ကျွန်မရဲ့ “ရာပြည့်တက္ကသိုလ်သို့ နောက်ကျအလွမ်း” ကြေးမုံသတင်းစာ(၂၃-၁၂ - ၂၀၂၀ရက်) ထုတ် ဆောင်းပါး ဖတ်ပြီး ၈၇ နှစ် အမယ်အိုကို တကယ်လိုလိုလားလား မေတ္တာစကားပြောကြားတာတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒေါက်တာခင်သန်းဦး (မမိုးမြေ) ကဆို ခေါင်းစဉ်တောင်ပေးပြီး နောက်ဆက်တွဲရေးဖို့ပြောသလို စာချစ်သူ စာဖတ်သူ ခင်မြနွယ်ဆိုရင်သူ့ရဲ့ မဟာဝိဇ္ဇာကျမ်း ကြီးကြပ်သူ ဆရာ ဖိုးကျော်မြင့်ရဲ့ သွင်ပြင်၊ စိတ်ဓာတ် ခိုင်မာမှု၊ ကိုယ်ကျင့်သိက္ခာစတာလေးတွေပေါ်အောင် ရေးပေးပါလို့ ပြောလာပါတယ်။ တကယ်တော့ အရှိကို အရှိအတိုင်း ရေးချင်ပေမယ့် ကိုယ်ရည်သွေးရာ ရောက်မှာစိုးလို့ မရေးချင်ပါ။ “ဝိုင်းပြောသိလိမ့်” သဘောပဲထား ချင်ပါတယ်။ ခင်ပွန်းသည် ဦးဖိုးကျော်မြင့် (မြန်စာဂုဏ် ကျော်မြင့်)နဲ့ ကျွန်မတို့ နှစ်ယောက်က ဆရာ ဆရာမ ဘဝကို နှစ်နှစ်သက်သက် ရွေးချယ်ခဲ့ကြတာပါ။ အခုတော့ သူနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ သစ္စာစကားနဲ့ဝေမျှချင်မှု၊ သူ့ရဲ့ လုံ့လ၊ ဝီရိယကြီးမားမှု၊ မျိုးဆက်သစ်တွေကို အကျိုးပြုစေချင်တဲ့ ရည်ရွယ်မှုနဲ့ ရေးတာဖြစ်ပါ တယ်။
၂၆-၁၂-၂၀၂၀ ရက်နေ့က ရန်ကုန်တက္ကသိုလ် မြန်မာစာမိသားစုရဲ့ အာစရိယပူဇော်ပွဲ Zoom နဲ့ အကြိမ် (၂၀) မြောက် ကန်တော့ပွဲမှာ ကျွန်မစကားနည်းနည်း ပြောရပါတယ်။ ဆရာသည်သာအခရာမို့ ဆရာ့တာဝန် အလွန်ကြီးပါတယ်။ ပါမောက္ခချုပ် ဒေါက်တာမောင်မောင်ခ (ဆရာခ)ရဲ့
နှစ်တစ်ရာပြည့်အထိမ်းအမှတ် စာအုပ်မှာ “ဆရာဆိုတဲ့ ကဗျာလေးကျွန်မရေး ခဲ့ပါတယ်။
ဆရာ
သူပိုင်ဟူသည့်
ကံ့ကူတစ်ဆံ၊ မျဉ်းတံတစ်ချောင်း
ခေါင်းလောင်းတစ်မြည်၊ ပညာရည်ဖြင့်
ဤစာသင်ခန်း၊ အတန်းတန်းမှ
ပန်းပေါင်းတစ်ရာ ပွင့်ခဲ့ပြီ။ ။
ရန်ကုန်တက္ကသိုလ်ဆောင်ပုဒ် “နတ္ထိသမံ ဝိဇ္ဇာ မိတ္တံ=ပညာနှင့်တူသော မိတ်ဆွေဟူ၍မရှိ” ဟူသလို အသက်မွေး ဝမ်းကျောင်းခြင်းက အလွန်တရာ မွန်မြတ် လှပါတယ်။ ဆရာဆိုတာ ပန်းပေါင်းတစ်ရာ ဖူးပွင့်စေရင်း ဆရာပီတိ ဂွမ်းဆီထိ နေကြသူများဖြစ်ပါတယ်။ ဆရာ ဖိုးကျော်မြင့်ကတော့ ပန်းပေါင်းတစ်ရာ ဖူးပွင့်စေရင်း ခရီးခုလတ်မှာ ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။
ပန်းတနော်သား ဖိုးကျော်မြင့်
လူသေပေမယ့် နာမည်မသေတဲ့ သူတစ်ယောက် ရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်း နာမည်မသေသူများ ရှိကြတဲ့အထဲမှာ ပန်းတနော်သား ဖိုးကျော်မြင့်က တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ အသက် ၃၉ နှစ် အရွယ်ကောင်းချိန် ၇-၆-၁၉၇၃ ရက်နေ့မှာ ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။ သူကျင်လည်ရာ ပြည်တွင်း၊ ပြည်ပနယ်ပယ်အသီးသီးက သူ့ဆရာများ၊ သူ့တပည့်များ၊ သူ့မိတ်ဆွေ ရောင်းရင်းများက အမှတ်ပြုရေးသားထားတဲ့ ၁၉၇၄ ခုနှစ်ထုတ် “ဖိုးကျော်မြင့်” စာအုပ်ကို ဖတ်စေချင်ပါတယ်။
အဲဒီစာအုပ်မှာ ဂျာမန်လူမျိုးဂျာမန်-မြန်မာ အဘိဓာန်၊ မြန်မာ-ဂျာမန်အဘိဓာန်ပြုစုသူ ဒေါက်တာ အနေမာရီအက်ရှဲ (ဒေါ်နှင်းဆီ)က ၁၉၇၃ ခုနှစ် တစ်နှစ် တည်းမှာပဲ မြန်မာနိုင်ငံဟာ စာပေလောကနယ်ပယ်က နာမည်ကျော် သုံးဦး (ဦးဖေမောင်တင်၊ ရွှေဥဒေါင်းနဲ့ ဖိုးကျော်မြင့်) ဆုံးရှုံးရတဲ့အကြောင်း ဖော်ပြပြီး “ဦးဖိုးကျော်မြင့်သည် ထင်ရှားသော အနုပညာရှင်တစ်ဦး ဖြစ်ပါသည်။ သို့သော်လည်း သူ၏သုတေသန စွမ်းဆောင်မှုများဖြင့် ပုဂ္ဂိုလ်ရေးဂုဏ်နှင့် နာမည်များရရန်အတွက် စဉ်းစားဆောင်ရွက်ခဲ့သူမဟုတ်ပါ။ သူသည် ဆင်စွယ်နန်းတော်ထဲ၌ နေသူမဟုတ်၊ သူ၏ နိုင်ငံနယ်နိမိတ်ကို ကျော်လွန်၍လည်း သူသည် ကိုယ်စားပြုခဲ့သည်” လို့ ရေးပါတယ်။ ဂျပန်လူမျိုး ဂျပန်-မြန်မာအဘိဓာန်ကို ဆရာ ပါမောက္ခ အိုးနိုတိုးရုနဲ့ ပူးတွဲပြုစုသူ၊ မြန်မာပြည်ကို ချစ်တဲ့ အထူးသဖြင့် မန္တလေးကို ချစ်တဲ့သူ မြန်မာစာပါမောက္ခ ဆရာချစ်မန်းနွယ် (Mr. M. HARADA)ကလည်း “ဆရာဖိုးကျော်မြင့်ကတော့ ကျွန်တော့်ကို ကောင်းမွန်စွာ စာပြခဲ့ပါတယ်။ သိန်းဖေမြင့်ရဲ့ စာပေများကို လိုရင်းအချက် အလက်တွေကို လျင်မြန်စွာပြသသွားလို့ စာပေလေ့လာ ရာမှာ အတော့်ကို ခရီးရောက်ခဲ့ပါတယ်။ ဦးဖိုးကျော်မြင့် အလွန်ကြိုးစားပါတယ်။ ဆရာ့ရဲ့ ဇာတာတက်နေတုန်း အချိန်မှာ ကွယ်လွန်ရှာတာဟာ အလွန်နစ်နာစရာပါပဲ”လို့ ရေးပါတယ်။
အိုဆာကာတက္ကသိုလ် မြန်မာစာပါမောက္ခ ဘာသာဗေဒပညာရှင် ဦးလှဝေ(Mr. YABU SHIRO)ကလည်း “ကျွန်တော်ကိုယ်တိုင် အနေနဲ့လျှင် ဆရာဦးဖိုးကျော်မြင့် နှင့် တစ်ခေါက်မှ မတွေ့ဖူးပါဘူး၊ သို့သော် ဆရာ့စာအုပ်များကနေ ဆရာ့ကို အမြဲတမ်း တွေ့နေပါသည်”လို့ ရေးပါတယ်။ ဒါ့အပြင် ပန်းတနော်သား ဖိုးကျော်မြင့်ရဲ့ ဘဝရုပ်ပုံလွှာ တစ်ချပ်ကို ထင်းခနဲထင်ဟပ်ပြနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ထူးခြားအောင်မြင်စွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူ့ဆရာ ပန်းတနော်သား ဦးသန့်ရဲ့စာကို မူရင်းအတိုင်း အမှတ်တရ ဖော်ပြပါရစေ။ ။
တက္ကသိုလ်ဝင့်မာ
No comments:
Post a Comment