Tuesday, August 28, 2018

ချစ်ခရီးရှည်

“ Long journey into love” ဆိုရင်အသက်လေးဆယ်တစ်ဝိုက်နိုင်ငံခြားရုပ်ရှင်ချစ်သူတွေမှတ်များမှတ်မိမလားပဲ။၈ဝစုနှစ်များဆီကမြန်မာ့ရုပ်သံမှာလည်းလွှင့်သွားခဲ့ဘူးတယ်။ကျွန်တော်သိတ်နှစ်သက်တဲ့ဂျပန်အချစ်ဇာတ်ကားလေးကိုကိုယ့်ဖါသာ“ချစ်ခရီးရှည်”လို့အရမ်းဘာသာပြန်ပစ်လိုက်တယ်။
ချီကာစံအမည်ရတဲ့ဆင်းရဲသားဂျပန်အမျိုးသမီးတစ်ဦးရဲ့အချစ်ဇာတ်လမ်းလေးပေါ့။ရက်ကန်းသမလေးချီကာစံဟာသူ့အလုပ်ရှင်ရဲ့သားနဲ့ချစ်သူတွေဖြစ်ကြတယ်။မိဘတွေကချမ်းသာသူတွေမို့သဘောမတူကြဘူး။စစ်ကြီးဖြစ်တော့သူ့ချစ်သူဟာစစ်မှုထမ်းဖို့ဆင့်ခေါ်ခြင်းခံရတယ်။စစ်ပွဲပြီးတော့ကောင်လေးအိမ်ကိုပြန်လာပေမယ့်လက်တစ်ဖက်တော့တိုက်ပွဲမှာစွန့်လွှတ်ခဲ့ရတယ်။ဒုက္ခိတဖြစ်သွားသည့်တိုင်အောင်ကောင်လေးမိဘတွေကချီကာစံနဲ့မပေးစားပဲသူတို့လိုငွေကြေးပြည့်စုံတဲ့သူဌေးသမီးတစ်ဦးနဲ့ပေးစားလိုက်တယ်။ချီကာစံမှာကောင်လေးနဲ့ရတဲ့ကိုယ်ဝန်ကျန်ခဲ့တယ်။
အဲဒီနောက်တစ်ရွာတည်းနေအရက်သမားနဲ့ချီကာစံအိမ်ထောင်ပြုလိုက်ရတယ်။သမီးလေးမွေးလာပြီးတော့လင်ဖြစ်သူအရက်သမားကသူနဲ့ရတဲ့သမီးမဟုတ်ဘူးဆိုပြီးအမြဲပြစ်တင်ရိုက်ပုတ်တယ်။ပြီးတော့အရက်ကိုပိုလို့ပိုလို့သောက်ရင်းအိမ်ထောင်ရေးအဆင်မပြေဖြစ်လာတယ်။မကြာပါဘူး။အရက်အမူးလွန်ပြီးရထားကြိတ်ခံရတယ်။ယောက္ခမတွေကသူ့သားသေရတာဟာချီကာစံကြောင့်ဆိုပြီးစွပ်စွဲတဲ့အဆုံးသမီးလေးနဲ့အတူရွာကိုစွန့်ခွါခဲ့တော့တယ်။
အရင်ချစ်သူဟောင်းလိုက်လာပြီးသူတကယ်ချစ်တာကချီကာစံဖြစ်ကြောင်းပြောပြီးပေါင်းသင်းဖို့ကြိုးစားပေမယ့်ချီကာစံက(သမီးလေးမျက်နှာငဲ့ပြီး)ငြင်းပယ်လိုက်တယ်။
အမေတစ်ခု၊သမီးတစ်ခုနဲ့ခဲခဲယဉ်းယဉ်းဘဝကိုဖြတ်သန်းရင်းသမီးလေးကိုစောင့်ရှောက်ခဲ့တယ်။သူ့ဘဝခက်ခဲကြမ်းတမ်းသလိုသူ့သမီးမဖြစ်စေရအောင်ပြုစုပျိုးထောင်ပေးရင်းသမီးလေးအရွယ်ရောက်လာတယ်။
တနေ့မှာသမီးကသူ့ချစ်သူကောင်လေးကိုခေါ်လာပြီးချီကာစံနဲ့မိတ်ဆက်ပေးတယ်။ချီကာစံစိတ်ဆင်းရဲရတဲ့နေ့ပေါ့။ကောင်လေးကအလုပ်မည်မည်ရရမဟုတ်တဲ့မော်ဒန်အနုပညာသမားလေး၊ Pottery ပညာသည်။နေတာထိုင်တာလည်းပစ္စလက္ခတ်၊လူပုံကညှင်းသိုးသိုး။မိခင်တစ်ယောက်ရဲ့ခံစားရတဲ့ဒုက္ခကိုကိုယ်ချင်းစာမိ။သူ့သမီးကိုသူ့လိုမဖြစ်စေချင်တဲ့မိဘရဲ့မေတ္တåာကိုခံစားလိုက်ရတယ်။ဇာတ်သိမ်းတော့သမီးနဲ့သူ့ချစ်သူတို့လက်ထပ်သွားတာကိုချီကာစံသဘောတူခွင့်ပြုလိုက်ရတယ်။
ငယ်နုစဉ်ချစ်ခဲ့ရတဲ့ချစ်သူအပေါ်ထားရတဲ့မေတåာဟာတိုတောင်းလှပေမယ့်အင်မတန်ပူလောင်ပြီးသားသမီးအပေါ်ထားရတဲ့မိဘမေတåာသည်သာရှည်လျှားတဲ့ချစ်ခရီးရှည်ကြီးဖြစ်ကြောင်းအဖွားချီကာစံကသက်သေပြလိုက်တယ်။
ပေပေါင်း(၁၇ဝဝဝ)ကျော်ဇာတ်လမ်းရှည်ကြီးကိုသုံးနာရီနီးပါးကြည့်ရပေမယ့်ပျင်းရိငြီးငွေ့ဖွယ်အလျှဉ်းမရှိခဲ့။
ဆွတ်ပျံ့လွမ်းမောဖွယ်အချစ်ဇာတ်ကားကိုလှပတဲ့စိတ်ကူးစိတ်သန်း၊ဓါတ်ပုံပညာတွေအပြင်ထူးခြားတဲ့ Montage တွေလည်းခံစားခဲ့ရ။ချီကာစံနဲ့သူဌေးသားလေးချစ်သူဖြစ်သွားတော့တငြိမ့်ငြိမ့်စီးနေတဲ့စမ်းချောင်းရေထဲကကျောက်စရစ်ခဲလေးကိုကောက်ပြီးချီကာစံကိုပေးခဲ့တယ်။စစ်ကြီးပြီး၊ကောင်လေးဒုက္ခိတဖြစ်၊အိမ်ထောင်ကျပြီးချီကာစံကိုလာတွေ့တော့လှိုင်းလေပြင်းထန်တဲ့ပင်လယ်ရဲ့ကျောက်ဆိုင်ကျောက်သားတွေပေါ်မှာပေါ့။အင်မတန်ရင်ထဲငြိတဲ့Montage ။(မောင်ဝဏ္ဏရဲ“့ပြိုမှာလေလားမိုးရဲ”့မှာအလားတူဝါးပင် Montageကိုနှစ်သက်စွာကြည့်ဘူးခဲ့။)ချီကာစံအလုပ်လုပ်ဖို့သူ့ချစ်သူအိမ်ကိုမဝံ့မရဲဝင်လာတာကိုကင်မရာအပေါ်စီးကရိုက်ပြသွားပုံများစိတ်အားငယ်စရာ၊အလွှာနှစ်ခုရဲ့ကွာခြားချက်ကိုခံစားလိုက်ရတယ်။
ဒါ့ပြင်မြောက်မြားစွာသောဓါတ်ပုံပညာတွေကိုလည်းခံစားလို့ရခဲ့တယ်။မြန်မာတွေထဲမှာလည်းဒီလိုအရည်အသွေးမြင့်တဲ့ဇာတ်ကားတွေရိုက်ခဲ့ဘူးကြောင်းခုကာလသားသမီးတွေကိုပြောပြချင်သေးတယ်။အနီးဆုံးရုပ်/မြင်မှာမကြာမကြာလွှင့်လေ့ရှိတဲ့“ချစ်တဲ့သူငယ်လေ”၊“ပန်းတွေနဲ့ဝေ”လိုအချစ်ဇာတ်ကားလေးတွေ။သာမန်ဖျော်ဖြေရေးလိုမကြည့်ပဲဒါရိုက်တာပြောချင်တဲ့မက်ဆေ့(ဂျ်)လေးတွေကိုမြင်အောင်ကြည့်စေချင်တယ်။အချိန်ရရင်“နှောင်းတမြေ့မြေ့”မြန်မာရုပ်ရှင်ဇာတ်ကားအကြောင်းဆွေးနွေးပါဦးမယ်။ခုတော့ချစ်ခရီးရှည်နဲ့ပဲအဆုံးသတ်ပါရစေတော့။

No comments:

Post a Comment