Monday, March 2, 2026

                                                                         သေမင်းကို အနိုင်ယူခြင်း

ဆေးတက္ကသိုလ်(၂) Annual Magazine

၁၉၇၂ -၇၃



သမားတော်က

ငါ့ဘဝကို

ကုသပေးရန် ကြိုးပမ်းဆဲ။

သေမင်းချောင်းဟန့်

သူရပ်တန့်၍

ခြောက်လှန့်ငါ့အား ခေါ်နေချိန်။

အင်ဖရွန်ဆေးစက်

သွေးအနက်သည်

ပြေးလျက်စီးဆင်း

ငါ့လက်တွင်းသို့ စိမ့်ဝင်ချိန်။ 

ဆေးအားပြင်းထန်

ငြင်းဆန်ဇီဝ

လွန်ဆွဲကြသော်

ဘဝထွက်ပေါက် ပျောက်ဆုံးပြီ။ 

သွေးကြောထဲမှ

ခုန်ထအပ်ချွန်

တမလွန်သို့ လမ်းညွှန်ပြီ။ 

ငါ့နှလုံးအိမ်

မြတင်းတိမ်သည်

ငြိမ်သက်ရပ်တန့်ပေတော့မည်။ 

ကွေးကောက်အကြော

သေငယ်ဇောဖြင့်

မေ့မောမိန်မူး လူးလွန့်စဉ်။ 

ငါ့မိခင်သည်

ရှိုက်ငင်ပူဆွေး

ငိုကြွေးခြုံးပွဲ ချလေပြီ။ 

ငါ့ဇနီးကား

မျက်ရည်ကြားမှ

ငါ့အား နောက်ဆုံးကြည့်နေသည်။ 

သမီးသားတို့

မျက်ရည်စို့လျက်

ငါ့လက်များကို နမ်းကြပြီ။ 

သမားတော်က

သက်ပြင်းချ၍

ချွန်မြအပ်ဖျား

နုတ်ယူသွားသော်

ငါကား အသက်ပြန်ရှင်သည်။ 

သေမင်းပခုံး

ငါခေါင်းအုံး၍

ရွှင်ပြုံးဝမ်းသာ

ပီတိဖြာစဉ်

မဟာသေမင်း

အမှောင်တွင်းသို့

ငိုရင်း ထွက်ပြေးပါလေသတည်း။ 


  (ကိုယ်တွေ့ ဝေဒနာ ခံစားရသော နေ့တနေ့သို့)

        ဒေါင်းနွယ်ဆွေ

No comments:

Post a Comment