သည်နှစ် မြန်မာတစ်နိုင်ငံလုံး မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံမှုများ တွေ့ကြုံကြရသည်။ ကျွန်တော်နေထိုင်ရာအိမ်မှာ အနိမ့်ပိုင်းတွင် ဖြစ်နေသဖြင့် အိမ်ထဲသို့ရေဝင်ပြီး အများနည်းတူ ရေဘေး တစ်စိတ်တစ်ဒေသခံစားရပါသည်။ ထို့ကြောင့် ရေလွတ်ရာနေရာသို့ အိမ်ပြောင်းရန်စီစဉ်သည့်အခါ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော စာအုပ်စာတမ်းများကို ထုပ်ပိုးသိမ်းဆည်းရင်း တစ်ချိန်က မှတ်မှတ်ရရ လွန်ခဲ့သော နှစ်ပေါင်း ၇၀ကာလ၊ ယခုလို သီတင်းကျွတ်ကာလတွင်ရေးခဲ့သော လေးဆစ်ကဗျာစုလေးကို အမှတ်မထင် ပြန်လည်တွေ့လိုက်ရပါသည်။ ကွန်ပျူတာနှင့် စာစီထားသည့် လေးဆစ်ကဗျာစာရွက်ထပ်ကလေးများကို ဖိုင်တစ်ဖိုင်အတွင်း အခံ့သားနေရာယူထားသည်ကို ရုတ်တရက် တွေ့လိုက်ရသဖြင့် ငယ်ချစ်ကိုတွေ့လိုက်ရသည်ထက်ပင် အတော်ကလေး ဝမ်းသာသွားပါသည်။
ကဗျာသက်တမ်း ၈၈ နှစ်ရှိပြီ
ထိုလေးဆစ်ကဗျာစုလေးမှာ အခြားမဟုတ်ပါ။ ကျွန်တော်တို့ လေးစားချစ်ခင်ကြည်ညိုရသော ကဗျာစာဆိုကြီးဆရာမင်းသုဝဏ်၏ “ဝါတွင်းချိန်” ကဗျာကို ကျွန်တော် စိတ်ကူးဉာဏ်ချဲ့ထွင်ပြီး ပေါင်းစပ်ရေးထားသော လေးဆစ်ကဗျာစုဖြစ်ပါသည်။ စုစုပေါင်း ၁၂ ပုဒ်ပါဝင်ပါသည်။ ကျွန်တော်၏မှတ်စုထဲတွင်ဆရာကြီးသည် “ဝါတွင်းချိန်” ကဗျာကို ၁၉၃၆ခုနှစ် မေလ ၂၅ ရက်နေ့က ရေးဖွဲ့ခဲ့သည်ဟု မှတ်သားထားပါသည်။ ကျွန်တော်မွေးဖွားခဲ့ပြီး အသက်တစ်နှစ်အရွယ်တွင် ရေးဖွဲ့ခဲ့သော ကဗျာဖြစ်ပါသည်။ ယခုဆိုလျှင် ကဗျာသက်တမ်း ၈၈ နှစ်ပြီ ဖြစ်ပါသည်။
တကယ်တော့ ကျွန်တော်သည် ကဗျာဆရာ၊ ကဗျာစာဆို မဟုတ်ပါ။ ကဗျာချစ်သူ၊ ကဗျာမြတ်နိုးသူ တစ်ယောက်သာဖြစ်ပါသည်။ ကျွန်တော့်တစ်သက်လုံးနီးပါး မြန်မာစာပေသင်ကြားရေးနှင့် အဘိဓာန်ပြုစုရေး၊ မြန်မာရေးထုံးကျမ်းပြုစုရေးတို့တွင်သာ တစိုက်မတ်မတ် အချိန်ပြည့် မြှုပ်နှံလုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ပါသည်။ အခမ်းအနားများ ဖိတ်ကြားခံရသောအခါ အခမ်းအနားကို ဂုဏ်ပြုသည့် လင်္ကာရတုများ ဖွဲ့ဆိုခြင်း၊ ဟိုတစ်စသည်တစ်စ ကဗျာအတိုအစလေးများ ရေးသားခဲ့ခြင်းများ ရှိသော်လည်း စာပေစာနယ်ဇင်းများတွင်ထည့်သွင်း ဖော်ပြရန် ပေးပို့ခြင်း မရှိသလောက်ရှားပါသည်။ အသက်အရွယ်အတော်ရတော့မှ မြန်မာပင့်ရစ်ခွဲထားရကန် (၁၃၆၀ ပြည့်နှစ်၊) မြန်မာစကားအနက်ဖွင့်ရကန် (၁၃၆၆ခုနှစ်) အမည်ရှိ ရကန်စာအုပ်နှစ်အုပ် ထုတ်ဝေခဲ့ပါသည်။ ထို့ပြင် ဥက္ကဋ္ဌကြီးမော်စီတုံး၏ တရုတ်ကဗျာ ၃၇ ပုဒ်ကိုလည်း မြန်မာပြန်ဆိုခဲ့ပါသေးသည်။
ယခုပြန်လည်တွေ့ရှိသော လေးဆစ်ကဗျာစုလေးမှာ ၁၉၅၅ ခုနှစ် အောက်တိုဘာလအတွင်း (ရက်အတိအကျမမှတ်မိတော့) ကျွန်တော့်အသက် ၂၀ အရွယ် ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာဂုဏ်ထူးတန်း တက်နေချိန်၊ ဂုဏ်ထူးတန်း ပထမနှစ်တွင် ဆရာကြီးမင်းသုဝဏ်၏ ဝါတွင်းချိန်ကဗျာလေးကို ဖတ်မိပြီး ကဗျာလေးကိုလည်းနှစ်သက်၊ ဆရာ့အားလည်း ကြည်ညိုလေးစားသဖြင့် ဆရာကြီး၏ အဆိုပါ ဝါတွင်းချိန်ကဗျာတွင် လေးဆစ်ကဗျာစပ်နည်း မူမပျက်စေဘဲ ထပ်ပိုးဖြည့်စွက်ပြီး စပ်ဆိုသိမ်းဆည်းထားခဲ့သော ကဗျာဖြစ်ပါသည်။ ယင်းကဗျာကို မည်သည့် မဂ္ဂဇင်းဂျာနယ်တိုက်မှ မပို့ဖူးပါ။ ရေးဖွဲ့ခဲ့စဉ်က လက်ရေးဖြင့်ဖြစ်သော်လည်း ကွန်ပျူတာခေတ်တွင် ကွန်ပျူတာစာလုံးများဖြင့် ပြောင်းလဲခဲ့ပြီး မိတ္ထူကူးကာ မိတ်ဆွေ အပေါင်းအသင်း၊ တပည့်တပန်းများကို ဝေငှပေးခဲ့ဖူးပါသည်။
လေးဆစ်ကဗျာ၏အဆုံးတွင် ရေးစပ်သူ၏အမည်ကို သာဒိုးအောင်ဟု ဆိုခဲ့ပါသည်။ သာဒိုးအောင်ဟု အမည်ယူခဲ့ခြင်းမှာ ကျွန်တော်သည် ဥပစာ (က) နှင့် (ခ) နှစ်တန်းပေါင်း မြန်မာစာပထမရသဖြင့် သာဒိုးအောင်ဆုကို ရခဲ့သောကြောင့် အမှတ်တရအနေဖြင့် ထိုနာမည်ကို ယူခဲ့ခြင်း ဖြစ်ပါသည်။ ထိုစဉ်က ပြည်ထဲရေးဝန်ကြီးလည်းဖြစ်၊အချိန်ပိုင်း ဥပဒေပါမောက္ခလည်းဖြစ်သော ဦးမေအောင်၏သား သာဒိုးအောင်သည် ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ခိုက် ဥပစာဒုတိယနှစ်တွင် ကွယ်လွန်သွားခဲ့သဖြင့် ဖခင်ဖြစ်သူက သားသာဒိုးအောင် အထိမ်းအမှတ်အဖြစ် သာဒိုးအောင်ဆု ရန်ပုံငွေ ထူထောင်ထားခဲ့ခြင်းဖြစ်သည်။
ကျွန်တော်၏ တက္ကသိုလ်ဆရာဘဝတွင် ရန်ကုန်တက္ကသိုလ်၊ပုသိမ်ဥပစာကောလိပ်၊ မကွေးဥပစာကောလိပ်၊ မန္တလေးတက္ကသိုလ်၊ ပီကင်းတက္ကသိုလ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ရပါသည်။ ပုသိမ်ဥပစာကောလိပ် စဖွင့်ခဲ့သည့် ၁၉၅၈ ခုနှစ်တွင် ပုသိမ်ဥပစာကောလိပ် မြန်မာစာဋ္ဌာန လက်ထောက်ကထိက ဌာနမှူးအဖြစ် ဦးဦးဖျားဖျား တာဝန်ထမ်းဆောင်ခဲ့ရပါသည်။ ၂၀၀၈ ခုနှစ်တွင် ပုသိမ်တက္ကသိုလ် ရွှေရတုနှစ်အဖြစ် ကျင်းပခဲ့ရာ နှစ် ၅၀ ရွှေရတုအထိမ်းအမှတ် ထုတ်ဝေခဲ့သော အထူးထုတ်မဂ္ဂဇင်းတွင် ထိုလေးဆစ်ကဗျာစုကို ပထမဆုံးအကြိမ် ပေးပို့ဖော်ပြခဲ့ဖူးပါသည်။
ကဗျာစာကို ဖြည့်စွက်ရေးသားထား
အဆိုပါ ဝါတွင်းချိန်ကဗျာတွင် လေးဆစ်ပုဒ်ရေ ၁၂ ပုဒ်ပါပါသည်။ ကျွန်တော်ရေးထားသည်မှာ ဆရာကြီး၏ ကဗျာတစ်ကြောင်းချင်းစီ၏ ရှေ့တွင် ကျွန်တော်စပ်ဆိုသော ကဗျာစာကို ဖြည့်စွက်ရေးသားထားခြင်း ဖြစ်ပါသည်။ ဆရာကြီး၏ကဗျာမူရင်းကတစ်ပိုင်း၊ ကျွန်တော်ဖြည့်စွက်ရေးသားထားသည်က တစ်ပိုင်း ဖြစ်ပါသည်။ (ကဗျာကို သီးခြားဖော်ပြထားပါသည်။) မူရင်းလေးဆစ်ကဗျာကိုလည်း မူလကဗျာ အနှစ်သာရမပျက်၊ မျက်စိထဲ ပိုပြီးပေါ်လွင်လာစေအောင် ကြိုးစားအားထုတ် ထားပါသည်။ လေးဆစ်ပုဒ်ရေ ၁၂ ပုဒ်တွင် တစ်ပုဒ်မှာ မူရင်းစာဆို ဆရာကြီးမင်းသုဝဏ် စပ်ဆိုခဲ့သည့် လေးဆစ်ကဗျာအတိုင်း ဖြစ်ပါသည်။ ဤနေရာတွင် စာပေစုံထောက်များ လေ့လာရှာဖွေနိုင်စေရန် မည်သည့်အပုဒ်ဟု ညွှန်းဆို မဖော်ပြတော့ပါ။
ဆရာကြီးမင်းသုဝဏ်က ကျေးလက်တောရွာအခြေပြုကဗျာ များစွာကို ပြောင်မြောက်စွာ ဖွဲ့ဆိုခဲ့သူဖြစ်သဖြင့် ဆရာကြီး၏အာဘော်ကို မပျက်ရအောင် အတိမ်းအစောင်းမခံဘဲ ဖြည့်စွက်ရေးသားထားပါသည်။ ဆရာကြီးရေးဖွဲ့သော ကဗျာများ၏ အသံဖွဲ့စည်းမှုကို လိုက်မီအောင် ကြိုးစားရေးဖွဲ့ထားပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း တောသူတောင်သား မိဘနှစ်ပါးမှ မွေးဖွားပြီး အသက်အရွယ် အတော်အတန်ရသည်အထိ ကျေးလက်တွင် ကြီးပြင်းခဲ့ရသူဖြစ်သောကြောင့် ဆရာကြီး၏ဟန်နှင့်ဖွဲ့ဆိုမှုကို မမီနိုင်သော်လည်း ကျေးလက်ရနံ့ကိုမူ ဆရာကြီ’၏ခြေဖျားလောက်တော့ မီမည်ဟု ကိုယ့်ကိုယ်ကိုယ် အထင်ရောက်ဖူးပါသည်။
စာချစ်သူ ကဗျာချစ်သူ၊ နှစ်သက်မြတ်နိုးသူတို့ ဝေဖန်သုံးသပ်နိုင်စေရန် အမှတ်တရ ဖော်ပြလိုက်ရပါသည်။
ဝါတွင်းချိန်
🪷🪷 သံလွင်လွင်ပဉ္စင်တေးရယ်နဲ့၊ ငှက်ကလေးက စိုးစီစိုးစီ၊
ငါတို့အိမ် ဟိုအနောက်က၊ ဝင်းပေါက်မှာမြည်၊
ကြက်ဖကြီးက တွန်သံချီ၊ ချိန်တန်ပြီ ညီမထွေးရဲ့၊
အချိန်မီ အရုဏ်တက်မှာ၊ ဆွမ်းချက်စို့လေး။
🪷🪷 ကိုယ်လိုရာဆုတောင်းလို့၊ ဦးပေါင်းကို ဆွမ်းတော်တင်၊
ခွက် ပန်းကန် အုပ်ဆောင်းနဲ့၊ သုံးချောင်းထောက်ပြင်၊
တောင်းဆုငယ် တသွင်သွင်၊ သံလွင်လွင် ကြေးစည်တီးလို့၊
မြတ်ခေမာ ဦးတည်မှန်းလို့၊ ထွန်းတဲ့ဆီမီး။
🪷🪷 မြတ်ကုသိုလ် ဝေငှလို့၊ အမျှတဲ့ သုံးကြိမ်ဝေ၊
ဝသုန်ကို သက်သေညွှန်းလို့၊ သွန်းတဲ့ညောင်ရေ၊
ကိုးဆယ့်ခြောက် ဘယာသွေ၊ မာပါစေ ကမ္ဘာသား၊
ဝီစိရယ် တိုင် ဘဝဂ်၊ အောက်ထက်နံလျား။
🪷🪷 သံသာသာ မြည်ကျူးပေါ့၊ ရွာဦးက ကြေးစည်သံ၊
ဝါးပင်ပျို အရိပ်ကောင်းတဲ့၊ ကျောင်းဝေဠုဝန်၊
ကြေးစည်က ညံညံ၊ ဆွမ်းတော်ခံ ကိုရင်ကြွလိမ့်၊
ကိုရင်လာ အသင့်ကမ်းရအောင်၊ ဆွမ်းအုပ်ပြင်ပ။
🪷🪷 ဝါဝင်မီ သင်္ကန်းဆီးတဲ့၊ ကိုရင်ကြီး ပျိုတို့မောင်၊
ခေါင်းမထောင် ဦးလည်ကျိုးလို့၊ ညှိုးနွဲ့ယောင်ယောင်၊
ညှက်တက်တက် ညှောင်တောင်တောင်၊ ပျိုတို့မောင် မာပါစ၊
ညီမငယ် ရွှေတစ်လေးတို့၊ မေးလိုက်ပါကြ။
🪷🪷 စိတ်ပူကာ ဗျာမချဲ့ပါနဲ့၊ မာပါရဲ့ အထွေးရယ်၊
မေးရှာသူ မရွှေချောကို၊ ပြောလိုက်ပါကွယ်၊
မောလွန်းလို့ ထင်ရဲ့ကွယ်၊ ရွာလယ်မှာ ကိုရင်ပန်းလို့၊
ပွင့်ရွှေကြာ နေပြောက်ထိုးသို့၊ ညှိုးလျရိနွမ်း။ ။
🌺🌺 ဆံဖြူဖြူ ကုန်းကွကွနဲ့၊ ကပ္ပိယ အဘိုးအို၊
ဘုန်းဆန်ဆန် မူတစ်မျိုးရယ်နဲ့၊ ဆိုးလှတယ်ဆို၊
ရိတ်စမို့ ဆံတိုတို၊ တို့ကိုရင် ထိပ်ပြောင်သားကို၊
ကလားတက်တို ဟိုအငေါက်နဲ့၊ ခေါက်လိမ့်လေလား။
🌺🌺 ဟင်းလေးကို ကြိုချက်လို့၊ မနက်က ထည့်လိုက်တယ်၊
ဆွမ်းတော်ခံ အလာသင့်၊ ကိုရင့်ဖို့ကွယ်၊
ဒုက္ခပဲဟယ်၊ ရွာလယ်မှာ သူငယ်လဲတယ်၊
ဟိုသူငယ် သူထမ်းတဲ့၊ ဆွမ်းတော်ခွက် ကွဲ။
🌺🌺 ဆံစပ်မှာ ရေးရေးနဲ့၊ ချာရစ်လေး မပျောက်ခင်၊
မီးထိန်ထိန် ဝါကျွတ်ရက်၊ ထွက်ခဲ့စေချင်၊
သည်မေကို တကယ်ကြင်၊ လိင်ပြန်ရင် ဆံရှည်ထားပါနဲ့၊
ဆံရှည်ရင် မောင့်ဦးစွန်းမှာ၊ သန်းတွေကများ။
🌺🌺 လိင်ပြန်ရင် ကိုရင်ဝတ်ဖို့၊ ပလေကတ် အနံကျယ်၊
ပျိုကိုယ်တိုင် အမြန်ပြေးလို့၊ ဈေးကြိုက ဝယ်၊
ဒါမျိုးဖြင့် မကြိုက်ဟယ်၊ အနံကျယ် ခါးပုံနွဲ့တယ်၊
မဝတ်လို အနံယုတ်အောင်၊ ဆုတ်လိုက်ပါတဲ့။
🌺🌺 ဆွမ်းတော်ခံ ကိုရင်ကြွတော့၊ မယ်စလို့ မေးလိုက်တယ်၊
ရှင်လိင်ပြန် ဘယ်တော့ရက်၊ ထွက်ခဲ့ပါ့မယ်၊
မျက်နှာငယ်ငယ်၊ ဘယ့်နှယ်မှ မမိန့်၊
ဒီတစ်ဝါ အနိုင်ခဲလို့၊ နွှဲရရှာလိမ့်။
🌺🌺 မလေးရယ် ကြိုဆီးတော့၊ ကိုရင်ကြီး လာမယ်ဆို၊
လေးပျိုပျို လည်ကိုစင်း၊ ဝင်းပေါက်က ကြို၊
ဟောကြည့်ကြဗျို့၊ အို အလို ကိုရင်ထွက်ကယ်၊
ပျို့ကိုရင် ကိုလူကြွား၊ ငါး ငါးပိချက်။ ။
မူရင်းကဗျာဆရာ - မင်းသုဝဏ်( ၁၀ ဖေဖေါ်ဝါရီ ၁၉၀၉ -၁၅ ဩဂုတ် ၂၀၀၄)၊ ဖော်ပြသည့်နှစ်- ၂၁ မေ ၁၉၃၆၊ ဖြည့်စွက်စပ်ဆိုသူ- သာဒိုးအောင်၊ စပ်ဆိုသည့်နှစ်- ၁၉၅၅၊ အောက်တိုဘာ။
ဒေါက်တာထွန်းတင့်
(၁၅-၁၀-၂၀၂၄ နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှကူးယူပါသည်။)