂၀) နှင့် အေဒီ(၆၀၀) ကြား၌ ထွန်းကားခဲ့သည်။အဲဒိခေတ်က တန်ခိုးအကြိးဆုံး မင်းကား သမုဒြဂွပ်ပ်တား ( Samudra Gupta ) ။သူက သီရိဝိကရမ ( Sri Vikrama ) ဘွဲ့ကိုလည်း ခံယူ၏။သူနှင့် သူ့ဆက်ခံသူတွေက ဗြဟ္မဏ ဝါဒီတွေ ဗိဿနိုးနတ်ကို ကိုးကွယ်သည်။ သူတို့ခေတ်မှာက ပူရဝမီးမံဆား( Purva Mimamsa ) ဝါဒတွေ ခေါင်းထောင်၏။ ပူရဝမိမံသ၊ကာမမိမံသ ဟုမြန်မာသံနှင့် ခေါ်ကြမည်။အများပြည်သူတွေကြား ပေါ်ပျူလာဖြစ်နေသည်က ဗိဿနိုးနှင့် သီဝ သို့မဟုတ် ရှီဝ ( Siva ) ပရမေသွာ နတ်တွေကို ကိုးကွယ်ပူဇော်သည့်  ဘက္ခတိမဂ္ဂ ( Bhakti Marga ) ကျင့်စဉ်။ ဗုဒ္ဓမြတ်စွာဘုရားကိုပင် နာရယန ဗိဿနိုး (  Narayana Vishnu ) ဝင်စားသူဟု ပြောသူကပြော နေ သောခေတ်။ အသံဃ ( Asanga ) ဝသုဗန္ဓု ( Vasubandhu ) ကုမာရဇီဝ ( Kumarajiva ) ဒီနာဂ ( Dinaga ) ဆိုသည့် မဟာယန ဗုဒ္ဓဘာသာ ကျမ်းပြုပုဂ္ဂိုလ်တွေလည်း ပေါ်ထွက်ချိန်... 

ဗိသုကာ ပညာတွင် ဂွပ်ပ်တား ခေတ်သည် စံမပြုလောက်။ထိုခေတ်၏ နောက်ခေတ်များတွင် ပေါ်လာသော တောင်ပိုင်း အိန္ဒိယသားတို့၏ ဗိသုကာပညာကား ပုံသစ်ဟန်သစ်တွေနှင့် လက်ရာမြောက်သည်။ အထူးသဖြင့် အေဒီ (၆၀၀)နှင့် အေဒီ (၁၂၀၀) ကြားပေါ်လာသော ပလ္လိဝ ( Pallava ) ဘုရား (နတ်) ကျောင်းများ၏ ဟန်က ကျော်ကြားထင်ရှားသည်။ 

သရေခေတ္တရာ ယဉ်ကျေးမှုကား ဂွပ်ပ်တား ယဉ်ကျေးမှုနှင့် ဆက်စပ်၍ မရ။သရေခေတ္တရာ၌ ထွန်းကားသည်မှာ ဗြဟ္မဏမိမံသ ဝါဒတွေမဟုတ်။ဗိဿနိုးနှင့် သီဝ ကို မကိုးကွယ်။

ဘက္ခတိမဂ္ဂကျင့်စဉ် အရိပ်အယောင် အစအန မတွေ့ရ။ အသံဃ တို့ ဝသုဗန္ဓု စသည်တို့၏ မဟာယန တရားတွေလည်း သရေခေတ္တရာမှာ မရှိ။သရေခေတ္တရာ၏ မြို့ပေါက်ကြီး ( ) ခုအနက်မှ ရွှေတံခါးမြို့ပေါက် အဝင်အဝတွင် ထိုးစိုက်ထားသော ကျောက်စာတိုင်မှာ တွေ့ရသည်က အိန္ဒိယတောင်ပိုင်းသုံး အက္ခရာတွေနှင့် ရေးထားသည့် မောရသုတ်၊ မင်္ဂလ သုတ်၊ ထေရဝါဒ ဗုဒ္ဓဘာသာ ပရိတ်တရားတော် ပါဠိဂါထာများသာ။အုတ်ခွက်စသည်များ၌ ထပ်တွေ့ရသည်က သာသနာတော်၌ ထင်ရှားသော ကျော်ကြားလှသည့်  ယေဓမ္မာဟေတုပ္ပဘဝါအစချီသည့် ဂါထာတော်သာ...

ဗိဿနိုးနှင့် သီဝကို မကိုးကွယ်။ အသံဃတို့ ၊ဝသုဗန္ဓုတို့ကို မသိသော သရေခေတ္တရာသားတွေသည် ဗုဒ္ဓကို ကိုးကွယ်ပြီး အရှင် အဿဇိတို့ အရှင်သာရိပုတြာ တို့ကို သိကြလေသည်။

သရေခေတ္တရာမှ ပေါပေါ( ဘောဘော ) ကြီး စေတီတာ်၏ ပုံသဏ္ဌာန် နှင့် ဟန်က ပလ္လီဝ ဟန်မဟုတ်။ မောရိယခေတ်မှ သီရိဓမ္မာသောကမင်းကြီး၏ ကောင်းမှုတော် ဆန်ချီပထိုးတော်ကြီး ( Sanchi Stupa ) သီရိလင်္ကာမှ ဒုဌာဂါမဏိမင်းကြီး၏ ကုသိုလ်တော် မဟာစေတီ ( ဘီစီ ၁၀၀ ) တို့နှင့်ကား သဏ္ဌာန်ချင်း ၊ဟန်ချင်း ဆွေမျိုးတော်သည်ဟု ထင်သည်။

အိန္ဒိယသမိုင်းပညာရှင်တို့ပြုစုသော ' တိုးတက်ခေတ်မီသော အိန္ဒိယသမိုင်း ‘ ( An Advanced History Of India ) စာအုပ်၌ ဂွပ်ပ်တားခေတ်ဦးနှင့် ခေတ်နောက်ပိုင်းတွင် အာရှတောင်ပိုင်း နိုင်ငံများသို့ ဗြဟ္မဏဝါဒနှင့် ယဉ်ကျေးမှု ပြန့်ပွားပုံအကြောင်း ဆွေးနွေးထားသည်။

ဗိဿနိုးကိုးကွယ်မှု ၊သီဝကိုးကွယ်မှု ။ပလ္လဝဗိသုကာလက်ရာတွေရှိကြသည့် ချမ်ပါ ( Champa ) ကန်ဗုဂျ ( Kambuja ) ၊ဆူမတြာ ၊ဂျာဗား ဘာလီ ဘော်နီယို တို့အကြောင်းကို ကိုလိုနီနှင့် ယဉ်ကျေးမှု ပြန့်ကျယ်ခြင်း ( Colonial and Cultural Expression )ဟူသည့် အခန်း၌ တော်တော် စေ့စေ့ စုံစုံလေး ဖော်ပြထားသည်။

သို့ရာတွင်-
သရေခေတ္တရာ အကြောင်းကိုတော့ နှုတ်ပိတ်ရေငုံနေသည်။

သရေခေတ္တရာ၏ သီးခြားဂုဏ်ကို လေးစားသောကြောင့်ဟု ကျွန်တော်ထင်သည်။

ကူးလူးဆက်ဆံခြင်းရှိသောကြောင့် အချို့ယဉ်ကျေးမှုကိစ္စ တွေ၌ ရောခြင်း ယှက်ခြင်း ရှိတန်သမျှ ရှိမည်။ သို့ရာတွင် သရေခေတ္တရာ၏ အဓိက ယဉ်ကျေးမှုကား သီးခြားဖြစ်သော ဂုဏ်တို့နှင့် တင့်တယ်သည့် ထေရဝါဒ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသာတည်း။

အဲသည် ယဉ်ကျေးမှုကို ဘယ်တုံးက ဘယ်က ရရှိခဲ့သနည်း။

တွေ့ပြီးသမျှ အထောက်အထားတွေက ( မပြည့်စုံလှသေးသော်လည်း ) ဘီစီနှစ်များဆီ ညွှန်ပြနေသည်။ကျွန်တော်တို့ ဘိုးဘွားတွေကတော့ ဘီစီ ခြောက်ရာစု နှစ်များကတည်းကဟု တစ်ပြားမျှ မလျှော့ဘဲ ပြောသည်။

သမိုင်းပညာရှင်တို့ သတိမမေ့ဘဲ ထည့်စဉ်းစားစေချင်သော အချက်လေးများလည်း ရှိသေးသည်။သာမန်ကြည့်လျှင်တော့ အချက်လေးတွေပါ။

တကောင်းမင်းရိုး ခေပဒူတမင်းသားက သရေခေတ္တရာတည်မည့် နေရာသို့ ရောက်ရှိပြီး ရသေ့လုပ်ချိန်က ထိုဒေသကို အုပ်ချုပ်နေသူမှာ သကျအင်း ပျူမိဖုရား နန်းခမ်း။

တူတော်မောင်များ ရောက်လာမှ မဟာသမ္ဘဝမင်းသားကို ပျူမိဖုရားကိုရော၊ သမီးတော် ဗေဒါရီကိုပါ မိဖုရားတွေအဖြစ်မြှောက်ပြီး မင်းပြုစေသည်။ဤသည်က တစ်ချက်။

ပန်ထွာပြည်ကို အုပ်ချုပ်နေသူမှာလည်း ပန်ထွာမင်းသမီး။ မိန်းမ။
သရေခေတ္တရာ တည်ပြီးနောက် ဒွတ္တပေါင်မင်း သွားရောက် သိမ်းပိုက်ခဲ့သော ပန်ထွာပြည်ကို အုပ်ချုပ်ခဲ့သူမှာလည်း ပန်ထွာဘုရင်မ။  ဤသည်လည်းတစ်ချက်။

ပန်ထွာမိဖုရား အပေါ်၌ ဒွတ္တပေါင်မင်း၏ မေတ္တာကကြီးလှသည်။သို့ရာတွင် ပန်ထွာ မိဖုရားကမူ မင်းကြီးပေါ်၌ မေတ္တာတော် စူးရှမှု မရှိ။ရန်ညှိုးက မပြေ။ မင်းကြီး ဘုန်းတေဇာလျှောကျရန်ပင် အကောက်ကြံဖန်တီးခဲ့သည်။

ဤဇာတ်လမ်းက ထူးထူးဆန်းဆန်း ခေါမမစ်သ်မှ နတ်ဧကရာဇ်ကြီး ဇူးစ်နှင့် သူ့မိဖုရားနတ်ဒေဝီကြီးဟီးရား ( Hera )တို့၏ ဇာတ်လမ်းနှင့် အလွန်ကို ဆင်တူနေ၏။

ဒွတ္တပေါင်နှင့် ပန်ထွာမိဖုရားတို့က မောင်နှမ တော်သည်။ ဇူးစ်နှင့် ဟီးရာတို့လည်း မောင်နှမ တော်သည်။ ဇူးစ်နှင့် ဟီးရာကို အသေအလဲ ချစ်သော်လည်း ဟီးရာက ပြန်မချစ်။ ဟီးရာကို ဇူးစ်က ဇွတ်အတင်း သိမ်းပိုက်ရသည်။မိဖုရားကြီးဖြစ်လာသော အခါ၌လည်း ဇူးစ်က ဟီးရာကို အထူးအခွင့်အရေးတွေ ပေးသည်။ ဤကြားတည်းက ဟီးရာသည်  ပိုးဆိုက်ဒင်တို့၊ အပိုးလိုတို့နှင့် ပူးပေါင်းလျှက် ခေါင်းဆောင်ကာ ဇူးစ်ကို အလစ်၌ ဖမ်းပြီး စကြာဝဠာ ဧကရာဇ်ကြီး ဘဝမှ နန်းချရန် ကြိုးစားသည်။ သစ္စာရှိသူ နတ်သမီး သီးတစ်(စ်) ( Thetis ) ၏အကူအညီဖြင့် ဟီးရာတို့ လက်မှ လွတ်လာသူ ဇူးစ်သည် ဟီးရာကိုတော့ မှတ်လောက်အောင်တော့ အပြစ်ပေးသည်။သို့ရာတွင် ဒေါသပြေသောအခါ ဟီးရာကို မိဖုရားကြီးအဖြစ်ပင် ဆက်ထားသည်။

ခေါမ မစ်သ်တွေက ခေါမသမိုင်းဦးမှ ဖြစ်ရပ်တွေကို နိမိတ်ပုံစနစ်နှင့် ပြောသည်။

ခေါမနှင့်တကွ မြေထဲပင်လယ်ကမ်းမှ တိုင်းပြည်တွေတွင် သမိုင်းဦးအချိန်က မိန်းမဘုရင်မတွေသာ အုပ်ချုပ်သော မေတရီအာခီ ( Matriarchy )စနစ်ကို ကျင့်သုံးသည်။ နောင်တွင် ထိုအရပ်ဒေသများတွင်းသို့ မြောက်ပိုင်းမှ အဲရီယင်လူမျိုးသစ်တို့ ဝင်လာသည်။ အဲရီယင် တွေက ယောက်ကျားဘုရင် အုပ်ချုပ်သော ပေတရီအာခီ ( Patriarchy ) စနစ်ကို ကျင့်သုံးသည်။ ခေါမမစ်သ်တွေက ထိုစနစ်နှစ်ခုတို့ အားပြိုင်ရုန်းကန်မှုကို ပြသည်။  နောက်ဆုံးတော့ ပေတရီအာခီစနစ်က အောင်နိုင်လွှမ်းမိုးသွားသည်။စစ်ရေးနည်းနှင့် အနိုင်ယူသည်လည်း ရှိသည်။ စေ့စပ်ညှိနှိုင်းပြီး အနိုင်ယူသည်လည်း ရှိသည်။ အရှည်မျှော်လျှက် မေတရီအာခီစနစ်မှ ယဉ်ကျေးမှုအားလုံးကို ဖျက်မပစ်။ လက်ခံနိုင်သော ယဉ်ကျေးမှု ထုံးတမ်းတို့ကို ဆက်လက်ထိန်းသိမ်း ထားရှိပေးသည်။ ဤသို့ဖြင့် ပိုမိုတိုးတက် အားကြီးသော ယဉ်ကျေးမှုသစ်ကြီးတစ်ခုကို တည်ထောင်ကြသည်။

သရေခေတ္တရာ ဇာတ်လမ်းတွင် ဤသဘောဆန်ဆန်တွေကို တွေ့ရသည်။  

မေတရီအာခီစနစ် နှင့် ပေတရီအာခီစနစ် အကူးအပြောင်းသည် အလွန့်အလွန် ရှေးကျပြီး သာမန်သမိုင်းပညာက လက်လှမ်းမမီသေးသော ပဝေသဏီအခါက ဖြစ်ခဲ့သည်။ သားစဉ်မြေးဆက် ထားချန်ခဲ့သော သမိုင်းရိပ်ပြ ဂန္ဓဝင် ဇာတ်လမ်း ဟုခေါ်သည့် မစ်သ်များမှနေ၍ အဓိပ္ပါယ် ဖော်ထုတ် ယူရသည်။

ဤရှုထောင့်မှချဉ်းကပ်သော် သရေခေတ္တရာ၏ အမွန်အစသည် အလွန်ရှည်ကြာလှလေပြီ။ အေဒီနှစ်များ၏ ဟိုမှာဘက်  ဘီစီနှစ်များဆီ ညွှန်ပြနေသည်။

မြို့နာမည် ပေးထားပုံကိုလည်း ကြည့်ပါ။

သရေခေတ္တရာ…..

နောက်၌ ဘာမျှမပါ။

အိန္ဒိယမြို့ကြီးများ၏ အမည်အဆုံးတွင် နဂရ ( Nagara )  ပုတြ ( Putra )   ဝတီ ( Vati ) တို့ပါတတ်သည်။

ဂရ ၏အဓိပ္ပါယ်မှာ မြို့ဟုရသည်။ နာဂရ ဖြစ်ရန် မည်ကဲသို့သော အင်္ဂါ လက္ခဏာများနှင့် ပြည့်စုံရမည်ဟူသည့် သတ်မှတ်ချက် ရှိသည်။  စမ္ပနဂရ (စမ္ပာနဂို) ကို ယှနဂရ  (ကုသိနာရာ = ကုသိနာရုံ ) တို့ကား နဂရ မြို့များဖြစ်ကြသည်။

ပုတြကား ပုရ် ( pur ) (ဝါ) ပုရ မှလာသည်။ မူလ အဓိပ္ပါယ်ကား ခံတပ်ဟုဖြစ်သည်။ ခံတပ် သို့မဟုတ် တပ်မြို့မှတစ်ဆင့် ကြီးကျယ်လာသော မြို့တို့၏အမည်နောက်တွင် ပုရ (ဝါ ) ပုတြ ပါသည်။

ဂင်္ဂါမြစ်နှင့်သောဏာ ( Sona ) မြစ်ဆုံရာ၌ မူလက ပါဋလိဂရာမ သို့မဟုတ် ပါဋလိဂါမ ရွာလေးရှိသည်။ ဂရာမ သို့မဟုတ် ဂါမ ဆိုသည်မှာ ရွာဟုပင် အဓိပ္ပါယ် ရှိသည်။ မြောက်ပိုင်းမှ ရန်တို့ကြောင့် အာဇာတသတ်မင်း လက်ထက်တွင် ထိုရွာလေးကို အင်အားဖြည့်၍ ခံတပ်မြို့ပြုသည်။နောင်ခေတ်များတွင် ထိုခံတပ်မြို့လေးက ကြီးပွားလာပြီး ပါဋလိပုတြ   pataliputra  ခေါ်  ပါဋလိပုတ် မြို့ကြီးဖြစ်လာသည်။

ဝတီ  သို့မဟုတ် ဝသတီ  Vasti  ကား အရံအတား ပေါများခြင်းဆုဟု အဓိပ္ပါယ်တွေ ရသည်။ သာဝတ္ထိကို ရှရာဝတ်သတိ  Sravasti ဟုခေါ်သည်။

အိန္ဒိယတောင်ပိုင်း အရှေ့ဘက်ကမ်းတွင်  အမရဝတီ  Rmaravati  ခေါ်သော မြို့ရှိသည်။ သိကြားမင်း စံသောမြို့ကိုလည်း အမရဝတီ ဟုခေါ်သည်။ အိန္ဒိယတောင်ပိုင်း အရှေ့ဘက်ကမ်း၌ ဒန္တပုရ  Dantapura  ပိရှုပူရ  Pishupura   စသည်ဖြင့် ပုရမြို့များလည်းရှိသေးသည်။

သရေခေတ္တရာထက် နောက်ကျသော အာရှတောင်ပိုင်းမြို့များ အမည်တွင် ဝတီကို တွေ့ရသည်။ဟံသာဝတီ ၊ဒွါရဝတီ ၊သုဓမ္မဝတီ စသည် ပုဂံနှင့်ခေတ်ပြိုင်ဖြစ်သော (ယခု ထိုင်းနိုင်ငံတွင်ရှိ ) ရှေးဟောင်း နကွန်ပတုံ ( Nakorn Pathom )မြို့မှာ မာဂဓ ၊သက္ကဋတို့နှင့် နဂရပထမဟု အသံထွက်သည်။

မြန်မာပြည်မြောက်ပိုင်းမှ မြို့များအမည်တွင် ပုရကိုတွေ့ရ၏။အရိမဒ္ဒနပုရ၊ အမရပုရ၊ ရတနပုရ...

သရေခေတ္တရာကို နဂရနှင့်လည်း တွဲမသုံး။ဝတီနှင့်လည်း တွဲမသုံး...

သရေခေတ္တရာ   ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော လယ်မြေ   ဤမျှ     ဤမျှသာ။

ဤအချက်ကလည်းဆန်းသည်။  စဉ်းစားစရာ...

သရေခေတ္တရာသည် ဧရာမမြို့ကြီးဖြစ်သည်။ အာရှတောင်ပိုင်းတွင် ထိုရှေးအခါက သူ့ကိုမီအောင် ကြီးသောမြို့မရှိ။ ( ရှိသည်ဟု မကြားရဘူးသေး )

သရေခေတ္တရာသည် သင်္ဘော ဆိပ် မြို့ကြီးလည်းဖြစ်လေသည်။

ကျွန်တော်တို့ အစဉ်အလာ ပြောဆိုခဲ့သောသမိုင်းပါ မြတ်စွာဘုရား ဗျာဒိတ်တော်၌ နိမိတ်ကြီးငါးပါးတွင် -

သရေခေတ္တရာ ပြည်တည်ရာအရပ်၌ ပင်လယ်ရေ ခန်းခြောက်ခြင်းလည်းတစ်ပါး
    ဟုပါသည်။

သရေခေတ္တရာသည် ဒဂုံတို့ သန်လျင်တို့ကဲသို့ ကျွန်းမဟုတ်သော်လည်း ပင်လယ်နှင့်မဝေး။ ပြည်မြို့နှင့်တကွ တောင်ဘက် ထုံးဘိုမြို့၊ ပေါင်းတည်မြို့တို့တွင် ရေတွင်းတူးလျှင် ရေငံတွေသာထွက်သည်။ အရှေ့ဘက် ပေါင်းတလည်တွင်ကား ရေတွင်းတူးလျှင် ရေချိုအလွယ်ရသည်။ကျွန်တော်တို့ငယ်ငယ်က ပြည်တွင် မြစ်ရေကို ရေကြည်စေ့ သွေးတည့်ပြီး သောက်ရ၏။တွင်းရေကို ရေချိုးခြင်းနှင့် ဖွပ်လျှော်ခြင်းများပြုကြသည်။

အစဉ်အလာအရ  ပြောဆိုကြသည်လည်း တစ်ခုရှိသေးသည်။ရေငံနယ်အဆုံးကရေကင်းအရပ်ဟုဆိုသည်။ဒဂုံမစ်သ်တွင် ရေငံနယ်ကိုစိုးသော ငမိုးရိပ်ကြီး၏ ချစ်သူဇနီးကား....ရေကင်းသူမရွှေပွင့်ဟူ၏။

ဦးရှင်ကြီးနတ်ပိုင်သော နယ်မှာလည်း ရေကင်းအထိသာရောက်သည်။ရေကင်းရွာကား ပြည်မြို့တောင်ဘက် ကနောင်မြို့အနီးတွင် ရှိသည်။ ရှေးအခါက သရေခေတ္တရာသည် ယခု ရန်ကုန်၊ မော်လမြိုင်၊ ပုသိမ်မြို့များလောက်ပင် ပင်လယ်မှ မဝေး။ ပြည်တောင်ဘက်က ရွှေနတ်တောင် စေတီသမိုင်းတွင် ရွှေနတ်တောင်ကို ကျွန်းပေါ်မှ တောင်အဖြစ် ပင်လယ်မှ မြင်ရသည်ဆို၏။

အဲသည်အချက်တွေကို ချန်ချိယင်၏မှတ်တမ်း၊ ဝေါ့ကာတို့၏မှတ်ချက်တွေနှင့် နှိုင်းယှဉ်စဉ်းစားကြည့်သောအခါ သရေခေတ္တရာသည် ရှေးဟောင်းမဟာကုန်သည်လမ်းမကြီးတစ်ခု၏ အဆုံးမှ ပင်လယ်သင်္ဘော ဆိပ်မြို့ကြီးတစ်ခု ယဉ်ကျေးမှုမြို့တော်ကြီး။ အာရှ အရှေ့တောင်ပိုင်းမှ သီးခြားဂုဏ်အင်္ဂါ လက္ခဏာရှိသော ထေရဝါဒ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု၏ အမွန်အစ မြို့တော်ကြီး။

သရေခေတ္တရာသည် ဧရာဝတီမြစ်ကြီး၏အဝ ခေါင်းလောင်းပုံပင်လယ်ကွေ့ကြီးထိပ်မှာ တည်ရှိသည်။ အဲသည်ကနေပြီး ပင်လယ်ကွေ့ကြီးကို စိုးမိုးထိန်းချုပ်ထားပုံရသည်။

ကျွန်တော်တို့ အစဉ်အလာသမိုင်းက ပြောသည်ကား ဒွတ္တပေါင်မင်းကြီးသည် နဂါးကြေးလှေတော်နှင့် ပင်လယ်လှည့်၍ အခွန်ဘဏ္ဍာ သိမ်းကောက်တော်မူစဉ် ပင်လယ်၌ နတ်ရွာစံသည်ဆို၏။သူ့အလောင်းတော်ကို နဂါးတွေက နဂါးပြည်သို့ ဆောင်သွားသည်ဟု ဆိုသည်။ သူရို့ ဥရောပအလယ်ခေတ်၌လည်း ဂျာမန်ဧကရာဇ် ဖရက်ဒရစ်ဘားဘရော့ဆား ( Frederick Barbarossa )သည် ပင်လယ်တွင် နတ်ရွာစံသည်။သူ့ဝိညာဉ်ကို ကောင်းကင်တမန် နတ်တစ်ပါးက ပင်လယ်တွင်းမှ ဆောင်ယူ၍ ထာဝရဘုရားသခင်ထံ ပို့ပေးပုံ ပန်းချီကား ကျွန်တော့်စာအုပ်တစ်အုပ်တွင် ရှိသည်။ဘားဘရော့ဆားကား ဂျာမန်တို့၏ အာဇာနည်သူရဲကောင်း ဧကရာဇ်။ ဘားဘရော့ဆားကလက်ဂျင်းခေါ် မော်ကွန်းထားခဲ့သည်။ ဒွတ္တပေါင်ကလည်း ကျွန်တော်တို့အားလုံးအတွက် မော်ကွန်းထားခဲ့သည်။

ပင်လယ်လှည့်၍ အခွန်ဘဏ္ဍာ သိမ်းကောက်တော်မူသည်ဆိုသည်မှာ ပင်လယ်ကို စိုးမိုးထိန်းချုပ်ထားသည်ဟု အဓိပ္ပါယ် ရှိသည်။

….သရေခေတ္တရာ၏ ဘုန်းက ကြီးလှပါတကား။     




                        


                                                             ( )




သရေခေတ္တရာသည် အသက်လည်း ပြင်းလှစွာ၏။
အီဂျစ်မစ်သ်များက ဖီးနစ်(ခ်)(စ်)ငှက်အကြောင်း ပြောပြသည်။
ထိုငှက်က အလွန်လှပပြီး သဲကန္တာရတွင်းမှာ တစ်ကောင်တည်း နေသည်။အနှစ် ( ၅၀၀ ) မှ ( ၆၀၀ ) နေပြီးသောအခါ တေဇောမီးလျှံ၌ မိမိကိုယ်ကို မိမိဘဝ ပြောင်းပစ်သည်။ မီးလျှံမှ ကြွင်းသည့် ပြာတို့မှ ဖီးနစ် (ခ်)(စ်) ငှက်သစ်တစ်ကောင် ပြန်ပေါက်လာပြီးနောက် နှစ်ပေါင်းရှည်စွာ အသက်ရှင် တည်နေသည်။ သေခြင်းမဲ့သော ငှက်တည်း။
သရေခေတ္တရာ၌လည်း သေခြင်းမဲ့သည်။

ကမ္ဘာပေါ်၌ ရှေးဟောင်းမြို့ကြီး အများတို့သည် ထွန်းကားချိန်၌ ထွန်းကားပြီးနောက် ပျက်သွားကြသည်။ မြို့ဟောင်းမြို့ပျက်ကြီးအဖြစ် ကျန်ကောင်းကျန်မည်။ ရွာသိမ်ရွာငယ်လေးအဖြစ် ပြောင်းကောင်းပြောင်းသွားမည်။ မြို့ကြီးပြကြီး ပြန်မဖြစ်တော့။

သရေခေတ္တရာပျက်ပြီးနောက် သရေခေတ္တရာမှ ထူးချွန်သူတို့သည် ပုဂံမှ ညီအစ်ကိုများနှင့် ပေါင်းပြီး အာရှ အရှေ့တောင်ပိုင်း၌ ရင်သပ်ရှုမော အံ့ဩရသော အရိမဒ္ဒနပုရပုဂံမြို့ကြီးနှင့် ပုဂံယဉ်ကျေးမှုကြီးကို အသစ်ဖန်တီး တည်ထောင်ကြပြန်သည်။ အိနီးအက်စ် ရောမမြို့ကြီးကို တည်သည့်ပမာတည်း။

မူလ သရေခေတ္တရာကလည်း ဝိညာဉ်ချုပ်ငြိမ်းမသွား။အသက်ပြင်းပြင်းနှင့် ဆက်ရှိနေသည်။

ဩဂတ်စတက်စ်ဆီးဇာ ဧကရာဇ်သည် ထာဝရမြို့တော်ကြီးဖြစ်သော ရောမကို ပူဇော်သောအားဖြင့် အိနီးအစ်ဒ်ကဗျာကြီးကို မော်ကွန်းဝင်အောင် ပြုသကဲသို့ ပုဂံ၏ ပညာအကြီးဆုံး ကျန်စစ်သားမင်းကလည်း သူ့နည်းသူ့ဟန်ဖြင့် သရေခေတ္တရာ၏ ကျေးဇူးဂုဏ်ကို မော်ကွန်းတင်ပေးခဲ့သည်။

ကျန်စစ်သားမင်းကြီးက မွန်ဘာသာဖြင့် ကျောက်စာကြီးသုံးချပ်ပေါ် ကျောက်စာထိုးခဲ့သည်။ထိုကျောက်စာပေါ်တွင် ကျန်စစ်သားမင်းကြီးက သူကိုယ်တိုင် ဗားဂျီးလ်လုပ်ပြီး ကဗျာသစ္စာစကား ဆိုခဲ့၏။
သရေခေတ္တရာမြို့ကြီး တည်စဉ်က သည်ဗိသဏုရသေ့ကြီးအဖြစ် ပါဝင်ခဲ့သည် ဆိုသတည်း။
သရေခေတ္တရာ ယဉ်ကျေးမှုနှင့် ပုဂံယဉ်ကျေးမှုတို့ ဝိညာဉ်ဆက်နေပုံကို သည့်ထက်ဂုဏ်မြောက်အောင် မည်သူပြောနိုင်မည်နည်း။
သရေခေတ္တရာ၏ ဝိညာဉ်သည် ကျန်စစ်သားမင်း၏ နှလုံးတွင်းမှာ ခုန်နေသည်။
နောက်ခေတ် အဆက်ဆက် သရေခေတ္တရာသည် မြို့အဖြစ် ဝိညာဉ်ဆက်ရှိနေသည်။

အင်းဝခေတ်မှာလည်း သရေခေတ္တရာသည် မြို့ကြီးပေတည်း။မင်းခေါင်နှင့် ရာဇာဓိရာဇ်တို့ ရွှေဆံတော် ဘုရားရင်ပြင်တော်ပေါ်တွင် ချစ်ကြည်ရေးပြုကြသည်။

အင်းဝပျက်သောအခါ အရှင်မဟာရဋ္ဌသာရသည် သရေခေတ္တရာသို့ ပြေးရှောင်လာပြီးကိုးခန်းပျို့ကြီးကို နိဂုံးအသစ် ပြန်ရေး၍ သရေခေတ္တရာမြေတွင် အဆုံးသတ်ကာ စာပေအမွေ ပေးခဲ့သည်။ ပြည်နဝဒေးကြီးကလည်း တောင်ငူခေတ်ဦး၏ရတုဘုရင်ဖြစ်လာခဲ့သည်။ သူ့ရတုများဖြင့် မြသိတင်စေတီ၌ သူစမြင်တွေ့ခဲ့ရသည့် သူ့ချစ်သူ  ရှင်နှောင်းကို ကမ္ဘာ့စပေမှ ချစ်သူ ဘီးယားတရစ်စ် ( Beatrice ) အား ဒန်းတီ ( Dante  )က ထာဝရမျိုးအလှပုံရိပ် ( image of immortal beauty ) အဖြစ် ထုသွန်းသွားသကဲသို့ နဝဒေးကလည်း ထုသွန်းသွားသည်။

တောင်ငူခေတ်၊ ဒုတိယအင်းဝခေတ် ကုန်းဘောင်ခေတ်တွေမှာလည်း သရေခေတ္တရာသည် မြို့ကြီးပြကြီးအဖြစ်ဖြင့်ပင် တင့်တင့်တယ်တယ် ရပ်တည်နေခဲ့သည်။

ထို့ကြောင့်လည်း သရေခေတ္တရာသည်ပြည်ဟူသော ဘွဲ့ကိုရသည်။

ပြည်ဟူသောစကားမှာ နဂရတို့ ပုရတို့ ကဲသို့ပင် မြို့ဟု အဓိပ္ပါယ်ရသည်။ သို့ရာတွင် အခြားမြို့များသည် မြို့အမည်ဖြစ်သွားသည်အထိ ပြည်ဘွဲ့ကို မရ။သူတို့က အခြားအမည်နှင့် တွဲခေါ်ရသည့်မြို့၊ ပြည် စီးတီး ( City )

သရေခေတ္တရာကတော့ ရှေးပဝေသဏီတည်းက ဂုဏ်ထည်ထည်နှင့် မပြတ် မားမားရပ်တည်နေသောကြောင့် စီးတီးရှေ့မှ ပုဂ္ဂလိက နာမဝိသေသန ပြသော သာ( The ) ကိုထည့်ပေးရသည်။

သာစီးတီး ( The City ) ။ပြည်၏ အင်္ဂ လိပ်ဘာသာ အဓိပ္ပါယ်က ဤသို့ရှိနေသည်။

သရေခေတ္တရာကိုပြည်ဟု ကျွန်တော်တို့အားလုံးက ခေါ်ကြခြင်းမှာ ကျွန်တော်တို့နည်းနှင့် ကျွန်တော်တို့ အင်မောတဲလ်စီးတီး ( Immortal City ) သို့မဟုတ် သေခြင်းမဲ့သော ထာဝရမြို့ကြီးဟု ဘွဲ့တပ်ပေးကြခြင်း ဖြစ်လေသည်။   

မှန်လည်းမှန်စွ.ခရီးလမ်းတို့ ဆုံရာဖြစ်သောကြောင့် သရေခေတ္တရာသည် စစ်ပွဲကြီးတွေ အလီလီ၊စစ်ဘေးကြီးတွေ အကြိမ်ကြိမ် ကြု့ဆုံခဲ့ရသည်။ ပျက်ခဲ့ ကြေခဲ့ရသည်။

ဒုတိယကမ္ဘာစစ်အတွင်းက မြေ၌ ပြားပြားဝပ်အောင် ကြေပျက်ခဲ့ရသည်။ ပြည်မြို့ကြီးကို ကျွန်တော်ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။

အဲသည်တုံးက ရင်နင့်ရင်နာသည့် ခံစားမှုကိုတပြည်သူမရွှေထားဝတ္ထုရှည်၌ လွမ်းလွမ်းဆွတ်ဆွတ်၊ ဆို့ဆို့ကျင်ကျင်နှင့် ကျွန်တော်ရေးခဲ့မိသည်။

သို့ရာတွင် ဖီးနစ် (ခ်)(စ်)ငှက်ပမာအလား၊ဆိုးဝါးလှသည့်ဒုတိယကမ္ဘာစစ်ကြီး၏ အပျက်တွေကြားမှ ကျွန်တော်၏ ချစ်လှစွာသော  မြို့ကြီးက ပြန်လည်ရှင်သန် ထမြောက်လာသည်။

ရောမမြို့ကြီးနှင့် ပခုံးချင်းယှဉ်နိုင်သော ကျွန်တော်တို့၏...

သေခြင်းမဲ့သော  မြို့ကြီး ထာဝရ မြို့ကြီး

သီရိခေတ္တရာ။



                                                           (၁၀)



ကျွန်တော်ပြောပြခဲ့သော ကဗျာသစ္စာ ပိုမိုမြင့်မားသော အမှန်တရားတို့ကို ရင်မှာထားပြီး သရေခေတ္တရာ၏ မြင့်သောတစ်နေရာမှ ဖိုးဦးတောင်ဆီ ကြည့်ပါလော့ မိတ်ဆွေ

ကျွန်တော်မြင်သကဲသို့ မြတ်စွာဘုရားသခင်နှင့် သူ့ကို သင်လည်းမြင်မည်

ဘုရားသခင် လက်ခံတော်မူသော သူ၏ သန့်စင်သော မြေစိုင်ခဲ လေးကိုလည်း မြင်ရမည်။

သည်ထက် မွန်ရာမြတ်ရာ ဘာရှိသနည်း

သည်မြေစိုင်ခဲလေးက ကျွန်တော်တို့ အားလုံး၏ အမွန်အစ နိမိတ်ပုံ ကျွန်တော်တို့ အားလုံး ဤကမ္ဘာမြေပေါ်၌ လူအဖြစ် ဘာကြောင့် ရပ်တည် နေသနည်းဟူသည့် အကြောင်း အဓိပ္ပါယ်၏ သင်္ကေတ

မပြတ်သော သရေခေတ္တရာ၏ ဝိညာဉ် တည်ရာ၊ မှီရာ




                                                                                                              ပြီးပါပြီ 
                                             
                                                                                                    တက္ကသိုလ်ဘုန်းနိုင်
                  
                                                                                                            
 --၉၃





( ဤဆောင်းပါးသည် စာရေးသူ မူပိုင်သာ ဖြစ်သည်။ )