ဒီနေ့ ရန်ကုန်ကို ဖုန်းဆက်မယ်
ပိတောက်ပွင့်သစ်ကို
ဖုန်းဆက်မယ်
မဟေသီကို ဖုန်းဆက်မယ်
သူငယ်ချင်းမောင်ရင့်မာဆီ
ဖုန်းဆက်မယ်
သစ္စာနီနဲ့ နေမျိုးအေးဆီ
ဖုန်းဆက်မယ်
မနက်ဖြန် ကျွန်တော်ခွဲစိတ်ခန်းထဲ ပြန်ဝင်ရဦးမယ်
လူသားချင်းစာနာတဲ့ အရေးပေါ် အကူအညီလိုတယ်
ကဗျာဆရာချင်း အနှောင်အဖွဲ့ ကင်းတဲ့အကူအညီလိုတယ်။
ဒီနေ့ ဆိုက်ကားတစ်စီးနဲ့
တစ်မြို့လုံးပတ်မယ်
ခင်ဝမ်းအမျိုးသမီးဆီဝင်မယ်
ဆရာမောင်လင်းကြည်ဆီ
ဝင်မယ်
စာပေမိတ်ဆွေ ကိုကျော်ဆွေဆီ ဝင်မယ်
ဘာဘူ၊ ပြေမြင့်၊ တိုးနှောင်မိုးနဲ့ ယဉ်ဝေလွင်ဆီဝင်မယ်
ပြီးတော့ သုခကိုဝင်မယ်
ကျွန်တော့်အပေါ် နားလည်မှု အပြည့်အဝရှိမယ့်
နွေးထွေးတဲ့အကူအညီ လိုတယ်။
ကျွန်တော် မသေချင်သေးဘူး၊
အငယ်မနှစ်ယောက်
ကျောင်းမပြီးသေးဘူး
အကြီးဆုံးသား ပင်လယ်က
ပြန်မလာသေးဘူး
နေစရာအိမ် လုံခြုံမှုမရှိသေးဘူး
စားစရာ အလျင်မမီနိုင်သေးဘူး
ကဗျာကလေး အနည်းအကျဉ်း ရေးခဲ့တာကလွဲလို့
ကျွန်တော့်ကိုထမ်းပိုးထားတဲ့
ကမ္ဘာမြေအတွက်
ဘာတစ်ခုမှ
ပြန်မပေးနိုင်သေးဘူး။
ပြီးတော့၊ ကျွန်တော်မြင်တွေ့သွား ချင်တဲ့ ပျော်ရွှင်စရာရှုမျှော်ခင်း အသစ်တွေနဲ့
ပွဲတော်ညတွေ ကျွန်တော့်ဆီ
ရောက်မလာသေးဘူး။
၂၀၀၇ သည် ကင်ဆာတစ္ဆေ က ခြိမ်းခြောက်သဖြင့် ကျွန်တော် တို့မိသားစု အလူးအလဲခံခဲ့ရ သောနှစ်ဖြစ်သည်။
လူနှင့်ရောဂါဝေဒနာ တိုက် ပွဲတွင် နိုင်ဖို့မသေချာသဖြင့် နေ့ နေ့၊ ညည စိုးရိမ်ထိတ်လန့်နေခဲ့ရ သည်များ။ အဲဒီသောကကို ကျွန် တော်ကောင်းကောင်းခံစားခဲ့ရ သည်။ တိုက်ပွဲများ အရှိန်လျော့၊ ငြိမ်သက်စပြုကာမှ ပြည်မြို့နေ ကဗျာဆရာချမ်းငြိမ်းအေးက ဖုန်း ဆက်လာသည်။ ကင်ဆာရောဂါ ဖြစ်နေပါပြီဟု သူပြောတော့ နား ထဲ ဂျင်ခနဲဖြစ်သွားသည်။ သူ့ လေသံက ဗုံးကြဲခံရ၍ ရွာမှ ကိုယ်လွတ်ရုန်း ထွက်ပြေးလာ သော စစ်ဘေးရှောင်တစ်ဦး၏အသံမျိုးဖြစ်သည်။ ကိုရင့်မာတို့ တတ်နိုင်တာကူညီပါ ပြောသံက
သိမ်ငယ်ဖျော့ပါးလှသည်။ သူ ကျော်ဖြတ်ရမည့် တောင်တန်း ကြီးကိုကြည့်ပြီး ကျွန်တော့်မှာ မောလျနေသည်။
ထိုနှစ် ဒီဇင်ဘာလမှာ (ရှန် ဂရီလာ) မြောက်ဖျားမြို့ကလေး သို့ ကျွန်တော်ထွက်ခွာသွားရ သည်။ မေလခန့်မှာ သူ ဆုံးပါး သည်။ ‘လရောင်စစ်စစ်’ ဟူ၍ ချယ်ရီမဂ္ဂဇင်းမှာ သူ့ကို လွမ်းဖွဲ့ စာ ကျွန်တော်ရေးခဲ့သေးသည်။ ရယ်စရာမဂ္ဂဇင်း (မတ်၊ ၂၀၀၈)မှာ ချမ်းငြိမ်းအေးရဲ့ကဗျာ ပုံနှိပ် ဖော်ပြတာကို ကျွန်တော် မသိခဲ့၊ မဖတ်ခဲ့ရ။ တစ်နှစ်ခန့်ကြာတော့မှ ကိုကြည်စိုးထံမှ ဖတ်ရသည်။
ယခုအချိန်သည် ရှင်သန် ရေး၊ ချစ်သောသူတို့နှင့် မခွဲခွာ ရေးအတွက် ရုန်းကန်ရချိန်ဖြစ်ရာ ဖြစ်နိုင်ပါက ကျွန်တော်တို့အနီး၌ တဗြန်းဗြန်း ပေါက်ကွဲနေသော သေခြင်းကို မေ့ထားချင်သည်။ ချစ်သူခင်သူ၊ တွယ်တာမြတ်နိုး သူတို့ကို အေးစက်ကြမ်းခက် သောလက်ကြီးနှင့် တရွတ်တိုက်ဆွဲခေါ်သွားတတ်သောသေမင်း၏အမည်နာမကိုတဖွဖွပြောရမှာကျွန်တော် အားနာသည်။
သို့ပေမဲ့ ရောဂါဆိုးက အရှိန် တက်ပြီး ဤကမ္ဘာမြေကို အကြီး အကျယ် ခြောက်လှန့်နေတုန်း ချမ်းငြိမ်းအေး၏ကဗျာကို ဖတ်မိ နေသည်။ လက်နက်ခဲယမ်းမစုံ ဘဲ သေမင်းကိုအန်တုရမည့်လူသားတစ်ယောက်၏အသက်ရှင် သန်လိုမှု၊ အထိတ်တလန့်ငြင်း ဆန်မှုတွေက ကဗျာ့အပြင်ဘက် သို့ ရုန်းထွက်ပြီး တရှိန်းရှိန်း လောင်မြိုက်နေသည်။
ချမ်းငြိမ်းအေးက ကျွန်တော် မသေချင်သေးဘူးဟုဆိုသည်။ သေဖို့ အသင့်မဖြစ်သေးသည့်အ ကြောင်းတွေ ပြောသည်။ လူ သည် ဘယ်လိုအခြေအနေမှာ သေဖို့ အသင့်ဖြစ်တာလဲ။
ပြည်မြို့ နဝဒေးတံတားအနီး တွင် ကြက်သောက်ဆမ်းဆိုင်ဖွင့် ပြီး ကြီးပွားနေသော ကိုကြည်စိုး က ပြောသည်။
‘‘ကျွန်တော့်အလုပ်သမား လေး သူ့အဘိုးသေလို့ တောပြန် သွားတယ်။ သပိတ်သွတ်ပြီး ပြန် လာတော့လည်း အလုပ်ကို ကောင်းကောင်း မလုပ်နိုင်ဘူး။ ဘယ်သူကမှ ပြောမရဘူး။ တရှုပ် ရှုပ်နဲ့ ငိုလို့မဆုံးဖြစ်နေတော့ ကျွန် တော်မေးတယ်။ နေပါဦး၊ မင်း အဘိုး အသက်ဘယ်လောက်တုံး ဆိုတော့ ကောင်လေးက ငိုပြီးပြောတယ်။ ရှစ်၊ ရှစ်ဆယ့်ငါးပါ တဲ့။ အောင်မာ၊ မြတ်စွာဘုရား တောင်မှ ရှစ်ဆယ်အထိပဲနေ တာ၊ မင်းအဘိုးကဘာမို့လို့တုံး၊ဘုရားထက် ဘာကိစ္စငါးနှစ် တောင်ပိုနေရတာတုံး၊ သွားသွား၊ မျက်နှာသစ်။ လုပ်စရာရှိတာလုပ် စမ်းပြောတော့မှ ဗြုန်းခနဲ အငို တိတ်သွားတာဗျ’’
သူက လောကကို ရယ်ရွှင် ဖွယ်အဖြစ် ကြည့်မြင်တတ်သူဖြစ် သည်။ သို့ပေမဲ့ သူ့စကားမှာ စဉ်းစားစရာပါသည်။
တစ်ဦးတစ်ယောက် အ သက်အရွယ် ကြီးရင့်အိုမင်းလာ သည့်အခါ၌ သေဆုံးသွားခဲ့လျှင် ‘သက်တမ်းစေ့ပြီပဲလေ၊ သေ ပျော်ပါပြီ်’ဟု ဆိုတတ်သည်။ တကယ်ပဲလား။ လူသည် မည် သည့်အသက်အရွယ်၌ သေပျော် ပါပြီဟူ၍ စိတ်ပိုင်းဖြတ်နိုင်သ လား။ ‘တို့ကတော့ကွယ် ဒီ လောက်ဆိုသေသင့်ပါပြီ’ ဟူ၍ သေဖို့ရာ ဘယ်သူက စိတ်လျှော့ ဖူးပါသလဲ။
ဆရာလင်းယုန်မောင်မောင် က ‘ခုနစ်ဆယ်ဆိုရင်သေပျော်ပါ ပြီ’ ဟုပြောခဲ့ဖူးသည်။ ထိုသို့ပြော စဉ်က ဆရာ၏အသက်မှာ ခြောက်ဆယ်သီသီ စွန်းရုံပဲရှိဦး မည်။ ဆရာသည် ထိုသို့ပြော လျက် သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ‘နှစ်ပေါင်းခုနစ် ဆယ်’ ဟုခေါင်းစီးပေးပြီး စာပေ ဂျာနယ်မှာလစဉ်ရေးသည်။ စာမူ မပြီးခဲ့ဟုထင်သည်။ ဆရာ ခုနစ် ဆယ်ပြည့်သောအခါ ကျွန်တော် တို့က ခုနစ်ဆယ်ပြည့်ပြီဆရာဟု သတိပေးသည်။ ချစ်သောဆရာ က ‘ခုနစ်ဆယ့်ခုနစ်နှစ်ဆိုရင် သေ ပျော်ပါပြီ’ ဟုပြုံး၍ပြောပါသည်။
လူသည် မည်သည့်အရွယ် မှာမှ မသေပျော်နိုင်ပါချေ။ အ ကြောင်းပြချက်တို့သည် တစ်ပါး သူတို့ကို ဖြေသိမ့်ဖို့ကောင်းရုံမျှ ဖြစ်သည်။ မိမိတို့အတွက် ကောင်းသောအကြောင်းပြချက် မဟုတ်ချေ။ တပ်မက်ခင်တွယ် တတ်စမြဲဖြစ်သော လူ၏ ဘ၀ တဏှာအတွက်တော့ဖြင့် သေဖို့ ကောင်းသောအကြောင်းပြချက်ဟူ၍ရှိမည်မထင်ပါချေ။ ဘဝအိုး အိမ်၊ စည်းစိမ်တို့ကို ‘ကာလ စည်းကမ်းသတ်အက်ဥပဒေ’ ကဲ့ သို့ ပြဋ္ဌာန်းကန့်သတ်ဖို့ရာ ပြည် ထောင်စုလွှတ်တော်အား အခွင့် အာဏာအပ်နှင်းထားခြင်း မရှိပါ ချေ။
သေမင်းဆိုသည်မှာ သတ္တ ဝါတို့၏ ချစ်သောအရာ၊ မြတ်နိုး သောအရာ၊ တပ်မက်တွယ်တာ သောအရာဟူသမျှကို အပြီးတိုင် အဆုံးသတ်၊ ဖြတ်တောက်စေဖို့ တစ်ဖက်သတ်အမိန့်ချနိုင်သော အကြီးဆုံးတရားသူကြီးဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စု တရား သူကြီးချုပ်၏ အယူခံဝင်ခွင့်မရှိ သော အပြီးအပြတ်အတည်ဖြစ် သည့်အမိန့် (Final and Conclusive) ပဲ ဖြစ်သည်။
ကြာဖြူကြာနီကျေးလက်မှကျွန်တော့်မိခင်ကြီး အသက် (၉၀) ရှိပြီ။ ရင့်ရော်မှည့်ရွမ်းပြီ ဖြစ်၍ ကျွန်တော့်ညီလင်မယားက ပိုစိုးရိမ်ပြီး ပို၍ အရိပ်ကြည့်နေ ရသည်။ စရပေအနောက်ရွာနေမြေလတ်မောင်မြင့်သူ၏ မိခင် ကြီးက ကျွန်တော့်အမေထက် ငါး နှစ်ကြီးသည်။ ပိန်ပိန်ပါးပါးမို့ လားမသိ။ (၉၅) နှစ်က ပို၍သွက် လက်ဖျတ်လတ်နေသည်။ သမီး ကိုငဲ့၊ မြေးကိုငဲ့နှင့်၊ စရပေအမေ့ ရွာသို့ တစ်နှစ်တစ်ခေါက်ပင်ရောက်နိုင်ခဲလှဘိသော ကျွန် တော်တို့၏ကဗျာဆရာကို ကြည့် ပြီး အားမလိုအားမရ၊ ဝမ်းရေစပ် နေမိသည်။ သြော် ... နှစ်တစ်ရာ မန်ကျည်းပင်ကြီးများမှာလည်း အစားမထိုးနိုင်သော သက်ရင့် တန်ဖိုးက တိုးလို့ရှိနေပြန်ပါသည်။
ကျွန်တော်တို့က အသက်ရှည်မျိုး ဖြစ်သည်။ အဘွားက (၈၉) နှစ်၊ အဘိုးက (၉၁) နှစ်မှာ ဆုံးပါးခဲ့ သည်။ အဘွားက မေတ္တာတရား ၏ပြယုဂ်ဖြစ်ပြီး အဘိုးသည် ဉာဏ်ပညာ၏ပြယုဂ် ဖြစ်သည်။ အဘိုး၊ အဘွားတို့ မရှိတော့သည့် အခါ မှီတွယ်အားထားရာ မိုး ကောင်းကင်ကြီး ဟင်းလင်းပွင့် သွားသလို သိသိသာသာ လစ် ဟာ၊ နှမြောခဲ့ရသည်ကို ကောင်း စွာမှတ်မိနေခဲ့ပါသည်။
၂၀၂၀ နိုဝင်ဘာက ကိုအော် ပီကျယ်တို့၏မိခင်ကြီး Covid- 19 တွေ့ရှိပြီး ဆေးရုံမှာ ဆုံးပါး တော့ (၉၇) နှစ်ဖြစ်သည်။
ကျွန်တော်က ကျောက်မြောင်းနေခဲ့သဖြင့် အမေကြီးကို ကောင်းစွာသိသည်။ အိမ်သို့လည်းရောက်ဖူးသည်။ နှင်းတို့ဝေသော ဆောင်းတစ်နံနက်တွင် ကျောက်မီးရွာသို့ရောက်နေသည့် မိခင်ထံသို့ ကိုအော်ပီကျယ်ကို လိုက်ပို့ပေးခဲ့ဖူးသည်။ ဥပဓိရုပ်ကြည်လင်၍ တည်ငြိမ်အေးချမ်းသည်။ သပ်ရပ်သန့်ပြန့်စွာ နေတတ်သည်။ ရေနံချောင်းမြို့နယ် ရေနံချပ်ရွာကလေးမှနေ၍ သားသုံးယောက်ကို ပညာတတ်အောင် ကျားကုတ်ကျားခဲ၊ မလျှော့သောဇွဲဖြင့် ရုန်းကန်မွေးမြူပေးခဲ့သော အာဂမိခင်ကြီးဖြစ်သည်။
ကိုဗစ်ကာလဖြစ်သဖြင့် မိခင်ကို ပြန်သယ်လို့မရ။ ၉၇ နှစ်တိုင်တိုင် သား၊ မြေး၊ မြစ် တို့ ကို မေတ္တာကုဋေကုဋာဖြင့် လုံခြုံ နွေးထွေး အရိပ်ပေးဝေခဲ့သော အမေအိုကို နောက်ဆုံးကန်တော့ ဖို့မှ အခွင့်မရခဲ့။ အရိပ်အေးသော သက်ရင့်သစ်ပင်ကြီး ဖြစ်သဖြင့် ပို၍နှမြောမိပါသည်။ အကြီးဆုံး တရားသူကြီးဆိုသော သေမင်း၌ မေတ္တာ၊ ကရုဏာနှင့် ထောက် ထားစာနာမှု မရှိပါချေ။
‘သေမယ်ဆိုရင် သေလို့ရပြီ ကွ’ ဟုဆိုသော ကျွန်တော့်မိတ် ဆွေတစ်ယောက်ရှိသည်။ သူက နည်းလမ်းပေါင်းစုံနှင့် ပိုက်ဆံရှာ ခဲ့သည်။ ထောင်နှုတ်ခမ်းနင်းရ တာ၊ လည်သလိုလုပ်ခဲ့တာတွေ ရှိသည်။ တရားတာ၊ မတရားတာ၊ သမ္မာအာဇီဝဖြစ်တာ၊ မဖြစ်တာ သူ့ကိစ္စမဟုတ်။ ဝိပါက်တရားက သူ့ကို ခြွင်းချက်ပေးထားဆဲ။ ဓန ဥစ္စာ တစ်ဘဝစာဖူလုံပြီထင်ရသူ က သေလို့ရပြီကွဆိုတော့ ဆက် ရက်မင်းစည်းစိမ်၌ ခံစားချိုမြိန် နေသောသူ့ကိုကြည့်ပြီး ဇဝေဇဝါ ဖြစ်သွားသည်။ သေလို့ရပြီဆိုတာ ကျွန်တော်မယုံ။
ဘဝဆိုတာ တိုတိုလေးပါဟု မကြာခဏ ကြားရတတ်သည်။ ငယ်သူများထက် အသက်ကြီးသူ များက ပို၍ပြောလေ့ရှိပါသည်။ စင်စစ် ဘဝဆိုတာ ခဏတာပဲဖြစ် ရာ ငြိမ်သက်ခြင်းနှင့်မကြုံကြိုက်လိုသူက အများစုဖြစ်ပါသည်။ သေခြင်းသည် ကြေကွဲမှုများ၊ မျက်ရည်များကို ယူငင်လာတတ် ပါသည်။
ချစ်သူတို့ကို ကွဲကွာစေ သောအရာဖြစ်ပါသည်။ ထို့အတူ မုန်းသူတို့ကိုလည်း ဆွဲခေါ်သွား တတ်သောအရာဖြစ်ပါသည်။
သေခြင်းဟူ၍ရှိနေရခြင်းမှာ ထိုအကြောင်းကြောင့် ဖြစ်တန်ရာ ပါသည်။ ဤဒွန္နယာကြီးထဲမှ သေခြင်းတရားကို ဖယ်ရှားပစ် ထိုက်ပါမည်လော။ သေခြင်း ကင်းမဲ့ပါက ဤကမ္ဘာလောကကြီး ကသောင်းကနင်း မဖြစ်နိုင်ပါသ လော။
သေခြင်းက အရေးကြီး သည်။ သို့ပေမဲ့ သေခြင်းထက် ပိုပြီးအရေးကြီးတာက ရှင်ခြင်း ဖြစ်သည်။ ရှင်ခြင်းမရှိဘဲ သေ ခြင်းမရှိနိုင်။ သေခြင်းသည် ရှင် ခြင်းကို ထာဝစဉ်အမှီသဟဲပြု၍ ရှိနေရတာဖြစ်သည်။ ဝမ်းနည်း စရာကောင်းလှသည်မှာ ရှင်သန် ခြင်းဟူသမျှ၏ ဦးတည်ရာမှာ သေခြင်းဆီသို့သာဖြစ်သည်။
ရှင်သန်နေသူတို့သည် သေ ခြင်းကို စိတ်ဝင်စားကြသည်။ မျက်လှည့်ဆရာက ဖွင့်မပြသေး သော သေတ္တာပုံးကလေးတစ်ခု လို စိတ်ဝင်စားကြသည်။ မည်သူ မျှ မတွေ့မမြင်နိုင်အောင် ပုန်း ကွယ်နိုင်သဖြင့် သူက စိတ်ဝင် စားစရာ ကောင်းနေသည်။
သို့သော် လူတစ်ယောက် ဘယ်လိုသေဆုံးသွားလဲဆိုတာ ထက် ဘယ်လိုရှင်သန်သွားသလဲ ဆိုတာက ပိုပြီးစိတ်ဝင်စားဖို့ မကောင်းပေဘူးလား။ (၉၁) နှစ် တွင် ကွယ်လွန်ဆုံးပါးခဲ့သောကျွန်တော်တို့အဘိုးကတော့ပြောပါသည်။ သူတစ်ပါး ထိခိုက်နာ ကျင်မှုမရှိဘဲ ဘဝကို ပျော်ပျော် ရွှင်ရွှင် နေထိုင်သွားသူတို့သာပဲ သေခြင်းကို ရဲဝံ့စွာရင်ဆိုင်နိုင် သည်တဲ့။ ။
(မောင်ရင့်မာ (ကျောင်းကုန်း)သည် Essay (ရသစာတမ်းငယ်) ရေးသားသူ ဖြစ်သည်။)
(၂-၁-၂၁)ရက်နေ့ထုတ် 7Daily Newspaper မှကူးယူပါသည်။