
လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုပတ်လည်လောက်တွေက သည်းသည်းသန်သန် လိုက်လံရှာဖွေဖတ်ရှုခဲ့ဖူးတဲ့ စာအုပ်တွေထဲမှာ ဆရာကြီးဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒဆိုတဲ့စာအုပ်ကလည်း တစ်အုပ်အပါအဝင်ပါ။စာအုပ်က ရှားပါးစာအုပ်လည်းဖြစ်၊ ဝယ်လို့လည်းမရဘူးဆိုတော့ ဘုန်းတော်ကြီးတစ်ပါးဆီကနေ ငှားရမ်း ဖတ်ရှုခဲ့ရတယ်။ကျွန်တော့်အသက်ထက်ကြီးတဲ့ စာအုပ်တစ်အုပ်ဆိုတာကို မှတ်မိနေသေးပေမဲ့ ဘယ်နှခုနှစ်၊ ဘယ်နှကြိမ်မြောက် ဆိုတာတွေကိုတော့ မမှတ်မိတော့ပါဘူး။ စာအုပ်ရဲ့ဝါကြန့်ကြန့်အရောင်အဆင်းက ဟောင်းနွမ်းတဲ့သက္ကရာဇ်တွေကို ချွေချလိုက်သယောင် ဖော်ပြနေပေမဲ့ အယူအဆနဲ့ဖော်ပြချက်တွေက ယုံကြည်ရင်းစွဲတွေကို ပုရစ်ဖူးဝေစေခဲ့တာ အမှန်ပါပဲ။
မျက်စိမှိတ်သက်ဝင်ခဲ့ကြတဲ့ မိရိုးဖလာ ဘက်ကကြည့်ရင်တော့ အတွင်းသားတွေက အတွေးပွားစရာနဲ့ အငြင်းပွားစရာတွေချည်းပါပဲ။ ကျွန်တော်တို့က အစဉ်အလာ ယုံကြည်တာတွေနဲ့ ပျော်မွေ့နေကြတယ်။ စာအုပ်က အဋ္ဌကထာဆရာတွေနဲ့ အစဉ်အလာတွေကို စိစစ်ဝေဖန် ပြထားတယ်။ စာအုပ်ကို ပိုင်ဆိုင်ချင်ပေမဲ့ အဲဒီတုန်းက မတတ်နိုင်ခဲ့ဘူး။ ဖတ်စရာရှိတာဖတ်ပြီး၊ အပ်ရမဲ့နေရာဆီ ပြန်အပ်ခဲ့ရတယ်။
၂၀၀၆ ခုနှစ်အရောက်မှာတော့၊ ရန်အောင်စာပေက ဒီစာအုပ်ကို တတိယအကြိမ်အဖြစ် ပြန်လည်ထုတ်ဝေခဲ့လို့ တန်ဖိုး၆၃၀၀နဲ့ ဝယ်ယူပြီး ပြန်လည်ဖတ်ရှုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဖော်ပြရန်မသင့်တဲ့ စာပုဒ်တော်တော်များကို ပယ်ထုတ် ချန်လှပ်ထားတယ် ဆိုတဲ့အကြောင်းကို ထုတ်ဝေသူရဲ့ အမှာစာမှာ ဖတ်လိုက်ရလို့ စိတ်ထဲမှာတော့ တော်တော်လေး ဟာသွားဖူးပါတယ်။ ဘယ်အပိုဒ်တွေကို ချန်လှပ်ထားကြသလဲဆိုတာကိုတော့ ပထမတစ်ခေါက် ဖတ်ခဲ့တဲ့ကာလတွေက သိပ်ဝေးခဲ့ပြီဖြစ်လို့ မမှန်းဆနိုင်တော့ပါဘူး။
ထုတ်ဝေသူဘက်ကတော့ဆရာကြီးဦးအေးမောင်ရဲ့ ပဓာနရည်စူးချက်ကျောရိုးကို ဖမ်းဆုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပေးခဲ့ပေမဲ့ စာဖတ်သူအဖို့မှာတော့ လိုနေတာကို သိသိကြီးနဲ့ ဖတ်နေရတာဖြစ်လို့ မချင့်မရဲနိုင်မိနေတာ အမှန်ပါပဲ။ ဒါပေမဲ့ တကယ့်တကယ်တမ်း ဖတ်ကြည့်တော့ ဆရာကြီးရဲ့ ပဓာနရည်စူးချက်ဖြစ်တဲ့ ဗုဒ္ဓဝါဒကို ပညာဉာဏ်နဲ့ စူးစမ်းနိုင်ဖို့ဆိုတဲ့ အထောက်အကူတွေကို ထုတ်ဝေသူပြောသလို ဝေဝေဆာဆာ ဖတ်ရှုနိုင်သေးတယ်ဆိုတာ တွေ့ရတယ်။
တကယ်တော့ ဗုဒ္ဓတရားတော်တွေဆိုတာ အလွန်သိမ့်မွေ့နက်နဲတာကြောင့် သဒ္ဓါတရားရှုထောင့်တစ်ခုတည်းနဲ့ မရပါဘူး။ဂဃနဏနားလည်ဖို့ဆိုတာ ဉာဏ်ပညာလိုပါတယ်။ပညာ မလိုက်နိုင်ရင်တော့ ဘုရားရှင်ကိုယ်တော်တိုင် ရှိနေလည်း အယူမှားနေကြမှာပါပဲ။ အဲဒီလိုအယူမှားရှိခဲ့လို့လည်း မဇ္ဈိမနိကာယ်၊ အလဂဒ္ဒူပမသုတ္တမှာ မြွေဖမ်းဥပမာပေးပြီး ဟောကြားသွားတာပါ။အခုလို ခေတ်ကာလ သမယမျိုးမှာတော့ အရိဋ္ဌရဟန်းလို မိစ္ဆာအယူရှိနေကြတာ မဆန်းပါဘူး။ မြွေမဖမ်းတတ်ရင် မြွေကိုက်ခံရနိုင်သလို ဗုဒ္ဓဝါဒကို မခံယူနိုင်သူတွေကြောင့်လည်း အန္တရာယ်တွေ တွေ့နေရတာ အမှန်ပါပဲ။ အနည်းဆုံး နိစ္စဓူဝတွေ့ကြုံတာတွေကို ကြည့်ရင်ပဲ ရှင်းရှင်းကြီး သိနိုင်ပါသေးတယ်။
ရပ်ကွက်လုံးညံ လော်စပီကာသံတွေနဲ့ လမ်းတွေပိတ်ဆို့လို့ တရားပွဲတွေကို ပွဲလမ်းသဘင်တွေလို ပျော်ပျော်ပါးပါး ကျင်းပနေကြတာဟာ တရားနာပရိတ်သတ်နဲ့ ရွှေပွဲလာပရိတ်သတ်ကို ခလုတ်မှားနှိပ်မိသလိုပါပဲ။တကယ်က တရားပေးပရိဝုဏ်ထဲ ဝင်လိုက်ပြီဆိုတာနဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းတွေနဲ့အတူ နိဗ္ဗာနာပစ္စယောအရသာ ငြိမ်သက်တာကို မွေ့လျော်ခံစားသင့်တာဖြစ်ပေမဲ့ လက်တွေ့မှာက တရားပွဲဆိုတာ ဆူညံမှု အသံပေါင်းစုံပေးလို့ ရွှင်လန်းစရာအဖြာဖြာနဲ့ ပျော်မွေ့စရာ ဖြစ်နေကြတယ်။
တချို့နေရာတွေမှာဆို လမ်းတွေကို လူသွားလူလာလောက်သာ ခွင့်ပေးပြီး ယာဉ်သွားယာဉ်လာတွေကို ပိတ်ဆို့လို့ တရားပွဲတွေကို ရက်ရှည်၊ ရက်များ ကျင်းပနေကြတာဟာ ဝိသေသထူးနဲ့ ပြည့်စုံတယ်ဆိုတာကို ပြောင်းပြန်လှန်လိုက်သလိုပါပဲ။ တကယ်တော့ ဒါတွေဟာ ဗုဒ္ဓဝါဒကို အခြေအမြစ်မသိဘဲ မိရိုးဖလာအစဉ်အလာ အနေလောက်နဲ့သာ သက်ဝင်ယုံကြည်နေခဲ့ ကြလို့ပါပဲ။ ဆရာကြီးဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒစာအုပ်ကတော့ အဲဒီမိရိုးဖလာအသိနဲ့ အဲဒီအသိတွေအပြင် အဋ္ဌကထာဆရာတွေရဲ့ သမားစဉ်အသိတွေကိုပါ စောကြောထောက်ပြထားတာကို တွေ့ရပါတယ်။ဒါပေမဲ့ အဲဒီလို စောကြောဝေဖန်ထားတာတွေထဲက အချို့ဟာ သမိုင်းတစ်ဖြတ်မှာ နှုတ်ပယ်ချန်လှပ်ခဲ့တာကို ခံခဲ့ရပါတယ်။
၂၀၁၇မှာတော့ ရန်အောင်စာပေကပဲ အဲဒီနှုတ်ပယ်ချန်လှပ်ခဲ့တာတွေကို ပြန်လည်ထည့်သွင်းပြီး စာအုပ်တိုက်ရဲ့ ဒုတိယအကြိမ်မြောက်အဖြစ် ရိုက်နှိပ်ထုတ်ဝေလာတာကို ဝမ်းသာအားရ တွေ့ရပါတယ်။အပြင်အဆင်နဲ့ စာအုပ်ဖွဲ့စည်းပုံဟာ ပထမအကြိမ်တုန်းကလောက် မကောင်းပေမဲ့ တန်ဖိုး ၆၀၀၀ ပေးပြီးဝယ်ယူဖတ်ရှုဖြစ်ခဲ့ပါတယ်။ အဲဒီလိုတတိယအကြိမ်မြောက်ဖတ်ရှုမှုမှာတော့ ဖတ်ရှုရုံသက်သက်တင်မကတော့ဘဲ အရင်စာအုပ်မှာ ဘယ်အပိုင်းတွေကို ဖြုတ်ပယ်ခဲ့တာလည်းနဲ့ ဖြုတ်ပယ်ခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ အခြားသောဗဟုဿစ္စတွေကိုပါ မင်္ဂလတစ်ခုအဖြစ်နဲ့ ထပ်ပေါင်းထည့်ဖို့ဖြစ်လာပါတယ်။ ဖြုတ်ပယ်ခဲ့တာတွေကတော့ ဆရာကြီးဦးအေးမောင်ရေးခဲ့တာနဲ့ယှဉ်ရင် များတယ်လို့ မဆိုသာပါဘူး။
အခန်း(၁)ဗုဒ္ဓဝါဒနှင့်စဉ်းစားဝေဖန်မှုကဏ္ဍထဲက ဒုတိယအကြိမ်ထုတ်စာအုပ်မှာဖော်ပြပေးထားတဲ့ အောက်ကစာပိုဒ်တွေဟာပထမအကြိမ်တုန်းက မသင့်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြုတ်ပယ်ချန်လှပ်ခဲ့တာခံရတဲ့စာတွေပါ။ ဒီလိုဖြုတ်ရတာဟာ အဲဒီခေတ်မှာထားရှိထားတဲ့ စာပေစိစစ်ရေးကြောင့်လည်းဖြစ်နိုင်သလို မိရိုးဖလာ ရှေးရိုးစွဲဘာသာဝင်တွေ မျက်စိစပ်စရာ ဖြစ်နိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
စာမျက်နှာ ၅-
သို့ဖြစ်၍ ဗုဒ္ဓပရိနိဗ္ဗာန်ပြုသောကာလသည်အောက်တိုဘာနှင့် ဇန်နဝါရီလ သို့မဟုတ် ထိုနှစ်လကြား တစ်လလဖြစ်တန်ရာ၏။ မေ(ကဆုန်)လ မဖြစ်တန်ရာ။ မေလဖြစ်ပါက ဘုရားပရိနိဗ္ဗာန်စံခါနီးတွင် ကုသနနာရုံဥယျာဉ်၌ အင်ကြင်းပန်းများ အခါမဲ့ပွင့်သည်ဆိုသော စကားသည် မှားရာ၏။အဘယ့်ကြောင့်ဆိုသော် အိန္ဒိယရုက္ခဗေဒပညာရှင်တို့၏စူးစမ်းချက်အရ ထိုပန်းမျိုးသည် သဘာဝအားဖြင့် ဧပြီ-မေလလောက်၌ ပွင့်တတ်၍ ကဆုန်လမဟုတ်သော လများ၌ ပွင့်မှသာ အခါမဲ့ပွင့်သည်ဟု ဆိုရပေလိမ့်မည်။စင်စစ်ခရစ်သက္ကရာဇ် ၆ ရာစုလောက်က အိန္ဒိယပြည်သို့ရောက်ရှိခဲ့သော တရုတ်ခရီးသည်ဟီယန်ဆိုင်၏မှတ်တမ်း၌ ထိုအခါက သဗ္ဗတ္ထဝါဒီခေါ်ဗုဒ္ဓဝါဒီတို့သည် အောက်တိုဘာ သို့မဟုတ်နိုဝင်ဘာလ၌ ဘုရားပရိနိဗ္ဗာန်ပြုသည်ဟု ယုံကြည်ကြကြောင်း ဖော်ပြထား၏။
သဗ္ဗတ္ထိဝါဒဆိုတာက ရှေးဦး ဗုဒ္ဓဘာသာဂိုဏ်းတွေဖြစ်တဲ့မဟာသံဃိကနဲ့ ထာဝိရဂိုဏ်းနှစ်ခုထဲကတစ်ခုဖြစ်တဲ့ထာဝိရဂိုဏ်းကနေ ထပ်ပြီးခွဲထွက်လာတဲ့ ဗုဒ္ဓဝါဒဂိုဏ်းကွဲတစ်ခုပါပဲ။ ဒီဗုဒ္ဓဘာသာရှေးဦးဂိုဏ်းတွေမှာလည်း ဗုဒ္ဓပရိနိဗ္ဗာန်ပြုတဲ့ကာလကို ကဆုန်လလို့မယူဆကြပါဘူး။ ဒီယူဆချက်တွေဟာ ၂၁ဧပြီ၊ ၅၄၅ဘီစီ၊ မဟာသက္ကရာဇ်၁၄၈ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့မှာ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံတယ်ဆိုတဲ့ အယူအဆတွေနဲ့တော့ ဝိရောဓိဖြစ်မှာ ဖြစ်သလို ကဆုန်လမှာ ဗျာဒိတ်ခံယူခဲ့တာ၊ ဖွားမြင်ခဲ့တာ၊ ဗောဓိဉာဏ်ကိုရရှိခဲ့တာ၊ ပရိနိဗ္ဗာန်စံဝင်ခဲ့တာဆိုတဲ့ အစဉ်အလာယုံကြည်မှုတွေနဲ့လည်း ထိပ်တိုက်တိုးမှာ အမှန်ပါ။
ဆရာကြီးဦးအေးမောင် ထောက်ပြထားလို့ မဟာဝဂ်ပါဠိတော် မြန်မာပြန်ကျမ်းကိုလည်းဖတ်ကြည့်ဖြစ်ခဲ့ပါတယ်။ဆရာကြီးထောက်ပြသလိုပဲ မဟာပရိနိဗ္ဗာနသုတ်မှာ ပရိနိဗ္ဗာန်စံဝင်တာနဲ့ ပတ်သက်တဲ့ ခု၊ နှစ်၊ လ ရက်တွေ မတွေ့ရှိရပါဘူး။ အဲဒီအတွက် ပရိနိဗ္ဗာန်ပြုခါနီးအပိုင်းလေးကိုပဲ ဖြတ်ပြောရရင်ဗုဒ္ဓဟာ ဝေဠုဝရွာမှာ ဝါကပ်ပါတယ်။ ကြမ်းတမ်းတဲ့ ရောဂါကို ခံစားရပါတယ်။ အဲဒီဝေဒနာကိုဘာဝနာဝီရိယနဲ့ ဖယ်ရှားပစ်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ဗုဒ္ဓရဲ့သက်တော်ဟာ ၈၀ ရှိနေပါပြီ။အာနန္ဒာကိုတောင် “ငါဟာအိုလည်းအိုမင်းနေပါပြီ။ အရွယ်လည်း လွန်နေပါပြီ”လို့ မိန့်ဆိုခဲ့ပါသေးတယ်။ ဒါပေမဲ့ ဗုဒ္ဓဘုရားဟာ တရားပြလည်းမပျက်၊ ဆွမ်းခံထွက်လည်းမဖျက်ခဲ့ပါဘူး။ ရဟန်းတွေကို မိမိကိုယ်သာ အားကိုးရာပြုဖို့၊ တရားကိုသာ အားကိုးရာပြုဖို့ မှာကြားတော်မူနေသေးတဲ့အပြင် ဆွမ်းခံဝတ်ကို မပျက်ကွက်ဘဲ ဝေသာလီမြို့ဆီ ဆွမ်းခံဝင်ပါသေးတယ်။ နာလန်လည်း နာလန်ထ၊ သက်တော်လည်း ၈၀ ဖြစ်နေတာတောင် ဗုဒ္ဓဟာ ဆွမ်းခံထွက်တော်မူသေးတယ်ဆိုတာကတော့ အတုယူကြည်ညိုစရာပါပဲ။
ဆွမ်းခံဆွမ်းဘုဉ်းပြီးတော့ စာပါလစေတီမှာ နေ့သန့်ရင်း အာနန္ဒာကို ပရိနိဗ္ဗာန်ပြုတော့မယ်ဆိုတဲ့အကြောင်းနဲ့ မြတ်စွာဘုရားဆိုတာ အလိုရှိရင် အာယုကပ်ပတ်လုံးပဲဖြစ်ဖြစ်၊ အာယုကပ်ထက်လွန်ပြီးပဲဖြစ်ဖြစ် နေနိုင်တယ်လို့ အရိပ်နိမိတ်ပြခဲ့တယ်။ အဲဒီလိုအရိပ်နိမိတ်ကို သုံးကြိမ်တိုင်တိုင်ပြခဲ့ပေမဲ့ သျှင်အာနန္ဒာဟာ ဘုရားကို အာယုကပ်ပတ်လုံးနေဖို့ မတောင်းဆိုခဲ့ပါဘူး။ တောင်းဆိုတာကတော့ မာရ်နတ်ပါ။
ဒါပေမဲ့ မာရ်နတ်တောင်းဆိုခဲ့တာက ဗုဒ္ဓကို အာယုကပ်ပတ်လုံးနေတော်မူဖို့ မဟုတ်ဘဲနဲ့ ပရိနိဗ္ဗာန်ပြုဖို့ တောင်းဆိုတာပါ။ အဲဒီတောင်းဆိုတာကို ဗုဒ္ဓဘုရားရှင်က မာရ်နတ်-သင်မကြောင့်ကြလင့်။မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည် မကြာမီဖြစ်လိမ့်မည်။ ဤနေ့မှ သုံးလလွန်သောအခါ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုလိမ့်မည်။(မဟာဝဂ်ပါဠိတော်မြန်မာပြန်၊ မဟာပရိနိဗ္ဗာနသုတ် စာ-၁၀၃)
အဲဒီလို သုံးလလွန်တဲ့အခါလို့ပြောတဲ့နေရာက ဝေသာလီပြည်၊ ဝေဠုဝရွာ၊ စာပါလစေတီမှာပါ။ အချိန်ကတော့ ဝါကပ်နေတဲ့ အချိန်တွေပါပဲ။ ဝါဆို၊ ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်ထဲက ဘယ်လဆိုတာကိုတော့ မတွေ့ရပါဘူး။ဒါကိုတော့ ကျွန်တော်တို့က ခန့်မှန်းကြည့်ရုံသက်သက်ပါပဲ။
တကယ်တော့ ဒါဟာဘာမှလည်း ထူးခြားလာတာမဟုတ်ဘဲနဲ့ သူ့ဘာသာရှိရင်းစွဲယုံကြည်နေတဲ့ကိစ္စကို ဝေဖန်စိစစ်ပြသလို ဖြစ်နေတာမို့ ကဖျက်ယဖျက်သဘောရှုမြင်ပြီး မျက်ခမ်းစပ်ချင် စပ်ကြပါလိမ့်မယ်။ ဒါပေမဲ့ သီတင်းကျွတ်လမှာ ကွယ်လွန်သွားတဲ့ ဖခင်အတွက် တပေါင်းလမှာ နှစ်ပြည့်ဆွမ်းတွေ ကပ်လှူမိနေကြတဲ့ အဖြစ်ကတော့ မသိခဲ့ရင် ဘာမှခံစားရမှာ မဟုတ်ပေမဲ့ သိခဲ့ရင်တော့ အနှစ်သာရ ကင်းမဲ့သလို ခံစားကြရမှာပါ။ ဒီလိုဆိုတော့ နှစ်ကာလကြာရှည်စွာ အရိုးစွဲလာခဲ့တဲ့ ယုံကြည်မှုဓလေ့တွေကိုတော့ ကန့်ကွက်နေတာ မဟုတ်ပါဘူး။မောင်ပိုကလည်း မောင်ပို့နေရာမှာနေပါ။ ကျားကလည်းကျားနေရာမှာ နေမှာပါပဲ။
ဒါပေမဲ့ လူ့ဘဝသမိုင်းမှာ တကယ်ရှိခဲ့တဲ့ မဟာလူသားတစ်ဦးရဲ့သမိုင်းကို အလွဲအမှားကော်ရော်မှုတွေနဲ့ အထိမ်းအမှတ်ပြုနေကြတာထက် မှန်မှန်ကန်ကန် ဝေဖန်ဆန်းစစ်ထားတဲ့ ဆင်ခြင်တုံတရားကိုတော့ ဦးညွှတ်ရမှာ အမှန်ပါပဲ။
ဗုဒ္ဓဟာ နောက်ဆုံးဝါကို ဝေသာလီပြည် ဝေဠုဝရွာမှာ ဝါကပ်ခဲ့တယ်။ ဝါကထွက်တော့ ဘဏ္ဍရွာ၊ အမ္ဗရွာ၊ ဘောဂမြို့၊ ပါဝါပြည်တွေဆီ ခရီးဆက်ခဲ့တယ်။ပါဝါပြည်မှာရှိတဲ့ စုန္ဒရဲ့သရက်ဥယျာဉ်မှာ သီတင်းသုံးခဲ့တယ်။စုန္ဒကပ်လှူတဲ့ ဆွမ်းကိုဘုဉ်းပေးပြီးတော့ မလ္လမင်းတွေရဲ့ တိုင်းပြည်ဖြစ်တဲ့ ကုသိနာရုံဆီ ဆက်ကြွလာခဲ့တယ်။ ကုသိနာရုံမရောက်ခင် အင်ကြင်းတောမှာတင်ပဲ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါတယ်။ ဗုဒ္ဓဘုရားရှင် အဲဒီလို ပရိနိဗ္ဗာန် စံဝင်ခဲ့တာဟာ ဝေဠုဝရွာမှာ ဝါကပ်ပြီး သုံးလအလွန်မှာပါ။ ဒါကိုတော့ မဟာပရိနိဗ္ဗာနသုတ်ရဲ့ နေရာတော်တော်များများမှာ ဖော်ပြထားတာဖြစ်လို့ ငြင်းမရနိုင်ပါဘူး။
ငြင်းလို့ရနိုင်တာတွေက ဗုဒ္ဓဟာ မာရ်နတ်ကို ဒီနေ့မှ သုံးလလွန်မြောက်ရင် ပရိနိဗ္ဗာန်ပြုမယ်လို့ ပြောခဲ့တာဟာ ဝါစကပ်တဲ့ ဝါဆိုလမှာလား၊ ဝါခေါင်လား၊ တော်သလင်းလထဲမှာလား၊ ဝါကျွတ်ခါနီးမှာလားဆိုတာတော့ ကွဲကွဲပြားပြားမပါရှိလို့ ငြင်းမယ်ဆိုရင် ငြင်းခုံနေကြတာပဲ ဖြစ်ပါတယ်။
(၁၄-၈-၂၀၂၀)ရက်နေ့ထုတ် (The Daily Eleven Newspaper) သတင်းစာပါ ဆောင်းပါးရှင် ကျော်ထင်၏စာကို ကူးယူဖော်ပြပါသည်။
No comments:
Post a Comment