Friday, September 27, 2019

စစ်ပွဲထဲမှာကျွန်တော်မရှိတော့ဘူး

     

                  (၁)

စစ်ပွဲထဲမှာ ကျွန်တော်မပါတော့ဘူးအမေ
ကျွန်တော့်အတွက် စိတ်ပူနေမှာစိုးလို့
တိုက်ပွဲထဲမှာ  ကျွန်တော်မပါတော့တာ
သုံးလကြာပြီ.....
ကျွန်တော်ဟာ တောတောင်သဘာဝကို ချစ်တယ်
ဒါကြောင့် မြက်ခင်းစိမ်းစိမ်းပေါ်မှာ
ကျွန်တော့်နာမည်ကို ကမ္ပည်းထိုးထားတယ်
ကျွန်တော်က မြက်ခင်းအောက်မှာ အိပ်စက်လို့။

            (၂)

စစ်ပွဲထဲမှာ ကျွန်တော်မပါတော့ဘူး
သွေးညှီနံ့နဲ့ ယမ်းနံ့တွေကို မုန်းလို့
အာဃာတတရားနဲ့ သတ်ဖြတ်မှုကို မနှစ်မြို့လို့
ကျွန်တော့်ခြေထောက်တစ်ဖက်နဲ့
ကျွန်တော့်တစ်ကိုယ်ရေငြိမ်းချမ်းရေးကို
အလဲအထပ်လက်မှတ်ထိုးခဲ့ပြီ

အခုဆို......
ကျွန်တော်ဟာ ချိုင်းထောက်တစ်ဖက်နဲ့
ငြိမ်းငြိမ်းချမ်းချမ်း ဝမ်းစာရှာဖွေနေတယ်
ကျွန်တော့်လက်ထဲက စံပယ်ပန်းလေးတွေ
လေသင့်ရာမွှေးမြပါစေ။

         (၃)

စစ်ပွဲထဲမှာ ကျွန်တော်မရှိတော့ဘူးအမိုး
ကျွန်တော်တို့ တောင်ယာထဲက
တောင်ကျစမ်းရေအေးနဲ့
ကျွန်တော့်တစ်ကိုယ်လုံးမှာ ပေနေတဲ့ သွေးတွေဆေးရင်း
တစ်ရေးလောက် အိပ်နေတယ်
ကျေးငှက်ကလေးတွေ ဆိုတဲ့တေးနဲ့
ကျွန်တော်အေးချမ်းသွားပြီ။
 အဇ္ဇ

(၂၇-၉-၁၉)ရက်နေ့ထုတ် 7 day daily newspaper မှကူးယူဖေါ်ပြသည်။

(photo: Nyein Wai, Poetic photography)

ပန်းချီကား နှစ်ချပ်

လွပ်လပ်ရေးမရမီ
တော်လှန်ရေး ပန်းချီကားထဲမှာ
ရဲဘော်တစ်ဦး ကျဆုံးသွားတယ်
သေအံ့မူးမူး ရဲဘော်က
လွပ်လပ်မှ အမျှဝေပါလို့
အမှာစကားပါးခဲ့တယ်
၈၈၈၈အရေးတော်ပုံ
ပုန်ကန်မှု ပန်းချီကားထဲမှာ
ကျောင်းသူလေးတစ်ဦး ကျဆုံးသွားတယ်
မသေခင် ကျောင်းသူလေးက
ဒီမိုကရေစီရမှ အမျှဝေပါလို့
နှုတ်ထွက်စကား ပြောခဲ့တယ်
အဲဒီ ပန်းချီကားနှစ်ချပ်ဟာ
သက်ဝင်လွတ်မြောက်ခဲ့ပါပြီလား။

                        မောင်ကြူးရင့်

(၂၈-၉-၁၉)ရက်နေ့ ထုတ် 7 day daily newspaper သတင်းစာ

Thursday, September 5, 2019

အတိတ်က စက်တင်ဘာ


တိတိကျကျဆိုရရင် ၁၉၈၇ ခုနှစ်၊စက်တင်ဘာ(၅)ရက်နေ့။
လဆန်းရက်ရဲ့ပထမဆုံးရုံးပိတ်ရက်၊မိမိတို့ကနယ်မြို့လေးကစက်ရုံကြီးတစ်ရုံမှာ တာဝန်ကျနေသည်။တစ်လတစ်ခါဈေးဝယ်ဖို့ (၁၀)မိုင်ခန့်ဝေးသော ပြည်မြို့သို့သွားရသည်။ပြည်ဈေးက တစ်လစာဝယ်ယူထားမှ အဆင်ပြေသည်။ရုံးကားက လဆန်းပိတ်ရက်တစ်ကြိမ်ပဲ စီစဉ်ပေးနိုင်သည်။
ဩဂုတ်လ လစာက တနင်္လာ ထဲကထုတ်ထားပြီးမို့ စနေနေ့ဈေးဝယ်ဖို့ ငွေလက်ကျန် အတော်နည်းနေပြီ။ထုံးစံအတိုင်းနံနက်(၇)နာရီခန့် ဈေးကားပေါ်ရောက်ပြီ။လိုအပ်သမျှဝယ်ကြပြီးချိန်မှာ (၁၀)နာရီကျော်ပြီ။
ဈေးကားနှင့်ပြည်ကပြန်တော့ဆယ်နာရီခွဲသာသာ၊မိမိတို့ဈေးကားလေးက အီး၂၀၀၀ အစုတ်ကလေးဆိုတော့ ရွှေတောင်ကို နာရီဝက်နီးနီးမောင်းရမှာပေါ့။
ပြည်နှင့်ရွှေတောင်ကြားမိမိတို့ကားပေါ်ရှိနေစဉ် ကြေညာပြီးသွားပြီ။မိမိတို့ဈေးကားပေါ်က အရာရှိမိသားစုတွေလုံးဝမသိလိုက်။ငလျင်လှုပ်၊ရေကြီး၊တိုက်တွေပြိုစဉ် လေယာဉ်ပျံပေါ်ရောက်နေသည့်လူတွေပမာ။
ရွှေတောင်ရောက်လို့ ကားပေါ်က ပစ္စည်းတွေ ချနေဆဲ ငွေစက္ကူတွေ တရားမဝင်ကြေညာသွားကြောင်းသတင်းဆိုးကြီးကြားရသည်။လဆန်းရက်၏ပထမဆုံးရုံးပိတ်ရက်အတွင်းမှာပင် မိမိတို့လက်ဝယ် သူတို့ကြေညာသော ငွေစက္ကူတရွက်မျှမကျန်တော့။
ဘယ်လောက်ကံကောင်းလိုက်ပါသနည်း။
ဘယ်လောက်ချမ်းသာ လိုက်ကြပါသနည်း။
ဒါပေမယ့်.....
ဒါပေမယ့် တစ်ဦးချင်းစီ၏ အခြေအနေကို ပြောပြချင်ပါသည်။စိတ်တိုဒေါသဖြစ်စရာနည်းနည်း၊ပြုံးချင်စရာများများ။ပြောပြချင်ပါသည်။စိတ်တိုဒေါသဖြစ်စရာနည်းနည်း၊ပြုံးချင်စရာများများ။
ဦးဆုံးကိုယ့်အကြောင်းကစမည်။
လစာမလောက်ငှ၍ ဥစားကြက် အကောင်(၁၀၀)မွေးထားရသည်။တနေ့လေးငါးခြောက်ဆယ်အုသည်။ကြက်ဥတလုံးပြား(၆၀)လောက်ရောင်းရသည်။ကြက်ဥရဲ့သဘောက နေမွန်းမတည့်ခင် အတော် အုပြီး နေ့လယ်ပိုင်း နည်းနည်းပဲအုရာ မိမိကြက်ဥ အကုန်လုံး (၇၅)ကျပ်တန် နှင့်လာဝယ်သွားခြင်းခံလိုက်ရသည်။မှတ်ကရော။
လာဝယ်သူက မိမိစက်ရုံဝန်ထမ်းထဲကဖြစ်ပုံရ၍ စိတ်မတို၊ဒေါသမထွက်နိုင်တော့၊အေးလေ..သူမသိပဲရိုးရိုးသားသားလာဝယ်သွားတာလည်းဖြစ်နိုင်တာပဲ။ဒီလိုတွေးလိုက်တော့ စိတ်သက်သာရသည်။ နောက်ထပ် သက်သာစရာတွေ ဆက်တိုက်ရှိသေးသည်။
ယခု ပြည်က ဝယ်လာသော တလစာကြက်စာတွေနှင့်ကြက်ဥဖြစ်အောင်လုပ်ရောင်းလျှင် နက်ဖန်တရားဝင်ငွေတွေပြန်ဝင်လာမည်။(ကြက်စာဆိုင်ကဦးကြီး ၇၅ကျပ်တန်တွေနှင့်ဒုက္ခရောက်မှာကိုတော့မစဉ်းစားဖြစ်။)ပြီးတော့မိမိတို့(၂)ဦးလုံးဝန်ထမ်းလစာ နောက်တကြိမ်ထပ်ရမည်။လကုန်ရက်ကထုတ်သောလစာက တက်တက်ပြောင်ပြီမို့ တလထဲ လစာ(၂)ခါရတာ မနိပ်ဘူးလား။ဒါက ကိုယ့်အခြေအနေ။
ခေါင်းရင်းတအိမ်ကျော်က အင်္ဂျင်နီယာကတော့တမျိုး။
သူ့ကိုကျွန်တော်က ချစ်စနိုးကျီစယ်ပြိး ဝဏ်ဝဏ်လို့ခေါ်သည်။ဝဏ်ဝဏ်မှာ နို့စားနွားမတကောင်ရှိသည်။မတမ်း(မဒမ်း)ထဲကဈေးချောင်ရ၍ ဝယ်ထားခြင်းဖြစ်သည်။သူ့အစီအစဉ်အရ ကိုယ့်ဆီရောက်ပြီးသုံးလေးလ အတွင်း သားတင်မည်။သားပေါက်လျှင်နို့ညှစ်ရောင်းမည်။ဘယ်ကလောက်အဆင်ပြေလိုက်မည်နည်း။ဒါက တွက်ရေးပဲဖြစ်၏။
သူ့နွားမမှာ ခြောက်လလည်း သားမတောင်း၊တနှစ်လည်းသားမတောင်း။အသက်သာကြီးလာပြီး မြက်ဖိုးသာကုန်နေတော့သည်။ဒီနို့စားနွားအမြုံကိုဘာလုပ်လို့ လုပ်ရမှန်းမသိတာကြာပြီ။ခုတော့အကွက်ဆိုက်ပြီ။
သူ့နွားမကိုကျပ်ငါးသောင်းဖြင့်လာဝယ်နေပြီ။ဝဏ်ဝဏ် အချိန်မဆွဲ။ချက်ချင်းရောင်းလိုက်သည်။
ဤနေရာတွင်(ထိုအချိန်က)နို့စားနွားပေါက်ဈေးကို ပြောပြဖို့လိုသည်။လွယ်အောင်ပြောမည်။နို့တပိဿာထွက်သောနွားကိုတသောင်း၊ထိုကြောင့်နို့ငါးပိဿာနွားဆို ငါးသောင်းပေးမှရမည်။သူ့နွားမ က မတမ်းသာသာ၊လွန်ရော တသောင်းလောက်ရမည်။
သို့သော် အချိန်က ဗရုတ်ဗရက်။ငွေကြေးနှင့်ပတ်သက်ပြီး ဘာမှမရေရာ။ဝဏ်ဝဏ်နွားမကိုငါးသောင်းနှင့်အရောင်းအဝယ် တည့်သွားသည်။ငွေကို တရားမဝင်၇၅ကျပ်တန်နှင့်ချေမည်ဖြစ်၏။
ပြင်ပတွင်လည်း၇၅ ကျပ်တန်တွေကို ပေါက်ဈေးနှင့်လိုက်ဝယ်နေသောဈေးကွက်ကြီး တိုးတိုးတိတ်တိတ်ဖြစ်နေပါ၏။ ဝဏ်ဝဏ်က သူ့ ၇၅ကျပ်တန်တွေကိုချက်ချင်းသွားရောင်းပစ်သည်။ပေါက်ဈေးတရာကို၂၂ကျပ်ဖြစ်သည်။တရားဝင်ငွေတသောင်းကျော်ရသွားပြီ။ တကယ်တော့ဒါသည် နွားမရွှံ့ပိတ်ရောင်းတာဖြစ်သည်။အထည်အလိပ်အင်္ဂျ င်နီယာလည်းဆိုရှယ်လစ်ခေတ်မှာ နွားမွေးစားပါသည်။
နောက်တစ်ဦးကတော့ ကျွန်တော့်အိမ်နှင့်ကပ်လျှက်ကအငြိမ်းစားစစ်ဗိုလ်ကြီး။သူ့ညာခြေတဖက်ကလည်း ကိုယ့်လိုပင် တိုင်းပြည်အတွက် တဖက်စွန့်သွားပြီ။
သူကတော့အဆန်း၊မြို့ထဲက မိတ်ဆွေ တဦးထံမှ ချိန်ဂျာကော်ဒါကြီးတလုံးဝယ်ထားသည်။၂နှစ်လောက်တော့ရှိပြီ။ဝယ်မည်ဟုစိတ်ကူးတုံး ကိုယ့်ကိုခေါ်ပြသည်။ဈေးကနည်းနည်းများသည်။တသောင်း။အမှန်ဆို ချိန်ဂျာက ခေတ်မရှိတော့။အကောင်းစားကက်ဆက်ဆွေပေါ်နေပြီ။သို့သော် သူအတော်လိုချင်နေပုံရ၏။အကြံပေးတာကိုဂရုမစိုက်။တသောင်းပေးဝယ်လိုက်သည်။
တည။ဆယ်နာရီ၊ဆယ်တစ်နာရီလောက်ရှိမည်။ဘေးအိမ်က ဆူဆူညံညံကြားသည်။လင်မယားရန်ဖြစ်သလား၊ကလေးတွေ ထိုးလားကြိတ်လားဖြစ်သလားမသိ။မိမိတို့လန့်နိုးသွားသည်။အချိန်အတန်ကြာမှ ထိုစစ်ဗိုလ်ကြီး မိုက်( Microphone)စမ်းနေမှန်းသိရသည်။
ထိုချိန်ဂျာကြီးကို ပြည်သွားပြင်လိုက်၊မင်္ဂလာဆောင် တွေငှါးလိုက်နှင့်အတော်ဟန်ကျပါသည်။ရံဖန်ရံခါ သူ့ညီတွေ မအားလျှင် ဗိုလ်ကြီးကိုယ်တိုင် ဓါတ်စက်လိုက်ဖွင့်ရသေးသည်။သို့ပင်သို့ငြား ရတာနှင့်ပြင်ရတာ တွက်ချေက မကိုက်။ဒါကြီးကိုသူပြန်ရောင်းချင်လာသည်။
လူတွေမှာတစ်ဦးနှင့်တစ်ဦး ကံအကျိုးပေးကမတူ၊ဗိုလ်ကြီးတို့ကံကောင်းချင်တော့ သူ့ ချိန်ဂျာစက်ကို ဝယ်မည့်သူပေါ်လာသည်။ကြည့်ဦး။
ဝယ်မည့်ဈေးက လေးသောင်းတိတိ၊ဝယ်မည့်သူကလည်း မူလက သူ့ကို ရောင်းလိုက်သည့်မြို့ထဲက မိတ်ဆွေပင်။
ဘယ်ကလောက်အကျိုးပေးကောင်းလိုက်သနည်း။
တခုပဲရှိသည်။သူတို့ပေးချေမည့်ငွေက ၇၅ကျပ်တန်တွေနှင့်ဖြစ်သည်။
ဒီတော့စဉ်းစားရမည်။သူငယ်ချင်းတွေနှင့်တိုင်ပင်ရဦးမည်ဟု မယုတ်မလွန်လေးပြန်ပြောထားသည်။
သူလိုချင်တုန်းက ဘယ်လိုတားတား၊တားမရခဲ့။ခုမှ သူငယ်ချင်းတွေနှင့်တိုင်ပင်ရဦးမတဲ့။ကောင်းသော သူငယ်ချင်းအသိုင်းအဝိုင်းက ကောင်းသော သူငယ်ချင်းများမို့ ကောင်းသောအကြံဉာဏ်တွေ ပေးကြ၏။
အရေးပေါ်လွှတ်တော် ခေါ်ထားပြီ။လွှတ်တော်က နစ်နာသောလူထုကြီးတရပ်လုံးအတွက်ဖြေလျှော့ပေးမည့်ဆုံးဖြတ်ချက်(ယခင်တုန်းကလို)မချဘူးဟုဘယ်သူပြောနိုင်မလဲ။ တဖက်မှာလည်းရက်တွေကြာသည်နှင့်အမျှတရားမဝင်လဲလှယ်နှုန်းက တဖြည်းဖြည်းကျလာနေပြီ။ဝဏ်ဝဏ် ရောင်းတုန်းက တရာကို၂၂ကျပ်၊ယခု ၁၈ ကျပ်လောက်ပဲရှိတော့သည်။ထပ်ကျဦးမည်ပြောကြ
သလို လဲပေးမှာမို့မကျဟုပြောသူလည်းရှိသည်။နောက်ဆုံးတော့ လေးသောင်းနှင့်ရောင်းလိုက်သည်။ချိန်ဂျာ လေးကတော့သူ့ပိုင်ရှင်ဆီပြန်ရောက်သွားသည်။(တရားဝင်)တသောင်းနှင့်ရောင်းလိုက်ပြီး(တရားမဝင်)လေးသောင်းနှင့်ပြန်ဝယ်လိုက်ရသည်။ထိုသူရှုံးသလား၊မြတ်သလားမသိ။
တို့စစ်ဗိုလ်ကြီးကတော့ပြတ်သည်။လေးသောင်းနှင့်ရောင်းပြီးမည်သည့်ပေါက်ဈေးနှင့်မျှပြန်မရောင်းတော့၊နိုင်ငံတော်က တရားဝင်လဲလှယ်ပေးလျှင် လေးသောင်းတိတိပြန်ရချေမည်။ဒါဆိုမြတ်ပြီ။
ဒီလိုနှင့် ရက်တွေ လတွေ သာမက၊ခေတ်တွေပါပြောင်းသွားသည်။စစ်ဗိုလ်ကြီးကတော့ သူ့သံသေတ္တာလေးထဲက ၇၅ကျပ်တန် ရာစည်းထုပ်တွေကို မှိုမတက်ခြမစားရအောင် သုံးလတကြိမ်တန်သည်၊လေးလတကြိမ်တန်သည် ပိုးသတ်ေဆးမှုန့်ဖြူးပေးနေရတော့သည်။