Tuesday, August 28, 2018

စကားပြေအရေးအသားကောင်းလှသည့်ဝတ္ထုရေးဆရာ သုတေသနသမားငြိမ်းကျော်

၁၈-၄-၂၀၁၇ ရက်စွဲဖြင့် မြန်မာတိုင်း(မ်)နေ့စဥ်သတင်းစာပါ ဆရာ မောင်ခေတ်ထွန်း၏ဆောင်းပါးကို
ကူးယူဖေါ်ပြခြင်းဖြစ်သည်။

တက္ကသိုလ်သို့ရောက်လျှင်အဦးဆုံးသတိရသည်မှာငှက်ပျောတောအုပ်ကြားကဦးချစ်လဖက်ရည်ဆိုင်ဖြစ်သည်။ယခင်ကရာမညဆောင်ကလှမ်းမျှော်ကြည့်လျှင်သစ်ပင်များကြားမှလက်ဖက်ရည်ဆိုင်၏တစ်စွန်းတစ်စကိုတွေ့မြင်နိုင်သည်။ဆောင်းရက်ကာလများသည်တက္ကသိုလ်ဝန်းကျင်၌အလှဆုံးဖြစ်မည်ထင်သည်။နှင်းငွေ့ရိုက်ထားသောမြက်ခင်းစိမ်းလဲ့လဲ့များ၊ကံ့ကော်တန်းများမှာဆွတ်ပျံ့ဖွယ်ပင်။ငှက်ပျောတောအုပ်အလယ်ကဦးချစ်လက်ဖက်ရည်ဆိုင်အားနှင်းလွှာပါးဖြင့်ရစ်သိုင်းအုပ်မိုးထားသည်ကိုမြင်ရသည်မှာသဘာဝပန်းချီကားတစ်ချပ်ပမာ။ယခုကားငှက်ပျောတောအုပ်လည်းမရှိတော့၊ဦးချစ်လက်ဖက်ရည်ဆိုင်လည်းမရှိတော့။
ထိုစဉ်ကဦးချစ်လက်ဖက်ရည်ဆိုင်သည်အစဉ်အမြဲလူပြည့်နေတတ်သည်။ကျောင်းဖွင့်ရက်များသာမကကျောင်းပိတ်ထားသည့်ရက်များပင်လူမပြတ်တတ်။ထိုစဉ်ကဦးချစ်တို့လင်မယားကိုယ်တိုင်ဆိုင်ထိုင်သည်။နာမည်နှင့်လိုက်အောင်ပင်ဦးချစ်သည်ချစ်ခင်ဖွယ်သဘောကောင်းသူဖြစ်သည်။
ဆရာငြိမ်းကျော်ကိုဦးချစ်လက်ဖက်ရည်ဆိုင်တွင်မကြာခဏတွေ့ရတတ်သည်။သူတစ်ယောက်တည်းမဟုတ်။စားပွဲတိုင်းတွင်အဖော်လေးငါးယောက်ရှိတတ်သည်။သူ့အဖော်များကြားတွင်စကားအများဆုံးပြောနိုင်သူမှာဆရာငြိမ်းကျော်ဖြစ်သည်။ဆေးပေါလိပ်ခဲရင်းအာပေါင်အာရင်းသန်သန်၊မျက်စိပေကလပ်ပေကလပ်ဖြင့်အကြောင်းအရာတစ်ခုခုကိုစိတ်ဝင်စားဖွယ်ပြောနေသည့်ဟန်ပန်ကိုမြင်ယောင်နေမိသည်။သူပြောသည့်စကားများတွင်စာပေအကြောင်း၊ကဗျာအကြောင်း၊သုတေသနအကြောင်းအများဆုံးဖြစ်သည်။ဆရာငြိမ်းကျော်နှင့်အတူလက်ဖက်ရည်ဝိုင်းတွင်တွေ့ရတတ်သူများမှာအင်းစိန်စက်မှုတက္ကသိုလ်တက်နေသည့်မောင်စိန်ဝင်း(ပုတီးကုန်း)၊ဆေးတက္ကသိုလ်တက်နေသည့်ကိုငွေစိုး(ဒေါက်တာငွေစိုး)၊မောင်ဝဏ္ဏ၊ချစ်ဦးညို၊စန္ဒယားတင်ဝင်းလှိုင်၊အညာတမာ၊ကိုစိန်သန်း(မြတ်သစ်)၊တင်ဆွေမိုး၊သန်လျင်မောင်ဝင်းဝါ၊အောင်စိုးဦးစသူတို့ဖြစ်ကြသည်။တချို့မိမိမမှတ်မိသူများလည်းရှိသည်။
ထိုစဉ်ကဆရာငြိမ်းကျော်သည်မြန်မာစာအဓိကဖြင့်တောင်ငူဆောင်တွင်စာသင်ကြားနေသူဖြစ်သည်။သို့သော်အတန်းထဲတွင်တွေ့မြင်ရခဲသည်။သူ့ကို့ရှာချင်လျှင်တက္ကသိုလ်စာကြည့်တိုက်တွင်သွားရှာရသည်။စာအုပ်ပုံကြားတွင်စာတမ်းအတွက်မှတ်စုထုတ်ချင်ထုတ်နေတတ်သည်။ရေးမှတ်နေချင်နေတတ်သည်။ထိုအချိန်ကဆရာငြိမ်းကျော်သည်သုတေသနစာတမ်းထဲတွင်စိတ်ကိုလုံးလုံးလျားလျားနစ်မြုတ်ထားချိန်ဖြစ်သည်။ထိုကြောင့်စာသင်ခန်းတွင်မှန်မှန်မတွေ့ရတတ်။သို့သော်သူ့စာတမ်းများသည် တက္ကသိုလ်ပညာပဒေသာ စာစောင်တွင်တခမ်းတနားတွေ့ရသည်။
ထိုအချိန်ကတက္ကသိုလ်ပညာပဒေသာစာစောင်တွင်တက္ကသိုလ်ဆရာများသာမကကျောင်းသားများလည်းစာတမ်းများဝင်ရောက်ရေးသားနိုင်သည်။သို့သော်ကျောင်းသားရေးသည့်စာတမ်းကအလွန်ပင်နည်းသည်။
သူ့စာတမ်းများကလည်းလက်ဖျားခါလောက်သည့်အံ့မခန်းစာတမ်းများပင်။စာတမ်းများတွင်မြန်မာပြဇာတ်ရေစီးကြောင်း၊ ၈ဝ၂ခုနှစ်သရေခေတ္တရာတရုတ်နိုင်ငံရောက်ပျူဂီတအဖွဲ့၊တူရိယာနှင့်စကေးစာတမ်း မှာအထင်ရှားဆုံးဖြစ်သည်။ပညာရှင်များချီးကျူးခြင်းခံရသည့်စာတမ်းများဖြစ်သည်။သူ့စာတမ်းများသည်မဟာဝိဇ္ဇာတန်းကျောင်းသားများကိုရည်ညွှန်းရေးသားခဲ့ခြင်းဖြစ်ပြီးထိုစာတမ်းများရေးသားသည့်အချိန်ကသူသည်ပထမနှစ်မြန်မာစာအဓိကကျောင်းသားတစ်ယောက်ဖြစ်သည်။ပထမနှစ်ကျောင်းသားကမဟာဝိဇ္ဇာတန်းကျောင်းသားများအတွက်ရေးသားခဲ့သောစာတမ်းများဖြစ်၍မည်သူမျှမအံ့ဩဘဲမနေနိုင်ကြပေ။
မြန်မာပြဇာတ်ရေစီးကြောင်းစာတမ်းမှာမြန်မာပြဇာတ်နှင့်ပတ်သက်၍ပြည့်ပြည့်စုံစုံသုတေသနပြုထားသည့်စာတမ်းတစ်စောင်ဖြစ်သည်။ပြဇာတ်စာရင်းစာအုပ်ပေါင်းများစွာကိုကိုးကားပြုစုထားခြင်းဖြစ်သည်။
၁၉၇၄ခုနှစ်ကရေးသားခဲ့သော ၈ဝ၂ခုနှစ်သရေခေတ္တရာတရုတ်နိုင်ငံရောက်ပျူဂီတအဖွဲ့၊တူရိယာနှင့်စကေးစာတမ်းမှာခရစ်နှစ်၈ဝ၁ခုနှစ်တွင်တရုတ်နေပြည်တော်၊ချင်းတူမြို့ရောက်သရေခေတ္တရာပျူဂီတအဖွဲ့၏တေးသီချင်း၊ကကြိုးကကွက်နှင့်တူရိယာပစ္စည်းအကြောင်းကိုစာအုပ်စာတမ်းအကိုးအထောက်များစွာဖြင့်သုတေသနပြုထားသည့်စာတမ်းဖြစ်သည်။
ချင်းတူမြို့ရောက်သရေခေတ္တရာပျူဂီတတူရိယာများ၏သံစဉ်၊မုစ္ဆန၊တေးသွားစနစ်များကိုဂီတသင်္ကေတများဖြင်ရှင်းပြထားသည်။ပျူဂီအဖွဲ့သည်ချင်းတူမြို့သို့ခရစ်နှစ် ၈ဝ၁၊နိုဝင်ဘာလလောက်ရောက်ရှိကြောင်းခန့်မှန်းထားသောသုတေသီဦးရည်စိန်၏အဆိုသည်ပျူတေးသွားများနှင့်ကိုက်ညီကြောင်း၊ဂီတသည်အဆင့်အတန်းမြင့်မား၍အိန္ဒိယမြောက်ပိုင်းဂီတကျမ်းလာနည်းစနစ်များနှင့်ညီညွတ်ကြောင်းအသေးစိတ်တင်ပြထားသည်။
၁၉၇၂တွင်ရေးသားပြုစုခဲ့သည့် ငွေတောင်၊သုဓနု၊မနော်ဟရီဇာတ်နှင့်သမိုင်းကြောင်းသုတေသန ကားပညာရှင်များ၏ချီးကျူးထောမနာပြုခြင်းခံရသည့်အထူးထင်ရှားသည့်ကျမ်းတစ်စောင်ဖြစ်သည်။ကျမ်းပေါင်းများစွာအကိုးအထောက်ပြုရေးသားပြုစုထားပြီးနိုင်ငံရပ်ခြားတက္ကသိုလ်များမှပင်လိုအပ်သည့်စာအုပ်စာတမ်းများကိုကြိုးစားမှာယူပြုစုထားသည့်သုတေသနစာတမ်းဖြစ်သည်။သားချော့ပုံပြင်မှပါဠိဘာသာဇာတကအသွင်သို့တိုင်ကျယ်ဝန်းသောပုံသဏ္ဋန်များစွာဖြင့်တည်ရှိခဲ့ပြီးကရင်ယဉ်ကျေးမှုနှင့်ကယားယဉ်ကျေးမှုတို့၏အဓိကဇာတ်လမ်းကြီးဖြစ်သောသက္ကတပိဋကတ်၊တိဗက်ပိဋကတ်၊တရုတ်ပိဋကတ်စသောမြောက်ပိုင်းဗုဒ္ဓဘာသာ၏ပိဋကတ်တော်လာအာရှတိုက်၏ယဉ်ကျေးမှုကြီးဖြစ်သောသုဓနုနှင့်မနော်ဟရီဇာတ်၏သမိုင်းကြောင်းကိုသုတေသနပြုရေးသားထားသည့်ကျမ်းဖြစ်သည်။ထိုပြင်အဆိုပါကျမ်းသည်အိန္ဒယ၊တရုတ်၊တိဗက်၊နီပေါ၊အာရှအလယ်ပိုင်းဒေသ မွန်ဂိုလီးယား၊ဂျာဗား၊မလေး၊ယိုးဒယား၊မြန်မာစသောအရှေ့တောင်အာရှတို့၏ရှေးဟောင်းသမိုင်းဆိုင်ရာများ၊အယူဝါဒဆိုင်ရာပြသနာများနှင့်ဗိဿနိုး၊ဟန်လင်း၊သရေခေတ္တရာ၊ပုဂံခေတ်၏အယူဝါဒများကိုစိစစ်ထားသည့်ကျမ်းကြီးလည်းဖြစ်သည်။ပါဠိသက္ကတ ပိဋကတ်များ၊သမိုင်းမှတ်တမ်းများ၊အတ္ထုပ္ပတ္တိများ၊ကဗျာလင်္ကာများကဲသို့သောစာပေအထောက်အထားများ၊ဒင်္ဂါးများ၊နံဆေးရေးပုံများ၊ကျောက်ထွင်းရုပ်တုများ၊ကျောက်စာများကဲသို့သောရှေးဟောင်းသုတေသနအထောက်အထားနှစ်ရပ်ဖြင့်ချဉ်းကပ်သုတေသနပြုထားခြင်းဖြစ်သည်။ယင်းကျမ်း၏အမှာစာကိုဖတ်ရှုရခြင်းအားဖြင့်သူ၏အားထုတ်ကြိုးပမ်းမှုကိုသိသာနိုင်ပေသည်။ယင်းစာအုပ်ဖြင့်ပင်အမျိုးသားစာပေဆုသုတပဒေသာ(ဝိဇ္ဇာပညာရပ်)ကိုရရှိခဲ့သည်။
ဆရာငြိမ်းကျော်သည်စာတမ်းများကိုရေးသားပြုစုရာတွင်မိမိစရိတ်ဖြင့်အကုန်ကျခံကာရေးသားပြုစုခဲ့ခြင်းလည်းဖြစ်သည်။
၁၉၈၉ခုနှစ်ကရေးသားခဲ့သည့်သုတေသနစာတမ်းမှာလည်းကျမ်းပေါင်းများစွာမွှေနှောက်ပြုစုရေးသားထားသည်ကိုတွေ့ရသည်။ကျမ်းအမည်မှာမဟာပရိနိဗ္ဗာနသုတ္တများနှင့်ပထမသင်္ဂါယနာဗုဒ္ဓယဉ်ကျေးမှုသုတေသန စာတမ်းဖြစ်သည်။
ယင်းစာတမ်းတွင်သက္ကတပိဋကတော်များကိုဆောင်ကြကုန်သောဗုဒ္ဓဝါဒဂိုဏ်းများအားလုံး၏ပိဋကတ်တို့ကိုအပြည့်အစုံမတွေ့ရသေးသော်လည်းမဟာသံဃိကဂိုဏ်း၊လောကုတ္တရဝါဒဂိုဏ်း၊မူလသဗ္ဗတ္ထိဝါဒဂိုဏ်း၊သဗ္ဗတ္ထိဝါဒဂိုဏ်း၊မဟီသာသကဂိုဏ်း၊ဓမ္မဂုတ္တဂိုဏ်း၊ကဿပိယဂိုဏ်း၊သမ္မတိယဂိုဏ်းတို့၏ပိဋကတ်တစ်စိတ်တစ်ဒေသကိုတရုတ်ဘာသာပြန်ဖြင့်တွေ့ရကြောင်း၊မူလသဗ္ဗတ္ထိဝါဒဂိုဏ်းသည်ကသ္မီယမှအာရှအလယ်ပိုင်းဒေသတစ်လျှောက်သို့ပျံ့နှံ့သွားရာပိဋကတ်များပြန့်ပွားသွားကြောင်း၊ယင်းအထဲကမှအရေးကြီးလှသောပေရွက်တစ်ရွက်မှာဒေဝနာဂရီအက္ခရာကက္ကတမဟာပရိနိဗ္ဗာနသုတ်ပင်ဖြစ်ကြောင်း၊နိဗ္ဗာနကဏ္ဍသည်တရုတ်ပိဋကတ်တော်ကိုနှောင်းဆရာတို့ကအပိုင်းအခြားပြုရာတွင်သုတ္တန္တပိဋက၏ပဉ္စမမြောက်ကဏ္ဍအဖြစ်ပါဝင်လာခဲ့ကြောင်း၊သက္ကတမဟာပရိနိဗ္ဗာနသုတ်သည်ပါဠိမဟာပရိနိဗ္ဗာနသုတ်နှင့်လည်းကောင်း၊တိဗက်မဟာပရိနိဗ္ဗာနသုတ်နှင့်လည်းကောင်းအလွန်ခြားနားလျှက်ရှိကာသက္ကတမဟာပရိနိဗ္ဗာနသုတ်တွင်ဤသုတ်၏ဂုဏ်တော်၊ဤသုတ်ကမ္ဘာအနှံ့ပြန့်မည့်အကြောင်းတို့ကိုတထာဂတဗုဒ္ဗနှင့်ကဿပမထေရ်တို့အပြန်အလှန်မြွက်ကြားကြသည်ကိုတွေ့ရကြောင်း၊ခရစ်နှစ်၂၉ဝ-၃ဝ၆ ခုနှစ်အတွင်းတရုတ်ဆရာတော်ပိုဖာ့စုပြန်ဆိုသောမဟာပရိနိဗ္ဗာနသုတ်ကိုအစောဆုံးတွေ့ရကြောင်း၊နောက်အကျဆုံးသုတ်မှာခရစ်နှစ်၄၁၄-၄၂ဝအတွင်းဆရာတော်ဖာဟီရန်ဘာသာပြန်သောမဟာပရိနိဗ္ဗာနသုတ္တ ဖြစ်ကြောင်း၊ခရစ်နှစ်၃၈၆-၅၅ဝအတွင်းအိန္ဒိယပြည်သားဆရာတော် ဓမ္မဗောဓိသည် မဟာပရိနိဗ္ဗာနသုတ္တန္တသျှဩကျမ်း ကိုပြန်ဆိုခဲ့ကြောင်း၊တရုတ်သုတ္တန္တပိဋကတွင်မဟာပရိနိဗ္ဗာနသုတ်သည်အထင်ရှားဆုံးဖြစ်ကြောင်း၊ မဟာပရိနိဗ္ဗာနသုတ်သည်တရုတ်ပြည်တောင်ပိုင်းနှင့်မြောက်ပိုင်းနှစ်ခုစလုံးတွင်အလွန်အလေးအမြတ်ပြုခံရကြောင်း၊ဗုဒ္ဓဝါဒဂိုဏ်းခွဲများဖြစ်သောကျင်ဒင်ဂိုဏ်း၊အဝတံသဂိုဏ်း၊နိဗ္ဗာနဂိုဏ်းတို့သည်ဤသုတ်ကိုအထူးတလည်လေးမြတ်စွာထိန်းသိမ်းကြကြောင်းစသည်ဖြင့်ဖော်ပြထားသည်ကိုတွေ့ရသည်။
ဆရာငြိမ်းကျော်သည်ပျူနှင့်ပတ်သက်၍လည်းမဂ္ဂဇင်း၊စာစောင်များတွင်ဆောင်းပါးစာတမ်းများရေးသား၍တင်ပြခဲ့သည်။
၁၉၈၄ခုနှစ်ဇူလိုင်လထုတ်စာဟေဝန်တွင်ပါရှိသည့်ပျူခေတ်ရဟန္တာသည်လီတောက်ယွန်၏ဆွိကျင်ကျူခေါ်တရုတ်ရှေးဟောင်းသမိုင်းကျမ်းတွင်ဖော်ပြထားသည့်လင်ယန်နိုင်ငံမှရဟန္တာပုဂ္ဂိုလ်ထူးအကြောင်းတင်ပြထားသည့်ဆောင်းပါးဖြစ်သည်။့်လင်ယန်သည်ခရစ်နှစ်၅ရာစုတွင်ထွန်းကားခဲ့သည့်မိုင်းမော၊ဗိဿနိုး၊သရေခေတ္တရာ၊ဟန်လင်း၊ပျူမြို့များအနက်မြို့တစ်မြို့ဖြစ်ကြောင်းမှတ်ချက်ချထားသည်ကိုတွေ့ရသည်။၁၉၈၄ခုနှစ်ဧြပီလထုတ်စာဟေဝန်၌ပင်ပျူဝါဂီနစ်ရုပ်များအကြောင်းကိုတင်ပြထားရာယင်းဆောင်းပါးတွင်ဘုရားမာစေတီတော်ကြီးအနီးမှတူးဖော်ရရှိသောအရုပ်ကလေးများ၏ဟန်ပန်အမူအရာမှာပလွေမှုတ်နေဟန်၊ဗုံတီးနေဟန်၊ခွက်ခွင်းတီးနေဟန်၊ကနေဟန်၊အထုပ်တစ်ထုပ်ကိုကျောပိုး၍ကနေဟန်ပျူဝါဂီနစ်ရုပ်တုကလေးများအကြောင်းကိုရေးသားထားခြင်းဖြစ်သည်။ရှေးဟောင်းသုတေသနအထောက်အထား၊တရုတ်မှတ်တမ်းများကိုကိုးကား၍ရေးသားထားသည်။
၁၉၈၄ခုနှစ်စက်တင်ဘာလထုတ်စာဟေဝန်ဗိဿနိုးနှင့်ဒွါရဝတီမြို့ဟောင်းရှိဆင်းတုရုပ်တုအပိုင်းအစများစာတမ်းတွင်ဗိဿနိုးမြို့ဟောင်း၌တွေ့ရသောကျောက်ရုပ်တုနှင့်ဒွါရဝတီမြို့ဟောင်းအနီးမုန်ဗွန်တွင်တွေ့ရသည့်အုပ်ခွက်ရုပ်များအပေါ်ပညာရှင်အသီးသီး၏ထင်မြင်ယူဆချက်များကိုတင်ပြထားသည်။
၁၉၈၅ခုနှစ်မေလနှင့်ဇွန်လထုတ်ကလျာမဂ္ဂဇင်းတွင်ပါရှိသည့်ဗိဿနိုးနှင့်ဟန်လင်းပျူနိုင်ငံရောက်ဗုဒ္ဓဝါဒဂိုဏ်းများစာတမ်းမှာဗိဿနိုးနှင့်ဟန်လင်းရောက်ဗဟုသုတိယဂိုဏ်း၊မဟိသာသကဂိုဏ်းတို့၏ဗုဒ္ဓအယူအဆများအကြောင်း၊ဗိဿနိုးနှင့်ဟန်လင်းတွင်အဝရမဟာဝိနသေလိယဂိုဏ်းနှင့်မဟာဝိဟာရဝါသီဂိုဏ်းတို့ရောက်ရှိခဲ့ကြပုံအကြောင်း၊သက္ကတဗုဒ္ဓဝါဒဂိုဏ်းလာဆင်းတု၊စေတီ၊ထူပါကိုးကွယ်သောအယူဝါဒများအကြောင်း၊ဟန်လင်းတွင်စေတီ၊ဆင်းတုမကိုးကွယ်သောဗုဒ္ဓဝါဒဂိုဏ်းများရောက်ခဲ့သော်လည်းသရေခေတ္တရာသို့ယင်းဂိုဏ်းများမရောက်ခဲ့သည့်အကြောင်းများကိုသုံးသပ်တင်ပြထားသည်။
ဆရာငြိမ်းကျော်သည်ကွယ်လွန်ချိန်အထိသုတေသနစာတမ်းခုနစ်စောင်၊သုတေသနစာအုပ်တစ်အုပ်တို့ကိုရေးသားပြုစုသွားခဲ့သည်။အဆိုပါသုတေသနကျမ်းများနှင့်ပင်ဆရာငြိမ်းကျော်ကိုဒေါက်တာဘွဲ့(ပါရဂူဘွဲ့)ပေးလျှင်ဒေါက်တာဘွဲ့နှင့်ထိုက်တန်နေပေပြီ။ထို့ကြောင့်ပင်၁၉၇၂ခုနှစ်တွင်မြန်မာနိုင်ငံသုတေသနအသင်းကြီး၌အထွေထွေလက်ထောက်အတွင်းရေးမှူးအဖြစ်ခန့်ထားခြင်းခံခဲ့ရသည်။ထိုအချိန်ကဘွဲ့ပင်မရသေးပေ။သို့သော်ဘွဲ့ရသူများထက်ပင်ထူးချွန်တော်နေသူဖြစ်သည်။၁၉၇၄ခုနှစ်ကျမှဝိဇ္ဇာဘွဲ့(မြန်မာစာ)တန်းကိုဘာသာရပ်အားလုံး၌စကားပြေအထူးဆုဖြင့်အောင်မြင်ပြီးမဟာဝိဇ္ဇာအဆင့်မီခဲ့သည်။စာတမ်းများကိုအမည်ရင်းကိုမောင်မောင်ကြီးဖြင့်ရေးသားသည်။
နောက်ဆုံးဖတ်ကြားသွားသည့်စာတမ်းမှာမစ္စတာလုစ်၊ဦးဖိုးလတ်နှင့်ဦးဖေမောင်တင်တို့၏မြန်မာအစနှင့်ပတ်သက်သည့်အငြင်းပွားပြဿနာကိုစေ့ငုထားသည့်စာတမ်းဖြစ်သည်။စာတမ်းခေါင်းစဉ်ကိုမမှတ်မိတော့။စာတမ်းတစ်စောင်ရရှိထားသော်လည်းအသိမ်းလွန်၍ပြန်ရှာရာမတွေ့သဖြင့်ဖော်ပြနိုင်ခြင်းမရှိသည်ကိုဝမ်းနည်းမိသည်။မိမိနှင့်သူ့သူငယ်ချင်းဦးခင်မောင်ရင်တို့ကသူ့ကိုကူညီ၍စာတမ်းများကိုလိုက်လံဝေငှပေးရသည်။မြန်မာနိုင်ငံသုတေသနအသင်း၏နောက်ဆုံးစာတမ်းဖတ်ပွဲလည်းဖြစ်သည်။ထိုစာတမ်းဖတ်ပွဲအပြီးမြန်မာနိုင်ငံသုတေသနအသင်းကိုဖျက်သိမ်းခဲ့သည်။ယင်းစာတမ်းကိုမည်သည့်စာစောင်၊မဂ္ဂဇင်းများတွင်မျှပုံနှိပ်ခြင်းမပြုရသေးဟုထင်သည်။
ဆရာစာတမ်းမဖတ်မီစာတမ်းတွင်ပါရှိသည့်အမည်နာမတရုတ်စာလုံးများကိုကျောက်သင်ပုန်းတွင်ဆရာကိုယ်တိုင်တရုပ်လိုရေးသားနေသည်ကိုသတိရနေမိသည်။ဆရာသည်တရုပ်စာကိုသုတေသနပညာရှင်ဦးရည်စိန်ထံမှသင်ကြားဖူးသည်ဟုကြားသိရသည်။
အမှန်မှာဆရာငြိမ်းကျော်၏သုတေသနစာတမ်းများကိုစာအုပ်အဖြစ်ပုံနှိပ်ထုတ်ဝေသင့်ပေသည်။ဆရာငြိမ်းကျော်ကိုယ်တိုင်သူရေးသားပြုစုသုတေသနပြုခဲ့သောစာတမ်းများကိုပုံနှိပ်ထုတ်ဝေရန်အစီအစဉ်ရှိခဲ့သည်။
ဆရာမကွယ်လွန်မီတစ်နေ့တွင်ဆရာမနှင်းဝေငြိမ်း၏မြန်မာ့အာမခံရုံးဘေးနားကလက်ဖက်ရည်ဆိုင်တွင်လက်ဖက်ရည်သောက်ရင်းဆရာငြိမ်းကျော်ကမိမိအား
မောင်ရင့်ဆီမှာကိုယ်ရေးတဲ့စာတမ်းတွေရှိတယ်ဆို။ကိုယ့်ကိုခဏငှါးပါ။စာအုပ်အဖြစ်ရိုက်ချင်လို့ဟုတောင်းဖူးသည်ကိုအမှတ်ရမိသည်။သို့သော်ဆရာငြမ်းကျော်ကွယ်လွန်သွားသော်လည်း ငွေတောင်၊သုဓနု၊မနော်ဟရီဇာတ်နှင့်သမိုင်းကြောင်းသုတေသနကျမ်းမှလွဲ၍ကျန်စာတမ်းများကစာအုပ်အဖြစ်မရောက်လာခဲ့ပေ။
မိမိသည်ဆရာငြိမ်းကျော်ရှိရာအင်းစိန်ပေါက်တောရပ်ရှိနေအိမ်သို့မကြာခဏရောက်ရှိတတ်ရာသူလုပ်ဆောင်လျှက်ရှိသည့်သုတေသနများ၊စာပေစကားများကိုကြားနာရသည်မှာတန်ဖိုးရှိလှပေသည်။သုတေသနနှင့်စာပေအကြောင်းပြောရမည်ဆိုလျှင်မမောနိုင်၊မပန်းနိုင်စိတ်ရှည်စွာထမင်းမေ့၊ဟင်းမေ့ မေ့တတ်သူပင်။သူနောက်ဆုံးပြုစုလျက်မပြီးစီးသွားဘဲသုတေသနပြုစုနေသည့်ကျမ်းမှာ ပျူပြက္ခဒိန် ကျမ်းဖြစ်သည်။အလွန်တန်ဖိုးကြီးမားသည့်ကျမ်းဖြစ်သည်။
ဆရာငြိမ်းကျော်သည်သုတေသနကောင်းတစ်ဦးအဖြစ်သာမကဝတ္ထုအရေးကောင်းသူ၊သရော်စာအရေးကောင်းသူတစ်ဦးလည်းဖြစ်သည်။၁၉၅၉ခုနှစ်ကတည်းကမြဝတီမဂ္ဂဇင်း၌မောင်ယမုန်ကလောင်အမည်ဖြင့်ချစ်သည်ဆိုယုံမျှဖြင့်ဝတ္ထုတိုကိုစတင်ရေးသားခဲ့ကာနောက်ပိုင်းတွင်ဝတ္ထုတို၊ဝတ္ထုလတ်၊ဝတ္ထုရှည်နှင့်လုံးချင်းဝတ္ထုများစွာရေးသားခဲ့လေသည်။မြဝတီမဂ္ဂဇင်း၊ငွေတာရီမဂ္ဂဇင်းတို့၌ကိုဘောဂ၊ပစ္စည်းဟောင်းများရောင်းရန်ရှိသည်၊သုသာန်၌သနပ်ခါးလူးခြင်းတို့သည်စာပေလောက၌ပြောစမှတ်ပြုခံရသည့်ဝတ္ထုတိုများဖြစ်ကြသည်။ထို့နောက်ဝတ္ထုလတ်၊ဝတ္ထုရှည်များကိုစိုက်လိုက်မတ်တတ်ရေးသားခဲ့ရာရှုမဝမဂ္ဂဇင်းတွင်ပါရှိသောပဉ္စမမြောက်ဆောင်းရက်များ၊အသည်းနှလုံး၏သမ္မာကျမ်းစာသစ်တို့သည်ထင်ရှားသည့်ဝတ္ထုများပင်ဖြစ်သည်။
ရှုမဝမဂ္ဂဇင်းတွင်ပါရှိသည့် ပဉ္မမမြောက်ဆောင်းရက်များ၊စိမ်းလန်းသောနှုတ်ခမ်း၏အမိန့်တော်ပြန်တမ်း ဝတ္ထုရှည်များမှအစပြုကာ နှလုံးသားမြို့ဟောင်းတူးဖေါ်ချက်နောက်ဆုံးအစီရင်ခံစာလုံးချင်းဝတ္ထုဖြင့်တစ်ဟုန်ထိုးနာမည်ကျော်ကြားလာသည့်ဆရာငြိမ်းကျော်သည်ဝတ္ထုများကိုအဆက်မပြတ်ရေးသားလာရ၍နောက်ပိုင်းတွင်သုတေသနလုပ်ငန်းကိုထုံ့ပိုင်းထုံ့ပိုင်းသာလုပ်နိုင်တော့သည်ကိုတွေ့ရသည်။နာမည်ရလာ၍ဝတ္ထုစာအုပ်များတစ်အုပ်ပြီးတစ်အုပ်ထွက်လာလေတော့သည်။ဝတ္ထုနာမည်ကိုရှည်ရှည်လျားလျားပေးတတ်သလိုဇာတ်လမ်းထက်ဇာတ်ဆောင်စရိုက်ကိုအသားပေးကာပရိတ်သတ်ကိုဖမ်းစားနိုင်ခဲ့သောဝတ္ထုများသာဖြစ်ကြသည်။ဝတ္ထုများတွင်နှလုံးမွေ့လျော်ဖွယ်တက္ကသိုလ်နောက်ခံထားရေးဖွဲ့သည့်ဝတ္ထုများသည်။ပထမဆုံးလုံးချင်းဝတ္ထု နှလုံးသားမြို့ဟောင်းတူးဖေါ်ချက်နောက်ဆုံးအစီရင်ခံစာကို၁၉၇၅ခုနှစ်တွင်ရေးသားခဲ့ပြီးမိဘနှင့်သားသမီးတို့ချစ်ရေးကိစ္စကိုအဓိကရေးဖွဲ့ထားသောအချစ်ဦးသို့ရွှေနားတော်သွင်းဧချင်းဝတ္ထုကို၁၉၇၆ခုနှစ်တွင်ရေးဖွဲ့ကာသေခြင်းတရားကိုဆန့်ကျင်ဦးတည်ထားရေးဖွဲ့ထားသည့်မိုးမသောက်မှောင်မိုက်အရိပ်မပြေးမီဝတ္ထုကို၁၉၇၆ခုနှစ်တွင်ရေးသားခဲ့သည်။အချစ်ကိုရှာဖွေရင်းအချစ်ကိုမတွေ့ဘဲဘဝကိုသာတွေ့ရသည်ကိုရေးဖွဲ့ထားသည့်အချစ်ရပ်ဝန်းဒေသကို၁၉၇၉ခုနှစ်တွင်ရေးသားခဲ့သည်။
၁၉၇ခုနှစ်တွင်ရေးသားခဲ့သည့်အပြာရောင်သစ်ခွပွင့်၏သမိုင်းအစဝတ္ထုမှာစာပေနယ်တွင်ပြောစမှတ်ပြုချီးကျူးခံရသည့်ဝတ္ထုဖြစ်သည်။ဦးတည်ချက်မှာအမျိုးသမီးတစ်ဦး၏အချစ်ရေးဆိုင်ရာအားမာန်ကိုရေးဖွဲ့ဖေါ်ပြထားသည့်ဝတ္ထုဖြစ်သည်။သစ်ပင်ကိုမှီ၍မရှင်သန်လိုသောသစ်ခွမျိုးလိုယောကျာ်းအမှီခိုကင်းလိုသည့်အမျိုးသမီးတစ်ဦးအကြောင်းရေးဖွဲ့ထားခြင်းဖြစ်သည်။
ဆရာငြိမ်းကျော်သည်ကွယ်လွန်သည်အထိလုံးချင်းဝတ္ထု၆၅အုပ်၊ဝတ္ထုလတ်၄ဝနှင့်ဝတ္ထုတို၁ဝဝကျော်ရေးသားခဲ့သည်။
ဆရာငြိမ်းကျော်ရေးသားထုတ်ဝေခဲ့သည့်လုံးချင်းဝတ္ထုများမှာ-
(1) နှလုံးသားမြို့ဟောင်းတူးဖော်ချက်နောက်ဆုံးအစီရင်ခံစာ
(2) အတိတ်လွင်ပြင်ကိုဖြတ်သန်းလာသောအကြင်နာမျက်နှာစိမ်း
(3) အချစ်ဦးသို့ရွှေနားတော်သွင်းဧချင်း
(4) မိုးမသောက်မှောင်မိုက်အရိပ်မပြေးမီ
(5) မြောက်ပြန်လေတွင်တင်သောကမ္ပည်း
(6) ပဉ္စမမြောက်သမ္မာကျမ်းစာသစ်၏အမိန့်တော်ပြန်တမ်း
ပဉ္စမမြောက်ဆောင်းရက်များ
အသည်းနှလုံး၏သမ္မာကျမ်းစာသစ်
စိမ်းလန်းသောနှုတ်ခမ်း၏အမိန့်တော်ပြန်တမ်း
(၇)အပြာရောင်သစ်ခွပွင့်ရဲ့သမိုင်းအစ
(၈)အခုတော့လည်းတစိမ်းတွေလိုပါပဲလား
(၉)အချစ်ရပ်ဝန်းဒေသ
(၁ဝ)နံ့သာပင်ရိပ်မှာချွေးသိပ်ဖြေတော့ကွယ်
(၁၁)မိုးစက်ပွင့်သို့တမ်းခြင်း
(၁၂)အလွမ်းစကား
(၁၃)ပန်းဇာဖြူ
(၁၄)ပြောပြလိုက်ပါရှင်မွေလွန်းပွင့်ရယ်
(၁၅)တမ်းတခြင်းများစွာဖြင့်
(၁၆)မြူနှင်းများလွင့်ပြယ်စ
(၁၇)ရင်နှင့်အမျှ
(၁၈)ချစ်ခြင်းတရား၏ကျေးဇူးမဲ့တရားကိုထာဝရမဆိုတတ်သော
(၁၉)နှလုံးသည်းပွတ်တို့မည်သည်ဘာသာပြန်၍မရစကောင်း
(၂ဝ)လွမ်းလို့ကျန်ရစ်ခဲ့မှာကိုအားနာပါတယ်လေ
(၂၁)ကာလများစွာကြာမြင့်ခဲ့သော်
(၂၂)အချစ်၏မျက်နှာကိုရှာဖွေတွေ့ရှိခဲ့ပြီ
(၂၃)ပါရမီဖက်ခင်မွန်
(၂၄)တစ်ခါက
(၂၅)ဆောင်းဦးပေါက်လျှင်
(၂၆)နှောင်းခဲ့ပြီနွေ
(၂၇)လွမ်းခဲ့သမျှသုံးရာသီ
(၂၈)အစဉ်သဖြင့်
(၂၉)တခဏတော့လွမ်းတာရှည်
(၃ဝ)ချစ်သူစင်စစ်ဧကန်ဖြစ်ပါလျက်
(၃၁)မြက်ဖျားနှင်း
(၃၂)သံယောဇဉ်နံနက်ခင်းမှာ
(၃၃)သမုဒယမော်ကွန်းတွင်ရစ်စေသတည်း
(၃၄)ဝေးသောအခါမှာ
(၃၅)တောနှင့်တောင်စွယ်လွမ်းဖွယ်မြင်သည်ငြိမ်း
(၃၆)မြတ်ပန်းရည်ချိုခန်းခဲ့ပြီ
(၃၇)သစ်ရည်တက်ချိန်လွမ်းတချိန်
(၃၈)အောက်မေ့တသခြင်းကင်းသော
(၃၉)နှင်းခဲပွင့်ကန္တာရအလွမ်း
(၄ဝ)ဇမ္ဗူဒီပါလက်ယာတောင်စွန်းကလွမ်းတတ်တဲ့သူ
(၄၁)မျှော်လင့်ထားသည်မှအပ
(၄၂)ပဉ္စမမြောက်ဆောင်းရက်များ
(၄၃)နွေဦးဝင်သော်
(၄၄)ဆုံစည်းတန်ကောင်းပါရဲ့မြခင်ခင်
(၄၅)ဒေါင်းတစ်တွန် စွန်တဝဲဝေးသည်ကိုမျှ
(၄၆)ပြန်သွားတော့လွမ်းမှာပေါ့
(၄၇)သံသရာရေမြေခြားစေဦးတော့
(၄၈)နှစ်မကူးလမပျံ
(၄၉)အကြွင်းမဲ့
(၅ဝ)ထားခဲ့ပြီ
(၅၁)နေစိမ့်ပါရဲ့
(၅၂)ကျွန်တော်လွမ်းသည် ကျွန်မလွမ်းသည်
(၅၃)ခါနွေဆန်းတော့လွမ်းမိတယ်
(၅၄)ပစ်ပစ်ခါခါ
(၅၅)အခုလိုသာဆိုရင်
(၅၆)အိပ်မက်၌ပင်
(၅၇)ရာသက်ပန်
(၅၈)အချစ်ရယ်..တောင်စွယ်မှာနေကွယ်မှတော့
(၅၉)သတိတရနေ့ညသင်္ချေ
(၆ဝ)အချစ်အတွက်သစ္စာတိုင်ရတုတစ်ပုဒ်
(၆၁)တသသ
(၆၂)မောင့်ဦးရစ်သရဖူ
(၆၃)ငဲ့ငဲ့ညှာညှာ
(၆၄)ဣန္ဒြေကြီးစွာ
(၆၅)ခင် တို့ဖြစ်ကြသည်။
ဆရာငြိမ်းကျော်ဝတ္ထုရေးရာတွင်ဟစ်ထိုင်တည်းဖြင့်အဆက်မပြတ်ရေးတတ်သည်။လက်ရေးကလည်းလှသည်။ဖျက်ရာခြစ်ရာမတွေ့ရတတ်၊စာရေးသားရာတွင်ဖောင်တိန်ဖြင့်ရေးသည်။
တစ်နေ့တက္ကသိုလ်ပုံနှိပ်တိုက်နှစ်၅ဝရွှေရတုမဂ္ဂဇင်းအတွက်သူ့ထံမှဝတ္ထုတောင်းရာမဂ္ဂဇင်းဖောင်ပိတ်ခါနီးအထိမရခဲ့။နောက်ဆုံးမဂ္ဂဇင်းဖြစ်မြောက်ရေးအဖွဲ့ကိုအားနာလာသည်ထင်၏။ကိုယ့်ကိုတက္ကသိုလ်ပုံနှိပ်တိုက်သာခေါ်သွားပေတော့။အဲဒီမှာအပြီးရေးမယ် ဟုဆိုသည်။သူသည်ပုံနှိပ်တိုက်ရှိအခန်းတစ်ခန်းထဲတွင်ဝတ္ထုရေးသားနေရာနောက်ဆုံးအဆင့်အဆုံးသတ်ရန်နှစ်မျက်နှာလောက်အလိုတွင်ညမှောင်လာပြီဖြစ်၍မောင်ရင်တို့ကိုမနက်ဖြန်အဆုံးသတ်နှစ်မျက်နှာစာလာပေးမယ် ဟုဆိုကာစာမူများကိုပေး၍ပြန်သွားသည်။နောက်နေ့တွင်ဝတ္ထုအဆုံးသတ်နှစ်မျက်နှာလာပို့သွားသည်။အကြောင်းအရာဇာတ်လမ်းကိုခေါင်းထဲတွင်အုံကျင်းဖွဲ့စည်းထားပြီးတစ်ဆက်တည်းတစ်ထိုင်တည်းရေးနိုင်စွမ်းသူဖြစ်သည်။
တစ်နေ့ဆရာငြိမ်းကျော်သည်မိမိအားဖိတ်စာတစ်စောင်ပေးကာသူရေးသည့်ထားခဲ့ပြီဝတ္ထုကိုသူကိုယ်တိုင်ဒါရိုက်တာလုပ်ရိုက်မည့်ကန်တော့ပွဲပေးပွဲသို့လာရောက်ရန်ဖိတ်ကြားရာဗီဒီယိုကားကန်တော့ပွဲပေးသည့်အလုံသီရိမင်္ဂင်္လာဈေးအနီးတိုက်ခန်းတစ်ခန်းသို့သွားရောက်အားပေးခဲ့သည်။သူကွယ်လွန်ခါနီးအချိန်လောက်တွင်ရိုက်ခဲ့သည့်ကားဖြစ်၍ထားခဲ့ပြီဆိုသည့်အတိုင်းနိမိတ်ပြသွားသလားဟုထင်မိသည်။ထို့အတူဆရာ့ဝတ္ထုများဖြစ်သောလွမ်းလို့ကျန်ရစ်ခဲ့မှာကိုအားနာပါတယ်လေ၊ပြန်သွားတော့လွမ်းမှာပေါ့၊အချစ်ရယ်..တောင်စွယ်မှာနေကွယ်မှတော့များသည်လည်းဆရာ့ကိုချစ်သော၊ခင်သောဆရာ့မိသားစု၊ဆရာ့မိတ်ဆွေသူငယ်ချင်း၊ဆရာ့စာဖတ်ပရိတ်သတ်အားလုံးကိုလွမ်းတသသဖြစ်အောင်ခေါင်းစဉ်ကိုရွေးပြီးပေးခဲ့သလားဟုအောက်မေ့မှတ်ထင်နေမိပါသည်။
ဆရာကွယ်လွန်တော့ဆရာ့ရုပ်အလောင်းကိုကြံတောသင်္ချိုင်းတွင်သင်္ဂြိုဟ်သည်။လိုက်ပို့သူများမှာများပြားလွန်း၍ခန်းမထဲတွင်နေရာမဆံ့ဖြစ်ကာအပြင်ဘက်တွင်ရပ်နေသူများမှာအများအပြားပင်။ဆရာထီလာစစ်သူကဇာပဝါလွှမ်းထားသောဆရာ့နဖူးပေါ်လက်တင်ကာဆုတောင်းပေးနေသည်ကိုမှတ်မိနေမိသည်။
ဆရာသည်၁၉၄၃ခုနှစ်ဇန်နဝါရီ၂ဝရက်တွင်မွေးဖွားခဲ့ပြီး၁၉၉၅ခုနှစ်အောက်တိုဘာ၁ရရက်၌ကွယ်လွန်ခဲ့ရာကွယ်လွန်ချိန်တွင်အသက်၅၂နှစ်အရွယ်စာရေးသားနိုင်ဆုံးအရွယ်၌ကွယ်လွန်သွားခဲ့ရာစာပေလောကအတွက်လွန်စွာနှမြောစရာကောင်းလှပေသည်။
ဆရာကွယ်လွန်သွားခြင်းသည်တန်ဖိုးမဖြတ်နိုင်သောဆုံးရှုံးမှုဖြစ်သည်။သို့သော်ဆရာ့စာပေလက်ရာများကားကမ္ဘာတည်သရွေ့မွှေးပျံ့ကြိုင်လှိုင်နေမည်သာဖြစ်ပါသည်။
မောင်ခေတ်ထွန်း
မှီငြမ်းပြုစာအုပ်စာတမ်းများ -
၁။ ငြိမ်းကျော်- ၈ဝ၂ခုနှစ်သရေခေတ္တရာတရုတ်နိုင်ငံရောက်ပျူဂီတအဖွဲ့တူရိယာနှင့်စကားစာတမ်း
တက္ကသိုလ်ပညာပဒေသာ(ဝိဇ္ဇာ)တွဲ-၉၊အပိုင်း-(၁)
၂။ ငြိမ်းကျော်- ငွေတောင် သုဓနု၊မနောဟရီဇာတ်နှင့် သမိုင်းကြောင်း သုတေသန၊ စာသဘင် စာပေတိုက်၊ရန်ကုန်၊(ပ)ကြိမ်၊၁၉၇၃၊စက်တင်ဘာ။
၃။ ငြိမ်းကျော်- မဟာပရိနိဗ္ဗာနသုတ္တန်များပထမသင်္ဂါယနာဗုဒ္ဓယဉ်ကျေးမှုသုတေသန၊သစ္စာ
စာစောင်၊ရန်ကုန်၊၁၉၈၉ခုနှစ်၊ဇူလိုင်၊ဩဂုတ်။
၄။ ငြိမ်းကျော်- ဝတ္ထုတိုပေါင်းချုပ်၊(ပ)ကြိမ်၊စိတ်ကူးချိုချိုစာပေတိုက်၊ရန်ကုန်၊၂ဝ၁၆၊ဇွန်။
၅။ ငြိမ်းကျော်- ဝတ္ထုလတ်ပေါင်းချုပ်၊(ပ)ကြိမ်၊စိတ်ကူးချိုချိုစာပေတိုက်၊ရန်ကုန်၊ ၂ဝ၁၇၊
ဇန်နဝါရီလ။
၆။ မလိခ - မြန်မာဝတ္ထုအညွှန်း-၆၊(ပ)ကြိမ်၊အားမာန်သစ်စာပေ၊ရန်ကုန်၊၁၉၉ဝ၊စက်တင်ဘာ
၇။ မောင်ခေတ်ထွန်း-ထင်ပေါ်ကျော်ကြား၊စာပေငွေကြယ်ပွင့်များ၊နေမင်းရာဇာစာပေ၊ရန်ကုန်၊
၂ဝ၁၇၊ ဇန်နဝါရီလ။
၈။ - ငြိမ်းကျော်သို့လွမ်းတသသအမှတ်တရစာစုများ၊(ပ)ကြိမ်၊ဇင်ရတနာစာပေ၊
ရန်ကုန်၊၂ဝ၁၃၊အောက်တိုဘာလ။

No comments:

Post a Comment