Sunday, September 13, 2020

နုတ်ပယ်ချန်လှပ်ခဲ့ကြသည့်စာမျက်နှာများ (၂)

 




ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် သားယောကျာ်းလေးတိုင်းဟာ သံဃာ့ဘောင်ထဲမှာ ရက်ပိုင်း၊ လပိုင်း၊ နှစ်ပိုင်းဆိုပြီး ကာလအမျိုးမျိုးနဲ့ နေထိုင်တတ်ကြတယ်။ တချို့လည်း ရာသက်ပန်လုံး နေထိုင်သွားကြတယ်။ အဲဒီလိုနေထိုင်ဖို့ သာသနာ့ဘောင်ထဲကို ဝင်တော့မယ်ဆိုရင် စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဝင်ရောက်ရတယ်။ သမ​ဏေဆိုလည်း သာဏေစည်းကမ်းအလျောက်၊ ရဟန်းဆိုလည်း ရဟန်းစည်းမျဉ်းအလျောက် လိုက်နာပြီးမှ သံဃာ့ဘောင်ထဲကို ဝင်ရောက်ရတယ်။

အဲဒီအထဲမှ အသက်အပိုင်းအခြားကို ကန့်သတ်ထားတဲ့ စည်းမျဉ်းတစ်ခု တွေ့ရပါတယ်။ ဒီအသက်အရွယ် ကန့်သတ်တဲ့ကိစ္စကို ဆရာကြီးဦးအေးမောင်က ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒစာအုပ်မှာ ဝေဖန်ရေးသားထားပါတယ်။ ဒါပေမဲ့ အဲဒီအရေးအသားဟာ တခြားဝေဖန်တာတွေနဲ့အတူ တစ်ခေတ်တစ်ခါက နုတ်ပယ်ချန်လှပ်တာကို ခံခဲ့ရတယ်။ ၂၀၁၇ဒုတိယအကြိမ်မှာ ပြန်ထုတ်တဲ့စာအုပ်ကျမှသာ ပြန်လည်ဖော်ပြလာတာတွေ့ရပါတယ်။ ရန်အောင်စာပေရဲ့ ဒုတိယအကြိမ်ထုတ် ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ စာအုပ်စာမျက်နှာ- ၆မှာ အသက်အရွယ်နဲ့ပတ်သက်လို့ ဆရာကြီးက ဝေဖန်ပြထားတာက-

"ဝိနည်းပိဋကတ်၊ မဝါဝဂ်၌ ဗုဒ္ဒက ကျီးခြောက်လှန့်ခြင်းငှါ စွမ်းနိုင်သော သူငယ်တို့အား ရှင်ပြုနိုင်သည်ဟု မိန့်တော်မူသည် ဆို၏။ စင်စစ် အသက်လေးငါးနှစ်ရှိသော ကလေးသည်ပင် ကျီးကို ခြောက်လှန့်နိုင်စွမ်း ရှိရကား ထိုစကားသည် ဗုဒ္ဓ၏စကား အမှန်ဖြစ်၏လောဟု သံသယဖြစ်ဖွယ် ရှိ၏။ မည်သို့ဖြစ်စေ ၄င်းမှာ ဝိနည်းပါဠိတော်၌ လာသော ပညတ်ချက်နှင့် ဆန့်ကျင်လျက်ရှိ၏" တဲ့။

အဲဒီရှင်သာမဏေပြုတဲ့ ဘာသာရေးဓလေ့ဟာ ဘယ်အချိန် ဘယ်ကာလက အစပြုခဲ့တာလဲ။ သာမဏေသမိုင်းကို ပြန်ကောက်ကြည့်ရင် ရှင်သာမဏေအစ ရာဟုလာက လို့တော့ အဆိုထားရှိခဲ့တာ တွေ့ရပါတယ်။ ရာဟုလာကို ရှင်သာရိပုတ္တရာက သံဃာ့ဘောင်ထဲ သွတ်သွင်းပေးရာကနေ သာသနာ့သမိုင်းမှာ ပထမဆုံး ရှင်သာမဏေအဖြစ် ပေါ်ပေါက်လာပါတယ်။ ရာဟုလာဟာ သာမဏေသမိုင်းမှာ ပထမဆုံးသော ရှင်သာမဏေ တစ်ပါးပါပဲ။ ရာဟုလာဟာ သံဃာ့ဘောင်မှာ အဲဒီလို ပထမဆုံးရှင်သာမဏေဖြစ်ခဲ့သလို သူ့အကြောင်းကလည်း အတော့်ကို စိတ်ဝင်စားဖို့ ကောင်းလှပါသေးတယ်။

ပထမဆုံးအနေနဲ့ ရာဟုလာနဲ့ပတ်သက်တဲ့ ဆရာကြီးဦးအေးမောင်ရဲ့ ထောက်ပြဝေဖန်ထားတာကို ဖတ်ကြည့်ကြပါဦး။ တကယ်တော့ ဒီဝေဖန်ထားတဲ့အပိုဒ်တွေဟာလည်း စာမျက်နှာပေါ်က နုတ်ပယ်ချန်လှပ်တာကို ခံထားရတဲ့ စာတွေပါပဲ။

ဗုဒ္ဓအခန်း(၄)(က)ပိဋကတ်မှ ဂေါတမဗုဒ္ဓ၊ စာမျက်နှာ ၄၇ မှာ- "ရာဟုလာသည် ဗုဒ္ဓ၏ သားတော်ဖြစ်သည်ဆို၏။ သို့ရာတွင် ပိဋကတ်သုတေသီပညာရှင်တစ်ဦး၏ အလိုအားဖြင့် ရှေးကျသော ပါဠိတော်များ၌ ရာဟုလာကို ဗုဒ္ဓ၏သားတော်အဖြစ် ဖော်ပြမထားချေ။ နိကာယ်လေးကျမ်း၌ ရာဟုလာသုတ်လေးခုနှင့် ရာဟုလောဝါဒသုတ် သုံးခုပါရှိသည်မှန်၏။ ထိုသုတ်များတွင် ရာဟုလာသည် အခြားရဟန်းများကဲသို့ ဗုဒ္ဓ၏ဒေသနာကို ကြားနာသော ရဟန်းတစ်ပါးဖြစ်၏။ ထေရဂါထာ၌မူ ရာဟုလာက ငါသည် ဗုဒ္ဓ၏သားတော်ဖြစ်သည် ဆို၏။ သို့ရာတွင် ထေရဂါထာ၏ အချို့အပိုင်းများမှာ တတိယသင်္ဂါယနာတင်သော အချိန်လောက်က ပေါ်လာသည်ဟု အဌကထာဆရာတို့ ဝန်ခံကြ၏။ ထို့ပြင် ထေရဂါထာ၌ပင် သီရိဝ၊ ဂယာကဿပနှင့် ကာဠုဒါယီမထေရ်သုံးပါးကလည်း မိမိတို့သည် ဗုဒ္ဓ၏သားတော်များ ဖြစ်ပါသည်ဟု ဆိုကြ၏။ စင်စစ် ဗုဒ္ဓ၏တပည့်ရဟန်းများကို ဗုဒ္ဓ၏သားကြီးဩရသများဟု ခေါ်လေ့ရှိကြပေသည်။"

နောက်ထပ်ရာဟုလာနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာတွေက တိဗက် ဗုဒ္ဓဖြစ်တော်စဉ် မှတ်တမ်းတွေပါပဲ။ ဆွေမျိုးတော်စပ်မှုမှာတော့ ကျွန်တော်တို့ထေရဝါဒ နည်းတူ တိဗက်ကျမ်းမှာလည်းရာဟုလာဟာ ဘုရားရဲ့ တစ်ဦးတည်းသောသားလို့ပဲ မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။ ဒါပေမဲ့တစ်မူထူးတာက တိဗက်မှတ်တမ်းတွေထဲက ရာဟုလာဟာ သိဒ္ဓတ္ထတောထွက်တဲ့အချိန်မှာ မမွေးသေးပါဘူး။ သိဒ္ဓတ္ထဘုရားဉာဏ်ရတော့မှှရာဟုလာကို မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေ့ တစ်နေ့တည်းမှာကိုပဲ ကပိလဝတ္ထုပြည်မှာ ဘုရားဖြစ်တဲ့သတင်းနဲ့အတူ ယသော်ဓရာသားဖွားတဲ့သတင်း၊ လကြတ်တဲ့သတင်းနှစ်ခုဟာ တစ်ပြိုင်တည်း ပျံ့နှံ့နေခဲ့ပါတယ်။ မွေးဖွားတဲ့အချိန်မှာ လကြတ်တာဖြစ်လို့ ရာဟုလာဘဒ္ဒြလို့ အမည်ပေးခဲ့ကြတယ်။သုဒ္ဓေါဒနမင်းကြီးက သိဒ္ဓတ္ထရဲ့သားမှ ဟုတ်ရဲ့လားလို့တောင် အစပိုင်းမှာ သံသယဝင်ခဲ့ပါသေးတယ်။ ကျွန်တော်တို့အတွက်တော့ ဒါဟာ မျက်စေ့လည်သွားစရာ အကြောင်းဖြစ်နေမှာပါ။ တကယ်တော့တိဗက်မှတ်တမ်းမှာက သိဒ္ဓတ္ထ တောထွက်တာ အသက် ၂၉ နှစ်။ ဗောဓိဉာဏ်ရတာက အသက် ၃၀ ထဲမှာပါ။ ကျွန်တော်တို့ ထေရဝါဒ ဗုဒ္ဓဘာသာအရကြည့်ရင်တော့ ဒါတွေဟာ တွေ့ရာလျှောက်ရေးထားတယ်လို့တောင် ဆိုနိုင်ပါလိမ့်မယ်။

ဒါပေမဲ့ ဗုဒ္ဓဟာ သာသနာပြုခရီးစဉ်တွေ စတင်ပြီးတဲ့နောက်မှာ ကပိလဝတ္ထုပြည်ကို ပထမဆုံးအကြိမ်အဖြစ် ၁၂ နှစ်အကြာမှာ ကြွရောက်ခဲ့တယ်လို့ ယေဘုယျလက်ခံထားကြတာလည်း ရှိပါတယ်။ ထေရမူမှာတော့ ဗုဒ္ဓဟာ ဗောဓိဉာဏ်ရအပြီး တစ်ဝါအရမှာ ကပိလဝတ္ထုဆီ ပထမဆုံးအကြိမ် ရောက်တာပါ။ ရာဟုလာက ခုနစ်နှစ်သားရှိနေပါပြီ။ တိဗက်မှတ်တမ်းမှာတော့ ခြောက်နှစ်သားပေါ့။ အများယေဘုယျလက်ခံထားသလို ၁၂ နှစ်အကြာမှာ ကပိလဝတ္ထုပြည်ဆီ ဗုဒ္ဓရောက်ခဲ့တယ်ဆိုရင်တော့ သားတော်ရာဟုလာဟာ အသက် ၁၈နှှှှှှှှှှှှှှှှှှစ်သားရှိနေပါပြီ။တိဗက်အလိုအရဆိုရင်တော့ ၁၂ နှစ်သား ရှိနေပါပြီ။ ရှင်သာမဏေပြုလို့သင့်တဲ့ အသက်အရွယ်တွေပါ။

တကယ်တမ်းလေ့လာကြည့်တော့ ရှင်သာမဏေပြုတယ်ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူးပါဘူး။ ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်းပြရုံသက်သက် သဘောထားတယ်ဆိုရင်တော့ လွယ်တယ်ထင်စရာပါပဲ။ စစ်မှန်မှုတစ်ခုကို ရည်စူးတယ်ဆိုရင်တော့ ရှင်သာမဏေတွေ လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်သိက္ခာပုဒ်တွေက မနည်းလှပါဘူး။လိင် ၁၀ ပါး၊ ဒဏ် ၁၀ ပါး၊ သေခိယ ၇၅ ပါးတွေကို ရှင်သာမဏေဘဝမှာ လေ့ကျက်၊ ကျင့်ကြံရပါတယ်။ ရုပ်အာသီသနဲ့ စိတ်အာသီသတွေကို ချိုးနှိမ်ရင်း ကျင့်ဆောင်ရတာဖြစ်လို့ သိပ်ခက်ပါတယ်။

ဒါကြောင့် ရှင်သာမဏေ သိက္ခာပုဒ်တွေကို စောင့်ထိန်းဖို့ဆိုတာ ပါရမီထူးတဲ့ ရှင်ရာဟုလာတို့လို ပုဂ္ဂိုလ်မျိုးတွေလောက်ကလွဲရင် လောကီပညာတွေကို သင်ကြားရသလိုပဲ အသက်နဲ့ အသိဉာဏ်တွေကို ချိန်ဆပေးဖို့ အမှန်တကယ်လိုအပ်ပါတယ်။သံဃာအဖွဲ့အစည်းမှာ ရှင်သာမဏေဆိုတဲ့ကဏ္ဍတစ်ခု ရှိလာတာရဲ့ အကြောင်းရင်းက အသက် ၂၀ ပြည့်မှ ရဟန်းပြုခွင့်ရှိတယ်ဆိုတဲ့ သိက္ခာပုဒ်ကြောင့်လို့ ဆိုပါတယ်။ (ဦနဝီသတိဝဿ သိက္ခာပုဒ် အသက် ၂၀ )

အသက်မပြည့်ဘဲ သံဃာ့ဘောင်ထဲ မဝင်မဖြစ် ဝင်ချင်တယ်ဆိုရင်တော့ အသက်ကို လျှော့ပေါ့စဉ်းစားတဲ့အနေနဲ့ ၁၅ နှစ် ပြည့်ရပါမယ်။ အဲဒီအခါကျရင်တော့ ရှင်သာမဏေအဖြစ်နဲ့ အရင်နေ။ အဲဒီလိုနေရင်းနဲ့ ရဟန်းကျင့်ဝတ်တွေကို လေ့လာသင်ယူ။ အသက် ၂၀ လည်းပြည့်ရော၊ ရဟန်းကျင့်ဝတ်တွေလည်း သိရှိလာရောဆိုတဲ့ အချိန်ရောက်မှ တစ်ဆက်တည်း ရဟန်းဝတ်ခွင့် ရရှိမှာပါ။ ဒါက သံဃာအဖွဲ့အစည်းရဲ့ မူလဘူတတွေပါ။

ဒါပေမဲ့ အထက်မှာ ဖော်ပြပေးထားတဲ့ ကျီးငှက်ခြောက်နိုင်တဲ့ အရွယ်ရောက်ရင် ကိုရင်ဝတ်ခွင့်ပြုတယ်ဆိုတဲ့ ပညတ်ကြောင့် နှောင်းလူတွေဟာ ကိုရင်ဝတ်တဲ့အရေးမှာ အသက်အရွယ်တွေကိုလည်း ထည့်မတွက်၊ သိက္ခာပုဒ်တွေနိုင်၊ မနိုင်ဆိုတာကိုလည် မစဉ်းစားကြတော့ပါဘူး။ပုစုခရုလေးတွေကအစ ကိုရင်မိုးထိလေးတွေဆိုပြီး သင်္ကန်းစည်း၊ ချစ်စရာ လုပ်နေကြပါသေးတယ်။ အသက်အရွယ် ငယ်ရွယ်ကြတော့ ဖြည့်ရမယ့်ဝတ်လည်းမဖြည့်၊ ကျင့်ရမယ့်နည်းလည်းမကျင့်၊ ဆောင်ရမယ့်သီလလည်း မဆောင်နိုင်တွေဖြစ်ပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးက ကောင်းမွန်စွာနေထိုင်တတ်တဲ့ ရှင်သာမဏေလေးတွေအဖြစ်နဲ့ တဖြည်းဖြည်းကြည်ညိုကိုးစားခံရမယ့် အခြေအနေဆီ ရောက်လာရမယ့်အစား ရောက်ရှိမလာဘဲ လောကဓမ္မ နစ်နာနေကုန်ကြတယ်။

တကယ်တော့ ရဟန်းသံဃာဆိုတာ ကိုယ်ကျင့်တရားမှာ စံတွေပါ။ ရှေးပိုင်းက ခေတ်အဆက်ဆက်ကိုကြည့်ရင်လည်း ရဟန်းသံဃာတွေကပဲ တိုင်းပြည်လူထုရဲ့ စာရိတ္တတွေကို ပြုပြင်ထိန်းကျောင်း ပေးခဲ့ကြရတာပါပဲ။ ဗုဒ္ဓနည်းကျ ဘဝနေနည်းတွေနဲ့ လူသားပီသအောင်လည်း သံဃာ့ပညာရေးတွေက ဆောင်ကြဉ်းပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရဟန်းသံဃာဟာ ရဟန်းကျင့် ကျင့်ဖို့၊ ရဟန်းသွား သွားဖို့၊ ရဟန်းနေ နေဖို့ဆိုတဲ့ သံဃာ့အသက် ဝိနည်းတွေကို စောင့်ထိန်းလိုက်နာရပါမယ်။ ဒီအတွက်ဆိုရင် ကိုရင်ဘဝ၊ ရှင်သာမဏေကာလ ကတည်းက သံဃာ့ဝိနည်းတွေကို လေ့ကျက်သင်ယူဖို့ တာဝန်ရှိပါတယ်။ အဲဒီလို သင်ယူဖို့ဆိုတာကလည်း လောကီပညာတွေသင်ကြားသလိုပဲ အသက်အရွယ်နဲ့ အချိန်အခါ လိုအပ်လှပါတယ်။

ဒါပေမဲ့လည်း ရေများရေနိုင်၊ မီးများမီးနိုင်ဆိုတဲ့ သဘာဝဓမ္မထဲမှာ ဆရာကြီးဦးအေးမောင်ရဲ့ ဝေဖန်သုံးသပ်မှုတွေဟာ ယနေ့ထက်ထိ အရာမရောက်ခဲ့ပါဘူး။ ဓာတ်တူရာ စာဖတ်သူတွေအတွက်လောက်ပဲ အရာရောက်မှာပါ။ ဒါကြောင့်လည်း ဆရာကြီးဦးအေးမောင်ရဲ့ စာမျက်နှာပေါ်က စာပုဒ်တွေကို ဖြုတ်ပယ် ချန်လှပ်ပစ်လိုက်တာနေမှာပါပဲ။အဲဒါမျိုးကိုလည်း ဆရာကြီးဦးအေးမောင်က အခုလို ထောက်ပြဝေဖန် ထားပါသေးတယ်။

"ဤသို့လျှင် အချို့သော ဘာသာရေးအယူနှင့် အပြုအမူများမှာ စဉ်းစားဝေဖန်ဖွယ်ရာဖြစ်၏။ သို့ရာတွင် လူတို့သည် မိမိတို့ ယုံကြည်ချက်များကို ကိုယ်တိုင်ဝေဖန်ဖို့ဝေးစွ၊ သူတစ်ပါးက ဝေဖန်သည်ကိုပင် လက်မခံနိုင်ကြချေ။ ယခုခေတ် စိတ်ပညာတရားအရ ထိုသို့ လက်မခံနိုင် သည်းမခံနိုင်မှုသည် အသိပညာ အောက်ခြေလွတ်သောကြောင့် ဖြစ်၏။ ဥပမာ ကမ္ဘာကြီးလုံးသည်ဆိုသောစကားမှာ ရယ်စရာဖြစ်သည်၊ မှားသည်ဟု အကယ်၍ လူတစ်ဦးကဆိုလျှင် ကျွနု်ပ်တို့မှာ လုံးဝ တုန်လှုပ်မည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် ထိုစကားမှာ ကျွနု်ပ်တို့ ဆင်ခြင်သုံးသပ်ပြီးမှ လက်ခံထားသော စကားဖြစ်၏။ ဘာသာရေးယုံကြည်ချက်များက ထိုသို့မဟုတ်။ အများအားဖြင့် မစူးစမ်း မဆင်ခြင်ဘဲ လက်ခံထားသောအချက်များဖြစ်၍ ဝေဖန်မှုကို သည်းမခံနိုင်ဖြစ်တတ်၏" တဲ့။ ကျွန်တော် ဘာထပ်ပြောရမလဲ။ ပြောစရာမရှိတော့ပါဘူး။


                                                                                                       ကျော်ထင်

                              ( ၁၁-၉-၂၀၂၀ ရက်နေ့ထုတ် Daily Eleven Newspaperသတင်းစာမှကူးယူပါသည်။)

No comments:

Post a Comment