Sunday, September 13, 2020
နုတ်ပယ်ချန်လှပ်ခဲ့ကြသည့်စာမျက်နှာများ (၂)
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် သားယောကျာ်းလေးတိုင်းဟာ သံဃာ့ဘောင်ထဲမှာ ရက်ပိုင်း၊ လပိုင်း၊ နှစ်ပိုင်းဆိုပြီး ကာလအမျိုးမျိုးနဲ့ နေထိုင်တတ်ကြတယ်။ တချို့လည်း ရာသက်ပန်လုံး နေထိုင်သွားကြတယ်။ အဲဒီလိုနေထိုင်ဖို့ သာသနာ့ဘောင်ထဲကို ဝင်တော့မယ်ဆိုရင် စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဝင်ရောက်ရတယ်။ သမ​ဏေဆိုလည်း သာဏေစည်းကမ်းအလျောက်၊ ရဟန်းဆိုလည်း ရဟန်းစည်းမျဉ်းအလျောက် လိုက်နာပြီးမှ သံဃာ့ဘောင်ထဲကို ဝင်ရောက်ရတယ်။
အဲဒီအထဲမှ အသက်အပိုင်းအခြားကို ကန့်သတ်ထားတဲ့ စည်းမျဉ်းတစ်ခု တွေ့ရပါတယ်။ ဒီအသက်အရွယ် ကန့်သတ်တဲ့ကိစ္စကို ဆရာကြီးဦးအေးမောင်က ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒစာအုပ်မှာ ဝေဖန်ရေးသားထားပါတယ်။ ဒါပေမဲ့ အဲဒီအရေးအသားဟာ တခြားဝေဖန်တာတွေနဲ့အတူ တစ်ခေတ်တစ်ခါက နုတ်ပယ်ချန်လှပ်တာကို ခံခဲ့ရတယ်။ ၂၀၁၇ဒုတိယအကြိမ်မှာ ပြန်ထုတ်တဲ့စာအုပ်ကျမှသာ ပြန်လည်ဖော်ပြလာတာတွေ့ရပါတယ်။ ရန်အောင်စာပေရဲ့ ဒုတိယအကြိမ်ထုတ် ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ စာအုပ်စာမျက်နှာ- ၆မှာ အသက်အရွယ်နဲ့ပတ်သက်လို့ ဆရာကြီးက ဝေဖန်ပြထားတာက-
"ဝိနည်းပိဋကတ်၊ မဝါဝဂ်၌ ဗုဒ္ဒက ကျီးခြောက်လှန့်ခြင်းငှါ စွမ်းနိုင်သော သူငယ်တို့အား ရှင်ပြုနိုင်သည်ဟု မိန့်တော်မူသည် ဆို၏။ စင်စစ် အသက်လေးငါးနှစ်ရှိသော ကလေးသည်ပင် ကျီးကို ခြောက်လှန့်နိုင်စွမ်း ရှိရကား ထိုစကားသည် ဗုဒ္ဓ၏စကား အမှန်ဖြစ်၏လောဟု သံသယဖြစ်ဖွယ် ရှိ၏။ မည်သို့ဖြစ်စေ ၄င်းမှာ ဝိနည်းပါဠိတော်၌ လာသော ပညတ်ချက်နှင့် ဆန့်ကျင်လျက်ရှိ၏" တဲ့။
အဲဒီရှင်သာမဏေပြုတဲ့ ဘာသာရေးဓလေ့ဟာ ဘယ်အချိန် ဘယ်ကာလက အစပြုခဲ့တာလဲ။ သာမဏေသမိုင်းကို ပြန်ကောက်ကြည့်ရင် ရှင်သာမဏေအစ ရာဟုလာက လို့တော့ အဆိုထားရှိခဲ့တာ တွေ့ရပါတယ်။ ရာဟုလာကို ရှင်သာရိပုတ္တရာက သံဃာ့ဘောင်ထဲ သွတ်သွင်းပေးရာကနေ သာသနာ့သမိုင်းမှာ ပထမဆုံး ရှင်သာမဏေအဖြစ် ပေါ်ပေါက်လာပါတယ်။ ရာဟုလာဟာ သာမဏေသမိုင်းမှာ ပထမဆုံးသော ရှင်သာမဏေ တစ်ပါးပါပဲ။ ရာဟုလာဟာ သံဃာ့ဘောင်မှာ အဲဒီလို ပထမဆုံးရှင်သာမဏေဖြစ်ခဲ့သလို သူ့အကြောင်းကလည်း အတော့်ကို စိတ်ဝင်စားဖို့ ကောင်းလှပါသေးတယ်။
ပထမဆုံးအနေနဲ့ ရာဟုလာနဲ့ပတ်သက်တဲ့ ဆရာကြီးဦးအေးမောင်ရဲ့ ထောက်ပြဝေဖန်ထားတာကို ဖတ်ကြည့်ကြပါဦး။ တကယ်တော့ ဒီဝေဖန်ထားတဲ့အပိုဒ်တွေဟာလည်း စာမျက်နှာပေါ်က နုတ်ပယ်ချန်လှပ်တာကို ခံထားရတဲ့ စာတွေပါပဲ။
ဗုဒ္ဓအခန်း(၄)(က)ပိဋကတ်မှ ဂေါတမဗုဒ္ဓ၊ စာမျက်နှာ ၄၇ မှာ- "ရာဟုလာသည် ဗုဒ္ဓ၏ သားတော်ဖြစ်သည်ဆို၏။ သို့ရာတွင် ပိဋကတ်သုတေသီပညာရှင်တစ်ဦး၏ အလိုအားဖြင့် ရှေးကျသော ပါဠိတော်များ၌ ရာဟုလာကို ဗုဒ္ဓ၏သားတော်အဖြစ် ဖော်ပြမထားချေ။ နိကာယ်လေးကျမ်း၌ ရာဟုလာသုတ်လေးခုနှင့် ရာဟုလောဝါဒသုတ် သုံးခုပါရှိသည်မှန်၏။ ထိုသုတ်များတွင် ရာဟုလာသည် အခြားရဟန်းများကဲသို့ ဗုဒ္ဓ၏ဒေသနာကို ကြားနာသော ရဟန်းတစ်ပါးဖြစ်၏။ ထေရဂါထာ၌မူ ရာဟုလာက ငါသည် ဗုဒ္ဓ၏သားတော်ဖြစ်သည် ဆို၏။ သို့ရာတွင် ထေရဂါထာ၏ အချို့အပိုင်းများမှာ တတိယသင်္ဂါယနာတင်သော အချိန်လောက်က ပေါ်လာသည်ဟု အဌကထာဆရာတို့ ဝန်ခံကြ၏။ ထို့ပြင် ထေရဂါထာ၌ပင် သီရိဝ၊ ဂယာကဿပနှင့် ကာဠုဒါယီမထေရ်သုံးပါးကလည်း မိမိတို့သည် ဗုဒ္ဓ၏သားတော်များ ဖြစ်ပါသည်ဟု ဆိုကြ၏။ စင်စစ် ဗုဒ္ဓ၏တပည့်ရဟန်းများကို ဗုဒ္ဓ၏သားကြီးဩရသများဟု ခေါ်လေ့ရှိကြပေသည်။"
နောက်ထပ်ရာဟုလာနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာတွေက တိဗက် ဗုဒ္ဓဖြစ်တော်စဉ် မှတ်တမ်းတွေပါပဲ။ ဆွေမျိုးတော်စပ်မှုမှာတော့ ကျွန်တော်တို့ထေရဝါဒ နည်းတူ တိဗက်ကျမ်းမှာလည်းရာဟုလာဟာ ဘုရားရဲ့ တစ်ဦးတည်းသောသားလို့ပဲ မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။ ဒါပေမဲ့တစ်မူထူးတာက တိဗက်မှတ်တမ်းတွေထဲက ရာဟုလာဟာ သိဒ္ဓတ္ထတောထွက်တဲ့အချိန်မှာ မမွေးသေးပါဘူး။ သိဒ္ဓတ္ထဘုရားဉာဏ်ရတော့မှှရာဟုလာကို မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေ့ တစ်နေ့တည်းမှာကိုပဲ ကပိလဝတ္ထုပြည်မှာ ဘုရားဖြစ်တဲ့သတင်းနဲ့အတူ ယသော်ဓရာသားဖွားတဲ့သတင်း၊ လကြတ်တဲ့သတင်းနှစ်ခုဟာ တစ်ပြိုင်တည်း ပျံ့နှံ့နေခဲ့ပါတယ်။ မွေးဖွားတဲ့အချိန်မှာ လကြတ်တာဖြစ်လို့ ရာဟုလာဘဒ္ဒြလို့ အမည်ပေးခဲ့ကြတယ်။သုဒ္ဓေါဒနမင်းကြီးက သိဒ္ဓတ္ထရဲ့သားမှ ဟုတ်ရဲ့လားလို့တောင် အစပိုင်းမှာ သံသယဝင်ခဲ့ပါသေးတယ်။ ကျွန်တော်တို့အတွက်တော့ ဒါဟာ မျက်စေ့လည်သွားစရာ အကြောင်းဖြစ်နေမှာပါ။ တကယ်တော့တိဗက်မှတ်တမ်းမှာက သိဒ္ဓတ္ထ တောထွက်တာ အသက် ၂၉ နှစ်။ ဗောဓိဉာဏ်ရတာက အသက် ၃၀ ထဲမှာပါ။ ကျွန်တော်တို့ ထေရဝါဒ ဗုဒ္ဓဘာသာအရကြည့်ရင်တော့ ဒါတွေဟာ တွေ့ရာလျှောက်ရေးထားတယ်လို့တောင် ဆိုနိုင်ပါလိမ့်မယ်။
ဒါပေမဲ့ ဗုဒ္ဓဟာ သာသနာပြုခရီးစဉ်တွေ စတင်ပြီးတဲ့နောက်မှာ ကပိလဝတ္ထုပြည်ကို ပထမဆုံးအကြိမ်အဖြစ် ၁၂ နှစ်အကြာမှာ ကြွရောက်ခဲ့တယ်လို့ ယေဘုယျလက်ခံထားကြတာလည်း ရှိပါတယ်။ ထေရမူမှာတော့ ဗုဒ္ဓဟာ ဗောဓိဉာဏ်ရအပြီး တစ်ဝါအရမှာ ကပိလဝတ္ထုဆီ ပထမဆုံးအကြိမ် ရောက်တာပါ။ ရာဟုလာက ခုနစ်နှစ်သားရှိနေပါပြီ။ တိဗက်မှတ်တမ်းမှာတော့ ခြောက်နှစ်သားပေါ့။ အများယေဘုယျလက်ခံထားသလို ၁၂ နှစ်အကြာမှာ ကပိလဝတ္ထုပြည်ဆီ ဗုဒ္ဓရောက်ခဲ့တယ်ဆိုရင်တော့ သားတော်ရာဟုလာဟာ အသက် ၁၈နှှှှှှှှှှှှှှှှှှစ်သားရှိနေပါပြီ။တိဗက်အလိုအရဆိုရင်တော့ ၁၂ နှစ်သား ရှိနေပါပြီ။ ရှင်သာမဏေပြုလို့သင့်တဲ့ အသက်အရွယ်တွေပါ။
တကယ်တမ်းလေ့လာကြည့်တော့ ရှင်သာမဏေပြုတယ်ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူးပါဘူး။ ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်းပြရုံသက်သက် သဘောထားတယ်ဆိုရင်တော့ လွယ်တယ်ထင်စရာပါပဲ။ စစ်မှန်မှုတစ်ခုကို ရည်စူးတယ်ဆိုရင်တော့ ရှင်သာမဏေတွေ လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်သိက္ခာပုဒ်တွေက မနည်းလှပါဘူး။လိင် ၁၀ ပါး၊ ဒဏ် ၁၀ ပါး၊ သေခိယ ၇၅ ပါးတွေကို ရှင်သာမဏေဘဝမှာ လေ့ကျက်၊ ကျင့်ကြံရပါတယ်။ ရုပ်အာသီသနဲ့ စိတ်အာသီသတွေကို ချိုးနှိမ်ရင်း ကျင့်ဆောင်ရတာဖြစ်လို့ သိပ်ခက်ပါတယ်။
ဒါကြောင့် ရှင်သာမဏေ သိက္ခာပုဒ်တွေကို စောင့်ထိန်းဖို့ဆိုတာ ပါရမီထူးတဲ့ ရှင်ရာဟုလာတို့လို ပုဂ္ဂိုလ်မျိုးတွေလောက်ကလွဲရင် လောကီပညာတွေကို သင်ကြားရသလိုပဲ အသက်နဲ့ အသိဉာဏ်တွေကို ချိန်ဆပေးဖို့ အမှန်တကယ်လိုအပ်ပါတယ်။သံဃာအဖွဲ့အစည်းမှာ ရှင်သာမဏေဆိုတဲ့ကဏ္ဍတစ်ခု ရှိလာတာရဲ့ အကြောင်းရင်းက အသက် ၂၀ ပြည့်မှ ရဟန်းပြုခွင့်ရှိတယ်ဆိုတဲ့ သိက္ခာပုဒ်ကြောင့်လို့ ဆိုပါတယ်။ (ဦနဝီသတိဝဿ သိက္ခာပုဒ် အသက် ၂၀ )
အသက်မပြည့်ဘဲ သံဃာ့ဘောင်ထဲ မဝင်မဖြစ် ဝင်ချင်တယ်ဆိုရင်တော့ အသက်ကို လျှော့ပေါ့စဉ်းစားတဲ့အနေနဲ့ ၁၅ နှစ် ပြည့်ရပါမယ်။ အဲဒီအခါကျရင်တော့ ရှင်သာမဏေအဖြစ်နဲ့ အရင်နေ။ အဲဒီလိုနေရင်းနဲ့ ရဟန်းကျင့်ဝတ်တွေကို လေ့လာသင်ယူ။ အသက် ၂၀ လည်းပြည့်ရော၊ ရဟန်းကျင့်ဝတ်တွေလည်း သိရှိလာရောဆိုတဲ့ အချိန်ရောက်မှ တစ်ဆက်တည်း ရဟန်းဝတ်ခွင့် ရရှိမှာပါ။ ဒါက သံဃာအဖွဲ့အစည်းရဲ့ မူလဘူတတွေပါ။
ဒါပေမဲ့ အထက်မှာ ဖော်ပြပေးထားတဲ့ ကျီးငှက်ခြောက်နိုင်တဲ့ အရွယ်ရောက်ရင် ကိုရင်ဝတ်ခွင့်ပြုတယ်ဆိုတဲ့ ပညတ်ကြောင့် နှောင်းလူတွေဟာ ကိုရင်ဝတ်တဲ့အရေးမှာ အသက်အရွယ်တွေကိုလည်း ထည့်မတွက်၊ သိက္ခာပုဒ်တွေနိုင်၊ မနိုင်ဆိုတာကိုလည် မစဉ်းစားကြတော့ပါဘူး။ပုစုခရုလေးတွေကအစ ကိုရင်မိုးထိလေးတွေဆိုပြီး သင်္ကန်းစည်း၊ ချစ်စရာ လုပ်နေကြပါသေးတယ်။ အသက်အရွယ် ငယ်ရွယ်ကြတော့ ဖြည့်ရမယ့်ဝတ်လည်းမဖြည့်၊ ကျင့်ရမယ့်နည်းလည်းမကျင့်၊ ဆောင်ရမယ့်သီလလည်း မဆောင်နိုင်တွေဖြစ်ပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးက ကောင်းမွန်စွာနေထိုင်တတ်တဲ့ ရှင်သာမဏေလေးတွေအဖြစ်နဲ့ တဖြည်းဖြည်းကြည်ညိုကိုးစားခံရမယ့် အခြေအနေဆီ ရောက်လာရမယ့်အစား ရောက်ရှိမလာဘဲ လောကဓမ္မ နစ်နာနေကုန်ကြတယ်။
တကယ်တော့ ရဟန်းသံဃာဆိုတာ ကိုယ်ကျင့်တရားမှာ စံတွေပါ။ ရှေးပိုင်းက ခေတ်အဆက်ဆက်ကိုကြည့်ရင်လည်း ရဟန်းသံဃာတွေကပဲ တိုင်းပြည်လူထုရဲ့ စာရိတ္တတွေကို ပြုပြင်ထိန်းကျောင်း ပေးခဲ့ကြရတာပါပဲ။ ဗုဒ္ဓနည်းကျ ဘဝနေနည်းတွေနဲ့ လူသားပီသအောင်လည်း သံဃာ့ပညာရေးတွေက ဆောင်ကြဉ်းပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရဟန်းသံဃာဟာ ရဟန်းကျင့် ကျင့်ဖို့၊ ရဟန်းသွား သွားဖို့၊ ရဟန်းနေ နေဖို့ဆိုတဲ့ သံဃာ့အသက် ဝိနည်းတွေကို စောင့်ထိန်းလိုက်နာရပါမယ်။ ဒီအတွက်ဆိုရင် ကိုရင်ဘဝ၊ ရှင်သာမဏေကာလ ကတည်းက သံဃာ့ဝိနည်းတွေကို လေ့ကျက်သင်ယူဖို့ တာဝန်ရှိပါတယ်။ အဲဒီလို သင်ယူဖို့ဆိုတာကလည်း လောကီပညာတွေသင်ကြားသလိုပဲ အသက်အရွယ်နဲ့ အချိန်အခါ လိုအပ်လှပါတယ်။
ဒါပေမဲ့လည်း ရေများရေနိုင်၊ မီးများမီးနိုင်ဆိုတဲ့ သဘာဝဓမ္မထဲမှာ ဆရာကြီးဦးအေးမောင်ရဲ့ ဝေဖန်သုံးသပ်မှုတွေဟာ ယနေ့ထက်ထိ အရာမရောက်ခဲ့ပါဘူး။ ဓာတ်တူရာ စာဖတ်သူတွေအတွက်လောက်ပဲ အရာရောက်မှာပါ။ ဒါကြောင့်လည်း ဆရာကြီးဦးအေးမောင်ရဲ့ စာမျက်နှာပေါ်က စာပုဒ်တွေကို ဖြုတ်ပယ် ချန်လှပ်ပစ်လိုက်တာနေမှာပါပဲ။အဲဒါမျိုးကိုလည်း ဆရာကြီးဦးအေးမောင်က အခုလို ထောက်ပြဝေဖန် ထားပါသေးတယ်။
"ဤသို့လျှင် အချို့သော ဘာသာရေးအယူနှင့် အပြုအမူများမှာ စဉ်းစားဝေဖန်ဖွယ်ရာဖြစ်၏။ သို့ရာတွင် လူတို့သည် မိမိတို့ ယုံကြည်ချက်များကို ကိုယ်တိုင်ဝေဖန်ဖို့ဝေးစွ၊ သူတစ်ပါးက ဝေဖန်သည်ကိုပင် လက်မခံနိုင်ကြချေ။ ယခုခေတ် စိတ်ပညာတရားအရ ထိုသို့ လက်မခံနိုင် သည်းမခံနိုင်မှုသည် အသိပညာ အောက်ခြေလွတ်သောကြောင့် ဖြစ်၏။ ဥပမာ ကမ္ဘာကြီးလုံးသည်ဆိုသောစကားမှာ ရယ်စရာဖြစ်သည်၊ မှားသည်ဟု အကယ်၍ လူတစ်ဦးကဆိုလျှင် ကျွနု်ပ်တို့မှာ လုံးဝ တုန်လှုပ်မည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် ထိုစကားမှာ ကျွနု်ပ်တို့ ဆင်ခြင်သုံးသပ်ပြီးမှ လက်ခံထားသော စကားဖြစ်၏။ ဘာသာရေးယုံကြည်ချက်များက ထိုသို့မဟုတ်။ အများအားဖြင့် မစူးစမ်း မဆင်ခြင်ဘဲ လက်ခံထားသောအချက်များဖြစ်၍ ဝေဖန်မှုကို သည်းမခံနိုင်ဖြစ်တတ်၏" တဲ့။ ကျွန်တော် ဘာထပ်ပြောရမလဲ။ ပြောစရာမရှိတော့ပါဘူး။
                                                                                                       ကျော်ထင်
                              ( ၁၁-၉-၂၀၂၀ ရက်နေ့ထုတ် Daily Eleven Newspaperသတင်းစာမှကူးယူပါသည်။)
Sunday, August 16, 2020
ချစ်သူကိုကိုချိုးခဲ့ပါ၊ ပျိုပျိုပန်ဆင်စရာ
မင်းသားကြီးမြတ်လေးက သူ့ရဲ့ “သီချင်းဆို၍ငိုရသည်” ဇာတ်သိမ်းကို တစ်ခြမ်းစီပိုင်းပြီး ပျော်ရွှင်စွာ ညားကြလေ သတည်းနဲ့ အလွမ်းဇာတ်သိမ်းနှစ်မျိုးရိုက်ပြသွားတယ်။ ကြည့်တဲ့ပရိတ်သတ် ကြိုက်သလိုခံစားဖို့ပေါ့လေ။ နောက်တစ်ယောက်က မောင်သာရ။ ၁၉၇၄ နှစ်က သူ့ရဲ့လုံးချင်းတစ်အုပ် (၀တ်လိုက်တတ်တယ်၊ မောင်မောင် သတိထား)ကို သုံးမျိုးပေါင်းဖတ်မှ ဇာတ်လမ်းဖြစ်အောင်ရေးထားလေရဲ့။ စုံစာမျက်နှာတွေချည်း သတ်သတ်ဖတ်၊ နောက်တစ်ခါ စာအုပ်ဇောက်ထိုးလှည့်ပြီးမ စာမျက်နှာတွေချည်း သတ်သတ်ဖတ်ရတယ်။ တတိယပိုင်းကတော့ ဖတ်နေကျစာအုပ်ပုံစံအတိုင်း ဖတ်ရသဗျ။ စာဖတ်သူတော့ ဘယ်လောက်စားမလဲမသိပေမဲ့ စာဖောင်ကိုင်တဲ့သူတော့ တော်တော်စိတ်ညစ်ရှာပေမယ်။ ပြောလိုရင်းက အသစ်ပေးချင်တဲ့ ကြိုးစားမှုကိုပါ။ ဒီလိုပါပဲ၊ သီချင်းဆိုတာ တူရိယာတွေနဲ့ တီးခတ်သီဆိုမှ သီချင်းဖြစ်တာမဟုတ်ဘူးဆိုတာ ခင်ဝမ်းက “ယိမ်း” နဲ့ စကားလုံးကို အားပြုသီဆိုခဲ့ဘူးတယ်။ ဘယ်တူရိယာမှမပါဘဲ အဆိုသက်သက်နဲ့ သီချင်းဆိုလို့ (ခုထိ) ကိုခင်ဝမ်း တစ်ပုဒ်ပဲ နားထောင်ဘူးတယ်။ (ဦးသုခရဲ့ ဓါတ်ရှင်ထဲမှာ ဒေါ်မေနွဲ့ အဆိုသက်သက်နဲ့ ကလေးချော့သီချင်း “မလေးလက်ခတ်သံ” လည်း ရင်ထဲငြိပါတယ်။ ဒါပေမယ့် ခြေဆင်းလေးကိုပဲ အတီးဖျောက်ထားတော့ Taste က သိပ်မပြည့်လိုက်ဘူး။) ပန်းချီဘက်မှာတော့ ဆရာဗဂျီအောင်စိုးပေါ့။ သူ့ရဲ့ ဂ္ဂဇင်းအဖွင့်ကဗျာဟန်တွေဟာ ရှိရင်းစွဲသရုပ်ဖော်ပုံတွေက လုံးဝခွဲထွက်သွားတော့ လူတွေ နှာခေါင်းရှုံ့ကြ၊ သူကတော့ သူ့ဟန်အတိုင်း ရဲရဲတင်ပြသွားလေရဲ့။ ခုတော့လည်း ယနေ့ခေတ် မဂ္ဂဇင်းများအထိ သရုပ်ဖော်ပန်းချီတွေဟာ ဗဂျီအောင်စိုးရေးဟန်က လွှမ်းမိုးနေဆဲပဲ။ ဆရာကတော့ အဲဒီရေးဆွဲပုံကို “စာမဲ့ကဗျာ” အမည်ပေးတယ်။ စာအုပ်တောင်ထုတ်လက်သေး။ (ဆရာကြီး ဦးဘသန်းနဲ့ မြေချစ်သူတို့ အမှာဝင်ရေးထား။)
ပြောလိုရင်းက ပန်းချီပဲဖြစ်ဖြစ်၊ ရုပ်ရှင်၊ သီချင်း (ဂီတ)၊ စာပေစတဲ့ အနုပညာအသစ်သစ်သော ဖန်တီးမှုတွေ တင်ပြနိုင်ရမယ်။ ကျနော်တို့ အနုပညာဟာ ခေတ်ကာလတစ်ခုအောက်မှာ ကောင်းစွာရှင်သန် ကြီးထွားခွင့်မရခဲ့ ကြလေတော့ တီထွင်ဖန်တီးမှုတွေ ပျောက်ကွယ်ဆိတ်သုဉ်းခဲ့ရတယ်။ အဲဒီအမှောင်ခေတ်မှာ စိစစ်ရေးလွတ်အောင် ရသမြောက်စွာ တင်ပြလာတဲ့ ၀တ္ထုတစ်ပုဒ်လောက်ပါလာရင်ပဲ ကြည်နူးအားရဖြစ်ခဲ့ရတယ်။ ခုအဲဒီလိုရေးသားတင်ပြပုံမျိုး မလိုတော့ဘူး။ တည့်ပဲ၊ ဒါပေမဲ့ အနှစ် (၅၀)လောက် ချုပ်ခံထားရတဲ့ လက်တွေဆိုတော့ ဒီအပြောင်းလဲကို သိပင်သိသော်လည်း (လက်သားသေ နေတော့) ဇာတ်အိမ်ဇာတ်လမ်းတွေက စောင်းပါးရိပ်ခြေ အဆင့်ကို ကျော်မသွား သေးဘူး။ နောက်တက်လာမယ့် အနုပညာ မျိုးဆက်တွေကို ပွင်းလင်းလွတ်လပ်တဲ့ အနုပညာဖန်တီးမှုလုပ်နိုင်အောင် လက်တွဲခေါ်ကြရမယ်။ အနုပညာကျောင်း (တက္ကသိုလ်)တွေကနေ ခေတ်မီသင်ရိုးတွေနဲ့ သင်ကြားပေးရမယ်။ လိုရင်းက အသစ်တီထွင်ဖန်တီးနိုင်ရေးကို လှုံ့ဆော် အားပေးကြရမယ်။ စကားစပ်လို့ပြောရရင် ယဉ်ကျေးမှုတက္ကသိုလ်ဆိုတဲ့ စကားလုံးအစား အနုပညာတက္ကသိုလ်ဆိုတာ ပိုကောင်းလိမ့်မယ်။ ယဉ်ကျေးမှုဆိုတဲ့စကားလုံးက သိပ်ကျယ်ပြန့်ပါတယ်။ အနုပညာကိုပဲသင်ပေးပါ။ စောင်း၊ ဆိုင်း၊ ပတ္တလား သင်လည်းသင်ပါ။ ဒါလည်း အနုပညာပါ။ ကြိုး၊ ဘွဲ့၊ ပတ်ပျိုး၊ ယိုးဒယား သင်ချင်သင်ပါ။ အနုပညာပဲ။ ယဉ်ကျေးမှုဆိုတာကြီးနဲ့ ဒီတက္ကသိုလ်နာမည်က မလိုက်ဖက်ပါဘူး။ တက္ကသိုလ်ဟာ အသစ်အသစ်သော တီထွင်မှုတွေ၊ ဖန်တီးမှုတွေ ထုတ်ဖော်နိုင်စွမ်းရမယ်။
အသစ်တွေဖန်တီးကြပါစို့။
(အညိုမှသည် ကြက်သွေးနီသို့ ဖတ်ပြီးခံစားသည်။)
ခွဲစိတ်ဆောင်(၄)၊ ညနေ(၄)နာရီ
၁၉၇၅ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့၊ ညနေ(၆)နာရီ။
          တပ်မတော်ဆေးရုံကြီးပြင်ပလူနာဆောင်ရှေ့သို့လူနာသယ်ယာဉ်ဆိုက်ရောက်လာသည်။သူနှင့်အတူလားရှိုးစစ်ဆေးရုံမှဗိုလ်အဆင့်ဆေးမှူးတစ်ဦးအနီးကပ်လိုက်ပါလာသည်။လားရှိုးတွင်သူရှစ်ရက်ကြာနေခဲ့ရသည်။လားရှိုးဆေးရုံသည် သူ၏အသက်ကိုသေမင်းနှင့်အပြိုင် လုယူထားသည်။ ပုတ်သိုးပြတ်တောက်(gangrene)နေသော ညာဖက်ခြေထောက်ကို သန့်ရှင်းအောင်ဆေးကြောပြီး ဆေးထည့် ပေးရုံသာ ကုသပေးနိုင်သည်။ခြေသလုံးရိုးနှစ်ချောင်းလုံး ကျိုးပဲ့ကြေမွ (Compound fracture) နေသည့်သူ၏ ဘယ်ခြေသလုံးမဏ္ဍိုင်ရိုး(tibia)ကို ခွဲစိတ်ခန်းအတွင်းမှာပင် Anatomy စာအုပ်ဖွင့်ပြီး တပ်မှူးကိုယ်တိုင် တစ်စစီစီပြီးပြန်လည်နေရာချထားသည်။
ဘယ်ဘက်ခြေထောက်သည် ပြတ်လုပြတ်ခင်အခြေအနေမျိုး၊သူတို့မှာရှိသမျှပညာနှင့်အခြေအနေပေးသလောက် ၀ိုင်းဝန်းကြိုးစားကုသပေးသည်။အဓိကအခက်အခဲမှာလူနာသည်ခွဲစိတ်ကုသမှုကိုခံနိုင်လောက်သည့်ကိုယ်ခံအားမရှိခြင်းဖြစ်သည်။သွေးနှင့်ဓါတ်ဆားရည် အဆက်အမပြတ် သွင်းထားပေးရသည်။ဒီတော့ ယာဉ်စီးနိုင်လောက်သည့် အခြေအနေရောက်လျှင် ရန်ကုန်သို့အမြန်ဆုံးပို့ပေးရန် စီစဉ်သည်။
                   သူကတော့မည်သို့သောကုသမှုနှင့် သူ့ကိုကုသနေသည်ကိုမသိ၊ နာကျင်မှုဝေဒနာ ခံစားနေရသည်ကို လည်းမသိ၊သူအသက်မသေသေးဆိုတာလောက်ပဲ သိတော့သည်။ သတိကလည်းရတချက်၊ မရတချက်။ တပ်မမှူး လာကြည့်ပြီးအားပေးသွားသည်ဟု ပြောသည်။ သူအမှတ်မရ။ သူ၏၀ိဥာဉ်သည် သူနှင့်ပူးတုံခွာတုံ။ ဘာမဆို ဖြစ်သွားနိုင်သောအခြေအနေမျိုး။ဆေးရုံ၏အစဉ်အလာအရ D.I.L (Dangerous Ill List) သတ်မှတ်ထား သည်မို့ အသက်အန္တရယ်ရှိနေဆဲအခြေအနေမျိုးဖြစ်သည်။
          လူနာ၏အခြေအနေတည်ငြိမ်စပြုသော(၂-၆-၇၅)ရက်နေ့တွင်မင်္ဂလာဒုံတပ်မတော်ဆေးရုံကြီးသို့လွှဲပြောင်း တော့မည်။တိုက်ဆိုင်လွန်းသည်ဟုပဲဆိုချင်သည်။ ဘယ်လောက်တိုက်ဆိုင်သလဲဆိုရလျှင် ဒီနေ့သည် ကဆုန်လဆုတ်(၉)ရက်၊ သူ၏(၁၉)နှစ်ပြည့်မွေးနေ့။ ရှားရှားပါးပါး မြန်မာရက်နှင့် အင်္ဂလိပ်ရက် တထပ်တည်းကျနေသည်။ဘယ်လောက် ၀မ်းနည်းစရာကောင်းသည့်မွေးနေ့ (Sad Birthday)လဲ။ ဒီလိုမွေးနေ့ရက်မှာ လေယာဉ်စီးပြီးဆေးရုံပြောင်းရတော့မည်။
          သူ့စိတ်ထဲမှာခိုင်ခိုင်မာမာယုံကြည်နေတာ တစ်ခုတော့ရှိသည်။ မင်္ဂလာဒုံဆေးရုံသည် သူ့ကိုအပြည့်အ၀ အာမခံချက်ပေးနိုင်ပေလိမ့်မည်ဆိုတာပဲဖြစ်သည်။ သို့နှင့်တိုင် ဒီလိုဆိုးဝါးလှသည့် ကြမ္မာမိုးတွေသည်းသည်း ဖြိုင်ဖြိုင်ရွာလေသည့်ဒီလိုမွေးနေ့မှာ  သူမပြောင်းချင်။ ဘာလို့လည်းမမေးပါနဲ့။ သူအဖြေမပေးတတ်ပါ။
          ကံကောင်းပါသည်။ထိုင်ခုံနေရာအခက်အခဲကြောင့် နောက်နေ့မှလိုက်ပါခွင့်ရခဲ့ပါသည်။ လားရှိုးမှထွက်သော လေယာဉ်သည်မိုးမိတ်၊ မန္တလေးသို့ ဆင်းသက်ရပ်နားခဲ့ပြီး ညနေ(၅)နာရီခန့်တွင် မင်္ဂလာဒုံလေဆိပ်သို့ဆိုက်ရောက်ခဲ့သည်။ လူနာယာဉ်သည် ကွင်းအတွင်းထိ မောင်းဝင်ခဲ့ပြီး ပြေးလမ်းပေါ်တွင် ချထားသောလူနာကိုသယ်ဆောင်လျှက် ဆေးရုံသို့အပြေးမောင်းနှင်ပါတော့သည်။
          ညတွင်းချင်းခွဲစိတ်ခန်းသို့ပို့ပြီး ခွဲစိတ်ကုသမှုလုပ်သည်။ နူးညံ့သိမ်မွေ့သော စကားသံနှင့် အရိုးကုသပါရဂူသည်ကြင်နာသောစကားကို ဆိုလေသည်။
          “ခင်ဗျားရဲ့ညာဖက်ခြေထောက်ကတအားပုတ်နေပြီ်၊ ခြေတုတပ်ပြီးလမ်းလျှောက်လို့ရအောင် မေ့ဆေးပေးပြီး ဒူးအထက်ကဖြတ်မယ်၊ဘယ်ဖက်ခြေထောက်ကိုလည်း ကြိုးစားပြီးကုမယ်။ မကောင်းနိုင်ရင်တော့ ဒီဖက်ခြေထောက် လည်းဖြတ်ချင်ဖြတ်ရမယ်၊ ဘယ်နှယ့်လဲ”
          သူ့အသက်၊သူ့ဘ၀တစ်ခုလုံး ဆေးကုသမှုအဖွဲ့ထံ ပုံအပ်ပြီးပြီမဟုတ်လော။ စကားမပြန်နိုင်။ ခေါင်းကိုညိတ်သည်ဆိုရုံလေး ညိတ်ပြလိုက်သည်။ သည့်နောက်မေ့ဆေးအစွမ်းဖြင့် လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားသည်။ မေ့ဆေးပြယ်စ၊ မသိဝိုးတ၀ါးအချိန်မှာ ဦးဆုံးဘယ်ဘက်လက်ဖြင့် သူ့ဘယ်ခြေရှိရာကိုစမ်းကြည့်သည်။ အေးစက်မာကျောသော အထိအတွေ့ကိုရသည်။ ကျောက်ပတ်တီးစည်းနှောင်ထားသည်ပဲဖြစ်မည်။ဒါဆို ငါ့မှာခြေ တစ်ဖက် ကျန်သေးသည်ပဲဆိုသည့်အသိဖြင့် စိတ်ချလက်ချ သူပြန်မေ့သွားပြန်သည်။
          တပ်မတော်ဆေးရုံကြီး၏အရေးပေါ်လူနာထားသည့် ခွဲစိတ်ဆောင်(၁)တွင် D.I.L ဖြင့်သီတင်းသုံးပတ်ကျော် နေခဲ့ရပြီးအခြေအနေစိတ်ချရလောက်သော ဇွန်လနှောင်းပိုင်းရက်တစ်ရက်ဝယ် ခွဲစိတ်ဆောင်(၄)သို့ သူ့ကိုရွှေ့လိုက်သည်။ D.I.L အဆင့်မှ S.I.L (Serious ill list) အဆင့်သို့ ပြင်ဆင်သတ်မှတ်လိုက်ပြီ။အခြေအနေတိုးတက် လာသည့်သဘော။
          သူမိုင်းထိမှန်ဒဏ်ရာရသည့်အကြောင်းသူ့အိမ်သို့ တပ်ရင်းကကြေးနန်းဖြင့် အကြောင်းကြားလိုက်သည်။ အဖေအမေရော၊ အဖိုးအဖွားပါရေးကြီးသုတ်ပျာနှင့် တပ်ရင်းရှိရာ တပ်ကုန်းမြို့သို့ ချက်ချင်းလိုက်ကြသည်။ တပ်ရင်းရုံးကလားရှိုးဆေးရုံတွင် ရောက်နေကြောင်း ပြောပြန်တော့ လားရှိုးကိုဆက်လိုက်ကြပြန်သည်။ တစ်ခါမျှမရောက်ဘူးသောမြို့ဆီသို့ သားဇော၊ မြေးဇောဖြင့်အပြေးလိုက်ပြန်လေသော်လည်း လားရှိုးဆေးရုံအရောက်လူနာကိုရန်ကုန်ဆေးရုံလွှဲလိုက်ပြီဆို၍ ရန်ကုန်သို့ခရီးဆက်ရပြန်သည်။ အမေက သူ့သားဆုံးသွားပြီးဖြစ်၍သူ့ကိုလိမ်ညာ ပြောနေသည်အထင်ဖြင့် လားရှိုးဆေးရုံကတော်တော်နှင့် မပြန်ဟုဆိုသည်။
          သူ့မိသားစုနှင့်ပြန်ဆုံသည့်ညနေကိုလည်း ဘယ်တော့မှသူမမေ့။ ထိုစဉ်ကခွဲစိတ်ဆောင်(၁)မှာပဲ သူရှိသေးသည်။ဧည့်သည်တွေ့ဆုံချိန်အတွင်း ဟိုးခတ်ဝေးဝေးလူနာခုတင်တွေရှိရာဘက်မှာ သူ့ကိုလိုက်ရှာနေသောသူ၏အဖိုးကိုဦးဆုံး သူမြင်လိုက်သည်။ နောက်မှ အဖေ၊ အမေနှင့် အဖွားကိုတွေ့လိုက်သည်။ သူထွက်ပြေးရကောင်းမလားဟုတွေးလိုက်မိသည်။ သူ၏ပစ္စက္ခအခြေအနေက သူ့မိသားစုကို ဘယ်လိုမှမြင်ရက်စရာ အကြောင်းမမြင်။ဟိုဒီမေးမြန်းရင်း တစ်စုံတစ်ဦးက သူရှိရာခုတင်ကို ညွှန်ပြလိုက်သည်။ အ၀တ်အစားအိတ်တွေကပိုကရိုလွယ်ထားလျှက် သူရှိရာအပြေးတစ်ပိုင်းလာနေသော မိသားစုကို ၀မ်းမြောက်ဝမ်းသာ သူမကြိုဆိုနိုင်ခဲ့။
          “ဘယ်လိုဖြစ်တာလဲသားရယ်”
          အဖိုး၏မေးခွန်းကိုသူဘယ်လိုဖြေရမလဲ။ အမေနှင့် အဖွားကသူ့ကို ကျောခိုင်းထားသည်။ သူတို့ငိုနေကြမည်။
“ဘာမှမဖြစ်ပါဘူး”ခဏနေရင် ဆေးရုံက ဆင်းရမှာပါ”
          သူမျက်ဝန်းကိုပုတ်ခတ်ပုတ်ခတ်ပြုရင်း အဖြေပေးလိုက်သည်။ သူ့မိသားစု သက်သာရာရလိုရငြား ကြိုးစားပြီးအကြောင်းပြချက်ပေးသည်။ ခြေတစ်ဖက်ဖြတ်ထားပြီး ကျောက်ပတ်တီးတစ်ဖက်စည်းထားသော သားကဘာမျှမဖြစ်ပါဘူးဆိုတော့ အမေကသူ့ကို ယုယစွာထွေးပိုက်ရင်း မျက်ရည်ဖြိုင်ဖြိုင်ကျလေသည်။
          “မခင်ဝင်း၊ကလေးစိတ်မကောင်းဖြစ်မယ်ကွာ၊ မငိုပါနဲ့ကွာ”
          အဖေသည်ငိုသံပါနှင့်အမေ့ကို ဖျောင့်ဖျနေသည်။ အဖွားသည် သူ့သားတစ်ယောက်သဖွယ် ပြုစုစောင့်ရှောက်ခဲ့ရသောမြေး၏အဖြစ်ကိုယူကြုံးမရ။ သူတို့အားလုံး ကြေကွဲဝမ်းနည်းခြင်းကို ဟန်ဆောင်ဖုံးကွယ်ရန် ကြိုးစားခဲ့ပါသော်လည်းအချင်းနှီးပင်။ ထိုနေ့၊ ထိုအချိန်မှစ၍ အဖေသည်သူ့ကို အနီးကပ်လူနာစောင့်အဖြစ် သုံးလကျော်ဆေးရုံတွင် ပြုစုစောင့်ရှောက်ခဲ့ပါသည်။ အမေသည် သူ၏ထမင်းကြော်ဆိုင်ကိုပိတ်သိမ်းပြီးသားလူနာကို ချက်ပြုတ်ကျွေး မွေးရန် ရန်ကုန်မှာပဲရက်ရှည်လများ နေထိုင်ခဲ့ပါသည်။ ညနေလေးနာရီဧည့်သည်တွေ့ချိန်ဆိုလျှင် ရှေ့ဆုံးက အပြေးတစ်ပိုင်း  ဆေးရုံအတွင်း ၀င်လာနေသော အမေ့ကိုမျှော်တတ်လာသည်။အမေသည် သားကိုညစာကျွေးပြီးမှ ညခြောက်နာရီခန့်မှ ပြန်လေသည်။ ကားဂိတ်ဆီသို့အဖေက လိုက်ပို့ပေးရသည်။မင်္ဂလာဒုံမှလာသော ကားစီးပြီး မြေနီကုန်းတွင်ဆင်း၊ ထိုမှဆရာစံလမ်းရှိ တည်းခိုရာအိမ်သို့ကားနှစ်ဆင့်စီးပြီးမှ ရောက်သည်။ အဖေကဆေးရုံမှာ တစ်နေကုန်နေပြီး သူ၏ဝေယျာဝစ္စတွေ ဆောင်ရွက်ရလေသည်။မိုးလင်းအိပ်ရာထချိန်မှ ညရောက်သည့်တိုင် လူနာတစ်ယောက်၏ ဗာဟီရတွေကများလွန်းလှသည်။ စိတ်ထိခိုက်စရာအကောင်းဆုံးကဆေးထည့်ချိန်ဖြစ်သည်။ ဆေးထည့်ချိန်ရောက်လျှင် နာကျင်မှုကြောင့် အသံကုန်အော်ဟစ်နေသောသားကိုမကြည့်ရက်၍ ဆေးထည့်ခန်းအတွင်းမှ ရှောင်ထွက်သွားတတ်သည်။ သားအော်ဟစ်သံကို ကြားနေရပြန်တော့အနီးသို့ရောက်လာပြီး ဘယ်သူ့ကို စိတ်ဆိုးရမှန်း မသိဘဲ စိတ်ဆိုးနေတတ်ပြန်သည်။
          တစ်ခါကသူသွေးသွင်းရ၏။ သွေးသွင်းပေးသူမှာ ဒုတိယနှစ်စစ်သူနာပြု အမျိုးသမီး၊ သူ၏သွေးကြောကိုတော်တော်နှင့်ရှာမတွေ့၊ သူ၏လက်ဖျံမှာ အပ်ရာဗရပွဖောက်ခံထားပြီး ဖြစ်သည့်တိုင် သွေးကြောကိုမတွေ့ရသေး။တွေ့ပြန်လျှင်လည်း ခေတ္တသာ၊ သွေးကြောမမိ၍ လက်ဖျံယောင်လာပြန်သည်။ သွေးပုလင်းတစ်ဝက်ခန့်သာကုန်သွားသည်။ ခန္ဓာကိုယ်အတွင်းမရောက်ဘဲ ဖိတ်တစ်ဝက်၊ စဉ်တစ်ဝက်မို့ အဖေဒေါသထွက်လာသည်။သူလည်း စိတ်ညစ်စပြုလာသည်။ နောက်ဆုံးအဖေ စိတ်တိုပြီးထဆဲသည်။ မကြာလိုက်၊ အမျိုးသားသူနာပြုရဲဘော်တစ်ဦးအကြောရှာပေးမှ အောင်မြင်စွာသွေးသွင်းခြင်း ပြီးစီးလေတော့သည်။
          သူဒဏ်ရာရခြင်းသည်နိုင်ငံတော်အတွက် ဘယ်လောက်ဆုံးရှုံးသွားပြီလဲ၊ သူမတွက်ချက်တတ်ပါ။ သို့ရာတွင် သူ၏မိသားစုဘ၀ကိုကောင်းကောင်းထိခိုက်ခဲ့ရပါလေသည်။ အဖေရော၊ အမေရော တစ်နေ့လုပ်မှတစ်နေ့စားရသူတွေမို့ မိသားစုစီးပွားရေးတွေအခိုက်အတန့်ရပ်ခဲ့ရပြီ။ အမေ၏ဆိုင်လုပ်ငန်းဆိုလျှင် လုံးဝပိတ်လိုက်ရသည်။ အဖေက ကားအရောင်းအ၀ယ်အလုပ်သည်မို့အချိန်ပိုင်းထွက်လုပ်လို့ရနေသည်။ လောကကြီးသည် အဆိုးဆုံးဆိုတာတွေကိုချည်း ယူမလာပါ။ ထိုရက်များအတွင်းအဖေ့လုပ်ငန်းသည် အဆင်ပြေနေသဖြင့် သူတို့စားဝတ်နေရေး အခက်အခဲသိတ်မဖြစ်ပါ။ သားဒဏ်ရာကိုအကြောင်းပြုပြီး ရန်ကုန်သို့ပြောင်းရွှေ့ရန်အထိ သူတို့စဉ်းစားခဲ့ကြသည်ဟု သိရသည်။ ထိုစဉ်ကတောင်ဥက္ကလာမြင်သာတိုက်ခန်းတစ်ခန်း၏ပေါက်ဈေးမှာ ကျပ်ခုနှစ်ထောင်မှ ရှစ်ထောင်အတွင်းသာရှိသည်။ ပြည်မှာနေရတာ အခြေတကျဖြစ်နေပြီမို့မ၀ယ်ဖြစ်လိုက်တော့။
          မည်သို့ဆိုစေ၊ညနေလေးနာရီထိုးပြီးလျှင် မင်္ဂလာဒုံတပ်မတော်ဆေးရုံကြီး၏ ဒုတိယထပ်က စစ်သည်လေးတစ်ဦးသည်ပြတင်းဝကိုလှမ်းကြည့်ရင်း သူ့မိခင်ကိုမျှော်နေတတ်ပြီ။ မိဘမေတ္တာကို ခံစားနားလည် တတ်လေပြီ။
          မောင့်မိမောင့်ဘ၊ငါတို့စသည့်
          တကွမကွာ၊နှစ်တရာလျှင်
          ဖျားနာဖဲကြဉ်၊စည်းစိမ်းရှင်လျှက်
          မြင်ကြောင်းပစ္စည်း၊လုံ့လဆည်း၍
          ခမည်းမောင့်သွင်၊လ၀န်းပြင်သို့
          ရှုချင်ဖရဲ၊တလဲလဲလျှင်
          မကွဲမပြို၊မြင်ကြလို၏။
                                          (ကိုးခန်းပျို့ )
နှုတ်ပယ်ချန်လှပ်ခဲ့ကြတဲ့ စာမျက်နှာများ (၁)
လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုပတ်လည်လောက်တွေက  သည်းသည်းသန်သန် လိုက်လံရှာဖွေဖတ်ရှုခဲ့ဖူးတဲ့ စာအုပ်တွေထဲမှာ ဆရာကြီးဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒဆိုတဲ့စာအုပ်ကလည်း တစ်အုပ်အပါအဝင်ပါ။စာအုပ်က ရှားပါးစာအုပ်လည်းဖြစ်၊ ဝယ်လို့လည်းမရဘူးဆိုတော့ ဘုန်းတော်ကြီးတစ်ပါးဆီကနေ ငှားရမ်း ဖတ်ရှုခဲ့ရတယ်။ကျွန်တော့်အသက်ထက်ကြီးတဲ့ စာအုပ်တစ်အုပ်ဆိုတာကို မှတ်မိနေသေးပေမဲ့ ဘယ်နှခုနှစ်၊ ဘယ်နှကြိမ်မြောက် ဆိုတာတွေကိုတော့ မမှတ်မိတော့ပါဘူး။ စာအုပ်ရဲ့ဝါကြန့်ကြန့်အရောင်အဆင်းက ဟောင်းနွမ်းတဲ့သက္ကရာဇ်တွေကို ချွေချလိုက်သယောင် ဖော်ပြနေပေမဲ့ အယူအဆနဲ့ဖော်ပြချက်တွေက ယုံကြည်ရင်းစွဲတွေကို ပုရစ်ဖူးဝေစေခဲ့တာ အမှန်ပါပဲ။
မျက်စိမှိတ်သက်ဝင်ခဲ့ကြတဲ့ မိရိုးဖလာ ဘက်ကကြည့်ရင်တော့ အတွင်းသားတွေက အတွေးပွားစရာနဲ့ အငြင်းပွားစရာတွေချည်းပါပဲ။ ကျွန်တော်တို့က အစဉ်အလာ ယုံကြည်တာတွေနဲ့ ပျော်မွေ့နေကြတယ်။ စာအုပ်က အဋ္ဌကထာဆရာတွေနဲ့ အစဉ်အလာတွေကို စိစစ်ဝေဖန် ပြထားတယ်။ စာအုပ်ကို ပိုင်ဆိုင်ချင်ပေမဲ့ အဲဒီတုန်းက မတတ်နိုင်ခဲ့ဘူး။ ဖတ်စရာရှိတာဖတ်ပြီး၊ အပ်ရမဲ့နေရာဆီ ပြန်အပ်ခဲ့ရတယ်။
၂၀၀၆ ခုနှစ်အရောက်မှာတော့၊ ရန်အောင်စာပေက ဒီစာအုပ်ကို တတိယအကြိမ်အဖြစ် ပြန်လည်ထုတ်ဝေခဲ့လို့ တန်ဖိုး၆၃၀၀နဲ့ ဝယ်ယူပြီး ပြန်လည်ဖတ်ရှုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဖော်ပြရန်မသင့်တဲ့ စာပုဒ်တော်တော်များကို ပယ်ထုတ် ချန်လှပ်ထားတယ် ဆိုတဲ့အကြောင်းကို ထုတ်ဝေသူရဲ့ အမှာစာမှာ ဖတ်လိုက်ရလို့ စိတ်ထဲမှာတော့ တော်တော်လေး ဟာသွားဖူးပါတယ်။ ဘယ်အပိုဒ်တွေကို ချန်လှပ်ထားကြသလဲဆိုတာကိုတော့ ပထမတစ်ခေါက် ဖတ်ခဲ့တဲ့ကာလတွေက သိပ်ဝေးခဲ့ပြီဖြစ်လို့ မမှန်းဆနိုင်တော့ပါဘူး။
ထုတ်ဝေသူဘက်ကတော့ဆရာကြီးဦးအေးမောင်ရဲ့ ပဓာနရည်စူးချက်ကျောရိုးကို ဖမ်းဆုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပေးခဲ့ပေမဲ့ စာဖတ်သူအဖို့မှာတော့ လိုနေတာကို သိသိကြီးနဲ့ ဖတ်နေရတာဖြစ်လို့ မချင့်မရဲနိုင်မိနေတာ အမှန်ပါပဲ။ ဒါပေမဲ့ တကယ့်တကယ်တမ်း ဖတ်ကြည့်တော့ ဆရာကြီးရဲ့ ပဓာနရည်စူးချက်ဖြစ်တဲ့ ဗုဒ္ဓဝါဒကို ပညာဉာဏ်နဲ့ စူးစမ်းနိုင်ဖို့ဆိုတဲ့ အထောက်အကူတွေကို ထုတ်ဝေသူပြောသလို ဝေဝေဆာဆာ ဖတ်ရှုနိုင်သေးတယ်ဆိုတာ တွေ့ရတယ်။
တကယ်တော့ ဗုဒ္ဓတရားတော်တွေဆိုတာ အလွန်သိမ့်မွေ့နက်နဲတာကြောင့် သဒ္ဓါတရားရှုထောင့်တစ်ခုတည်းနဲ့ မရပါဘူး။ဂဃနဏနားလည်ဖို့ဆိုတာ ဉာဏ်ပညာလိုပါတယ်။ပညာ မလိုက်နိုင်ရင်တော့ ဘုရားရှင်ကိုယ်တော်တိုင် ရှိနေလည်း အယူမှားနေကြမှာပါပဲ။ အဲဒီလိုအယူမှားရှိခဲ့လို့လည်း မဇ္ဈိမနိကာယ်၊ အလဂဒ္ဒူပမသုတ္တမှာ မြွေဖမ်းဥပမာပေးပြီး ဟောကြားသွားတာပါ။အခုလို ခေတ်ကာလ သမယမျိုးမှာတော့ အရိဋ္ဌရဟန်းလို မိစ္ဆာအယူရှိနေကြတာ မဆန်းပါဘူး။ မြွေမဖမ်းတတ်ရင် မြွေကိုက်ခံရနိုင်သလို ဗုဒ္ဓဝါဒကို မခံယူနိုင်သူတွေကြောင့်လည်း အန္တရာယ်တွေ တွေ့နေရတာ အမှန်ပါပဲ။ အနည်းဆုံး နိစ္စဓူဝတွေ့ကြုံတာတွေကို ကြည့်ရင်ပဲ ရှင်းရှင်းကြီး သိနိုင်ပါသေးတယ်။
ရပ်ကွက်လုံးညံ လော်စပီကာသံတွေနဲ့ လမ်းတွေပိတ်ဆို့လို့ တရားပွဲတွေကို ပွဲလမ်းသဘင်တွေလို ပျော်ပျော်ပါးပါး ကျင်းပနေကြတာဟာ တရားနာပရိတ်သတ်နဲ့ ရွှေပွဲလာပရိတ်သတ်ကို ခလုတ်မှားနှိပ်မိသလိုပါပဲ။တကယ်က တရားပေးပရိဝုဏ်ထဲ ဝင်လိုက်ပြီဆိုတာနဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းတွေနဲ့အတူ နိဗ္ဗာနာပစ္စယောအရသာ ငြိမ်သက်တာကို မွေ့လျော်ခံစားသင့်တာဖြစ်ပေမဲ့ လက်တွေ့မှာက တရားပွဲဆိုတာ ဆူညံမှု အသံပေါင်းစုံပေးလို့ ရွှင်လန်းစရာအဖြာဖြာနဲ့ ပျော်မွေ့စရာ ဖြစ်နေကြတယ်။
တချို့နေရာတွေမှာဆို လမ်းတွေကို လူသွားလူလာလောက်သာ ခွင့်ပေးပြီး ယာဉ်သွားယာဉ်လာတွေကို ပိတ်ဆို့လို့ တရားပွဲတွေကို ရက်ရှည်၊ ရက်များ ကျင်းပနေကြတာဟာ ဝိသေသထူးနဲ့ ပြည့်စုံတယ်ဆိုတာကို ပြောင်းပြန်လှန်လိုက်သလိုပါပဲ။ တကယ်တော့ ဒါတွေဟာ ဗုဒ္ဓဝါဒကို အခြေအမြစ်မသိဘဲ မိရိုးဖလာအစဉ်အလာ အနေလောက်နဲ့သာ သက်ဝင်ယုံကြည်နေခဲ့ ကြလို့ပါပဲ။ ဆရာကြီးဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒစာအုပ်ကတော့ အဲဒီမိရိုးဖလာအသိနဲ့ အဲဒီအသိတွေအပြင် အဋ္ဌကထာဆရာတွေရဲ့ သမားစဉ်အသိတွေကိုပါ စောကြောထောက်ပြထားတာကို တွေ့ရပါတယ်။ဒါပေမဲ့ အဲဒီလို စောကြောဝေဖန်ထားတာတွေထဲက အချို့ဟာ သမိုင်းတစ်ဖြတ်မှာ နှုတ်ပယ်ချန်လှပ်ခဲ့တာကို ခံခဲ့ရပါတယ်။
၂၀၁၇မှာတော့ ရန်အောင်စာပေကပဲ အဲဒီနှုတ်ပယ်ချန်လှပ်ခဲ့တာတွေကို ပြန်လည်ထည့်သွင်းပြီး စာအုပ်တိုက်ရဲ့ ဒုတိယအကြိမ်မြောက်အဖြစ် ရိုက်နှိပ်ထုတ်ဝေလာတာကို ဝမ်းသာအားရ တွေ့ရပါတယ်။အပြင်အဆင်နဲ့ စာအုပ်ဖွဲ့စည်းပုံဟာ ပထမအကြိမ်တုန်းကလောက် မကောင်းပေမဲ့ တန်ဖိုး ၆၀၀၀ ပေးပြီးဝယ်ယူဖတ်ရှုဖြစ်ခဲ့ပါတယ်။ အဲဒီလိုတတိယအကြိမ်မြောက်ဖတ်ရှုမှုမှာတော့ ဖတ်ရှုရုံသက်သက်တင်မကတော့ဘဲ အရင်စာအုပ်မှာ ဘယ်အပိုင်းတွေကို ဖြုတ်ပယ်ခဲ့တာလည်းနဲ့ ဖြုတ်ပယ်ခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ အခြားသောဗဟုဿစ္စတွေကိုပါ မင်္ဂလတစ်ခုအဖြစ်နဲ့ ထပ်ပေါင်းထည့်ဖို့ဖြစ်လာပါတယ်။ ဖြုတ်ပယ်ခဲ့တာတွေကတော့ ဆရာကြီးဦးအေးမောင်ရေးခဲ့တာနဲ့ယှဉ်ရင် များတယ်လို့ မဆိုသာပါဘူး။
အခန်း()ဗုဒ္ဓဝါဒနှင့်စဉ်းစားဝေဖန်မှုကဏ္ဍထဲက ဒုတိယအကြိမ်ထုတ်စာအုပ်မှာဖော်ပြပေးထားတဲ့ အောက်ကစာပိုဒ်တွေဟာပထမအကြိမ်တုန်းက မသင့်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြုတ်ပယ်ချန်လှပ်ခဲ့တာခံရတဲ့စာတွေပါ။ ဒီလိုဖြုတ်ရတာဟာ အဲဒီခေတ်မှာထားရှိထားတဲ့ စာပေစိစစ်ရေးကြောင့်လည်းဖြစ်နိုင်သလို မိရိုးဖလာ ရှေးရိုးစွဲဘာသာဝင်တွေ မျက်စိစပ်စရာ ဖြစ်နိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။  
စာမျက်နှာ -
သို့ဖြစ်၍ ဗုဒ္ဓပရိနိဗ္ဗာန်ပြုသောကာလသည်အောက်တိုဘာနှင့် ဇန်နဝါရီလ သို့မဟုတ် ထိုနှစ်လကြား တစ်လလဖြစ်တန်ရာ၏။ မေ(ကဆုန်) မဖြစ်တန်ရာ။ မေလဖြစ်ပါက ဘုရားပရိနိဗ္ဗာန်စံခါနီးတွင် ကုသနနာရုံဥယျာဉ်၌ အင်ကြင်းပန်းများ အခါမဲ့ပွင့်သည်ဆိုသော စကားသည် မှားရာ၏။အဘယ့်ကြောင့်ဆိုသော် အိန္ဒိယရုက္ခဗေဒပညာရှင်တို့၏စူးစမ်းချက်အရ ထိုပန်းမျိုးသည် သဘာဝအားဖြင့် ဧပြီ-မေလလောက်၌ ပွင့်တတ်၍ ကဆုန်လမဟုတ်သော လများ၌ ပွင့်မှသာ အခါမဲ့ပွင့်သည်ဟု ဆိုရပေလိမ့်မည်။စင်စစ်ခရစ်သက္ကရာဇ် ရာစုလောက်က အိန္ဒိယပြည်သို့ရောက်ရှိခဲ့သော တရုတ်ခရီးသည်ဟီယန်ဆိုင်၏မှတ်တမ်း၌ ထိုအခါက သဗ္ဗတ္ထဝါဒီခေါ်ဗုဒ္ဓဝါဒီတို့သည် အောက်တိုဘာ သို့မဟုတ်နိုဝင်ဘာလ၌ ဘုရားပရိနိဗ္ဗာန်ပြုသည်ဟု ယုံကြည်ကြကြောင်း ဖော်ပြထား၏။
သဗ္ဗတ္ထိဝါဒဆိုတာက ရှေးဦး ဗုဒ္ဓဘာသာဂိုဏ်းတွေဖြစ်တဲ့မဟာသံဃိကနဲ့ ထာဝိရဂိုဏ်းနှစ်ခုထဲကတစ်ခုဖြစ်တဲ့ထာဝိရဂိုဏ်းကနေ ထပ်ပြီးခွဲထွက်လာတဲ့ ဗုဒ္ဓဝါဒဂိုဏ်းကွဲတစ်ခုပါပဲ။ ဒီဗုဒ္ဓဘာသာရှေးဦးဂိုဏ်းတွေမှာလည်း ဗုဒ္ဓပရိနိဗ္ဗာန်ပြုတဲ့ကာလကို ကဆုန်လလို့မယူဆကြပါဘူး။ ဒီယူဆချက်တွေဟာ ၂၁ဧပြီ၊ ၅၄၅ဘီစီ၊ မဟာသက္ကရာဇ်၁၄၈ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့မှာ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံတယ်ဆိုတဲ့ အယူအဆတွေနဲ့တော့ ဝိရောဓိဖြစ်မှာ ဖြစ်သလို ကဆုန်လမှာ ဗျာဒိတ်ခံယူခဲ့တာ၊ ဖွားမြင်ခဲ့တာ၊ ဗောဓိဉာဏ်ကိုရရှိခဲ့တာ၊ ပရိနိဗ္ဗာန်စံဝင်ခဲ့တာဆိုတဲ့ အစဉ်အလာယုံကြည်မှုတွေနဲ့လည်း ထိပ်တိုက်တိုးမှာ အမှန်ပါ။
ဆရာကြီးဦးအေးမောင် ထောက်ပြထားလို့ မဟာဝဂ်ပါဠိတော် မြန်မာပြန်ကျမ်းကိုလည်းဖတ်ကြည့်ဖြစ်ခဲ့ပါတယ်။ဆရာကြီးထောက်ပြသလိုပဲ မဟာပရိနိဗ္ဗာနသုတ်မှာ ပရိနိဗ္ဗာန်စံဝင်တာနဲ့ ပတ်သက်တဲ့ ခု၊ နှစ်၊ ရက်တွေ မတွေ့ရှိရပါဘူး။ အဲဒီအတွက် ပရိနိဗ္ဗာန်ပြုခါနီးအပိုင်းလေးကိုပဲ ဖြတ်ပြောရရင်ဗုဒ္ဓဟာ ဝေဠုဝရွာမှာ ဝါကပ်ပါတယ်။ ကြမ်းတမ်းတဲ့ ရောဂါကို ခံစားရပါတယ်။ အဲဒီဝေဒနာကိုဘာဝနာဝီရိယနဲ့ ဖယ်ရှားပစ်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ဗုဒ္ဓရဲ့သက်တော်ဟာ ၈၀ ရှိနေပါပြီ။အာနန္ဒာကိုတောင်ငါဟာအိုလည်းအိုမင်းနေပါပြီ။ အရွယ်လည်း လွန်နေပါပြီလို့ မိန့်ဆိုခဲ့ပါသေးတယ်။ ဒါပေမဲ့ ဗုဒ္ဓဘုရားဟာ တရားပြလည်းမပျက်၊ ဆွမ်းခံထွက်လည်းမဖျက်ခဲ့ပါဘူး။ ရဟန်းတွေကို မိမိကိုယ်သာ အားကိုးရာပြုဖို့၊ တရားကိုသာ အားကိုးရာပြုဖို့ မှာကြားတော်မူနေသေးတဲ့အပြင် ဆွမ်းခံဝတ်ကို မပျက်ကွက်ဘဲ ဝေသာလီမြို့ဆီ ဆွမ်းခံဝင်ပါသေးတယ်။ နာလန်လည်း နာလန်ထ၊ သက်တော်လည်း ၈၀ ဖြစ်နေတာတောင် ဗုဒ္ဓဟာ ဆွမ်းခံထွက်တော်မူသေးတယ်ဆိုတာကတော့ အတုယူကြည်ညိုစရာပါပဲ။
ဆွမ်းခံဆွမ်းဘုဉ်းပြီးတော့ စာပါလစေတီမှာ နေ့သန့်ရင်း အာနန္ဒာကို ပရိနိဗ္ဗာန်ပြုတော့မယ်ဆိုတဲ့အကြောင်းနဲ့ မြတ်စွာဘုရားဆိုတာ အလိုရှိရင် အာယုကပ်ပတ်လုံးပဲဖြစ်ဖြစ်၊ အာယုကပ်ထက်လွန်ပြီးပဲဖြစ်ဖြစ် နေနိုင်တယ်လို့ အရိပ်နိမိတ်ပြခဲ့တယ်။ အဲဒီလိုအရိပ်နိမိတ်ကို သုံးကြိမ်တိုင်တိုင်ပြခဲ့ပေမဲ့ သျှင်အာနန္ဒာဟာ ဘုရားကို အာယုကပ်ပတ်လုံးနေဖို့ မတောင်းဆိုခဲ့ပါဘူး။ တောင်းဆိုတာကတော့ မာရ်နတ်ပါ။
ဒါပေမဲ့ မာရ်နတ်တောင်းဆိုခဲ့တာက ဗုဒ္ဓကို အာယုကပ်ပတ်လုံးနေတော်မူဖို့ မဟုတ်ဘဲနဲ့ ပရိနိဗ္ဗာန်ပြုဖို့ တောင်းဆိုတာပါ။ အဲဒီတောင်းဆိုတာကို ဗုဒ္ဓဘုရားရှင်က မာရ်နတ်-သင်မကြောင့်ကြလင့်။မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည် မကြာမီဖြစ်လိမ့်မည်။ ဤနေ့မှ သုံးလလွန်သောအခါ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုလိမ့်မည်။(မဟာဝဂ်ပါဠိတော်မြန်မာပြန်၊ မဟာပရိနိဗ္ဗာနသုတ် စာ-၁၀၃)
အဲဒီလို သုံးလလွန်တဲ့အခါလို့ပြောတဲ့နေရာက ဝေသာလီပြည်၊ ဝေဠုဝရွာ၊ စာပါလစေတီမှာပါ။ အချိန်ကတော့ ဝါကပ်နေတဲ့ အချိန်တွေပါပဲ။ ဝါဆို၊ ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်ထဲက ဘယ်လဆိုတာကိုတော့ မတွေ့ရပါဘူး။ဒါကိုတော့ ကျွန်တော်တို့က ခန့်မှန်းကြည့်ရုံသက်သက်ပါပဲ။
တကယ်တော့ ဒါဟာဘာမှလည်း ထူးခြားလာတာမဟုတ်ဘဲနဲ့ သူ့ဘာသာရှိရင်းစွဲယုံကြည်နေတဲ့ကိစ္စကို ဝေဖန်စိစစ်ပြသလို ဖြစ်နေတာမို့ ကဖျက်ယဖျက်သဘောရှုမြင်ပြီး မျက်ခမ်းစပ်ချင် စပ်ကြပါလိမ့်မယ်။ ဒါပေမဲ့ သီတင်းကျွတ်လမှာ ကွယ်လွန်သွားတဲ့ ဖခင်အတွက် တပေါင်းလမှာ နှစ်ပြည့်ဆွမ်းတွေ ကပ်လှူမိနေကြတဲ့ အဖြစ်ကတော့ မသိခဲ့ရင် ဘာမှခံစားရမှာ မဟုတ်ပေမဲ့ သိခဲ့ရင်တော့ အနှစ်သာရ ကင်းမဲ့သလို ခံစားကြရမှာပါ။ ဒီလိုဆိုတော့ နှစ်ကာလကြာရှည်စွာ အရိုးစွဲလာခဲ့တဲ့ ယုံကြည်မှုဓလေ့တွေကိုတော့ ကန့်ကွက်နေတာ မဟုတ်ပါဘူး။မောင်ပိုကလည်း မောင်ပို့နေရာမှာနေပါ။ ကျားကလည်းကျားနေရာမှာ နေမှာပါပဲ။ 
ဒါပေမဲ့ လူ့ဘဝသမိုင်းမှာ တကယ်ရှိခဲ့တဲ့ မဟာလူသားတစ်ဦးရဲ့သမိုင်းကို အလွဲအမှားကော်ရော်မှုတွေနဲ့ အထိမ်းအမှတ်ပြုနေကြတာထက် မှန်မှန်ကန်ကန် ဝေဖန်ဆန်းစစ်ထားတဲ့ ဆင်ခြင်တုံတရားကိုတော့ ဦးညွှတ်ရမှာ အမှန်ပါပဲ။
ဗုဒ္ဓဟာ နောက်ဆုံးဝါကို ဝေသာလီပြည် ဝေဠုဝရွာမှာ ဝါကပ်ခဲ့တယ်။ ဝါကထွက်တော့ ဘဏ္ဍရွာ၊ အမ္ဗရွာ၊ ဘောဂမြို့၊ ပါဝါပြည်တွေဆီ ခရီးဆက်ခဲ့တယ်။ပါဝါပြည်မှာရှိတဲ့ စုန္ဒရဲ့သရက်ဥယျာဉ်မှာ သီတင်းသုံးခဲ့တယ်။စုန္ဒကပ်လှူတဲ့ ဆွမ်းကိုဘုဉ်းပေးပြီးတော့ မလ္လမင်းတွေရဲ့ တိုင်းပြည်ဖြစ်တဲ့ ကုသိနာရုံဆီ ဆက်ကြွလာခဲ့တယ်။ ကုသိနာရုံမရောက်ခင် အင်ကြင်းတောမှာတင်ပဲ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါတယ်။ ဗုဒ္ဓဘုရားရှင် အဲဒီလို ပရိနိဗ္ဗာန် စံဝင်ခဲ့တာဟာ ဝေဠုဝရွာမှာ ဝါကပ်ပြီး သုံးလအလွန်မှာပါ။ ဒါကိုတော့ မဟာပရိနိဗ္ဗာနသုတ်ရဲ့ နေရာတော်တော်များများမှာ ဖော်ပြထားတာဖြစ်လို့ ငြင်းမရနိုင်ပါဘူး။
ငြင်းလို့ရနိုင်တာတွေက ဗုဒ္ဓဟာ မာရ်နတ်ကို ဒီနေ့မှ သုံးလလွန်မြောက်ရင် ပရိနိဗ္ဗာန်ပြုမယ်လို့ ပြောခဲ့တာဟာ ဝါစကပ်တဲ့ ဝါဆိုလမှာလား၊ ဝါခေါင်လား၊ တော်သလင်းလထဲမှာလား၊ ဝါကျွတ်ခါနီးမှာလားဆိုတာတော့ ကွဲကွဲပြားပြားမပါရှိလို့ ငြင်းမယ်ဆိုရင် ငြင်းခုံနေကြတာပဲ ဖြစ်ပါတယ်။   
(၁၄--၂၀၂၀)ရက်နေ့ထုတ် (The Daily Eleven Newspaper) သတင်းစာပါ ဆောင်းပါးရှင် ကျော်ထင်၏စာကို ကူးယူဖော်ပြပါသည်။