Friday, December 7, 2018

ဖတ်စေချင်တဲ့ သမိုင်းမှတ်တမ်း ဆောင်းပါးတစ်စောင်





  (၁)


Google Translate ထဲသို့ Nostalgia ကိုရိုက်ထည့်ပြီးမြန်မာဘာသာပြန်လိုက်သည်။တိုတိုရှင်းရှင်း “လွမ်းဆွတ်မှု”ဟုချက်ချင်းဘာသာပြန်ပေးသည်။

လွမ်းဆွတ်မှု။

မှန်တော့မှန်၏။သို့သော် အဓိပ္ပါယ်ကမပြည့်စုံဟုခံစားရသည်။

The New Oxford American Dictionary မှာဝင်ရှာကြည့်သည်။အတိတ်ကာလတစ်ခုမှ ပျော်ရွှင်ဘွယ်၊အောက်မေ့သတိရဘွယ်ကို လွမ်းဆွတ်တမ်းတခြင်းဟုပြန်၏။

မူရင်းဂရိဘာသာ၏အနက်ဖွင့်ပုံက(nostos’ return home + algos’pain’) ဆိုထားလေရာ “အိမ်လွမ်းနာ”ဟုများဘာသာပြန်ရကောင်းလေမည်လားမသိတော့။

Nostalgia….အိမ်လွမ်းနာ ဟုပဲဆိုဆို၊အိမ်ပြန်ချင်တဲ့အလွမ်း ဟုစာသံပေသံပေါက်အောင်ပဲဆိုဆို လွမ်းတာကတော့သေချာနေပြီ။ဘာတွေကိုလွမ်းကြပါလိမ့်။

မွေးမိခင်ကိုလွမ်းမည်။သားချင်းညီအစ်ကိုတွေကိုလွမ်းမည်။ မွေးဖွားကြီးပြင်းရာ အိမ်ကိုလွမ်းမည်။ပြီးတော့နေခဲ့သောရပ်ရွာ၊စာသင်ခဲ့သောကျောင်း၊တူတူကစားခဲ့ဘူးသည့်သူငယ်ချင်းများ၊ပျော်ရွင်လွတ်လပ်စွာဆော့ကစားခဲ့ဘူးသောနေရာများ......

ဘယ်လိုလွမ်းလွမ်း...

လွမ်းစရာတွေကများလှပါဘိ။

၁၉၉၃ခုနှစ်၊စက်တင်ဘာလကဖြစ်သည်။

ဂရိနိုင်ငံ၏ကမ္ဘာကျော်ဂီတပညာရှင်’ယန်နီး’သည် သူ၏ မွေးရပ်မြေရှိ အခရိုပိုးလစ် တွင်သံစုံဂီတဖျော်ဖြေပွဲတစ်ခုပြုလုပ်ခဲ့၏။ဂရိနိုင်ငံနှင့် နှစ်ရှည်လများခွဲခွါခဲ့ရသောကာလများကို ရည်ညွှန်းပြီးသူ၏ပွဲကို “ Nostalgia” ဟုအမည်ပေးခဲ့လေသည်။မိခင်မြေနှင့်ဝေးကွာခဲ့ရသောရက်များတွင်သူခံစားခဲ့ရသော အိမ်လွမ်းဝေဒနာကို ဂီတဖြင့်ဖေါ်ပြခဲ့ရာ ပရိတ်သတ်ထဲမှ သူ၏မိခင်သည် ဝမ်းသာမျက်ရည်များကျသည်အထိ ကြည်နူးပီတိ ခံစားရပါလေ၏။

ခေတ်ပေါ်ဂီတပညာရှင် ကွယ်လွန်သူ ခင်ဝမ်းလည်း သူ၏အိမ်လွမ်းစိတ်ကို သီချင်းတစ်ပုဒ်ရေးဖွဲ့သီဆိုခဲ့ဘူးပါသည်။” ပြည်မှာဆောင်း ”ဟုဆိုလျှင် ခင်ဝမ်းနှင့်တွဲပြီးသိရလောက်အောင် ကျော်ကြားခဲ့ဘူးပါသည်။ဇာတိမြေ၏အေးမြတိတ်ဆိတ်သောအချိန်ကာလတစ်ခုကို တမ်းတလျှက် တွေဝေ နောင်တဖြင့် ဒွိဟစိတ်ဖြစ်နေပုံကို သီဖွဲ့ထားရာ ပြည်မြို့၏ ဆောင်းရာသီအငွေ့အသက်နှင့်အတူ အလွမ်းစိတ်တို့ ယိုဖိတ်လျှံကျ ခံစားရပါလေ၏။

ခင်ဝမ်း၏”ပြည်မှာဆောင်း”ကို ယန်နီး၏ ဩဂတ်စတြာ နှင့်သာတီးခတ်ခွင့်ကြုံလျှင် ဇာတိမြေကိုလွမ်းဆွတ်နေသူအပေါင်း၏ အသည်းနှလုံးကို ညှို့ယူဖမ်းစား နိုင်လိမ့်မည်ဟု ကြံကြံဖန်ဖန်တွေးမိ လိုက်သေးသည်။

မြန်မာဂီတပညာရှင်တစ်ဦး၏သီချင်းနှင့် ကမ္ဘာကျော်ဂီတပညာရှင်တစ်ဦး၏ သံစဉ်တို့ ပေါင်းစပ်ကြည့်လိုရင်း ဖြစ်ပါသည်။

                                         (၂)

မိမိက ပြည်မှာမွေးသော ပြည်မြို့သားဖြစ်သည်။ပြည်မြို့သားက ပြည်ကိုလွမ်းမည်။လွမ်းဆွတ်ခွင့် ရှိသည်။
အင်း…..ဒါသည်ပင် Nostalgia ဖြစ်သည်။

မှန်သည်။
လွမ်းဆွတ်မှု။
ဘာကြောင့်လွမ်းကြသနည်း။

ရပ်ဝေးကိုရောက်နေ၍လွမ်းကြလေ၏။ဒါအမှန်ပဲဖြစ်သည်။
ရွှေဆံတော်ဘုရားပွဲကိုလွမ်းသည်။
ဘုရားကြီးဘုရားပွဲကိုလွမ်းသည်။
တစ်ဖက်ကမ်းက ဖိုးဦးတောင်ကိုလွမ်းသည်။

ခေတ္တရာ ပတ်ဝန်းကျင်ကိုထွက်ပြီး ရွှေတောင်က ရွှေနတ်တောင်ဘုရားပွဲ၊သဲကုန်းက ကန်လည်ဘုရားပွဲ၊ပေါင်းတည်က စွယ်တော်ပွဲတွေကိုလည်းလွမ်းလို့ရသေးသည်။

မြန်မာပြည်က တခြားမြို့တွေမှာမရှိသော ဉာဏ်ရိုးပူဇော်ပွဲ ဆိုတာလည်းရှိသေးသည်။
ဒါတွေက ရိုးရာအစဉ်အလာ ဘုရားပွဲတွေလောက်ပဲဖြစ်သည်။

တခြား လွမ်းစရာတွေ အများကြီး ရှိနေသေးသည်။
ဧရာဝတီမြစ်ကမ်းပေါ်က သဲဖြူနုနု သောင်ခုံတွေမှာ လမ်းလျှောက်ရင်း အနောက်ဘက်ကမ်း တောင်စွယ်ညိုညိုပေါ်က နေဝင်ဆည်းဆာအလှကို လွမ်းနိုင်သည်။မင်းကြီးတောင်ပေါ်က ဗေဒါရီဂူဆီအလည်သွားရင်း တောင်တက်လမ်းကဥသျှစ်သီးတွေခူးစားခဲ့ဘူးတာ လွမ်းနိုင်သေးသည်။

ဝါဆိုလဆုတ် တစ်ရက်နေ့မှာ နိဗ္ဗိန္နချောင်၊အင်ကြင်းမြောင် ကိုဝါဆိုပန်းခူးထွက်ပြီး ခင်တန်းဘေးနားက ဖန်ခါးပင်မှာ ရေငတ်ပြေ ဖန်ခါးသီး ခူးစားခဲ့ခြင်းကိုလည်း လွမ်းနိုင်သည်။(ယခု မြို့သစ် တိုးချဲ့၍ ချောင်တွေ၊မြောင်တွေ မရှိတော့။)

ပြည်မြို့နှင့် ခွဲနေရသော ပြည်သားတစ်ယောက်က ပြည်ကိုလွမ်းတာ ဘာဆန်းသနည်း။

ဟုတ်၏။

ပြည်သားတွေက ဇာတိကိုလွမ်းတာ မဆန်းဟုဆိုလျှင် ဘာက ဆန်းနေပါသနည်း။

ခေတ္တရာမြေမှာ မမွေးသော်ငြား ခေတ္တရာမြေမှာ ကြီးပြင်းခဲ့၊ပညာသင်ကြားခဲ့ပြီးခေတ္တရာနယ်မြေကို သူ၏ မွးရပ်အလား ချစ်ခင်မြတ်နိုး သံယောဇဉ်တိုးခဲ့လေသော ပုဂ္ဂိုလ်တစ်ဦး အမှန်ရှိခဲ့ပါသည်။

                                       (၃)


သူသည် ခေတ္တရာမြေမှာ မွေးဖွားခဲ့သူမဟုတ်ငြား၊ငယ်စဉ်တောင်ကျေး အကလေးဘဝမှ အထက်တန်းကျောင်းအောင်မြင်သည်အထိ ခေတ္တရာမြေမှာ  ကြီးပြင်းခဲ့ပါ၏။မိမိတို့ ခေတ္တရာနယ်မြေ သည် ပြည်၊ရွှေတောင်၊ပန်းတောင်း၊ပေါက်ခေါင်း၊သဲကုန်း၊ပေါင်းတည် ဟူသောမြို့နယ်(၆)ခုကို ပေါင်းစုခေါ်ဆိုထားသည်ဖြစ်ရာ သူ၏ငယ်ဘဝတလျှောက် ထိုမြို့အားလုံးနီးနီးတွင်နေခဲ့ဘူးလေသည်။နေခဲ့ဘူးသောမြို့များ၏ဒေသန္တရတို့ကိုလည်းအရွယ်နှင့်မမျှအောင် မှတ်သားနိုင်ခဲ့သည်ကို အထူးလေးစားမိပါသည်။

သူသည် ခေတ္တရာအသင်း၏ ရာသက်ပန်အသင်းဝင်ဖြစ် ပါလေ၏။

သူချစ်သောခေတ္တရာမြေကို သူ၏နာမည်ကျော်ဝတ္ထုရှည်များတွင် နောက်ခံထည့်သွင်းရေးသားဖေါ်ပြခဲ့ပါသည်။မှတ်မိသမျှ “စိမ်းနေဦးမည့်ကျွန်တော့်မြေ” ၏ နောက်ခံဒေသသည် ပေါက်ခေါင်းမြို့နယ်၊ပဲခူးရိုးမအစပ်(ဒေသအခေါ် ရိုးကလေး) က ကျေးရွာလေးတစ်ခုဖြစ်ပြီး သူ၏မိဘများနှင့်စစ်ပြေးရင်းနေထိုင်ခဲ့ဘူးသည့်ဒေသဖြစ်လေသည်။

ဝတ္ထုအဖြစ်သာမက၊ရုပ်ရှင်အဖြစ်နှင့်ပါကျော်ကြားခဲ့သော “တပြည်သူမရွှေထား” ဇာတ်လမ်းစခဲ့ရာသည်ပြည်မြို့ဖြစ်သည်။ထားတို့မိသားစုနေသည့် မင်းကြီးတောင်ပေါ်ကအရေးပိုင်အိမ်ကြီးသည်လည်းကောင်း၊ထားနှင့်မြတ်ဆွေတို့စက်ဘီးတိုက်မိသည့်တောင်ကွေ့လမ်းသည်လည်းကောင်း၊မြတ်ဆွေ၏ယောက်ဖအလုပ်ကြမ်းလုပ်ရသောပြည်-ရန်ကုန်မီးရထားသံလမ်းနေရာတို့သည်လည်းကောင်း၊ဧရာဝတီမြစ်ကမ်းက မြတ်ဆွေတို့ဆရာတပည့်နှစ်ဦး မယ်ဒိုလင်တီးသည့် ဆိပ်ကမ်းနေရာသည်လည်းကောင်း အမှန်တကယ်တည်ရှိနေသော အထင်ကရနေရာများဖြစ်ပါသည်။
 ပန်းတောင်းမြို့နယ်၊ထုံးဘိုတွင် ဝတ္ထုထဲက ဇာတ်ကောင် ထား ရေကူးသင်ခဲ့သည်ကို ထည့်ရေးထားပါသေးသည်။
“ နွေကန္တာဦး”၏အဆက် “ဝဿန်လေချိန်မှန်ကူး” ဝတ္ထုမှာတော့ နုနုငယ် ပုန်းရှောင်နေသည့် ရွှေနတ်တောင်အနီးက မယားမံ ရွာလေးကို ဇာတ်လမ်းနှင့်ဆီလျှော်အောင်ထည့်သုံး သွားပါသည်။

သူဆယ်တန်းအောင်ခဲ့သည့် ပေါင်းတည်အထက်တန်းကျောင်းကြီးကိုတော့”ကိုယ့်အလှ ဘဝငွေလမင်း” ဝတ္တုရှည်ကြီးတွင် လှလှပပ ထည့်ရေးသွားခဲ့ပါသည်။”မိုးညအိပ်မက်မြူ” ဝတ္ထုတွင် ဒေါက်တာမသက်ရီက မောင်ညိုမှိုင်း ကို ပေါင်းတည်မြို့က သူမ၏ ဦးလေးအိမ်တွင် တွေ့ဆုံခန်းကို စိတ္တဇဆန်ဆန် ရေးသားခဲ့သည်။

ခုဆိုလျှင် သူမည်သူလဲဆိုတာ သိနိုင်လောက်ပေပြီ။

သူကား ဆရာကြီးဦးခင်မောင်တင့် ခေါ် တက္ကသိုလ်ဘုန်းနိုင် ဖြစ်ပါသည်။

ဆရာကြီးကို ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဦးခင်မောင်တင့် အဖြစ် သိသူနည်းပါးပြီး နာမည်ကျော် စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင် အဖြစ်သိသူပိုများသည်အထိ ဆရာကြီး၏ကလောင်စွမ်းက ထက်မြက်လှပါသည်။ဆရာကြီး၏ထူးခြားချက်မှာ တာဝန်ကျရာ ကောလိပ်၊တက္ကသိုလ် ၏မြို့အသီးသီးကိုနောက်ခံပြု၍ ဝတ္ထုများ ရေးလေ့ရှိခြင်း ဖြစ်ရာ မန္တလေး၊တောင်ကြီး၊မကွေး၊ပုသိမ်၊မော်လမြိုင် နောက်ခံဝတ္ထုများ ကြားထဲတွင် သရေခေတ္တရာနယ်ကိုနောက်ခံပြုရေးသားသော ဝတ္ထုများရှိနေခြင်းက ဆရာကြီး၏ ဒေသချစ်စိတ်ကို တစေ့တစောင်း အကဲခတ်နိုင်ပါသည်။

                                 (၄)

၁၉၉၄ ခုနှစ်တွင် “ခေတ္တရာအသင်း”တည်ထောင်ခြင်း(၇၅)နှစ်မြောက်စိန်ရတုအထိမ်းအမှတ် ထုတ်ဝေသည့် “သီရိခေတ္တရာစာစောင်”အတွက်ဆရာကြီးသည်ရှည်လျှားသော ဆောင်းပါး တစ်စောင်ရေးသားပေးခဲ့ပါ၏။ရှည်လျှားသော ဆောင်းပါးဆိုသည့်အတိုင်းစိတ်ရှည်လက်ရှည်၊ အားရပါးရ၊ အကိုးအကား အထောက်အထား ပြည့်ပြည့်စုံစုံဖြင့် ရေးသားထားသည်ကို ထောက်ရှု၍ ဆရာကြီး၏ သံယောဇဉ်ကို ခံစားနားလည်မိပါသည်။

ထိုဆောင်းပါးတွင် အခန်း(၁၀)ခန်းအထိ ခွဲ၍ရေးသားခဲ့ပြီး သမိုင်းရှုထောင့်၊ယုတ္တိပညာရှုထောင့် တို့နှင့်သာမက၊ ကမ္ဘာ့စာပေလောကတွင် အထင်အရှားရှိနေသော Myth, Legend ၊ မော်ကွန်းကဗျာ(Epic) တို့နှင့်ပါတိုက်ဆိုင်ပြုစုခဲ့ပါသည်။

                     အင်္ဂလိပ်စာဆိုကြီးဝါဒ်စ်ဝါတ်သ်( Wordsworth )က ကဗျာဆိုသည်မှာ-

“ truth…Carried alive into the hearten by passion”

“ခံစားမှု၏အစွမ်းဖြင့် အမှန်တရားကို အရှင်လတ်လတ် နှလုံးသားဆီသို့ ဆောင်ပို့သည်။”

ဟုဆိုခဲ့သည်။

ကျွန်တော်က ယခုကျွန်တော်၏ချစ်လှစွာသော သရေခေတ္တရာမြို့ကြီးအကြောင်းကိုပြောပြပါမည်။

ကဗျာသစ္စာအဖြစ်...

ပိုမိုမြင့်မားသော အမှန်တရားအဖြစ်

နှလုံးသား၌တည်နေသော အရှင်လတ်လတ်

အမှန်တရားအဖြစ်....

ဝိညာဉ်ရှိသော ကျွန်တော်တို့၏မြို့ကြီးအကြောင်းကို ပြောပြပါမည်။

ဆရာကြီး၏ ဇာတိပုည ကပ်ငြိပုံလေးကိုလည်း မြင်အောင်ကြည့်လိုက်မိပါသည်။ဒါကိုလည်းဆရာကြီးသည်ရိုးသားစွာ ဖွင့်ဆိုခဲ့သည်ကိုအောက်တွင်ဖတ်ရှုနိုင်ပါသည်။


“သို့ရာတွင် ပုထုဇဉ်၊လောကီနယ်သားတစ်ဦး အနေနှင့် ပြောရလျှင် ကမ္ဘာ့မိသားစုများအလယ်၌ စိတ်အားမငယ်၊ဝံ့ထည်ထည်ဖြင့် ရင်ကော့ မျက်နှာမော့၍ နေရဲ၊နေနိုင်ရန် ဇာတိပုည၊ဂုဏ်မာနကား မရှိမဖြစ် ရှိကိုရှိရမည်။ ဤစကားမှ “ပုည”ဟူသည်ကိုသတိထားစေချင်သည်။

ဂုဏ်မာန...။အပုည မှလာသော ဂုဏ်မာနမျိုးမဟုတ်။ဇာတိပုည....။မိမိတို့ သမိုင်းဦး မှုန်မှုန်တည်းက ရှိလာခဲ့သော ပုည…။ ဇာတိပုည....။

ကျွန်တော်ကား သန်လျှင်မှာမွေးပြီး၊ သရေခေတ္တရာနယ်တွင် ကြီးပြင်းသည်။

ဝိညာဉ်ရှိသော သရေခေတ္တရာက ကျွန်တော့်သွေးထဲသားထဲကို ဇာတိပုည၊ဂုဏ်မာနကို ထည့်ပေးသည်။
ကျွန်တော်တစ်ယောက်တည်း အတွက်မဟုတ်။ပြည်သားတွေ သရေခေတ္တရာနယ်သားတွေအတွက်မဟုတ်။
အနှစ်ထောင်ချီ ရှိနေသောဝိညာဉ်ဖြင့် သရေခေတ္တရာသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံးအတွက်....
ကျွန်တော်တို့အားလုံးအတွက် ဇာတိပုည၊ဂုဏ်မာနကို ပေးနေသည်။

ထာဝရပေးနေသည်။ " 

အပိုဒ်(၇)ကိုဆရာကြီးကဤသို့စလိုက်သည်။

“ ကဗျာသစ္စာ သဘောမှ နေ၍ ခြောက်သွေ့သော သမိုင်းပညာ အချက်အလက်တွေဆီ ခေတ္တသွားကြမည်။

အလွန်သတိကြီးစွာနှင့် သွားကြမည်။

သရေခေတ္တရာဇာတ်လမ်းက ဘယ်အချိန်မှာ စခဲ့သနည်း။ “

စောစောပိုင်းတွင် ခေါမ ရောမ ရာဇဝင်များ၊မော်ကွန်းကဗျာရှည်ကြီးများ၊ဘုရားသမိုင်းများသည် ယုတ္တိဗေဒ သဘောနှင့်ကင်းကွာမှု ရှိကောင်းရှိစေဦး။ ယခုအပိုင်းတွင်မူ သမိုင်းအချက်အလက် အကိုးအကားတို့နှင့်ချဉ်းကပ်ပြပြန်လေသည်။

သမိုင်းဆိုင်ရာအကိုးအကား များနှင့်တိုက်ဆိုင်စိစစ်ပြီးသောအခါ ဆရာကြီး၏ဆောင်းပါးစာတမ်းသည် ပြည့်စုံလုနီးနီးဖြစ်လာခဲ့ပြီး အောက်ပါအတိုင်း ဆက်လက်ဆန်းစစ်ပြန်သည်။ထိုဆန်းစစ်ချက်၏ဆိုလိုရင်းက အမည်ပေးပုံဖြစ်သည်။

“သရေခေတ္တရာ     ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသော လယ်မြေ

ဤမျှ ဤမျှသာ။

ဤအချက်ကလည်းဆန်းသည်။ စဉ်းစားစရာ...။

သရေခေတ္တရာသည်ဧရာမမြို့ကြီးဖြစ်သည်။အာရှတောင်ပိုင်းတွင် ထိုရှေးအခါက သူ့ကိုမီအောင်ကြီးသောမြို့မရှိ။(ရှိသည်ဟု မကြားရဘူးသေး။)

သရေခေတ္တရာသည် သင်္ဘောဆိပ် မြို့ကြီးလည်းဖြစ်လေသည်။

ကျွန်တော်တို့ အစဉ်အလာ ပြောဆိုခဲ့သောသမိုင်းပါ မြတ်စွာဘုရားဗျာဒိတ်တော်၌ နိမိတ်ကြီးငါးပါးတွင်-
“သရေခေတ္တရာ ပြည်တည်ရာအရပ်၌ ပင်လယ်ရေခန်းခြောက်ခြင်းလည်းတစ်ပါး” ဟုပါသည်။

သရေခေတ္တရာသည် ဒဂုံတို့ သန်လျင်တို့ကဲသို့ ကျွန်းမဟုတ်သော်လည်း ပင်လယ်နှင့်မဝေး။ပြည်မြို့နှင့်တကွ တောင်ဘက် ထုံးဘိုမြို့၊ပေါင်းတည်မြို့တို့တွင် ရေတွင်းတူးလျှင် ရေငံတွေသာ ထွက်သည်။အရှေ့ဘက် ပေါင်းတလည်တွင်ကား ရေတွင်းတူးလျှင် ရေချိုအလွယ်ရသည်။”ကျွန်တော်တို့ငယ်ငယ်က ပြည်တွင်မြစ်ရေကို ရေကြည်စေ့ သွေးထည့်ပြီး သောက်ရ၏။တွင်းရေကို ရေချိုးခြင်းနှင့် ဖွပ်လျှော်ခြင်းများပြုကြသည်။

အစဉ်အလာအရ ပြောဆိုကြသည်လည်း တစ်ခုရှိသေးသည်။ရေငံနယ်အဆုံးက ‘ရေကင်း’ အရပ်ဟုဆိုသည်။ဒဂုံမစ်သ်တွင် ရေငံနယ်ကိုစိုးသော ငမိုးရိပ်ကြီး၏ချစ်ဇနီးက...ရေကင်းသူ ‘မရွှေပွင့်’ဟူ၏။

ဦးရှင်ကြီးနတ် ပိုင်သော နယ်မှာလည်း ရေကင်းအထိသာ ရောက်သည်။ရေကင်းရွာကား ပြည်မြို့တောင်ဘက် ကနောင်မြို့အနီးတွင်ရှိသည်။ရှေးအခါက သရေခေတ္တရာသည် ယခု ရန်ကုန်၊မော်လမြိုင်၊ပုသိမ်မြို့များလောက်ပင် ပင်လယ်မှမဝေး။ပြည်တောင်ဘက်က ရွှေနတ်တောင်စေတီသမိုင်းတွင် ရွှေနတ်တောင်ကို ကျွန်းပေါ်မှ တောင်အဖြစ် ပင်လယ်မှ မြင်ရသည်ဆို၏။
အဲသည်အချက်တွေကို ချန်ချိယင်၏မှတ်တမ်း၊ဝေါ့ကာတို့၏မှတ်ချက်တွေနှင့်နှိုင်းယှဉ်စဉ်းစားကြည့်သောအခါ သရေခေတ္တရာသည် ရှေးဟောင်းမဟာကုန်သည်လမ်းမကြီးတစ်ခု၏ အဆုံးမှ ပင်လယ်သင်္ဘောဆိပ်မြို့ကြီးတစ်ခု ယဉ်ကျေးမှု ဗဟိုမြို့တော်ကြီး။အာရှအရှေ့တောင်ပိုင်းမှ သီးခြားဂုဏ်အင်္ဂါလက္ခဏာရှိသော ထေရဝါဒ ဗုဒ္ဓဘာသာယဉ်ကျေးမှု၏ အမွန်အစ မြို့တော်ကြီး။

သရေခေတ္တရာသည် ဧရာဝတီမြစ်ကြီး၏အဝ ခေါင်းလောင်းပုံပင်လယ်ကွေ့ကြီးထိပ်မှာ တည်ရှိသည်။အဲသည်ကနေပြီးပင်လယ်ကွေ့ကြီးကို စိုးမိုးထိန်းချုပ်ထားပုံရသည်။
ကျွန်တော်တို့အစဉ်အလာသမိုင်းက ပြောသည်ကား ဒွတ္တပေါင်မင်းကြီး နဂါးကြေးလှေတော်နှင့် ပင်လယ်လှည့်၍အခွန်ဘဏ္ဍာ သိမ်းကောက်တော်မူစဉ် ပင်လယ်၌နတ်ရွာစံသည်ဆို၏။ သူ့အလောင်းတော်ကို နဂါးတွေက နဂါးပြည်သို့ဆောင်သွားသည်ဟု ဆို၏။သူရို့ ဥရောပအလယ်ခေတ်၌လည်း ဂျာမန်ဧကရာဇ် ဖရက်ဒရစ်ဘရော့ဆား(Frederick Barbarossa) သည်ပင်လယ်တွင်နတ်ရွာစံသည်။သူ့ဝိညာဉ်ကို ကောင်းကင်တမန်နတ်တစ်ပါးက ပင်လယ်တွင်းမှဆောင်ယူ၍ ထာဝရဘုရားသခင်ထံ ပို့ပေးပုံ ပန်းချီကား ကျွန်တော့်စာအုပ်တစ်အုပ်တွင်ရှိသည်။ ဘားဘရော့ဆား ကားဂျာမန်တို့၏ အာဇာနည်သူရဲကောင်း ဧကရာဇ်။ ဘားဘရော့ဆား က’လက်ဂျင်း’ခေါ်မော်ကွန်းထားခဲ့သည်။ဒွတ္တပေါင် ကလည်းကျွန်တော်တို့အားလုံးအတွက် မော်ကွန်းထားခဲ့သည်။ 
ပင်လယ်လှည့်၍ အခွန်ဘဏ္ဍာ သိမ်းကောက်တော်မူသည် ဆိုသည်မှာ ပင်လယ်ကို စိုးမိုးထိန်းချုပ်ထားသည်ဟု အဓိပ္ပာယ်ရှိသည်။

ဪ…သရေခေတ္တရာ၏ဘုန်းက ကြီးလှပါတကား။

အပိုင်း(၁၀)သည်နိဂုံးဖြစ်သည်။ဆရာကြီး၏စာကိုအပြည့်ကူးယူပြပါမည်။


ကျွန်တော်ပြောပြခဲ့သော ကဗျာသစ္စာ၊ပိုမိုမြင့်မားသောအမှန်တရားတို့ကို ရင်မှာထားပြီး သရေခေတ္တရာ၏မြင့်သောတနေရာမှ ဖိုးဦးတောင်ဆီ ကြည့်ပါလော့ မိတ်ဆွေ။

ကျွန်တော်မြင်သကဲသို့ မြတ်စွာဘုရားသခင်နှင့် သူ့ကိုသင်လည်းမြင်မည်။
ဘုရားသခင်လက်ခံတော်မူသော သူ၏သန့်စင်သော မြေစိုင်ခဲ လေးကိုလည်းမြင်ရမည်။

သည့်ထက်မွန်ရာ မြတ်ရာ ဘာရှိသနည်း။

သည်မြေစိုင်ခဲလေးက ကျွန်တော်တို့အားလုံး၏ အမွန်အစ နိမိတ်ပုံ။ကျွန်တော်တို့အားလုံးဤကမ္ဘာမြေပေါ်၌ လူအဖြစ် ဘာကြောင့် ရပ်တည်နေသနည်းဟူသော အကြောင်း အဓိပ္ပာယ်၏သင်္ကေတ။

မပြတ်သော သရေခေတ္တရာ၏ဝိညာဉ်တည်ရာ၊မှီရာ။


                                                                    ပြီးပါပြီ
              
                                                              တက္ကသိုလ်ဘုန်းနိုင်
                                                                     ၇-၉-၉၃


                                            (၅)


ဖြစ်သင့်သည်မှာ ရာပြည့်အထိမ်းအမှတ် သရေခေတ္တရာ မဂ္ဂဇင်းတွင် ဆရာ တက္ကသိုလ်ဘုန်းနိုင်၏ “ကျွန်တော်တို့အားလုံး၏သရေခေတ္တရာ” ဆောင်းပါးရှည်ကြီးကို ထပ်မံပုံနှိပ် ဖေါ်ပြသင့်ပါသည်။ သို့ရာတွင် စာတည်းအဖွဲ့အနေဖြင့် ရာပြည့်မဂ္ဂဇင်း အတွက်ပေးပို့လာသော များပြားလှသည့်စာမူ များကို ကဏ္ဍစုံလင်အောင် တင်ဆက်နိုင်ရေးအတွက် ဆရာကြီး၏ ဆောင်းပါးကို ထပ်မံဖေါ်ပြတင်ဆက်လိုသော်ငြား ဝမ်းနည်းစွာ ချန်လှပ်ထားခဲ့ရကြောင်း သိခဲ့ရပါသည်။ဆရာကြီး၏ သရေခေတ္တရာမြေကို သံယောဇဉ်ကြီးမားပုံကို စိန်ရတုအထိမ်းအမှတ် သီရိခေတ္တရာစာစောင်တွင်ပါရှိသော ဆောင်းပါးကိုဖတ်ရှုကြည့်နိုင်ကြောင်း လက်ဆင့်ကမ်းလိုက်ပါသည်။

ရည်ညွှန်း။ သီရိခေတ္တရာစာစောင်(ဖေဖေါ်ဝါရီလ၊၁၉၉၄ ခုနှစ်)


                                                   
                     



No comments:

Post a Comment