Tuesday, July 28, 2015

သူတို့တာဝန်ကျေပါသည်


သူတို့ဆိုတာ ကိုရွှေထူး(ပြည်)၊ စိုးသော်တာ(ပြည်) နှင့်သရဝဏ်(ပြည်)တို့ သုံးဦးဖြစ်ပါသည်။
သုံးဦးစလုံး နိုင်ငံကျော်ကာတွန်းဆရာ စာရေးဆရာများဖြစ်ကြောင်း ကျွန်တော်ရှင်းပြစရာ လိုမည်မထင်ပါ။ ယခုရက်ပိုင်းအတွင်း ထိုဆရာသုံးဦး ပြည်မြို့သို့ပြန်ခဲ့ကြပြီး  Barcamp(Pyay) အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သူတို့၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် သိခွင့်ရနေပါသည်။ အမှန်တော့ Barcampဆိုသည်မှာ အစဉ်အလာအခမ်းအနားပုံစံမျိုးမှခွဲထွက်လာသော လူငယ်ထုပညာရပ်ဆွေးနွေးဖလှယ်သောပွဲ ဟုဆိုနိုင်ပါ၏။ ပြည်မြို့တွင်ယခုနှစ် Barcamp ပွဲအပါအဝင် လေးကြိမ်ကျင်းပ ခဲ့ပြီးဖြစ်သည်။ ယခင်သုံးကြိမ်ကျင်းပသည့်ပွဲသည် ယခုနှစ်လို နာမည်ကျော်အနုပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ခြင်း မရှိဘူးပါ။ သို့သော် သူအတိုင်းအတာနှင့်သူ အောင်မြင်ခဲ့ပါသည်။ ယခုနှစ်ကဲသို့ ရပ်ဝေးရောက် ပြည်သားအနုပညာရှင်များ ပူးပေါင်းအားဖြည့်လိုက်ခြင်းဖြင့် အချိုပေါ်သကာလောင်း လိုက်သည်ဟု ကျွန်တော်ယူဆပါသည်။ ပွဲပိုလှသွားသည် ဆိုရမည်ပင်။
သို့ပင်သို့ငြားမူလBarcamp ၏အနှစ်သာရကိုထိခိုက်သည်ဟုကျွန်တော်မယူဆပါ။ Barcampဆိုသည်သင်ခန်းစာပို့ချပြီး သင်ကြားမှုပုံစံမဟုတ်မူပဲ မိမိနှစ်သက်ရာအကြောင်းအရာ၊ မိမိဆွေးနွေးလိုသည့်အကြောင်းအရာ ကိုလွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခွင့်ပေးထားပါသည်။
ထိုဆရာသုံးဦးသည် ရန်ကုန်မြို့တွင်အခြေချနေထိုင်ပြီး စာပေနယ်တွင်ကျင်လည်နေရသူများဖြစ်ရာ သူတို့အတွက် အချိန်ပို အင်မတန်ဆင်းရဲမည်မှာ သေချာပါသည်။ သို့သော် မိမိဇာတိရပ်ရွာအရေးနှင့် ပတ်သက်လာသောအခါ အချိန်ဆင်းရဲမှုကို လစ်လျှူရှုခဲ့ပြီး တက်ကြွစွာ ပါဝင်ခဲ့ကြသဖြင့် သာဓုအကြိမ်ကြိမ်ခေါ်ရပါ၏။
အမှန်ကိုပြန်ပြောရလျှင် ထိုဆွေးနွေးပွဲပဌမဆုံး ပြုလုပ်သည့်နှစ်က ကျွန်တော်တက်ရောက်ရန် အစီအစဉ်ရှိခဲ့ဘူးပါ၏။ Organizing Committee မှတာဝန်ခံလူငယ်ကို တယ်လီဖူန်းနှင့်ဆက်သွယ်ပြီး မိမိတက်ရောက်ဆွေးနွေးလိုကြောင်းပင် စာရင်းတို့ခဲ့ပါ၏။

ဦးဆုံးပြုလုပ်သည့်ပွဲမို့ သူတို့စိတ်လှုပ်ရှားမှုရှိနေသည်ကိုလည်း တယ်လီဖုန်းထဲကလူငယ်၏အသံကို နားထောင်ပြီး မိမိခန့်မှန်းမိလိုက်သည်။ ကျွန်တော့်ကိုလည်း လှိုက်လှဲစွာကြိုဆိုလျှက် နေရေး၊စားရေးအစီအစဉ်များကအစ အသေးစိတ်ရှင်းပြပါသည်။ ကျွန်တော်အမှတ်အသားမမှားခဲ့ဘူးဆိုလျှင် နယ်မှတက်ရောက်သူများအတွက် ခရီးစရိတ်တစိတ်တဒေသကိုပြန်ထုတ်ပေးမည်ဟုကြေညာခဲ့သည် ထင်ပါသည်။ ကျွန်တော်ကတော့ပြည်သားဖြစ်ကြောင်း ကျွန်တော့်အတွက်ဘာမှမလိုအပ်ကြောင်း ပြန်ရှင်းပြခဲ့ပါသည်။ ထိုလူငယ်ကပင် မိမိဆွေးနွေးမည့်ခေါင်းစဉ်ကို သိလို့ရမလားဟု မေးလာပါသည်။
ကျွန်တော်ပြည်ကိုပြန်ချင်သည်မှာ ယခုလိုပွဲမျိုးကိုတက်ခွင့်သာလျှင် အသက်ခြောက်ဆယ်နားကပ်နေသော သက်ကြီးပိုင်းကွန်ပျူတာနည်းပညာနှင့်အလှမ်းဝေးနေသူများကို အင်တာနက်၏အသုံးဝင်ပုံနှင့် အသုံးချနိုင်မည့်အခွင့်အလမ်းများ အကြောင်းဆွေးနွေးလိုရင်းဖြစ်ပါသည်။ တနည်းအားဖြင့် သက်ကြီးကွန်ပျူတာမတတ်သူပပျောက်ရေး ဆွေးနွေးလိုရင်းဖြစ်ပါသည်။
ဒါဖြင့် ဦးဆောင်ဆွေးနွေးမည့် ကျွန်တော်က ကွန်ပျူတာဘယ်လောက်တတ်နေပြီလဲ ။ထိုအချက်သည် ကျွန်တော် အဆွေးနွေးချင်ဆုံးပင်။ ကွန်ပျူတာသင်တန်းပင်မတက်ဘူးသော မိမိကိုယ်တွေ့နှင် နှိုင်းယှဉ်ပြီး သိလိုသောအချက်အလက်ကို ကွန်ပျူတာ(သို့)မိုဘိုင်းဖုန်းဖြင့် ဘယ်လိုရှာဖွေရမည်ကို ဆွေးနွေးအားပေးသွားရန် ရည်ရွယ်ပါသည်။
သို့သော်ပွဲနီးကပ်ချိန်တွင် ကိုယ်ရေးကိစ္စတစ်ခု ရုတ်တရက်ပေါ်လာသဖြင့် မသွားလိုက်ရတော့ပါ။ မိမိဇာတိရပ်ရွာအရေးကို ကိုယ်နိုင်သလောက်ပါဝင်လိုသော်လည်း မဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောလိုရင်းဖြစ်ပါသည်။ ကျွန်တော်ဆွေးနွေးမည့် Subject သည်ပညာတတ်လူငယ်များ စိတ်မဝင်စားနိုင်သော်ငြား အိုင်တီနည်းပညာနှင့် နီးစပ်မှုမရှိသော လူလတ်နှင့်လူကြီးပိုင်းကို target လုပ်ပါသည်။မိမိစိတ်ကူးများက အကောင်အထည် မပေါ်လာသော်ငြားလည်း နည်းပညာတို့ကဖြင့် ရပ်တန့်မနေပါ။ အဖိုးကြီးတွေကအိုင်တီကိုဝေ;ဝေးရှောင်နေသော်ငြား နည်းပညာတို့က သူတို့ထံအတင်းတိုးခွေ့ ဝင်လာနေပါပြီ။ ဆိုခဲ့သည့်အချိန်ကထက် ယနေ့အင်တာနက်(အထူးသဖြင့်မိုဘိုင်း)နှင့်application  များကသုံးစွဲရ အလွန်လွယ်လို့လာနေပါပြီ။ Barcamp ဟူသည်ဆယ်ကျော်သက် တို့အတွက်သာမဟုတ်၊ ဦးဦးတို့ ဒေါ်ဒေါ်တို့ ဖိုးဖိုးဖွားဖွားတို့အတွက်လည်း အကျိုးများနိုင်ကြောင်း ထပ်ကြိုးစားကြည့်ပါဦးမည်။
ဆိုခဲ့သလိုပင်၊ ကျွန်တော်ကတော့ ဆာသော်ဒိုးတို့ ကိုရွှေထူးတို့ သရဝဏ်တို့လို နာမည်ကျော်လည်းမဟုတ်ပါ။ သို့သော်ကိုယ့်မြို့ကိုယ့်ရွာအရေးကိုတော့ဖြင့် ကိုယ်နိုင်သလောက် ထမ်းပိုးချင်သည့် စိတ်ကမလျှော့ပါ။ ကိုယ်မလုပ်နိုင်သေးသော၊ ကိုယ်မလုပ်နိုင်သောတာဝန်ကို ဦးထမ်းပဲ့ထမ်း တမ်းခဲ့ကြကုန်သော ညီငယ်သုံးဦးကို လေးစားဂုဏ်ယူကြောင်းပြောလိုရင်းဖြင့်Barcamp Pyay 2015 ကိုဂုဏ်ပြုလိုက်ပါ၏။




Sunday, July 5, 2015

နှောင်းတမြေ့မြေ့

ခံစားချက်က တကယ့်အဟောင်းကြီးပါ။
ကြာလှပေါ့။ ဒါပေမယ့်ရင်ထဲမှာ တဆစ်ဆစ်နဲ့စူးနစ် နေတဲ့ဆူး
တချောင်းလိုပဲ။
လူတိုင်းနီးနီးကြည့်ဘူးကြတဲ့ “နှောင်းတမြေ့မြေ့” ဆိုတဲ့ဇာတ်လမ်းလေးအကြောင်း။
အထက်တန်းကျောင်းသားဘဝမှာ စာရေးဆရာမြတ်ထန်ရဲ့ ပဌမဦးဆုံးလုံးချင်းဝတ္ထုကို ဖတ်ရတယ်။မြ တ်ထန်ဆိုတာဘယ်သူမှန်းမသိတဲ့ ကလောင်သစ်တစ်ဦးလို့ ထင်လိုက်တယ်။ ဟုတ်တယ်။ကလောင်သစ် တော့အမှန်ပဲ။ ဒါပေမယ့် ဗိုလ်မှူးကြီးဟောင်းတစ်ယောက်ဆိုတာ ဝတ္ထုဖတ်ပြီးမှသိလိုက်ရ။
စစ်သားဟောင်းကြီးဆိုတော့လည်း သူ့ရဲ့ဦးဆုံးစာအုပ်က စစ်အခြေခံဇာတ်လမ်းပဲဖြစ်မှာပေါ့။ ဟုတ်တယ်။ ဒါပေမယ့်တပ်မတော်အရာရှိနှစ်ဦးရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပါ။ စာအုပ်ဆုံးသွားတော့ ရင်ထဲမှာအလွမ်းဝေဒနာတွေ ကျန်ရစ်ခဲ့တယ်။ ဝတ္ထုရဲ့ခေါင်းစည်းလေးကို ဆရာမြတ်ထန်က ဇာတ်သိမ်းမှဖေါ်လိုက်တယ်။
ညအိပ်ယာဝင်စစ်ခရာသံလေးက အေးအေးငြိမ့်ငြိမ့် လေးလေးတွဲ့တွဲ့။ အဲဒီစစ်ခရာသံလေးဟာ ဆွတ်ပျံ့လွမ်းမောဖွယ်သီကြူးနေပုံနဲ့ ဇာတ်သိမ်းလိုက်တယ်။ ကိုးတန်းကျောင်းသားကိုယ်က အဲ့ဒီခရာသံနားမထောင်ဘူးပေမယ့် ဝတ္ထုထဲကဇာတ်ကောင် ဗိုလ်မှူးသက်မွန်နဲ့ခင်လေးတို့ရဲ့ ကြေကွဲဖွယ်ဇာတ်လမ်းကြောင့် ဝမ်းနည်းခဲ့ရတယ်။
ရှေ့တန်းမှာဒါဏ်ရာရပြီး ဆေးရုံရောက်တော့ အပါတ်စဉ်ဗုဒ္ဓဟူးနဲ့စနေနေ့တွေရောက်တိုင်း ဆေးရုံမှာရုပ်ရှင်ကြည့်ဖြစ်တယ်။ တနေ့..ဒါရိုက်တာမောင်ဝဏ္ဏရဲ့ “နှောင်းတမြေ့မြေ့” ကိုအမှတ်မထင်ကြည့်ရတယ်။ ကျောင်းသားဘဝကဖတ်ဘူးတဲ့ဝတ္ထုကောင်းတစ်ပုဒ် ဆိုတာသိထားတဲ့ကိုယ်က ရုပ်ရှင်ပြောင်းရှိက်ရင် ဘယ်လိုမှကောင်းနိုင်မယ် မထင်ဘူးဆိုတဲ့စိတ်ထားပြီး ကြည့်ဖြစ်တယ်။
ကိုယ်..အထင်နဲ့အမြင်လုံးဝမှားသွားကြောင်း ဝန်ခံလိုက်ရပေါ့။ သာမန်သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း ရိုးရိုးစင်းစင်းကြီးကို စလယ်ဆုံးမငြီးငွေ့ရအောင် ဆရာမောင်ဝဏ္ဏက အသေးစိတ်ချယ်မှုန်းပြထားတယ်။ အသေးစိတ်ဆိုလိုက်လို့ သာမန်ရုပ်ရှင်ပရိတ်သတ်တစ်ဦးအတွက် မျက်ခုံးပင့်မေးစရာရှိကောင်းရှိနေနိုင်ပါတယ်။
ကျနော်ကရုပ်ရှင်ဝေဖန်ရေးဆရာမဟုတ်လို့တစ်ခုချင်းဘာကောင်းတယ်၊ဘယ်လိုကောင်းတယ်၊ ဆင်းန်တွေကဘယ်လို၊အရုပ်တွေ၊ အသံတွေကဘယ်လိုဆိုတာ ပြောနိုင်မှာမဟုတ်ပါဘူး။
ကျနော်ပြောမှာကဒီရုပ်ရှင်မှာမူရင်းစာရေးဆရာပေးချင်တဲ့ Theme ကိုဒါရိုက်တာမောင်ဝဏ္ဏက အမိအရဘယ်လိုရိုက်ပြပြီး ပရိတ်သတ်ဆီပို့ပေးလိုက်သလဲ ဆိုတာလေးပါ။
ဒီနေရာမှာဝတ္ထုကိုရုပ်ရှင်ပြောင်းတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ Theme ပျောက်မသွားအောင်ဒါရိုက်တာပညာနဲ့ ကျွမ်းကျင်စွာကိုင်တွယ်ပုံလေးကို ကြားဖြတ်ပြောပြပါရစေ။ ရုပ်ရှင်ကြည့်ဘူးသူအများစုကတော့ ဗိုလ်စိုးနိုင်ကျဆုံးပြီး ဗိုလ်မှူးသက်မွန်နဲ့မခင်လေးတို့ ညားကြလေသတည်း လို့ပဲသိကြပါတယ်။
မူရင်းဝတ္ထုထဲမှာဆရာမြတ်ထန်က ဆေးတပ်ဗိုလ်မှူးသက်မွန် တိုက်ပွဲကျသွားတဲ့အတွက် မခင်လေးက စစ်ကိုင်း
ချောင်မှာ သက်ဆုံးတိုင် သီလရင်ဘဝနဲ့ အရိုးထုတ်။ဗိုလ်စိုးနိုင်အိမ်ထောင်ကျပြီး သားလေးမွေးလာတော့ သူ့သားလေးကို“သက်မွန်”လို့နာမည်ပေးပါတယ်။
ဝတ္ထုထဲမှာသက်မွန်သေပေမယ့် ရုပ်ရှင်ပြောင်းတဲ့အခါမတော့ စိုးနိုင်ကိုသေပေးလိုက်ပါတယ်။ သေပုံကတော့ မူရင်းအတိုင်းအသက်နဲ့လဲပြီး ကာကွယ်ရင်းသေတာပါပဲ။ အမှန်ဝန်ခံရရင် ရုပ်ရှင်ဇာတ်သိမ်းလေးက ကျနော့်ရင်ကိုပိုပြီးရိုက်ခတ် စေပါတယ်။ စစ်အခမ်းအနားနဲ့ဗိုလ်စိုးနိုင်ကိုသဂြိုဟ်တဲ့ပြကွက်မှာ နောက် ကြောင်း
ပြန်အနှေးရိုက်ချက်တွေနဲ့ တိုက်ပွဲဖြစ်စဉ်၊ အသက်ပေးကာကွယ်ပုံရိုက်ချက်တွေဟာ ပရိတ်သတ်ကိုရင်နင့်စေခဲ့တယ်။ ဒါ
ရိုက်တာရဲ့ပညာစွမ်းကို အဲဒီဇာတ်သိမ်းမှာ မြင်ခဲ့ရတယ်။ ဝတ္ထုထဲမှာလုံးဝမပါတဲ့ စစ်အခမ်းအနားနဲ့သဂြိုဟ်တဲ့ပြကွက်မှာပဲ မူရင်းစာရေးသူလိုချင်တဲ့Theme ကိုအမိအရ ဆုတ်ဖမ်းပြလိုက်တယ်။
ဟုတ်ပါတယ်။ ကျဆုံးသွားတဲ့စစ်သည်ကို နောက်ဆုံးဂုဏ်ပြုတဲ့ စစ်ခရာသံပါပဲ။ တပ်ထဲမှာတော့ Linedown Bugle လို့ခေါ်ပါတယ်။ ညကိုးနာရီအိပ်ယာဝင်ချိန်မှာ မှုတ်တဲ့ခရာသံပါ။ ဆွေးမြေ့လေးတွဲ့တဲ့ အဲဒိခရာသံနဲ့ ကျဆုံးသူကိုနောက်ဆုံးအလေးပြု နှုတ်ဆက်တာကို အသေးစိတ်ရိုက်ကူးပြသွားတယ်။ တကယ်တော့ ဆရာမြတ်ထန်ပြောချင်တဲ့“နှောင်းတမြေ့မြေ့”ဆိုတာ အဲဒီခရာသံပါပဲ။ ကျဆုံးသွားပြီဖြစ်သော ဗိုလ်စိုးနိုင်ကို သေနတ်မြေစိုက် အလေးပြုနေချိန်မှာ“နှောင်းတမြေ့မြေ့”စစ်ခရာသံလေးပါပဲ။ မောင်ဝဏ္ဏရဲ့ဒါရိုက်တာပညာကို တလေးတစား အသိအမှတ်ပြုလိုက်ရတယ်။

     ***************            ***************         ****************
ဖေဖေါ်ဝါရီတစ်လလုံး ကျွန်တော်လူသူကင်းဝေးရာ ရောက်နေသည်။ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်။ ပြင်ပလောကကြီးနှင့်လုံးဝအဆက်ပြတ်။ ရေတံခွန်တောင်ခြေသည် အေးအေးစိမ့်စိမ့်။ တောင်ရိပ်မိုးနေသဖြင့် နံနက်ခင်းနေရောင်သည် နောက်ကျစွာရောက်၏။ ဆောင်းမကုန်သော အညာမှာ အနွေးထည်ထူထူကြောင့် နေသာယုံမျှသာ။
တပေါင်းလဆန်း(၃)ရက်ည။
လှိုင်ဂူစေတီတွင်း၌ ဝိပဿနာကိုစူးစိုက်စွာအားထုတ်လျှက် ငြိမ်သက်စွာ။ ရုတ်တရက် တဝေါဝေါမြည်သံများကြားမိသည်။ လှိုင်းတွေကမ်းခြေကျောက်ဆောင်ကို တိုက်ခတ်သလိုလိုဆူညံမြည်ဟီး။ စိတ်အာရုံကိုပြန်လည်စုစည်းလိုက်သည်။ အသံတွေက နားဆီသို့တိုးတိုက်ဆဲ။ လှိုင်းအော်သံတွေ တသောသော။ သတိကိုနှာဝဆီသို့ ပြန်ကပ်ထားလိုက်။ ဝင်လေတိုးတိုး နှာသီးဖျားနွေးသွားယုံ ၊ထွက်လေနွေးနွေး နှာသီးစပ်မှတိုးထွက်သွား။
လှိုင်းသံတို့ဆူညံကျယ်လောင်။
ဒါမှမဟုတ်အပြင်မှာ မိုးသည်းသည်းရွာနေလား။ အသံတို့ ပိုမိုကျယ်လောင်အော်ဟစ်။ ဝင်လေထွက်လေမှာ စိတ်ကိုမနည်းပြန်စုစည်းနေရ၏။ ခက်ခဲစွ။
ဆယ်သုံးရက်မြောက်ယနေ့ညကိုခက်ခဲစွာဖြတ်သန်းရပြီ။
ဘုရားကိုဦးသုံးကြိမ်ချကန်တော့ပြီး စေတီတွင်းမှဆင်းလာခဲ့သည်။ တသောသောတိုက်နေသော တောင်လေသည် ကျွန်းရွက်တွေကို ဟိုမှသည်မှသယ်ဆောင်ပြီး မြေပြင်အနှံ့ပြေးလွှားနေသည်။ မြေကြီးနှင့်ကျွန်းရွက်တို့ပွတ်တိုက်သံကို မျက်ဝါးထင်ထင်မြင်ရပြီ။ လရောင်ထိုးကျနေသော်ငြား လမင်းကိုမမြင်ရ။
ကိုးနာရီမထိုးသေး၊ အိပ်ဆောင်သို့မပြန်လို၍ စေတီရှေ့ ခုံတန်းပေါ်ထိုင်ချလိုက်သည်။ တောင်ခြေဘုန်းကြီးကျောင်းဆီက မျောက်တွေအဆက်မပြတ် အူနေသည်။ ကြွေရွက်တို့က သောသောလှုပ်လျှက်လေဆောင်ရာမျောနေဆဲ။ နားထဲသို့အသံတစ်ခုဝင်လာနေသည်။
ဖေဖေါ်ဝါရီ(၂ဝ)ရက်။
ခရာသံ။
စစ်ခရာသံ၊ တိတ်ဆိတ်သောညမှာ အဝေးဆီကခရာသံကိုကြားနေရသည်။ ဟိုးရက်တွေကတရုတ်နှစ်သစ်ကူးမှာကြားခဲ့ရဘူးသော ဆူညံသည့်မီးရှုးမီးပန်းဖေါက်သည့်အသံ တွေနှင့်လုံးဝမတူ။ တိုးတိုးငြင်ငြင်၊နူးနူးညံ့ညံ့။
ပြီးတော့ဆွေးဆွေးမြေ့မြေ့။
Linedown bugle သံပါလား။
မျက်စေ့အောက်မှာပင် နွေကိုထင်ထင်ရှားရှား မြင်နေရ၊ Linedown bugle သံကိုကြားနေရ။ ညသည်အရာရာကို ပြောင်းလဲနေစေပြီ။ ခုံတန်းလျားပေါ်ထိုင်နေရင်း လွမ်းမောစိတ်ဖြင့်တောင်ခြေဆီငေးရီလျှက်ကျောက်ဆစ်ရုပ်လိုငြိမ်သက်စွာ.. .. ..နှောင်း တ မြေ့ မြေ့… ဖြင့်…….




မိတ်ဆွေဟောင်းတစ်ဦး

မနေ့ကသေပြီလို့ကိုယ်ထင်ထားခဲ့တဲ့ ရဲဘော်ရဲဘက်တစ်ယောက်နဲ့ ပြန်လည်ဆုံစည်းခွင့်ရခဲ့တယ်။ ဟုတ်တယ်။ ကိုယ့်စိတ်သညာထဲမှာ သူသေခဲ့ပြီလို့မှတ်ထားခဲ့တာ နှစ်တော်တော်ကြာခဲ့ပြီပဲ။ အခုသူ့အသက်က (၈၆)နှစ်ဆိုတော့ ကိုယ်အမှတ်လွဲခဲ့တာလည်း နည်းနည်းယုတåိရှိနေသလို။
နောက်ပြန်ပြီးစဉ်းစားတယ်။ ကိုယ်တို့ဆေးရုံပေါ်ရောက်ခဲ့တဲ့ ကာလအပိုင်းအခြားက ပုဂ္ဂိုလ်တော်တော်များများ လောကကြီးကိုနှုတ်ဆက်ထွက်ခွါ သွားကြပြီလေ။ ရိုးရိုးထိခိုက်ဒါဏ်ရာရသူတွေကို ထည့်မတွက်ပဲ ကိုယ်လိုခြေထောက်စွန့်ခဲ့သူတွေချည်း ရေတွက်ကြည့်မယ်။ အင်း..ကိုသောင်းမြင့်(ဒူးအောက်တစ်ဖက်)ကိုလှတင်(ဒူးအောက်)ကိုဥာဏ်တင်(ဒူးအောက်)ကိုမောင်ဇော်(ဒူးအောက်နှစ်ဖက်)ကျော်မြင့်(ပဲခူး)(ဒူးအောက်)ကိုအောင်ခန့်(ဒူးထက်)ကိုသိန်းဆွေမြင့်(ဒူးထက်)ဗိုလ်ကြီးဝင်းဖေ(ဒူးအောက်)ဗိုလ်မှူးစိန်မင်း(ဒူးထက်)ဗိုလ်ကြီးကိုကို(ဒူးအောက်)...
အခုကိုယ်ပြောတဲ့ ဗိုလ်မှူးဘရစ်(ဂ်ျ)ရိုင်းက အသက်(၈၆)နှစ်ဆိုတော့ သေတဲ့စာရင်းထဲ မှားသွင်းမိတာ သိတ်တော့မလွန်။ ဒါတောင်အခုလက်တန်း ရွတ်သွားတာ ကိုယ်အင်္ဂါစွန့်ခဲ့ရသူစာရင်း သက်သက်ရှိသေး။ ရှေ့မှာရာထူးတပ်ခေါ်ထားတဲ့ပုဂ္ဂိုလ်များဟာ အသက်အရွယ်အရ ကိုယ်တို့နဲ့တော်တော်အဟတ်ကွာ သူတွေမို့ဖြစ်တယ်။
မှူးရိုင်း ဆေးရုံပေါ်ရောက်လာတာ ၁၉၇၆ခုနှစ်၊ ရွှေကျင်ကျောက်ကြီးဖက်က မိုင်းထိလာတာ။ စရောက်ကတည်းကပျော်ပျော်ပဲ။ ကိုယ့်လို ကျန်တဲ့ခြေတစ်ဖက်ကလည်း အရိုးသွင်သွင်ကျိုးလို့ပေါင်ရင်းထိ ကျောက်ပတ်တီးစည်းထားရတယ်။ သူ့လက်သုံးစကားလေး အမှတ်ရမိသေးတယ်။
“တို့ကဆပ်ကပ်ထဲကမီးကစားတဲ့သူတွေလိုပဲကွ၊အခန့်မသင့်တဲ့တနေ့တော့မီးအဟတ်ခံရတာပဲပေါ့”
ဆေးရုံနဲ့တပ်ရင်းကနီးတော့ မိသားစုလိုက်ဆေးရုံလာကြည့် စောင့်ရှောက်ကြတယ်။ စတီရီယိုကက်ဆက်တစ်လုံးလည်းပါတော့ သီချင်းတွေမနားတမ်းဖွင့်နေတာပဲ။ သီချင်းဖွင့်တယ်ဆိုလို့ ခေတ်ပေါ်သီချင်းလုံးဝ နားမယဉ်သူဖြစ်တယ်။ ကိုယ်ကတံခွန်ဂျာနယ်ထဲ ကြော်ငြာသမျှစီးရီးခွေတွေကို ဝယ်ခိုင်းသမျှ အကုန်ဝယ်ပြီး မိုးလင်းမိုးချုပ်ကိုဖွင့်တော့တာ။ ခေတ်မီမီနေတတ်တယ်ဆိုရမလားပဲ။ ကိုယ်နဲ့ကအသက်အစိတ်ကျော်လောက်ကွာပေမယ့်ကိုယ့်ကို“အငယ်ဆုံးညီလေး”လို့ပဲခေါ်တယ်။ တခါတလေလည်း မဟာမိတ်”လို့ခေါ်ချင်ခေါ်တယ်။ဘိုဆန်ဆန်“ကွန်းမရိတ်”လို့ခေါ်တဲ့အခါလည်းခေါ်ရဲ့။သေချာတာကတော့အရွယ်မတူသူသုံးဦးဖြစ်တဲ့သူရယ်၊ကိုယ်ရယ်၊ ဗိုလ်ကြီးမောင်ဇော်ရယ်ဟာ အရာရှိကုသဆောင်ရဲ့သက်တမ်းကြာ အမာခံများဖြစ်ကြလေတော့ ညီရင်းအကိုတွေလို ပေါင်းသင်းဆက်ဆံဖြစ်ကြခြင်းပဲ။
မြန်မာစကားအားနည်းတာလေးလည်း တမျိုးချစ်ဖို့ကောင်းတယ်။ တခါကရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ကို ကိုမောင်ဇော်နဲ့ကိုယ့်ကို ပြန်ပြောပြတယ်။
“ကောင်လေးကကောင်မလေးကို၁၅ဝဝအချစ်နဲ့ချစ်တယ်ဗျာ။ဒါပေမဲ့ကောင်မလေးကသူ့ကို..ခြောက်ရာခုနှစ်ရာကျော်လောက်ဗျာ..ဟို..နံပါတ်တော့ကျနော်မမှတ်မိဘူး..”
“၅၂၈လုပ်ပါဗိုလ်မှူးရယ်”ခေါင်းကုတ်စဉ်းစားနေသောသူ့ကို ကိုမောင်ဇော်ကစကားထောက်ပေးရတယ်။
သူမြစ်ဝကျွန်းပေါ်တပ်မှာနေတုံးကမော်တင်စွန်းဖက်မှာတာဝန်ကျတုံးကရဟန္တåာမြင်ခဲ့ရတာကိုပြန်ပြောပြပုံက
“မော်တင်စွန်းမှာ out post ယူတုံးကဗျာ..ကောင်းကင်မှာ ဘုန်းကြီးတွေမတ်တပ်ရပ် ပျံနေတာတွေ့ဘူးတယ်။ တခါလည်းမဟုတ်ဘူး၊ ခဏခဏတွေ့တာ၊ဆွမ်းခံကြွတာလည်း မဟုတ်ဘူး”
“အဲဒါရဟန္တåာဈာန်ပျံတယ်ခေါ်တယ်ဗိုလ်မှူးရဲ့”
သူနားလည်အောင်ပြောပြရတယ်။

ရှည်လျားတဲ့ကျနော်တို့ရဲ့ဆေးရုံနေ့များမှာ သက်ကြီးစကားသက်ငယ်ကြားဆိုသလို သူ့အတွေ့အကြုံတွေကလည်း များမှများပဲ။ ဂမ္ဘီရဆန်တဲ့နောက်ထပ်အတွေ့အကြုံတစ်ခုက သူမင်းဘူးစေတုတ္ထရာဖက်မှာတွေ့ခဲ့ဘူးတဲ့ တန်ခိုးရှင်တယောက်အကြောင်းပဲ။ ပရိတ်သတ်အတော်များများစုဝေးနေချိန် အဲ့ဒီပုဂ္ဂိုလ်ဟာ အဆောက်အဦးနံရံကိုဖြတ်ပြီးထွက်လာတာ သူကိုယ်တိုင်မြင်ခဲ့ရဘူးသတဲ့။ ရုပ်ရှင်ထဲက special effect  အတိုင်းပဲတဲ့ဗျာ။
ပျော်ပျော်နေတတ်တဲ့ဗိုလ်မှူးဟာ ကျနော့်လိုပဲခြေတုတစ်ဖက်၊ ကျန်တဲ့ခြေထောက်ကခြေအားပြုကိရိယာတတ်ပြီးမှ လမ်းလျှောက်နိုင်ပါတယ်။နှစ်ကြီးသမားသုံးယောက်အနက် အရင်ဆုံးခြေတုတပ်ပြီး ဆေးရုံဆင်းတာကျနော်ပါ။သူတို့နှစ်ယောက်က ကျနော့်နောက်မှဒါဏ်ရာရတာဆိုတော့ အရင်ရောက်တဲ့သူ အရင်ဆင်းတဲ့သဘောပါပဲ။ကျနော့်ဆေးရုံသက်တမ်းက သုံးနှစ်ပြည့်ဖို့(၂)လပဲ လိုပါတော့တယ်။
ဗိုလ်မှူးရိုင်းတစ်ယောက် ဆေးရုံဆင်းပြီး ကုန်းလမ်းပို့ဆောင်ရေး(မန်း)ကို ပြောင်းရွှေ့သွားကြောင်းပဲ သိခဲ့ရပြီးအပြင်မှာ တစ်ခါမှပြန်မဆုံတော့ပါဘူး။မနေ့က ပင်စင်ထုတ်ပြီးအပြန် သူငယ်ချင်းစောနု(Saw Aung)မန်းကဖုန်းဆက်ပါတယ်။သူကပုသိမ်ကြီးကတပ်ရင်းမှာ တပ်ရင်းမှူး၊ခုအငြိမ်းစား။ဗိုလ်မှူးရိုင်းကိုသိလား ဆိုတော့အံ့ဩရတယ်။ကိုယ်ထင်တာက စောစောကပြောသလို သေပြီပဲထင်တာ။စောနုက ဗိုလ်မှူးနဲ့ဖုန်းပြောခိုင်းတယ်။နှစ်ယောက်စလုံး ဘာကစမေးရပြောရမှန်းမသိအောင် ဝမ်းသာနေကြတယ်။အသက်(၈၆)နှစ်အဖိုးအိုတစ်ယောက်က အကြားအာရုံ ချို့ချို့တဲ့တဲ့။သူ့မိသားစု၊ကိုယ့်မိသားစုအကြောင်း ရောက်ပြန်တော့ စိတ်မကောင်းဖြစ်ရတယ်။သားသမီးများတဲ့ဗိုလ်မှူး၊တချို့သမီးတွေ ကိုယ့်ထက်တောင် အသက်ကြီးသေး။သားတွေကလည်း များမှများ။သူပြောတော့ သားတွေအားလုံးသေပြီဗျာ တဲ့။တလေးတွေက ဟိုကတည်းက နည်းနည်းဆိုးတယ်။အခုသမီးနှစ်ယောက်နဲ့ ပုသိမ်ကြီးမှာနေတယ်တဲ့။ ဗိုလ်မှူးကတော်အကြောင်းမေးတော့ ကျနော်ပိုပြီး စိတ်ထိခိုက်ရတယ်။အိပ်ရာထဲလဲနေတာ(၃၅)နှစ်ရှိပြီတဲ့။အိပ်ရာပူနာ( Bed sore)မဖြစ်လို့ တော်သေးဆိုရမယ်။တွေ့ချင်သေးတယ် ဗိုလ်မှူးရယ်၊လာဖြစ်အောင်လာခဲ့မယ် လို့လည်းပြောလိုက်တယ်။
ဒီမနက်သူငယ်ချင်းစောနုကဗိုလ်မှူးဓါတ်ပုံတွေ Tag ပေးလိုက်လို့ကြည့်ဖြစ်တယ်။မတွေ့တာ(၃၇)နှစ်ရှိပေမဲ့ ဗိုလ်မှူးမျက်နှာက ဟိုးလွန်ခဲ့တဲ့ဆေးရုံပေါ်မှာ တွေ့ခဲ့တဲ့အတိုင်း မပြောင်းမလဲ။ လောကဓံရဲ့အထုအထောင်းကို ကြံ့ကြံ့ခန့်နေနိုင်တဲ့ သူ့စိတ်ဓါတ်ကို လေးစားဦးညွှတ်မိတယ်။
လူရယ်လို့ဖြစ်လာရင်အိုရမယ်..နာရဦးမယ်..ပြီးရင်သေကြရဦးမှာပါပဲ။
ဇာတိ၊ဇရာ၊ဗျာဓိ၊မရဏဆိုသော်လည်းမအိုခင်နာချင်နာကြရ၊မနာခင်သေချင်သေကြရပေမှာပဲ။ဆရာမောင်သာရရဲ့ဝတ္ထတြစ်ပုဒ်” လှချင်သမျှလှခဲ့ကြစမ်း” ဆိုမွေးပြီးပြီးချင်းသေဆုံးရတဲ့လူသားတယောက်အကြောင်းရေးထားတာတရားရဖို့ကောင်း။
အသက်ရှင်နေသမျှတော့လောကဓံရဲ့အထုအထောင်း၊အရိုက်အပုတ်ကို(ဗိုလ်မှူးလို)ကြံ့ကြံ့ခံနိုင်ဖို့လိုပါတယ်။
အရေးကြီးဆုံးကအသက်ရှင်နေသ၍လောကဓံကိုအရှူံးမပေး၊လက်နက်မချဖို့ပဲမဟုတ်ပါလားခင်ဗျာ။