ကျောင်းသားဟောင်း ဦးသန်းဋ္ဌေး (စာရေးဆရာ သင့်နော်) ၂၇-၉-၂၅ ရက်နေ့၊မန္တလေးတွင်ကွယ်လွန်။
အောက်ပါဆောင်းပါးသည် ၂၀၁၃ ခုနှစ်က ထုတ်ဝေသော အ.ထ.က (၃) ပြည်မြို့၏ အာစရိယပူဇော်ပွဲ ငွေရတုအထိမ်းအမှတ်မဂ္ဂဇင်းအတွက်ဆရာသင့်နော်၏ဆောင်းပါးဖြစ်ပါကြောင်း။
ABM တဖြစ်လဲ B.B.H.S အသွင်ပြောင်း အ.ထ.က (၃) ကျောင်း(ပြည်) မှာ သူငယ်တန်းကစ နေခဲ့တယ်။
ABM ဆိုတဲ့ American Baptist Mission School ကိုတော့ မမီလိုက်ပါဘူး။ KG လို့ခေါ်တဲ့ မူလတန်းဆင့် သူငယ်တန်းကျောင်းသားဘဝနဲ့ ၁၉၅၅ ခုနှစ်မှာ B.B.H.S ဆိုတဲ့ Burmese Baptist High School ကျောင်းကို ရောက်ပါတယ်။ ရှပ်အင်္ကျီအဖြူ၊ ဘောင်းဘီနီညို ယူနီဖောင်းနဲ့။ Ferry က မြင်းလှည်း။ ဦးစံသိန်း မြင်းလှည်း။ နေတာက ကုန်သည်လမ်း။ အခု မရှိတော့တဲ့ ကမ်းနားလမ်းက နာရီစင်ကြီးနဲ့ နီးတယ်။ ပြည်တော်သာဈေးကြီးနဲ့လည်း နီးတာပေါ့။ မော်တော်ဆိပ်နဲ့လည်း နီးတယ်လေ။ အဲသည်တုန်းက ကျောင်းတက်ရတာ ဝေးလိုက်တာ...။
သည်အရင်က အိမ်နဲ့နီးတဲ့ ကျုံဟင်း တရုတ်အမျိုးသားစာသင်ကျောင်းမှာ နေခဲ့သေးတယ်။ တရုတ်စာ နည်းနည်းလောက် သင်ခဲ့သေးတယ်။ အဲသည်ကမှ အ.ထ.က(၁) ဗလီကွင်း ကျောင်းကို ရက်ပိုင်းလောက် ရောက်သွားသေးတယ်။ ဘာကြောင့်မှန်း မမှတ်မိဘူး။ အမှတ်(၁)ကျောင်းသား မဖြစ်လိုက်ရဘဲ B.B.H.S မှာ ပထမတန်းက စတက်လိုက်ရတော့ တီချာဒေါ်အုန်းလှတပည့် ဖြစ်ခဲ့ရတော့တာပေါ့။ ဟုတ်ကဲ့။ သိတ်ပျော်တာပေါ့ခင်ဗျာ။ အင်္ကျီဘောင်းဘီ အသစ်တွေဝတ်။ ကော်ဖီကို ဓာတ်ဘူးနဲ့ထည့်ယူ။ ဘွတ်ဖိနပ်ကိုစီး၊ အင်္ဂလိပ်ကျောင်းသားကြီးပေါ့။ A အေ တစ်ခု တစ်ကောင် At အက် ၌ မှာ တွင် ဝယ်။ He ဟီ သူသည်။ She သူမသည်။ Me ကျွန်ုပ်ကို။ We ကျွန်ုပ်တို့သည်။ ပျော်စရာကြီး။
Church မြောက်ဘက်က နှစ်ထပ်တိုက်အိုကြီး( အနောက်ဘက်မျက်နှာလှည့်) အောက်ထပ်မှာ သင်ရတာ။ ကျောက်သင်ပုန်းနဲ့ကျောက်တံ။ ဗလာစာအုပ်နဲ့ ခဲတံ။ နှစ်မျိုးစလုံး သုံးရတယ်။ ပြေးလွှားခုန်ပေါက် ဆော့ကစားစရာ နေရာကျယ်ကျယ်။ သစ်ပင်ရိပ်ကောင်းကောင်း၊ လျှောစီးရတယ်။ ဆီးဆော စီးရတယ်။ ဒန်းစီးရတယ်။ မုန့်ဖိုး တစ်နေ့ ဆယ်ပြားရတယ်။ ပဲစဉ်းငုံ ပြုတ်ထားတဲ့ အစည်းလေးတစ်စည်း ငါးပြား။ ပါတာနီတစ်ထုပ် ငါးပြား၊ ငါးပြားက အခြေခံငွေကြေးယူနစ်ပေါ့။ ခဲတံလည်း ငါးပြားပဲ။ ဗလာစာအုပ်က တစ်မတ်(၂၅ပြား)။ မုန့်ပြားသလက် ငါးပြား၊ အကြော်တစ်ချပ် ငါးပြား။ ဆယ်ပြားဖိုး သုံးချပ်။ ထမင်းသုတ် ဆယ်ပြားဆယ်ငါးပြား။ ကော်ရည်ခေါက်ဆွဲ တစ်မတ် ငါးမူး။ ပလာတာ တစ်မတ် ငါးမူး( ငါးမူးဖိုးက လူကြီးစား)၊ မော်ဒန်ကာတွန်း တစ်အုပ် ပြား ၆၀။ မဝယ်နိုင်ဘူး။ ကျောင်းလခက ငါးကျပ်။ ဦးစံသိန်း မြင်းလှည်းခကလည်း တစ်လ ငါးကျပ်ပဲ။
အချိန်တန်တော့ ပထမတန်းရောက်။ ဆရာမက ဒေါ်သန်း။ နောက်တစ်နှစ်နေတော့ ဒုတိယတန်းရောက်။ ဆရာက ဦးကျော်ဒင်(ဟန်)၊ သုံးတန်းတက်ရမှာ သိပ်ကြောက်တာ။ ဆရာဦးချစ်တင်က သိပ်အရိုက်ကြမ်းတာတဲ့။ ဟုတ်ကဲ့ သုံးတန်းမှာ ဦးချစ်တင်နဲ့ တွေ့တာပါပဲ။ လေးတန်းမှာ တီချာဒေါ်တင်ကြည်ပါ။ တီချာ့ဆီမှာ Private Tuition သင်ယူရသေးတယ်။ သင်္ချာလား၊ အင်္ဂလိပ်စာလား မမှတ်မိတော့ဘူး။ တီချာက ဘုရားသခင်ဆီမှာ အမြဲဆုတောင်းပေးတာပဲ မှတ်မိတော့တယ်။
အဲသည်မှာ အရေးကြီးဆုံးပြောရမှာက နှစ်စဉ် ဒီဇင်ဘာမှာ နွှဲပျော်ကြရတဲ့ X’mas ပွဲတော်ကြီးပါပဲ။ခရစ္စမတ်နီးလာရင် ပထမဆုံး လုပ်ရတာက ကော်ရင်ထိုးလေးတွေ လိုက်ရှာ ဝယ်ရတာပါ။ သမင်ကလေး၊ ဝက်ဝံကလေး၊ နှင်းဆီနီနီ၊ တယောကလေး၊ ထီးကလေး၊ ရွက်လှေကလေး၊ မှိုပွင့်ကလေး အမျိုးမျိုးပဲလေ။ အရောင်စုံ ကြိုက်ရာရွေးဝယ်။ အချင်းချင်း လက်ဆောင်ဖလှယ်ကြတာပေါ့။ အဲသည်တုန်းက Post Card မပေးတတ်ကြသေးဘူး။ ရင်ထိုးရုပ်ကလေးတွေ နီးစပ်ရာ၊ ခင်မင်ရာ ပေးကြတာ၊ ခရစ္စမတ်လက်ဆောင်လေ။ တစ်ကျောင်းလုံး အဲသည်အလုပ်ပဲ လုပ်နေကြတော့တာ။ ဒီဇင်ဘာတစ်လလုံး အကတိုက်ကြ၊ဝတ်စုံချုပ်ကြ..ပျော်နေလိုက်ကြတာ။ သိပ္ပံမောင်ဝလေသံနဲ့ ပြောရရင် ပျော်စရာ့ ပျော်စရာ ပျော်စရာကြီးပေပ။
နောက်ပြီးဗျာ၊ ခိုက်ခိုက်တုန်အောင်ချမ်းပြီး နှင်းတွေ ဖွေးဖွေးလှုပ်အောင် ကျတတ်တဲ့ ခရစ်တော်မွေးတဲ့နေ့။ ခရစ်တော်ကို ဘက်သလင်ဟန်မြို့စွန်က နွားတင်းကုတ်ထဲမှာ မွေးတဲ့နေ့။ ခရစ္စမတ်နေ့။ မှန်ရောင်စက္ကူတွေနဲ့ ကြယ်ပုံချိုးထားတဲ့ မီးပုံးတွေ အနီ အဝါ အပြာ အစိမ်း၊ အမှောင်ထဲမှာ လင်းလက်။ တောက်ပဖြူစင် သစ်လွင်နေတဲ့ အဝတ်အစားတွေနဲ့ ကျောင်းသူကျောင်းသားတွေ၊ ဆရာ ဆရာမတွေ။ ပေါင်ဒါဖွေးဖွေး၊ နှုတ်ခမ်းစွေးစွေးနဲ့ ကခုန်ကြမယ့် ယိမ်းသမတွေ။
ရွှေပွဲလာတွေကို ဧည့်ခံတာကတော့ ကြံသကာနဲ့ မြေပဲလှော်ပေါ့။ ပျော်ပါပေရဲ့ ပျော်ပေရဲ့ပေါ့။ မမေ့နိုင်တဲ့ ငယ်ဘဝ ခရစ္စမတ်ညများကို B.B.H.S မှာနေတဲ့ အခိုက်မှသာ ကြုံခွင့်ဆုံခွင့် ဆင်နွှဲခွင့် ရခဲ့တာလေ။ ကိုယ်တိုင်လည်း လိပ်ပြာက ကတဲ့အစီအစဉ်ထဲမှာ ဝင်ကခဲ့ရတယ်။ တူတူကခဲ့ကြသူတွေထဲက သတိရမိသလောက်က ကျော်မြင့်ဦး၊ ဇေယျာဝင်း၊ တူးတူး( တင်ဝင်း)။ မြမြ၊ ခင်ဆွေဝင်းနဲ့ မေလွင်ဦး(ဆင်းကားအပ်ချုပ်စက်) တို့ပါပဲ။ တတိယတန်းဖြစ်မလား၊ ဒုတိယတန်းဖြစ်မလား မသေချာဘူး။
ငါးတန်းမှာ တီချာဒေါ်အုန်းစိန်နဲ့တွေ့တယ်။ Geometry တို့ Agebra တို့ စသင်ရတယ်။ ပျော်တာပဲ။ ကွန်ပါဘူးကိုင်ရလို့။ အသစ်အဆန်းပေါ့လေ။ ကွန်ပါဘူးကလည်း Universal ဆိုတဲ့ တံဆိပ်တစ်မျိုးတည်းပဲရှိတယ်။ အဲဒါလည်း တစ်ဘူးငါးကျပ်။ စက်ဝိုင်းတွေ၊ တြိဂံတွေ၊ စတုဂံတွေ စတုရန်းတွေ ပွစိကို လန်နေတာပဲ။ မျဉ်းဖြောင့်တွေ မျဉ်းမတ်တွေ၊ ၉၀ ဒီဂရီ ၁၈၀ ဒီဂရီတွေ၊ ထောင့်မှန် ထောင့်ကျဉ်း ထောင့်ကျယ်တွေ. သေချာပေါက် မမေ့နိုင်တာက အဲသည်နှစ် စုက္ကရု စုက္ကရ ကို ပျော်ပွဲစားထွက်ကြတယ်။ ရေပူစမ်းကိုလည်း ရောက်တယ်။
B.B.H.S မှာ ခြောက်တန်းရောက်တော့ ဆရာမကြီးဒေါ်ထွေးအတန်းမှာ နေရတယ်။ ဆရာမကြီးနဲ့ အိမ်ချင်းလည်း နီးပါတယ်။ ရုံးလမ်းနဲ့ ကုန်သည်လမ်းထောင့်က အိမ်ဟာ ဆရာမကြီးတို့ အိမ်ပါ။ ၆တန်းမှာ အကြိုက်ဆုံး မြန်မာစကားပြေကောက်နုတ်ချက်နဲ့ လောကသာရပျို့ပဲ။ ၆ တန်းအောင်တဲ့အထိ B.B.H.S မှာနေခဲ့ရတာက ပထမပိုင်းလို့ ဆိုကြပါစို့။
၇ တန်းကို သိမ်လမ်းက အ.လ.က(၁) (ကန်ပေါ်ရိပ်သာ) မှာ သွားနေလိုက်သေးတယ်။ ဆရာကြီးဦးဘရှုနဲ့ ဆရာမကြီး ဒေါ်မြမှီတို့ရဲ့ကျောင်းပါ။ အဲသည်တုန်းကတော့ အလယ်တန်းကျောင်းကို ခုနစ်တန်းအထိပဲ သတ်မှတ်ထားတယ်။ ကန်ပေါ်ရိပ်သာမှာ တစ်နှစ်ပဲနေရပေမယ့် အဲသည်မှာ နေရတဲ့ကာလဟာ ကျောင်းသားဘဝရဲ့ အပြောင်းအလဲ ကြီးကြီးမားမားနဲ့ ကြုံရတဲ့ ကာလပါ။ B.B.H.S ဆိုတာက သာသနာပြုကျောင်းရဲ့အငွေ့အသက်ကို ဆက်ခံတဲ့မြို့ကျောင်း၊ ကန်ပေါ်ရိပ်သာဆိုတာက အခြေခံလူတန်းစားတွေ အများစု မှီခိုနေနေကြတဲ့ ဆင်ခြေဖုံး(အဲသည်တုန်းက) သာမန်အစိုးရ အလယ်တန်းကျောင်း။ အများကြီးကွာတယ်။ ခုနစ်တန်းမှာ ကိုယ့်ထက် အများကြီးအသက်ကြီးတဲ့ ကျောင်းသားတွေနဲ့ စပေါင်းမိတော့ အတတ်မျိုးစုံကို တတ်သွားတော့တာပေါ့။ ကန်ပေါ်ရိပ်သာမှာ အတူတူနေခဲ့ကြတဲ့ သူငယ်ချင်းဟောင်းတွေကိုပြန်တွေးလိုက်တော့ တီကျစ်ဆုံလမ်းက စန်းစန်းမြင့်၊ စောစောနွယ်။ လှိုင်ဂတ်လမ်းက ခင်ဇော်၊ အနောက်စောင်းတန်းလမ်းက စိုးသိန်း၊ မရင်ငွေ၊ သင်္ဘောဆိပ်လမ်းက ခင်ခင်ကြွယ်၊ ခင်ခင်နွယ်၊ လမ်းမတော်က စိုးမြင့်တို့လောက်ပဲ မှတ်မိတယ်။ ဆင်စုနဲ့ မိကျောင်းရဲက သူငယ်ချင်းတွေကတော့ တင်စိုး၊ မအေးဝင်း၊ ကျော်သောင်း၊ မာမာသန်း၊ မမြစန်း၊ ချစ်တင်၊ မရင်သိန်း၊ ကျော်သန်း၊ စိန်ဝင်း၊ ဝင်းမောင်တို့ပေါ့။
ရှစ်တန်းမှာ ထီးစုလမ်းက အ.ထ.က(၂) ကိုရောက်တယ်။ ကျောင်းအုပ်ဆရာကြီးက ဦးထွန်းတင်။ ဆရာ ဦးဘလှ၊ ဆရာမ ဒေါ်သန်းသန်းနု၊ ဒေါ်ဝင်းကြည်၊ ဆရာဦးခင်မောင်ရီ၊ ဆရာမ ဒေါ်ထားမြ၊ ဒေါ်စန်းမြင့်၊ ဒေါ်အေးသန်း၊ ဒေါ်ခင်စိန်ရီ၊ ဒေါ်ခင်မေမြင့်၊ ဒေါ်သန်းရွှေ၊ ဦးသန်းမောင်၊ ဒေါ်ခင်အုန်းချို...။
အ.ထ.က(၂)ကို ထီးစုလမ်းကနေ သံတချောင်းလမ်းကို ပြောင်းတော့ ပါသွားတာပေါ့။ အခုပြည်တက္ကသိုလ်ရဲ့ မူလ အဆောက်အဦဟာ ကျွန်တော်တို့ရဲ့ အ.ထ.က(၂)ပါ။ အ.ထ.က(၂)မှာ ရှစ်တန်း ၂ နှစ်နေ။ ၉ တန်း ၂ နှစ်နေ။ ဆယ်တန်း ၁ နှစ်နေရတယ်။ ၉ တန်းက အစိုးရစစ်။ အ.ထ.က(၂) တုန်းက ၉ တန်း တစ်တန်းထဲ အတူနေကြသူတွေထဲက ဝက်ထီးကန် ကနေ ပြည်ကိုကျောင်းလာတက်တဲ့ သန်းဝင်းက အခု စာရေးဆရာ ဖြစ်နေတယ်။ ဆွန်အဲလူ။
အ.ထ.က(၂)မှာ ဆယ်တန်းတစ်ခါကျပြီးတော့ အလိုလိုနေရင်း စိတ်ပြောင်းသွားတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ ကျောင်းပြောင်းရရင် ကောင်းမှာပဲလို့ အောက်မေ့တာနဲ့ အ.ထ.က(၃) ကို ပြောင်းဖြစ်သွားတယ်။ (ပထဝီ၊ သမိုင်း၊ သင်္ချာအတွဲဆိုတော့ ထ-၁ ကိုလည်း ပြောင်းလို့မရဘူးလေ။) အဲသည်တော့ B.B. H. S ဘဝမှာ ၆ တန်းအထိ ကိုယ်နေခဲ့တဲ့ ဘူမိနက်သန်ကိုပဲ ပြန်ရောက်သွားရတယ်။ ဆရာကြီးဦးအောင်ခင်နဲ့ တည့်တည့်တိုးပါတယ်။ ဆရာဦးမောင်မောင်၊ ဦးသိန်းဝင်း၊ ဦးတင်အောင်၊ ဦးမြသိန်း၊ ဦးအောင်သန်း၊ ဆရာမ ဒေါ်ညိုညို၊ ဒေါ်လှလှ၊ ဒေါ်ခင်ခင်ကြီး၊ ဒေါ်ခင်အုန်းချိုတို့နဲ့ ဆယ်တန်းအောင်ပါတယ်။
အဲသည်တုန်းက ဆရာကြီးက Repeaters တွေကို သီးသန့်ထားတယ်။ ကျား/မ ခွဲထားတယ်။ တောင်ဘက်ကော်ရစ်ဒါက မိန်းကလေးတွေအတွက်၊ ယောကျာ်းလေးတွေက မြောက်ဘက်။ ဆံပင်ရှည်ရင် ရဲဘုရင်ဆိုင်မှာ ညှပ်ခိုင်းတယ်။ အမှတ်(၃)ပုံ ညှပ်ပေးပါလို့ ပြောရတာ။မှတ်မှတ်ရရ အဲသည်နှစ်က ပြည်မြို့နယ် ကျောင်းပေါင်းစုံ စကားရည်လုပွဲကို အ.ထ.က(၃) ကနေ ကျွန်တော် ဝင်နွှဲရတယ်။ ဘယ်လိုက ဘယ်လို ကျောင်း Selection ဖြစ်သွားလည်းဆိုတာ မမှတ်မိတော့ဘူး။
ဘယ်သူတွေနဲ့ တွဲရသလဲဆိုတာ မေ့နေပြီ။ မှတ်မိတာက ထွန်းသီရိရုံမှာ တစ်ပွဲ၊ ယဉ်ကျေးမှုရုံမှာ တစ်ပွဲ နွှဲရတယ်။ ပထမ ပွဲမှာ အ.ထ.က(၃) ကနိုင်တယ်။ ဒုတိယပွဲ Final မှာ ရှုံးတယ်။ ရှုံးမှာပေါ့ ပြိုင်ရတဲ့ ခေါင်းစဉ်ကိုက တစ်ဖက်သတ်ကြီးဖြစ်နေတာ။ ပညာရေးဝန်ကြီး ဒေါက်တာညီညီက စနစ်သစ်ပညာရေးမှာ သိပ္ပံပညာ ဦးစားပေးမည်လို့ အတိအကျ ကြွေးကြော်ထားချိန်မှာ ခေါင်းစဉ်က ‘’ သိပ္ပံပညာသည် ဝိဇ္ဇာပညာထက် တိုင်းပြည်ကို ပို၍ မြှင့်တင်နိုင်သည်’’တဲ့။ အဆိုက အ.ထ.က(၁)။ အချေက အ.ထ.က(၃)။ အလိုလိုနေရင်း ရှုံးပြီးသားပေါ့။
အောင်စာရင်းထွက်ပြီး လေးငါးရက်လောက်နေတော့ အမှတ်စာရင်းတောင်းရအောင် ကျောင်းကို ရောက်သွားတယ်။ ဆရာကြီးဦးအောင်ခင်က ဆီးမေးတယ်။ ‘’မင်း ဘာလာ လုပ်တာလဲ’’ တဲ့။ ဟုတ်ကဲ့ဆရာကြီး၊ အမှတ်စာရင်း လာထုတ်တာပါခင်ဗျ လို့ ပြောလိုက်တော့ ‘’မင်း အောင်လို့လား’’တဲ့။ ဘယ်ယုံမှာလဲ အဲသည်တုန်းက ကျွန်တော်တို့တစ်တွေက သူ့ Black list ထဲမှာ ထိပ်ဆုံးက ကောင်တွေပဲလေ။ နှစ်ကျသမားတွေ၊ စာမကြိုးစားဘူး၊ ကျောင်းပြေးတယ်။ ဆေးလိပ်ခိုးသောက်တယ်။ ဆံပင်ရှည်တယ်။ ပိုက်ဆံကြေး ဘောလုံးကန်ကြတယ်။ ရုပ်ရှင် ခိုးကြည့်တယ်။ လက်ဖက်ရည်ဆိုင် ထိုင်တယ်။ လက်ရေးစာစောင်( မြတ်နိုးစေချင် ဆိုတဲ့ နာမည်နဲ့) ထုတ်တယ်။ ကောင်မလေးတွေကို စတယ်၊ နောက်တယ်။ ဆရာကြီးက ကျွန်တော်တို့ကို လုံးလုံးအထင်မကြီးဘူး. အလစ်လည်း မပေးဘူး။
‘’အောင်ပါတယ် ဆရာကြီး’’ ဖြေလိုက်တော့ ဆရာကြီး နည်းနည်း အံ့အားသင့်သွားပုံရပါတယ်။ ကျွန်တော်တို့ဆရာကြီးကလည်း သိကြတဲ့အတိုင်းပါပဲ။ နည်းနည်းမှ အလျှော့မပေးပါဘူး။ ‘’မင်းအောင်တယ်ဆိုရင်တော့ တစ်ကျောင်းလုံးအောင်ကုန်ကြပြီထင်ပါရဲ့’’ တဲ့။ ဟုတ်ကဲ့၊ အဲဒါဟာ ကျွန်တော်တို့ရဲ့ ဆရာကြီးဦးအောင်ခင် အစစ်ပါပဲ။
၁၉၆၇-၆၈ ပညာသင်နှစ်ဟာ ပြည်အ.ထ.က(၃)မှာ နေပြီး ဆယ်တန်းအောင်လို့ အထက်တန်းကျောင်းသားဘဝက ကျွတ်ခဲ့တဲ့နှစ်ပါ။ ထူးခြားတယ်လို့ ဆိုနိုင်တာက သူငယ်တန်းကို ဒီကျောင်းမှာ စနေပြီး ဆယ်တန်းမှာ ပြန်ရေစက်ဆုံလို့ ဒီကျောင်းကပဲ ပြန်အောင်တယ်။ အောင်မြေနင်းသလိုပေါ့နော်။ မျိုးစေ့မှန်လို့ အပင်သန်တာလည်း ဖြစ်နိုင်တာပေါ့နော်။ ၇ တန်း ကန်ပေါ်ရိပ်သာ၊ ရှစ်တန်း ကိုးတန်း ဆယ်တန်း ၅ နှစ် အ.ထ.က(၂)။ နောက်ဆုံး တကယ်အောင်တော့ ဒုံရင်းဒုံရင်း ကိုယ့်မူလလက်ဟောင်း ABM တဖြစ်လဲ B.B.H.S တဖြစ်လဲ အ.ထ.က(၃)ကပဲ ပြန်အောင်ခဲ့တဲ့ ဖြစ်ထွန်းမှုဟာ ကိုယ်နဲ့ခေတ်ပြိုင် အပေါင်းအသင်းတွေထဲမှာ ကိုယ်တစ်ယောက်တည်းပဲလို့ အကြောင်းတိုက်ဆိုင်တိုင်း သတိရနေဆဲပေါ့။
( B.B.H.S နဲ့ အ.ထ.က(၃)မှာ ခိုလှုံခွင့်ရခဲ့တဲ့ ကာလအပိုင်းအခြားထဲက ဆရာကြီး ဆရာမကြီးများရဲ့ ဂုဏ်ကျေးဇူးနဲ့ မေတ္တာတရားတို့ကို အခါအခွင့်သင့်တိုင်း တ သ၊ သတိရရိုသေမှုနဲ့။)
သင့်နော်
No comments:
Post a Comment