Wednesday, January 22, 2020

ဂျာအေးကဗျာ..လင်ပန်းထဲရေထည့်..သောက်မိခဲ့





ဂျာအေး

မုန့်လုံးကိုစက္ကူကပ်ပါလို့
ကြာကလပ်နဲ့ဆွမ်းတော်တင်
ပလ္လင်ပေါ်ကမျောက်ကလေး
ဆင်းတယ်လို့ပြေး
ဂျာအေး။
ဂျာအေးကို သူ့အမေရိုက်ပါလို့
မှောင်မိုက်မှာငို
ကိုလူပျိုထရံပေါက်က
ခြေထောက်ကိုဆွဲ တွဲလွဲ
တွဲလွဲနေပါဦး
မိုးတောင်ကချုန်း
မုန့်လုံး
မုန့်လုံးကိုစက္ကူကပ်ပါလို့....

()

ဂျာအေးကဗျာလေးကို ရွတ်ကြည့်မိတော့ ငယ်ငယ်တုံးက တခန်းရပ်ပြဇာတ်လေး ကခဲ့ကြတာကို သတိရမိပါတယ်။အဲဒီဇာတ်မှာ ကျွန်တော်က ပလ္လင်ပေါ်က မျောက်ကလေးအဖြစ်သရုပ်ဆောင်ခဲ့ရတယ်။ပြဇာတ်ကတော့ ကဗျာကို အခြေခံရေးဖွဲ့ထားပြီး ကကြတာပါ။ကျွန်တော်လည်းပုဏ္ဏားကွယ်ကြားမှာနေလိုက်။စင်ပေါ်နဲ့ပလ္လင်တော်မှာ တက်လိုက်ဆင်းလိုက်လုပ်လိုက်။မျောက်အမူအရာနဲ့ ကပြအသုံးတော်ခံလိုက်နဲ့ မောနေအောင် သရုပ်ဆောင်ရတယ်။ခြေကုန်လက်ပန်းကျလောက်အောင် ပင်ပန်းနေပေမဲ့ ဇာတ်စင်နောက်ကနေ ကျွန်တော်ထွက်လာတိုင်း တဝေါဝေါရယ်သံတွေနဲ့ ပွဲကျ ကြလို့ ပင်ပန်းတာကို အသိမကပ်ပဲ ကပြခဲ့မိတယ်။
()

အဲဒီလို ကျွန်တော်ငယ်ငယ်က ပတ်သက်ခဲ့တဲ့ ဂျာအေးကဗျာလေးဟာ ကြောင်ပန်းဆရာတော် ရေးခဲ့တာလို့နည်းနည်းလေး အရွယ်ရောက်တော့မှ သိရတယ်။ဆရာတော်ရဲ့ ဆုံးမကဗျာလိုလိုလည်း ပြောကြတယ်။ကြောင်ပန်းဆရာတော်ဆိုတာ ဘုတလင်နားက ကြောင်ပန်းတောကြီးမှာ တောရဆောက်တည်ရင်း တုံးနာမ်၊တိုင်နာမ်နဲ့ သာသနာမှာ အလှိုင်းတကြီး ဂယက်ထစေခဲ့တဲ့ ဆရာတော် ဘုရားပါ။အရိယာလို့လည်း မှတ်ယူကြည်ညိုတာ ခံရတယ်။လယ်တီဆရာတော်ဘုရားကြီးရဲ့ တပည့်အရင်းလည်းဖြစ်ပြန်တယ်။ဂျာအေးကဗျာကို ဆရာတော်ဘုရား ရေးခဲ့တာတဲ့။
သံသရာဝဲဩယထဲမှာခဏခဏ ကျရောက်နေကြတဲ့ မိုက်တွင်းနက်ပုံတွေအကြောင်းကို ရေးဖွဲ့ထားတာတဲ့။ကြောင်ပန်းဆရာတော်က မုန့်လုံးဆိုတာ ရုပက္ခန္ဓာ၊ဝေဒနက္ခန္ဓာ၊သညက္ခန္ဓာ၊သင်္ခါရက္ခန္ဓာ၊ ဝိညာနက္ခန္ဓာ ဆိုတဲ့ခန္ဓာငါးပါးတဲ့။စက္ကူဆိုတာ တပ်မက်တွယ်တာတတ်တဲ့ တဏှာတွေ။ဒီတော့ ခန္ဓာငါးပါးမှာ တဏှာတွေစွဲကပ်နေတာကို မုန့်လုံးစက္ကူကပ်လို့ ဖွဲ့ပြတယ်။
ရူပ၊ အရူပ ဆိုကြတဲ့ ဘုံတွေကို မျှော်မှန်းပြီး ကောင်းမှုကုသိုလ်တွေ လုပ်နေကြတာကိုကျတော့ ကြာကလပ်နဲ့ ဆွမ်းတော်တင်တယ်လို့ယူတယ်။လောကသားတွေဟာ ဘယ်လိုပဲကုသိုလ်ကောင်းမှုတွေလုပ်လုပ် အဲဒီလိုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေမှာ လောဘ၊ဒေါသ၊မောဟ ဆိုတဲံ ဟိတ်တရားတွေ ပါနေတာကြောင့် မစင်မကြယ်တွေဖြစ်ပြီး သူတို့မျှော်မှန်းတဲ့ ကာမဘုံတွေဆီပဲ ပြန်သွားနေကြရတယ်။ဒါကို ပလ္လင်ပေါ်က မျောက်ကလေး ဆင်းတယ်လို့ပြေး လို့ဆိုကြတယ်။
ကာမဘုံတွေဆီ ရောက်ပြန်တော့ အဝိဇ္ဇာ အမှောင်တိုက်က အားကြီးပြန်ရော။ဒုက္ခသုက္ခတွေနဲ့ကြုံရဆုံရပြန်ရော။ဘဝလောကဓံတွေကြောင့်ထိတ်လန့်တုန်လှုပ်ရပြန်ရော။ဒါဟာ ဂျာအေးကို သူ့အမေရိုက်ပါလို့ မှောင်မိုက်မှာငို ဆိုတာပေါ့။ဒါပေမဲ့ ကျွန်တော်တို့တတွေ ကံကောင်းတာက ကျွန်တော်တို့မှာ ကျွန်တော်တို့ကို သံသရာဝဲဩဃကြီးထဲကနေ ကယ်ထုတ်ပေးမယ့်ဗုဒ္ဓသာသနာတော်ကြီးနဲ့ တွေ့ဆုံကြုံကြိုက် နေရတာပါပဲ။ဒီလိုကြုံကြိုက်ပုံမျိုးကို သျှင်ဣန္ဒာစရိယရဲ့ နေမိတ္တက ဝိဇ္ဇာကျမ်းမှာတော့ ထိုမျှသတ္တဝါ၊ဝေနေယျာကို၊သံသရာဝဲ၊ဩဃထဲမှ၊ငင်ဆွဲကယ်ယူ လို့ဖွဲ့ခဲ့တယ်။
ဒါပေမဲ့ ကြောင်ပန်းဆရာတော်ဘုရားကတော့ ကိုလူပျိုထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလွဲလို့ ဖွဲ့ပြတယ်။ဒါပေမဲ့ ခက်နေပြန်တာက ကာမဂုဏ်သားတွေဟာ ကယ်သူဘယ်လိုရှိရှိ၊ ကယ်သူဘယ်သူလာလာ အဖျက်အမှောင့်တွေက မိုးတောင်က ချုန်းနေပါပြီ။ဒီအတွက် ကာမဂုဏ်သားတွေဟာ သမုဒယသစ္စာကိုလည်းမသိ၊ဒုက္ခသစ္စာကိုလည်းမမြင် နဲ့ အဝိဇ္ဇာ အမှောင်တိုက်က မည်းမိုက်လို့ နေပါပြီ။သမ္မာမဂ္ဂ လမ်းပေါ်လျှောက်လို့ နိရောဓသစ္စာ ပေါက်ဖို့ဆိုတာ မစွမ်းနိုင်ကြတော့ပါဘူး။ဒီလိုနဲ့ပဲ ကာမဂုဏ်တောထဲမှာ ပျော်မွေ့နေကြပြန်တော့ သံသရာဝဲဩဃရဲ့ခြိမ်းခြောက်တာကို ခံရပြန်တယ်။အဲဒီလို မုန့်လုံးဘဝမှာပဲ စက္ကူကို ထပ်ကပ်ရင်း သံသရာတွေမှာ တစ်ကျော့ပြီးတစ်ကျော့ လည်ပတ်နေရသတဲ့။

()

ဒါဆို ဂျာအေးအမည်နဲ့ ကခဲ့တဲ့ တစ်ခန်းရပ်ပြဇာတ်မှာ ကျွန်တော်ပါဝင်ခဲ့ရတာက မျောက်ကလေးဆိုတော့ ၊ဟေတုပစ္စယောတွေကြောင့် ကာမဂုဏ်သား ဘုံတွေဆီ ထပ်ပြန်တလဲလဲ ကျရောက်နေရတဲ့ နိမိတ်ပုံ အနေနဲ့ပေါ့။ဒါပေမယ့် ဒီနမိတ်ပုံတွေဆိုတာကရော ဟုတ်မှဟုတ်ရဲ့လား။ရေးခဲ့တာ သေချာတယ်ပဲဆိုစို့။ကဗျာထဲက မုချအနက်တွေဟာ ဒီဘက်ခေတ်က လူတွေ အဓိပ္ပာယ် ဖွင့်နေကြသလိုမျိုး ဆိုလိုပါရဲ့လား။ကျွန်တော်တို့ တွေးဆကြသလိုမျိုးမှဟုတ်ရဲ့လား။
ဒါမှမဟုတ် တခြားတယောက်ယောက်ရေးခဲ့တာကိုပဲ ဆရာတော်ကြီးက အသိဉာဏ် ရင့်ရင့်သန်သန်နဲ့ သံသရာနိမိတ်ပုံတွေ၊ကာမဂုဏ်သင်္ကေတတွေအဖြစ်နဲ့ အဓိပ္ပာယ်ဖော် နားလည်သွားတာလား။တကယ်ဆို ဒါဟာ ဆရာတော်ကြီး တရားပြသွားတဲ့ ကဗျာဆိုတာထက် ဆရာတော်ကြီး တရားရသွားတဲ့ကဗျာဆိုတာက ပိုဖြစ်နိုင်မှာပါ။တကယ်တော့ ကြောင်ပန်းဆရာတော်ကြီးရဲ့ တရားတွေဟာဂျာအေးကဗျာကို အထက်မှာ အနက်ဖော်တွေးရသလို အတွေးနယ်ချဲ့စရာ မလိုအောင် တည့်ပြောလေ့ရှိတတ်ပါတယ်။
ဒါကြောင့်လည်း ကြောင်ပန်းဆရာတော်ရဲ့ဆရာ လယ်တီဆရာတော်ဘုရားကြီးက နွားမဝှေ့တရားလို့ မိန့်ခဲ့ဖူးတယ်။မင်းတရားက နွားမဝှေ့တရားကိုး..ကွယ့်။နွားထီးတွေကတော့ဝှေ့ကြတဲ့အခါ မဝှေ့ခင် တစ်ကောင်နဲ့ တစ်ကောင် အော်ဟစ်ဟိန်းဟောက်၊ ခွာပေါက်ပြီးမှဝှေ့ကြတာ။နွားမဆိုတာ ဘာသံမပေး၊ ညာသံမပေးပဲတေ့ဆက် ဒက်ခနဲဝှေ့ပြီးပြေးကြတာ။ မင်းတရားကလည်းနွားမဝှေ့သလိုပဲ။အကျဉ်းနည်းနဲ့ ဒက်ခနဲတေ့လိုက်တော့ လူတွေနားမလည်ဘူးဖြစ်ကုန်တာပေါ့။ဒါပေမယ့် သိပ်ပြိးကျယ်လွန်းတော့လည်း လင်ပန်းထဲ ရေထည့်သောက်သလို ဖြစ်ပါတယ်ကွယ်တဲ့။အဲဒီလို ဆရာတော်က ဂျာအေးလို ကဗျာကို တင်စားအနက်တွေနဲ့ရေးပါ့မလား။သင်္ကေတ တွေ၊နိမိတ်ပုံတွေနဲ့ ကြိုးလိမ်ရှုပ်နေပါ့မလား။တည့်တည့်ဟောတာတောင် တရားနဲ့ဝေးနေကြတဲ့ ခေတ်အခါသမယမှာ ဂျာအေးကဗျာအနက်က လိုရာကိုဆွဲယူလွန်းတယ်လို့ထင်မိတယ်။တရားပေးတယ်ဆိုတာ နာသူနားလည်အောင် ပေးတာမဟုတ်လား။ကဗျာဗေဒတွေနဲ့ ဖြေပြနေလောက်အောင် အသိခက်ဖို့မှ မဟုတ်တာ။အသိခေါက်ခက် အဝင်နက်တွေအတွက် အသိခက်ခက် အဓိပ္ပာယ်အနက်တွေနဲ့ ရေးဖွဲ့ပြပါ့မလား။
ဒါမှမဟုတ်၊အလုံမြို့သူကြီးရဲ့စကားလိုဟေ့..မောင်ချော၊ကြောင်ပန်းရဲ့ဉာဏ်၊လူသာမန်၊မီရန်ခက်သကွာဆိုတာမျိုးလား။ကျွန်တော့် ပဒေသဉာဏ်လေးမှာတော့အဲဒီ လောကုတ္တရာ အတွေးနက်နက်တွေကို လိုက်လို့မမီပါဘူးလေ။မုချ အနက်လောက်သာကောက်တတ်တော့ မြန်မာ့ဓလေ့တွေကို ဖော်ပြနေတဲ့ ကပေါက်တိ ကပေါက်ချာ ကဗျာလေးလို့ပဲ ကျွန်တော်က ထင်မှတ်နေခဲ့တာ။တင်စားအနက်၊တင်စားစကားတွေကိုဘယ်သိမှာလဲ။အဲဒီလို မသိနားမလည်မိလို့လည်း ကိုလူပျိုထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလွဲ ဆိုတာကို တမူးဒေသဘက်မှာ ရှေးတုံးက ကျင့်သုံးခဲ့ကြတဲ့ လူပျိုက အပျိုအိမ်သွားပြီး အပေါက်နှိုက်တဲ့ဓလေ့ ကို ဖော်ကျူးထားတာနေမှာပဲလို့ မကျယ်၊ကျယ်အောင် လင်ပန်းနဲ့ရေထည့်သောက်လိုက်မိတာ။

() 

တမူးဆိုတာ ရှေးရှေးတုံးက လမ်းပန်းဆက်သွယ်ရေးခက်ခဲခဲ့တဲ့နေရာ။ဒီတော့ ပြင်ပယဉ်ကျေးမှု တွေဆိုတာ တော်တော်နဲ့ တိုးမဝင်နိုင်ဘူး။ပြင်ပယဉ်ကျေးမှုတွေ လွယ်လွယ်နဲ့ ထိုးဖောက်မဝင်နိုင်ခဲ့လို့လည်း ရှေးဟောင်းဓလေ့တွေဟာ တခြားဒေသတွေထက် ပိုပြီး ရှင်သန်နေခဲ့တယ်။ဘုတလင်အရှေ့ပိုင်းမှာရှိတဲ့ သဖန်းရွာမှာ ဆိုရင်လည်း အဲဒီလိုပါပဲ။နှစ်စဉ်နှစ်တိုင်း အမှောင်ဆုံးညဖြစ်တဲ့ တန်ဆောင်မုန်းလကွယ်ညတွေမှာ အရိပ်ကောင်း အမှောင်အပိုဆုံး ရွာအနီးညောင်ပင်ကြီးတွေအောက်မှာ မုဆိုးမနဲ့တခုလပ်တွေက လူပျိုပေါက် ကလသားတွေကို လူအကြောင်း သင်ပေးကြတယ်။ဒီဓလေ့မျိုးသဖန်းရွာမှာ ရှိခဲ့တယ်ဆိုတာကိုတော့ ဦးဘညိမ်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတိမှာ တွေ့မိခဲ့တာပါ။
တမူးဒေသရဲ့ အပေါက်နှိုက်ဓလေ့ကတော့ ကိုလိုနီခေတ်နှောင်းပိုင်းတိုင်အောင် ကျင့်သုံးနေကြသေးတယ်ဆိုတာ မြို့အုပ်ကြီးတစ်ဦးရဲ့ မှတ်တမ်းကနေ သိလိုက်ရတယ်။အဲဒီဓလေ့မှာ အပျိုကပန်းပြန်ပေးပြီး လက်ခံလိုက်တဲ့လူပျိုဟာ အပျိုအိပ်တဲ့အခန်းမှာဖောက်ထားတဲ့ အပေါက်ကိုနှိုက်၊အပျိုကို လက်နဲ့စမ်း။စမ်းမိ၊ ဆွဲမိပြီဆိုတာနဲ့ ပြန်ပေးတဲ့ပန်းကိုပြပြီး ရည်းစားစကား ပြောပိုင်ခွင့် ရှိကြတယ်။ဒီနေရာမှာ အပျိုအိပ်ခန်းနဲ့ အစ်မအိပ်ခန်း မလွဲကြဖို့တော့ သေသေချာချာလေ့လာခဲ့ကြရမှာပဲ။အပျိုနဲ့ အစ်မ မမှားဖို့လိုသလို စည်းလွတ်ဝါးလွတ်မဖြစ်ဖို့လည်း စောင့်ထိန်းရမှာပဲ။စည်းတွေ ဘောင်တွေ လွတ်ရင်တော့ ရပ်ရွာဆုံးဖြတ်တဲ့အတိုင်း လျော်ကြေးပေးရမယ်လေ။
ဒါဆို ဒီဓလေ့မှာ ပျော်မွေ့ခဲ့ကြရင်းနဲ့ စည်းဘောင်တွေများလွတ်ထွက်သွားကြလေသလား။ချစ်ခြင်းမေတ္တာရယ်၊ဖိုမ သဘာဝရယ်၊အမှောင်ထုရယ်၊ စိတ်လှုပ်ရှားမှုတွေရယ် မင်းမူနေတဲ့ အပေါက်နှိုက်ခြင်းရသဟာ အဖြူရောင် သိင်္ဂါရ သက်သက်ဖြစ်ချင်လည်းဖြစ်မှာပါပဲ။ကိလေသာချိုနဲ့ တိုးဝှေ့အခတ်ခံလိုက်ရတဲ့ညလည်းဖြစ်နိုင်တာပါပဲ။
ဒါနဲ့တစ်ဆက်တည်း ကျွန်တော်စဉ်းစားနေမိပြန်တယ်။ကိုလူပျိုထရံပေါက်ကခြေထောက်ကိုဆွဲ တွဲလွဲဆိုတာ ဒီဓလေ့ကို ဖော်ကျူးထားတာကော မဖြစ်နိုင်ဘူးလား။အများက ထင်မြင်ယူဆကြသလို သံသရာဝဲဩဃထဲက ကယ်တင်မယ်ဆိုရင်လည်း အဲဒါဟာ တင်စားအနက်ဖြစ်ပြီး အပေါက်နှိုက်ဓလေ့က မုချအနက် မဖြစ်နိုင်ပေဘူးလား။ကျွန်တော်ကတော့  ဂျာအေးကဗျာကို လင်ပန်းထဲ ရေထည့်သောက်မိတယ်။


Saturday, January 11, 2020

ဝေါဟာရအို၊ပေါရာဏစကား(ကျော်ထင်)


                                          

                                                         ()

သည်ရင်း ဆိုတာရဲ့ အဓိပ္ပာယ်အဖွငိ့မှာ ကွင်းစ၊ကွင်းပိတ်နဲ့ ပေါရာဏလို့ ထည့်ရေးထားလို့ ပေါရာဏရဲ့အဓိပ္ပာယ်ကို ချဲ့စဉ်းစားကြည့်မိပါတယ်။ပေါရာဏ ဆိုတာဘာလဲ။ပါဠိလားတဲ့။ခုခေတ်မှာ မသုံးတော့တဲ့ စကားလုံးလားတဲ့။တကယ်တော့ ပေါရာဏဆိုတာ ရှေးကတည်းက သုံးစွဲလာခဲ့တဲ့ ရှေးဟောင်းစကားကို ပြောတာပါ။ပါဠိအဘိဓာန်မှာက ရှေးဟောင်းဖြစ်သော၊အဟောင်းဖြစ်သော၊ရှေးလူဟောင်း၊ရှေးပညာရှိ၊ရှေးဆရာလို့ တွေ့ရပါတယ်။

ဆရာကြီးမင်းသုဝဏ်ရဲ့ မြန်မာစာ၊မြန်မာမှုထဲမှာတော့ရှေးပျို့လင်္ကာ စာဟောင်းပေဟောင်းတို့တွင် တွေ့ရ၍ ယခုအခါ အသိရခက်သော စကားလုံးများ ဖြစ်သည်လို့ဆိုထားပါတယ်။မြန်မာအဘိဓာန်မှာတော့ ပညာရှင်အဆက်ဆက် ရှေးသုံးအဖြစ် သတ်မှတ်ခဲ့သော ဝေါဟာရလို့ ဖွင့်ပြထားပါတယ်။ဒီတော့ ပေါရာဏစကားဆိုရင် ရှေးလူတွေရဲ့စကား၊ရှေးဟောင်းစကား၊ရှေးပညာရှိတွေရဲ့စကားလို့ ဆိုနိုင်လိမ့်မယ်။

ပြောရရင်တော့ ပေါရာဏဆိုတာ ဝေါဟာရအိုကြီးတွေပါ။စကားလုံး ဘိုးအေကြီးတွေပါ။ဘိုးဘေးကြီးတွေကို ဒီဘက်ခေတ်မှာသုံးတာ၊မသုံးတာထက် ဝေါဟာရအိုကြီးတွေဟာ ရှည်လျားတဲ့ အချိန်ကာလတွေကို ဖြတ်သန်းခဲ့ကြရတာကတော့ အသေအချာပါပဲ။ဘယ်လောက်များတောင်ဖြတ်သန်းခဲ့ကြရလဲဆိုရင် မြန်မာစာပေါ်စကတည်းက နှစ်ပေါင်းထောင်ချီဖြတ်သန်းခဲ့ကြရတယ်လို့ မှော်ဘီဆရာသိန်းကြီးရဲ့ ပေါရာဏဒီပနီမှာ သုံးသပ်ပြထားတာ တွေ့ရပါတယ်။

                                                          ()

ဒါဆိုဘယ်လိုဝေါဟာရမျိုးဟာဖြင့် ပေါရာဏဖြစ်နိုင်သလဲ။ကျွန်တော်တို့ငယ်ငယ်ကတော့ အဓိပ္ပာယ်မသိရင် ပေါရာဏလို့ ရမ်းတုပ်တော့တာပါပဲ။ကြားဖူးတဲ့ ပခြုပ်သည်ဆိုတာကို ဘယ်သူမှမသိကြလို့ ပေါရာဏဆိုပြီး ရောချခဲ့ကြဖူးတယ်။ခက်တာက အဲဒီပခြုပ်သည်ဆိုတဲ့ ဝေါဟာရကို မြန်မာအဘိဓာန်မှာရှာတော့လည်း ပခြုပ်ပဲတွေ့တယ်။ပခြုပ်သည်ကို ဖေါ်ပြထားတာမတွေ့ရဘူး။မြန်မာ-အင်္ဂ လိပ်အဘိဓာန်ရှာကြည့်မှသာ ပခြုပ်သည်ဆိုတာ ပြည့်တန်ဆာနဲ့အတူတူပဲလို့ သိကြရတယ်။

ဒီနေ့ခေတ်နဲ့ဆို မဖတ်ဖူး၊မတွေ့ဖူးတိုင်းသာ ပေါရာဏလို့ရောချကြကြေးဆို မြန်မာဝေါဟာရ အားလုံးနီးပါးလောက်ဟာ ပေါရာဏ ဖြစ်ကုန်ကြတော့မယ့်ကိန်းပါ။စာဖတ်နည်းလာတဲ့ခေတ်မှာ မြန်မာဝေါဟာရ တော်တော်များများဟာလည်း အနက်ခက်၊အသိခက်တဲ့ စကားလုံးတွေအဖြစ် ရောက်ကုန်ကြတယ်။ကောက်ညှင်းပေါင်းရောင်းတဲ့သူတွေ၊နို့ထမင်းရောင်းတဲ့သူတွေ သုံးလေ့ရှိတဲ့ ခံတောင်းဆိုတာကို မသိလို့ ခံတောင်းလေးရွက်ပြီး၊မုန့်ဟင်းခါးရောင်းတယ်ဆိုတာကို၊ခါးတောင်းကျိုက်ပြီး မုန့်ဟင်းခါးရောင်းတယ်လို့ ပြင်ဖို့လုပ်တဲ့ခေတ်ပါ။တချို့က ပါဠိဘာသာစကားတွေနဲ့ ညှပ်ပြိးရေးသားကြလို့ အသိခက်၊အဓိပ္ပာယ်နက်နေသော်လည်း မြန်မာစကားစစ်ကြီးတွေလည်း အသုံးနည်း၊အဖတ်နည်းကြရင် အသိရမလွယ်တာတွေ ရှိတတ်ပါတယ်။

ဟိုဘက်တလောကလည်း လက်ခုပ်လက်ဝါးသိ သိတယ်ဆိုတဲ့ အရေးအသားမှာ လက်ခုပ်လက်ဝါးဆိုတာ မသိလို့ ဘာလဲ အမေးရှိခဲ့ဘူးတယ်.အပင့်၊အရစ်အသတ်တွေနဲ့ ပတ်သက်တဲ့ ၁၉၆၆ လောက်က အစည်းအဝေးတစ်ခုရဲ့ သတ်မှတ်ချက်တစ်ခုမှာအသတ်လျဉ်းပါးချက်များကို ဆုံးဖြတ်ပြီးသမျှမှ အသုံးမတည့်သည်တို့ကို ချန်၍ထည့်သွင်းဖေါ်ပြရန်လို့ပါ ပါတယ်။အဲဒီဝါကျထဲက ဝေါဟာရတွေထဲမှာ အနက်မလွယ်၊ အသိခက်စေမယ့် ဝေါဟာရကတော့ လျဉ်းပါး ပါပဲ။

တကယ်တော့လျဉ်းပါးဆိုတာ ပေါရာဏစကားအဖြစ် ပညာရှင်တွေ သတ်မှတ်ထားကြတဲ့ ဝေါဟာရ မဟုတ်ပါဘူး။လယင်းဗားလို့ အသံထွက်ပြီးဆက်စပ်သည်။ရောထွေးသည်'လို့အဓိပ္ပယ်ရှိတဲ့ စကားလုံးပါ။ဒါပေမယ့် ခုခေတ်မှာတော့ လျဉ်းပါးအသုံးဟာ မတွေ့သလောက် ကျဲသွားပြီဖြစ်လို့ သိကြတဲ့သူတွေလည်း နည်းနေလောက်ပါပြီ။ဒီထက်ရိုးရှင်းတဲ့ အယုတ်သဖြင့်၊ဆန၊စကားဖာ၊အလှိုင်းတကြီး၊သရောကြီး ဆိုတဲ့ဝေါဟာရကိုတောင် မမြင်၊မတွေ့ဖူးကြလို့ ရှင်းပြနေရတဲ့ အနေအထားပါ။

လူတွေအဖတ်အပြုနည်းလာတော့ အသုံးအနှုန်းတွေကိုလည်း တည့်တည့်မှန်မှန် သိမလာကြတော့ပါဘူး။ရေသည်ပြဇာတ်ပါ ထီးလိုအုပ်၍၊ချုပ်မည့်သူကိုဆိုရင် ထီးဆိုတာကို အဖတ်အမှတ်နည်းကြတော့ နေမိုးလုံအောင် အရိပ်အာဝါသ ပေးတဲ့ ထီးနဲ့လွဲကြတယ်။တကယ်က အဲဒီထီးက ဘုရင်ကို ဆိုလိုတာပါ။ရေသည်မက သူ့ဘဝကို ချုပ်ကိုင်ထိန်းကွပ်မယ့် ဘုရင်တစ်ပါးကို မျှော်လင့်နေတဲ့အကြောင်း နန်းထဲ၊ကြငှန်းထဲမှာ ရယ်စရာအဖြစ် ဖွဲ့ဆိုလိုက်တာပါ။

                                                            ()

အမှန်က ပေါရာဏစကားဆိုတာ အဲဒီလို လူမသုံး၊လူမသိတော့တဲ့ ဝေါဟာရမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။အထက်တစ်နေရာမှာ ပြောခဲ့သလို ရှေးဟောင်းစကားကိုသာ ဆိုလိုတာပါ။အဲဒီထဲက တချို့ကိုလည်း ယနေ့ထက်တိုင် သုံးချင်သုံးနေဦးမှာပါ။ဒါပေမယ့်ဒီနေရာမှာ ဘယ်လို ဝေါဟာရမျိုးကို ပေါရာဏအဖြစ် သတ်မှတ်သလဲကတော့ ဝိဝါဒကွဲနေဦးမှာပါပဲ။လက်ရှိပြုစုထားတဲ့ မြန်မာအဘိဓာန်မှာတော့ ပေါရာဏနဲ့ ရှေးသုံးဆိုပြီး ခွဲခြားထားတာကို လေ့လာတွေ့ရှိရပါတယ်။

ရှေးကတည်းက သုံးလာပြီး ခုထက်ထိ အသုံးရှိနေသေးတဲ့ စကားလုံးကို ရှေးသုံးလို့ သတ်မှတ်ပြီး၊ရှေးတုံးက သုံးခဲ့ကြပြီး ခုခေတ်မှာ အသုံးမရှိတော့ရင် ပေါရာဏလို့ သတ်မှတ်သလား။မြန်မာစကား ပေါ်ဦးပေါ်ဖျား အက္ခရာတွေနဲ့ရေးပြီး နှစ်ထောင်ချီရှိရင် ပေါရာဏလား၊အဲဒီထက်လျော့ရင် ရှေးသုံးလား။မြန်မာအဘိဓာန်ထဲက ဝေါဟာရတချို့ကို ဆင်ခြင်ကြည့်တော့ တစ်လှည့်စီလို့ အနက်ထွက်တဲ့(အလော်အလဲ)ဆိုတဲ့ဝေါဟာရကို ရှေးသုံးလို့ သတ်မှတ်ထားတာတွေ့ရတယ်။ နောင်တ ပူပန်မှုလို့ အဓိပ္ပာယ်ရှိတဲ့ (အလို့လို့)ကို သတ်မှတ်ထားတယ်။စာရေးစာချီဖြစ်တဲ့( စချီစမာ)ကိုရှေးသုံး။စင်စစ်၊ဧကန် လို့အဓိပ္ပာယ်ဆောင်တဲ့(စတေ)ကို ပေါရာဏအဖြစ်သတ်မှပါတယ်။

ပြောရရင်တော့ အဲဒီရှေးသုံးကော၊ပေါရာဏကောဖြစ်တဲ့ အလော်အလဲ၊အလို့လို့၊စချီစမာ၊စတေ တွေကို ကျွန်တော်တစ်ခါမှ မသုံးဘူးသလို၊ယနေ့ခေတ်အရေးအသားတွေထဲမှာလည်း တစ်ရံတစ်ဆစ်မျှတောင် မဖတ်ဖူးပါဘူး။ဒါပေမယ့် ကျွန်တော် မတွေ့ဖူးရုံ၊မရေးဖူးရုံသက်သက်နဲ့တော့ ပေါရာဏနဲ့ ရှေးသုံးအပေါ် ကောက်ချက်မချနိုင်ပါဘူး။ရှေးဆရာကြီးတချို့ကတော့ ပေါရာဏစကားဖြစ်ဖို့၊ - - - - - - - - - - - - - ဆိုတဲ့ဗျဉ်းအက္ခရာ ၁၄ လုံးနဲ့လွတ်ကင်းရမယ် လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့ မြန်မာစကားကို စာအရေးအသား ဖြစ်အောင် စခဲ့ကြတုံးက အဲဒီဗျဉ်း ၁၄လုံးက ပါဠိ၊သက္ကတနဲ့ ဘာသာခြားစကားတွေကို ရေးသားမှသာ အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာစာအရုဏ်ဦးတုန်းက ဗျဉ်းအက္ခရာဆိုတာက ခုလောက်စုံစေ့တာမဟုတ်ပါဘူး။မြန်မာဗျဉ်းအက္ခရာကို  ၁၉လုံးနဲ့ဟိုးလွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက စတင်ခဲ့ကြတာပါ။အဲဒီ ၁၉လုံးကတော့ က------------------ တွေပါ။ဒီဘက်ခေတ် သုတေသနအရတော့ မပါဘဲ ၁၈ လုံးကိုသာ မြန်မာစကားစစ်စစ်အတွက် အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။(ဒါပေမယ့် ဝေါဟာရတ္ထ ပကာသနိကျမ်းမျာတော့ က----------- ဆိုတဲ့ ၁၂လုံးကိုပဲ ပေါ်ဦးပေါ်ဖျား ဗျဉ်းအက္ခရာတွေအဖြစ်ပြထားပါတယ်။) 

ဗျဉ်း၁၄လုံးကတော့ အသုံးသိပ်မရှိပါဘူးတဲ့။ဒါကြောင့်ဗျဉ်း၁၄လုံးပါဝင်တဲ့ ဝေါဟာရတွေဟာနှစ်ပေါင်းထောင်ချီ မရှိလို့ပေါရာဏမဖြစ်နိုင်ဘူး။

                                               ()

ဒါကြောင့်ပေါရာဏစကားကို သတ်မှတ်ရာမှာ အထက်မှာရေးပြခဲ့တဲ့ အက္ခရာ၁၄လုံးနဲ့ ကင်းရမယ်။နှစ်အရေအတွက်အရလည်းထောင်ချီရှိရမယ်။ဒါဆိုအဲဒီဝေါဟာရမျိုးကို ပေါရာဏစကားအဖြစ် သတ်မှတ်ပါတယ်။လက်ရှိအချိန်မှာ သုံးစွဲသေးတယ်၊မသုံးစွဲဘူးကတော့ ခေတ်လူတွေနဲ့ပဲ သက်ဆိုင်လိမ့်မယ် ထင်ပါတယ်။မြန်မာအဘိဓာန်အနေနဲ့တော့ ဘယ်လိုမူ၊ဘယ်လိုထုံးကို အသုံးပြုလို့ ပေါရာဏစကားအဖြစ် ခွဲခြားတယ်ဆိုတာ မသိပါဘူး။

မှော်ဘီဆရာသိန်းကြီးရဲ့ပေါရာဏဒီပနီပေါင်းချုပ်မှာပြုစုထားတဲ့ ပေါရာဏတွေထဲက ဝေါဟာရတော်တော်များများကတော့ ယနေ့ခေတ်အထိ အသုံးတွင်နေဆဲ ဖြစ်တာကို တွေ့နေရပါသေးတယ်။အဲဒီထဲက တော်တော်လေး အသုံးတွင်ကျယ်တဲ့ ဝေါဟာရတွေအဖြစ် အလားအလာ၊အဆောက်အအုံ၊အဖြာဖြာ၊အိမ်သူ၊ဥဿုံ၊ကစဉ့်ကလျား၊ကြက်သရေ၊ကြိမ်း၊စေ့ဆော်၊စောကြော၊ဆန၊ဆဝါး၊ဆောင်းပါး၊ဇနီး၊တကာ၊တစိုးတစိ၊တစေ့စေ့၊တော်လှန်၊တွေးတော၊ တက်၊ တံပိုး၊တံလှပ်၊တန်ဆောင်၊ ထူး၊ထောမနာ၊ ထွားကျိုင်း၊ဒွိဟ၊ဓလေ့၊ နှမြော၊နှစ်ထောင်း၊နှုန်း၊ ပလီပလာ၊ပလုပ်ပလောင်း၊ပုရစ်၊ပုတ်၊ပျော်ပါး၊ပြူတင်း၊ဖက်လဲတကင်း၊ဖြားယောင်း၊ဘနန်း၊မဆွ၊မငြီးမငွေ့၊မာယာ၊မျက်နှာမြင်၊မီးဖွား၊မီးနေ၊မူးမူး၊မဲ့၊မျောက်မုတ်သုန်၊မောင်နှံ၊မများမြောင်၊မတောက်တခေါက်၊မရေမရာ၊ယခင့်ယခင်၊ယာယီ၊ယဉ်၊ရမ္မက်၊ရိပ်မြုံ၊ရောင်းရင်း၊ရုတ်ခြည်း၊လဟာ၊လူပြိုန်း၊လျစ်လျူ၊ဝါသနာ၊ဝေါဟာရ၊ဝန်းကျင်၊ဝေ့၊ ဝှေ့၊သမုတ်၊သမိုင်း၊သူစိမ်း၊သက်လျာ၊သိုက်မြုံ၊သောင်းသောင်း၊ စတာတွေကို တွေ့ရပါတယ်။

ဒီဝေါဟာရတွေဟာ ယနေ့ထက်ထိ အသုံးပြုနေကြဆဲဖြစ်တဲ့ မှော်ဘီဆရာသိန်းကြီး သတ်မှတ်တဲ့ ပေါရာဏတွေပါ။အဲဒီလိုဖြစ်ရတာက ဘာကြောင့်လဲဆိုတော့ မှော်ဘီဆရာသိန်းကြီးကရှေးလူဟောင်းတွေကစပြီး ယခုထက်တိုင် အစဉ်မပြတ် ခေါ်ဝေါ်သုံးစွဲနေကြတဲ့ မြန်မာဝေါဟာရ စကားတွေကို ပေါရာဏအဖြစ် သတ်မှတ်ခဲ့လိုပဲဖြစ်ပါတယ်။

ဒါပေမယ့် ခုလိုအဖတ်အပြုနည်းလာတဲ့ခေတ်မျိုးမှာတော့ ပေါရာဏဆိုတာကိုလည်း ဘယ်လိုသတ်မှတ်ကြမလဲဆိုတာ ပြန်လည်စဉ်းစားရဖို့ လိုလာပြန်ပါပြီ။


   (၁၂--၂၀၂၀)နေ့ထုတ် Daily Eleven Newspaper သတင်းစာ၊စာမျက်နှာ()ပါ ဆရာ ကျော်ထင်၏ဆောင်းပါးကိုကူးယူဖေါ်ပြပါသည်။