(၁)
သည်ရင်း ဆိုတာရဲ့ အဓိပ္ပာယ်အဖွငိ့မှာ ကွင်းစ၊ကွင်းပိတ်နဲ့ ပေါရာဏလို့ ထည့်ရေးထားလို့ ပေါရာဏရဲ့အဓိပ္ပာယ်ကို ချဲ့စဉ်းစားကြည့်မိပါတယ်။ပေါရာဏ ဆိုတာဘာလဲ။ပါဠိလားတဲ့။ခုခေတ်မှာ မသုံးတော့တဲ့ စကားလုံးလားတဲ့။တကယ်တော့ ပေါရာဏဆိုတာ ရှေးကတည်းက သုံးစွဲလာခဲ့တဲ့ ရှေးဟောင်းစကားကို ပြောတာပါ။ပါဠိအဘိဓာန်မှာက ရှေးဟောင်းဖြစ်သော၊အဟောင်းဖြစ်သော၊ရှေးလူဟောင်း၊ရှေးပညာရှိ၊ရှေးဆရာလို့ တွေ့ရပါတယ်။
ဆရာကြီးမင်းသုဝဏ်ရဲ့ မြန်မာစာ၊မြန်မာမှုထဲမှာတော့ “ရှေးပျို့လင်္ကာ စာဟောင်းပေဟောင်းတို့တွင် တွေ့ရ၍ ယခုအခါ အသိရခက်သော စကားလုံးများ ဖြစ်သည် “လို့ဆိုထားပါတယ်။မြန်မာအဘိဓာန်မှာတော့ ပညာရှင်အဆက်ဆက် ရှေးသုံးအဖြစ် သတ်မှတ်ခဲ့သော ဝေါဟာရလို့ ဖွင့်ပြထားပါတယ်။ဒီတော့ ပေါရာဏစကားဆိုရင် ရှေးလူတွေရဲ့စကား၊ရှေးဟောင်းစကား၊ရှေးပညာရှိတွေရဲ့စကားလို့ ဆိုနိုင်လိမ့်မယ်။
ပြောရရင်တော့ ပေါရာဏဆိုတာ ဝေါဟာရအိုကြီးတွေပါ။စကားလုံး ဘိုးအေကြီးတွေပါ။ဘိုးဘေးကြီးတွေကို ဒီဘက်ခေတ်မှာသုံးတာ၊မသုံးတာထက် ဝေါဟာရအိုကြီးတွေဟာ ရှည်လျားတဲ့ အချိန်ကာလတွေကို ဖြတ်သန်းခဲ့ကြရတာကတော့ အသေအချာပါပဲ။ဘယ်လောက်များတောင်ဖြတ်သန်းခဲ့ကြရလဲဆိုရင် မြန်မာစာပေါ်စကတည်းက နှစ်ပေါင်းထောင်ချီဖြတ်သန်းခဲ့ကြရတယ်လို့ မှော်ဘီဆရာသိန်းကြီးရဲ့ ပေါရာဏဒီပနီမှာ သုံးသပ်ပြထားတာ တွေ့ရပါတယ်။
(၂)
ဒါဆိုဘယ်လိုဝေါဟာရမျိုးဟာဖြင့် ပေါရာဏဖြစ်နိုင်သလဲ။ကျွန်တော်တို့ငယ်ငယ်ကတော့ အဓိပ္ပာယ်မသိရင် ပေါရာဏလို့ ရမ်းတုပ်တော့တာပါပဲ။ကြားဖူးတဲ့ ပခြုပ်သည်ဆိုတာကို ဘယ်သူမှမသိကြလို့ ပေါရာဏဆိုပြီး ရောချခဲ့ကြဖူးတယ်။ခက်တာက အဲဒီပခြုပ်သည်ဆိုတဲ့ ဝေါဟာရကို မြန်မာအဘိဓာန်မှာရှာတော့လည်း ပခြုပ်ပဲတွေ့တယ်။ပခြုပ်သည်ကို ဖေါ်ပြထားတာမတွေ့ရဘူး။မြန်မာ-အင်္ဂ လိပ်အဘိဓာန်ရှာကြည့်မှသာ ပခြုပ်သည်ဆိုတာ ပြည့်တန်ဆာနဲ့အတူတူပဲလို့ သိကြရတယ်။
ဒီနေ့ခေတ်နဲ့ဆို မဖတ်ဖူး၊မတွေ့ဖူးတိုင်းသာ ပေါရာဏလို့ရောချကြကြေးဆို မြန်မာဝေါဟာရ အားလုံးနီးပါးလောက်ဟာ ပေါရာဏ ဖြစ်ကုန်ကြတော့မယ့်ကိန်းပါ။စာဖတ်နည်းလာတဲ့ခေတ်မှာ မြန်မာဝေါဟာရ တော်တော်များများဟာလည်း အနက်ခက်၊အသိခက်တဲ့ စကားလုံးတွေအဖြစ် ရောက်ကုန်ကြတယ်။ကောက်ညှင်းပေါင်းရောင်းတဲ့သူတွေ၊နို့ထမင်းရောင်းတဲ့သူတွေ သုံးလေ့ရှိတဲ့ ခံတောင်းဆိုတာကို မသိလို့ ခံတောင်းလေးရွက်ပြီး၊မုန့်ဟင်းခါးရောင်းတယ်ဆိုတာကို၊ခါးတောင်းကျိုက်ပြီး မုန့်ဟင်းခါးရောင်းတယ်လို့ ပြင်ဖို့လုပ်တဲ့ခေတ်ပါ။တချို့က ပါဠိဘာသာစကားတွေနဲ့ ညှပ်ပြိးရေးသားကြလို့ အသိခက်၊အဓိပ္ပာယ်နက်နေသော်လည်း မြန်မာစကားစစ်ကြီးတွေလည်း အသုံးနည်း၊အဖတ်နည်းကြရင် အသိရမလွယ်တာတွေ ရှိတတ်ပါတယ်။
ဟိုဘက်တလောကလည်း လက်ခုပ်လက်ဝါးသိ သိတယ်ဆိုတဲ့ အရေးအသားမှာ လက်ခုပ်လက်ဝါးဆိုတာ မသိလို့ ဘာလဲ အမေးရှိခဲ့ဘူးတယ်.အပင့်၊အရစ်အသတ်တွေနဲ့ ပတ်သက်တဲ့ ၁၉၆၆ လောက်က အစည်းအဝေးတစ်ခုရဲ့ သတ်မှတ်ချက်တစ်ခုမှာ ‘အသတ်လျဉ်းပါးချက်များကို ဆုံးဖြတ်ပြီးသမျှမှ အသုံးမတည့်သည်တို့ကို ချန်၍ထည့်သွင်းဖေါ်ပြရန် ‘လို့ပါ ပါတယ်။အဲဒီဝါကျထဲက ဝေါဟာရတွေထဲမှာ အနက်မလွယ်၊ အသိခက်စေမယ့် ဝေါဟာရကတော့ လျဉ်းပါး ပါပဲ။
တကယ်တော့လျဉ်းပါးဆိုတာ ပေါရာဏစကားအဖြစ် ပညာရှင်တွေ သတ်မှတ်ထားကြတဲ့ ဝေါဟာရ မဟုတ်ပါဘူး။လယင်းဗားလို့ အသံထွက်ပြီး’ဆက်စပ်သည်။ရောထွေးသည်'လို့အဓိပ္ပယ်ရှိတဲ့ စကားလုံးပါ။ဒါပေမယ့် ခုခေတ်မှာတော့ လျဉ်းပါးအသုံးဟာ မတွေ့သလောက် ကျဲသွားပြီဖြစ်လို့ သိကြတဲ့သူတွေလည်း နည်းနေလောက်ပါပြီ။ဒီထက်ရိုးရှင်းတဲ့ အယုတ်သဖြင့်၊ဆန၊စကားဖာ၊အလှိုင်းတကြီး၊သရောကြီး ဆိုတဲ့ဝေါဟာရကိုတောင် မမြင်၊မတွေ့ဖူးကြလို့ ရှင်းပြနေရတဲ့ အနေအထားပါ။
လူတွေအဖတ်အပြုနည်းလာတော့ အသုံးအနှုန်းတွေကိုလည်း တည့်တည့်မှန်မှန် သိမလာကြတော့ပါဘူး။ရေသည်ပြဇာတ်ပါ ထီးလိုအုပ်၍၊ချုပ်မည့်သူကိုဆိုရင် ထီးဆိုတာကို အဖတ်အမှတ်နည်းကြတော့ နေမိုးလုံအောင် အရိပ်အာဝါသ ပေးတဲ့ ထီးနဲ့လွဲကြတယ်။တကယ်က အဲဒီထီးက ဘုရင်ကို ဆိုလိုတာပါ။ရေသည်မက သူ့ဘဝကို ချုပ်ကိုင်ထိန်းကွပ်မယ့် ဘုရင်တစ်ပါးကို မျှော်လင့်နေတဲ့အကြောင်း နန်းထဲ၊ကြငှန်းထဲမှာ ရယ်စရာအဖြစ် ဖွဲ့ဆိုလိုက်တာပါ။
(၃)
အမှန်က ပေါရာဏစကားဆိုတာ အဲဒီလို လူမသုံး၊လူမသိတော့တဲ့ ဝေါဟာရမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။အထက်တစ်နေရာမှာ ပြောခဲ့သလို ရှေးဟောင်းစကားကိုသာ ဆိုလိုတာပါ။အဲဒီထဲက တချို့ကိုလည်း ယနေ့ထက်တိုင် သုံးချင်သုံးနေဦးမှာပါ။ဒါပေမယ့်ဒီနေရာမှာ ဘယ်လို ဝေါဟာရမျိုးကို ပေါရာဏအဖြစ် သတ်မှတ်သလဲကတော့ ဝိဝါဒကွဲနေဦးမှာပါပဲ။လက်ရှိပြုစုထားတဲ့ မြန်မာအဘိဓာန်မှာတော့ ပေါရာဏနဲ့ ရှေးသုံးဆိုပြီး ခွဲခြားထားတာကို လေ့လာတွေ့ရှိရပါတယ်။
ရှေးကတည်းက သုံးလာပြီး ခုထက်ထိ အသုံးရှိနေသေးတဲ့ စကားလုံးကို ရှေးသုံးလို့ သတ်မှတ်ပြီး၊ရှေးတုံးက သုံးခဲ့ကြပြီး ခုခေတ်မှာ အသုံးမရှိတော့ရင် ပေါရာဏလို့ သတ်မှတ်သလား။မြန်မာစကား ပေါ်ဦးပေါ်ဖျား အက္ခရာတွေနဲ့ရေးပြီး နှစ်ထောင်ချီရှိရင် ပေါရာဏလား၊အဲဒီထက်လျော့ရင် ရှေးသုံးလား။မြန်မာအဘိဓာန်ထဲက ဝေါဟာရတချို့ကို ဆင်ခြင်ကြည့်တော့ တစ်လှည့်စီလို့ အနက်ထွက်တဲ့(အလော်အလဲ)ဆိုတဲ့ဝေါဟာရကို ရှေးသုံးလို့ သတ်မှတ်ထားတာတွေ့ရတယ်။ နောင်တ ပူပန်မှုလို့ အဓိပ္ပာယ်ရှိတဲ့ (အလို့လို့)ကို သတ်မှတ်ထားတယ်။စာရေးစာချီဖြစ်တဲ့( စချီစမာ)ကိုရှေးသုံး။စင်စစ်၊ဧကန် လို့အဓိပ္ပာယ်ဆောင်တဲ့(စတေ)ကို ပေါရာဏအဖြစ်သတ်မှပါတယ်။
ပြောရရင်တော့ အဲဒီရှေးသုံးကော၊ပေါရာဏကောဖြစ်တဲ့ အလော်အလဲ၊အလို့လို့၊စချီစမာ၊စတေ တွေကို ကျွန်တော်တစ်ခါမှ မသုံးဘူးသလို၊ယနေ့ခေတ်အရေးအသားတွေထဲမှာလည်း တစ်ရံတစ်ဆစ်မျှတောင် မဖတ်ဖူးပါဘူး။ဒါပေမယ့် ကျွန်တော် မတွေ့ဖူးရုံ၊မရေးဖူးရုံသက်သက်နဲ့တော့ ပေါရာဏနဲ့ ရှေးသုံးအပေါ် ကောက်ချက်မချနိုင်ပါဘူး။ရှေးဆရာကြီးတချို့ကတော့ ပေါရာဏစကားဖြစ်ဖို့၊ ဂ -ဃ -ဇ -ဈ -ဒ -ဓ -ဗ -ဘ -ဋ -ဌ -ဍ -ၑ -ဏ -ဠ ဆိုတဲ့ဗျဉ်းအက္ခရာ ၁၄ လုံးနဲ့လွတ်ကင်းရမယ် လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့ မြန်မာစကားကို စာအရေးအသား ဖြစ်အောင် စခဲ့ကြတုံးက အဲဒီဗျဉ်း ၁၄လုံးက ပါဠိ၊သက္ကတနဲ့ ဘာသာခြားစကားတွေကို ရေးသားမှသာ အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာစာအရုဏ်ဦးတုန်းက ဗျဉ်းအက္ခရာဆိုတာက ခုလောက်စုံစေ့တာမဟုတ်ပါဘူး။မြန်မာဗျဉ်းအက္ခရာကို ၁၉လုံးနဲ့ဟိုးလွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက စတင်ခဲ့ကြတာပါ။အဲဒီ ၁၉လုံးကတော့ က-ခ-ဂ-စ-ဆ-ည-တ-ထ-န-ပ-ဖ-မ-ယ-ရ-လ-ဝ-သ-ဟ-အ တွေပါ။ဒီဘက်ခေတ် သုတေသနအရတော့ အ မပါဘဲ ၁၈ လုံးကိုသာ မြန်မာစကားစစ်စစ်အတွက် အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။(ဒါပေမယ့် ဝေါဟာရတ္ထ ပကာသနိကျမ်းမျာတော့ က-ခ-င-စ-ဆ-ည-တ-ထ-န-ပ-ဖ-မ ဆိုတဲ့ ၁၂လုံးကိုပဲ ပေါ်ဦးပေါ်ဖျား ဗျဉ်းအက္ခရာတွေအဖြစ်ပြထားပါတယ်။)
ဗျဉ်း၁၄လုံးကတော့ အသုံးသိပ်မရှိပါဘူးတဲ့။ဒါကြောင့်ဗျဉ်း၁၄လုံးပါဝင်တဲ့ ဝေါဟာရတွေဟာနှစ်ပေါင်းထောင်ချီ မရှိလို့ပေါရာဏမဖြစ်နိုင်ဘူး။
(၄)
ဒါကြောင့်ပေါရာဏစကားကို သတ်မှတ်ရာမှာ အထက်မှာရေးပြခဲ့တဲ့ အက္ခရာ၁၄လုံးနဲ့ ကင်းရမယ်။နှစ်အရေအတွက်အရလည်းထောင်ချီရှိရမယ်။ဒါဆိုအဲဒီဝေါဟာရမျိုးကို ပေါရာဏစကားအဖြစ် သတ်မှတ်ပါတယ်။လက်ရှိအချိန်မှာ သုံးစွဲသေးတယ်၊မသုံးစွဲဘူးကတော့ ခေတ်လူတွေနဲ့ပဲ သက်ဆိုင်လိမ့်မယ် ထင်ပါတယ်။မြန်မာအဘိဓာန်အနေနဲ့တော့ ဘယ်လိုမူ၊ဘယ်လိုထုံးကို အသုံးပြုလို့ ပေါရာဏစကားအဖြစ် ခွဲခြားတယ်ဆိုတာ မသိပါဘူး။
မှော်ဘီဆရာသိန်းကြီးရဲ့ပေါရာဏဒီပနီပေါင်းချုပ်မှာပြုစုထားတဲ့ ပေါရာဏတွေထဲက ဝေါဟာရတော်တော်များများကတော့ ယနေ့ခေတ်အထိ အသုံးတွင်နေဆဲ ဖြစ်တာကို တွေ့နေရပါသေးတယ်။အဲဒီထဲက တော်တော်လေး အသုံးတွင်ကျယ်တဲ့ ဝေါဟာရတွေအဖြစ် အလားအလာ၊အဆောက်အအုံ၊အဖြာဖြာ၊အိမ်သူ၊ဥဿုံ၊ကစဉ့်ကလျား၊ကြက်သရေ၊ကြိမ်း၊စေ့ဆော်၊စောကြော၊ဆန၊ဆဝါး၊ဆောင်းပါး၊ဇနီး၊တကာ၊တစိုးတစိ၊တစေ့စေ့၊တော်လှန်၊တွေးတော၊ တက်၊ တံပိုး၊တံလှပ်၊တန်ဆောင်၊ ထူး၊ထောမနာ၊ ထွားကျိုင်း၊ဒွိဟ၊ဓလေ့၊ နှမြော၊နှစ်ထောင်း၊နှုန်း၊ ပလီပလာ၊ပလုပ်ပလောင်း၊ပုရစ်၊ပုတ်၊ပျော်ပါး၊ပြူတင်း၊ဖက်လဲတကင်း၊ဖြားယောင်း၊ဘနန်း၊မဆွ၊မငြီးမငွေ့၊မာယာ၊မျက်နှာမြင်၊မီးဖွား၊မီးနေ၊မူးမူး၊မဲ့၊မျောက်မုတ်သုန်၊မောင်နှံ၊မများမြောင်၊မတောက်တခေါက်၊မရေမရာ၊ယခင့်ယခင်၊ယာယီ၊ယဉ်၊ရမ္မက်၊ရိပ်မြုံ၊ရောင်းရင်း၊ရုတ်ခြည်း၊လဟာ၊လူပြိုန်း၊လျစ်လျူ၊ဝါသနာ၊ဝေါဟာရ၊ဝန်းကျင်၊ဝေ့၊ ဝှေ့၊သမုတ်၊သမိုင်း၊သူစိမ်း၊သက်လျာ၊သိုက်မြုံ၊သောင်းသောင်း၊ စတာတွေကို တွေ့ရပါတယ်။
ဒီဝေါဟာရတွေဟာ ယနေ့ထက်ထိ အသုံးပြုနေကြဆဲဖြစ်တဲ့ မှော်ဘီဆရာသိန်းကြီး သတ်မှတ်တဲ့ ပေါရာဏတွေပါ။အဲဒီလိုဖြစ်ရတာက ဘာကြောင့်လဲဆိုတော့ မှော်ဘီဆရာသိန်းကြီးကရှေးလူဟောင်းတွေကစပြီး ယခုထက်တိုင် အစဉ်မပြတ် ခေါ်ဝေါ်သုံးစွဲနေကြတဲ့ မြန်မာဝေါဟာရ စကားတွေကို ပေါရာဏအဖြစ် သတ်မှတ်ခဲ့လိုပဲဖြစ်ပါတယ်။
ဒါပေမယ့် ခုလိုအဖတ်အပြုနည်းလာတဲ့ခေတ်မျိုးမှာတော့ ပေါရာဏဆိုတာကိုလည်း ဘယ်လိုသတ်မှတ်ကြမလဲဆိုတာ ပြန်လည်စဉ်းစားရဖို့ လိုလာပြန်ပါပြီ။
(၁၂-၁-၂၀၂၀)နေ့ထုတ် Daily Eleven Newspaper သတင်းစာ၊စာမျက်နှာ(၉)ပါ ဆရာ ကျော်ထင်၏ဆောင်းပါးကိုကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment