Tuesday, July 23, 2013
ခွဲစိတ်ဆောင်(၄)၊ ညနေ(၄)နာရီ
၁၉၇၅ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့၊ ညနေ(၆)နာရီ။
          တပ်မတော်ဆေးရုံကြီးပြင်ပလူနာဆောင်ရှေ့သို့လူနာသယ်ယာဉ်ဆိုက်ရောက်လာသည်။သူနှင့်အတူလားရှိုးစစ်ဆေးရုံမှဗိုလ်အဆင့်ဆေးမှူးတစ်ဦးအနီးကပ်လိုက်ပါလာသည်။လားရှိုးတွင်သူရှစ်ရက်ကြာနေခဲ့ရသည်။လားရှိုးဆေးရုံသည် သူ၏အသက်ကိုသေမင်းနှင့်အပြိုင် လုယူထားသည်။ ပုတ်သိုးပြတ်တောက်(gangrene)နေသော ညာဖက်ခြေထောက်ကို သန့်ရှင်းအောင်ဆေးကြောပြီး ဆေးထည့် ပေးရုံသာ ကုသပေးနိုင်သည်။ခြေသလုံးရိုးနှစ်ချောင်းလုံး ကျိုးပဲ့ကြေမွ (Compound fracture) နေသည့်သူ၏ ဘယ်ခြေသလုံးမဏ္ဍိုင်ရိုး(tibia)ကို ခွဲစိတ်ခန်းအတွင်းမှာပင် Anatomy စာအုပ်ဖွင့်ပြီး တပ်မှူးကိုယ်တိုင် တစ်စစီစီပြီးပြန်လည်နေရာချထားသည်။
ဘယ်ဘက်ခြေထောက်သည် ပြတ်လုပြတ်ခင်အခြေအနေမျိုး၊သူတို့မှာရှိသမျှပညာနှင့်အခြေအနေပေးသလောက် ၀ိုင်းဝန်းကြိုးစားကုသပေးသည်။အဓိကအခက်အခဲမှာလူနာသည်ခွဲစိတ်ကုသမှုကိုခံနိုင်လောက်သည့်ကိုယ်ခံအားမရှိခြင်းဖြစ်သည်။သွေးနှင့်ဓါတ်ဆားရည် အဆက်အမပြတ် သွင်းထားပေးရသည်။ဒီတော့ ယာဉ်စီးနိုင်လောက်သည့် အခြေအနေရောက်လျှင် ရန်ကုန်သို့အမြန်ဆုံးပို့ပေးရန် စီစဉ်သည်။
                   သူကတော့မည်သို့သောကုသမှုနှင့် သူ့ကိုကုသနေသည်ကိုမသိ၊ နာကျင်မှုဝေဒနာ ခံစားနေရသည်ကို လည်းမသိ၊သူအသက်မသေသေးဆိုတာလောက်ပဲ သိတော့သည်။ သတိကလည်းရတချက်၊ မရတချက်။ တပ်မမှူး လာကြည့်ပြီးအားပေးသွားသည်ဟု ပြောသည်။ သူအမှတ်မရ။ သူ၏၀ိဥာဉ်သည် သူနှင့်ပူးတုံခွာတုံ။ ဘာမဆို ဖြစ်သွားနိုင်သောအခြေအနေမျိုး။ဆေးရုံ၏အစဉ်အလာအရ D.I.L (Dangerous Ill List) သတ်မှတ်ထား သည်မို့ အသက်အန္တရယ်ရှိနေဆဲအခြေအနေမျိုးဖြစ်သည်။
          လူနာ၏အခြေအနေတည်ငြိမ်စပြုသော(၂-၆-၇၅)ရက်နေ့တွင်မင်္ဂလာဒုံတပ်မတော်ဆေးရုံကြီးသို့လွှဲပြောင်း တော့မည်။တိုက်ဆိုင်လွန်းသည်ဟုပဲဆိုချင်သည်။ ဘယ်လောက်တိုက်ဆိုင်သလဲဆိုရလျှင် ဒီနေ့သည် ကဆုန်လဆုတ်(၉)ရက်၊ သူ၏(၁၉)နှစ်ပြည့်မွေးနေ့။ ရှားရှားပါးပါး မြန်မာရက်နှင့် အင်္ဂလိပ်ရက် တထပ်တည်းကျနေသည်။ဘယ်လောက် ၀မ်းနည်းစရာကောင်းသည့်မွေးနေ့ (Sad Birthday)လဲ။ ဒီလိုမွေးနေ့ရက်မှာ လေယာဉ်စီးပြီးဆေးရုံပြောင်းရတော့မည်။
          သူ့စိတ်ထဲမှာခိုင်ခိုင်မာမာယုံကြည်နေတာ တစ်ခုတော့ရှိသည်။ မင်္ဂလာဒုံဆေးရုံသည် သူ့ကိုအပြည့်အ၀ အာမခံချက်ပေးနိုင်ပေလိမ့်မည်ဆိုတာပဲဖြစ်သည်။ သို့နှင့်တိုင် ဒီလိုဆိုးဝါးလှသည့် ကြမ္မာမိုးတွေသည်းသည်း ဖြိုင်ဖြိုင်ရွာလေသည့်ဒီလိုမွေးနေ့မှာ  သူမပြောင်းချင်။ ဘာလို့လည်းမမေးပါနဲ့။ သူအဖြေမပေးတတ်ပါ။
          ကံကောင်းပါသည်။ထိုင်ခုံနေရာအခက်အခဲကြောင့် နောက်နေ့မှလိုက်ပါခွင့်ရခဲ့ပါသည်။ လားရှိုးမှထွက်သော လေယာဉ်သည်မိုးမိတ်၊ မန္တလေးသို့ ဆင်းသက်ရပ်နားခဲ့ပြီး ညနေ(၅)နာရီခန့်တွင် မင်္ဂလာဒုံလေဆိပ်သို့ဆိုက်ရောက်ခဲ့သည်။ လူနာယာဉ်သည် ကွင်းအတွင်းထိ မောင်းဝင်ခဲ့ပြီး ပြေးလမ်းပေါ်တွင် ချထားသောလူနာကိုသယ်ဆောင်လျှက် ဆေးရုံသို့အပြေးမောင်းနှင်ပါတော့သည်။
          ညတွင်းချင်းခွဲစိတ်ခန်းသို့ပို့ပြီး ခွဲစိတ်ကုသမှုလုပ်သည်။ နူးညံ့သိမ်မွေ့သော စကားသံနှင့် အရိုးကုသပါရဂူသည်ကြင်နာသောစကားကို ဆိုလေသည်။
          “ခင်ဗျားရဲ့ညာဖက်ခြေထောက်ကတအားပုတ်နေပြီ်၊ ခြေတုတပ်ပြီးလမ်းလျှောက်လို့ရအောင် မေ့ဆေးပေးပြီး ဒူးအထက်ကဖြတ်မယ်၊ဘယ်ဖက်ခြေထောက်ကိုလည်း ကြိုးစားပြီးကုမယ်။ မကောင်းနိုင်ရင်တော့ ဒီဖက်ခြေထောက် လည်းဖြတ်ချင်ဖြတ်ရမယ်၊ ဘယ်နှယ့်လဲ”
          သူ့အသက်၊သူ့ဘ၀တစ်ခုလုံး ဆေးကုသမှုအဖွဲ့ထံ ပုံအပ်ပြီးပြီမဟုတ်လော။ စကားမပြန်နိုင်။ ခေါင်းကိုညိတ်သည်ဆိုရုံလေး ညိတ်ပြလိုက်သည်။ သည့်နောက်မေ့ဆေးအစွမ်းဖြင့် လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားသည်။ မေ့ဆေးပြယ်စ၊ မသိဝိုးတ၀ါးအချိန်မှာ ဦးဆုံးဘယ်ဘက်လက်ဖြင့် သူ့ဘယ်ခြေရှိရာကိုစမ်းကြည့်သည်။ အေးစက်မာကျောသော အထိအတွေ့ကိုရသည်။ ကျောက်ပတ်တီးစည်းနှောင်ထားသည်ပဲဖြစ်မည်။ဒါဆို ငါ့မှာခြေ တစ်ဖက် ကျန်သေးသည်ပဲဆိုသည့်အသိဖြင့် စိတ်ချလက်ချ သူပြန်မေ့သွားပြန်သည်။
          တပ်မတော်ဆေးရုံကြီး၏အရေးပေါ်လူနာထားသည့် ခွဲစိတ်ဆောင်(၁)တွင် D.I.L ဖြင့်သီတင်းသုံးပတ်ကျော် နေခဲ့ရပြီးအခြေအနေစိတ်ချရလောက်သော ဇွန်လနှောင်းပိုင်းရက်တစ်ရက်ဝယ် ခွဲစိတ်ဆောင်(၄)သို့ သူ့ကိုရွှေ့လိုက်သည်။ D.I.L အဆင့်မှ S.I.L (Serious ill list) အဆင့်သို့ ပြင်ဆင်သတ်မှတ်လိုက်ပြီ။အခြေအနေတိုးတက် လာသည့်သဘော။
          သူမိုင်းထိမှန်ဒဏ်ရာရသည့်အကြောင်းသူ့အိမ်သို့ တပ်ရင်းကကြေးနန်းဖြင့် အကြောင်းကြားလိုက်သည်။ အဖေအမေရော၊ အဖိုးအဖွားပါရေးကြီးသုတ်ပျာနှင့် တပ်ရင်းရှိရာ တပ်ကုန်းမြို့သို့ ချက်ချင်းလိုက်ကြသည်။ တပ်ရင်းရုံးကလားရှိုးဆေးရုံတွင် ရောက်နေကြောင်း ပြောပြန်တော့ လားရှိုးကိုဆက်လိုက်ကြပြန်သည်။ တစ်ခါမျှမရောက်ဘူးသောမြို့ဆီသို့ သားဇော၊ မြေးဇောဖြင့်အပြေးလိုက်ပြန်လေသော်လည်း လားရှိုးဆေးရုံအရောက်လူနာကိုရန်ကုန်ဆေးရုံလွှဲလိုက်ပြီဆို၍ ရန်ကုန်သို့ခရီးဆက်ရပြန်သည်။ အမေက သူ့သားဆုံးသွားပြီးဖြစ်၍သူ့ကိုလိမ်ညာ ပြောနေသည်အထင်ဖြင့် လားရှိုးဆေးရုံကတော်တော်နှင့် မပြန်ဟုဆိုသည်။
          သူ့မိသားစုနှင့်ပြန်ဆုံသည့်ညနေကိုလည်း ဘယ်တော့မှသူမမေ့။ ထိုစဉ်ကခွဲစိတ်ဆောင်(၁)မှာပဲ သူရှိသေးသည်။ဧည့်သည်တွေ့ဆုံချိန်အတွင်း ဟိုးခတ်ဝေးဝေးလူနာခုတင်တွေရှိရာဘက်မှာ သူ့ကိုလိုက်ရှာနေသောသူ၏အဖိုးကိုဦးဆုံး သူမြင်လိုက်သည်။ နောက်မှ အဖေ၊ အမေနှင့် အဖွားကိုတွေ့လိုက်သည်။ သူထွက်ပြေးရကောင်းမလားဟုတွေးလိုက်မိသည်။ သူ၏ပစ္စက္ခအခြေအနေက သူ့မိသားစုကို ဘယ်လိုမှမြင်ရက်စရာ အကြောင်းမမြင်။ဟိုဒီမေးမြန်းရင်း တစ်စုံတစ်ဦးက သူရှိရာခုတင်ကို ညွှန်ပြလိုက်သည်။ အ၀တ်အစားအိတ်တွေကပိုကရိုလွယ်ထားလျှက် သူရှိရာအပြေးတစ်ပိုင်းလာနေသော မိသားစုကို ၀မ်းမြောက်ဝမ်းသာ သူမကြိုဆိုနိုင်ခဲ့။
          “ဘယ်လိုဖြစ်တာလဲသားရယ်”
          အဖိုး၏မေးခွန်းကိုသူဘယ်လိုဖြေရမလဲ။ အမေနှင့် အဖွားကသူ့ကို ကျောခိုင်းထားသည်။ သူတို့ငိုနေကြမည်။
“ဘာမှမဖြစ်ပါဘူး”ခဏနေရင် ဆေးရုံက ဆင်းရမှာပါ”
          သူမျက်ဝန်းကိုပုတ်ခတ်ပုတ်ခတ်ပြုရင်း အဖြေပေးလိုက်သည်။ သူ့မိသားစု သက်သာရာရလိုရငြား ကြိုးစားပြီးအကြောင်းပြချက်ပေးသည်။ ခြေတစ်ဖက်ဖြတ်ထားပြီး ကျောက်ပတ်တီးတစ်ဖက်စည်းထားသော သားကဘာမျှမဖြစ်ပါဘူးဆိုတော့ အမေကသူ့ကို ယုယစွာထွေးပိုက်ရင်း မျက်ရည်ဖြိုင်ဖြိုင်ကျလေသည်။
          “မခင်ဝင်း၊ကလေးစိတ်မကောင်းဖြစ်မယ်ကွာ၊ မငိုပါနဲ့ကွာ”
          အဖေသည်ငိုသံပါနှင့်အမေ့ကို ဖျောင့်ဖျနေသည်။ အဖွားသည် သူ့သားတစ်ယောက်သဖွယ် ပြုစုစောင့်ရှောက်ခဲ့ရသောမြေး၏အဖြစ်ကိုယူကြုံးမရ။ သူတို့အားလုံး ကြေကွဲဝမ်းနည်းခြင်းကို ဟန်ဆောင်ဖုံးကွယ်ရန် ကြိုးစားခဲ့ပါသော်လည်းအချင်းနှီးပင်။ ထိုနေ့၊ ထိုအချိန်မှစ၍ အဖေသည်သူ့ကို အနီးကပ်လူနာစောင့်အဖြစ် သုံးလကျော်ဆေးရုံတွင် ပြုစုစောင့်ရှောက်ခဲ့ပါသည်။ အမေသည် သူ၏ထမင်းကြော်ဆိုင်ကိုပိတ်သိမ်းပြီးသားလူနာကို ချက်ပြုတ်ကျွေး မွေးရန် ရန်ကုန်မှာပဲရက်ရှည်လများ နေထိုင်ခဲ့ပါသည်။ ညနေလေးနာရီဧည့်သည်တွေ့ချိန်ဆိုလျှင် ရှေ့ဆုံးက အပြေးတစ်ပိုင်း  ဆေးရုံအတွင်း ၀င်လာနေသော အမေ့ကိုမျှော်တတ်လာသည်။အမေသည် သားကိုညစာကျွေးပြီးမှ ညခြောက်နာရီခန့်မှ ပြန်လေသည်။ ကားဂိတ်ဆီသို့အဖေက လိုက်ပို့ပေးရသည်။မင်္ဂလာဒုံမှလာသော ကားစီးပြီး မြေနီကုန်းတွင်ဆင်း၊ ထိုမှဆရာစံလမ်းရှိ တည်းခိုရာအိမ်သို့ကားနှစ်ဆင့်စီးပြီးမှ ရောက်သည်။ အဖေကဆေးရုံမှာ တစ်နေကုန်နေပြီး သူ၏ဝေယျာဝစ္စတွေ ဆောင်ရွက်ရလေသည်။မိုးလင်းအိပ်ရာထချိန်မှ ညရောက်သည့်တိုင် လူနာတစ်ယောက်၏ ဗာဟီရတွေကများလွန်းလှသည်။ စိတ်ထိခိုက်စရာအကောင်းဆုံးကဆေးထည့်ချိန်ဖြစ်သည်။ ဆေးထည့်ချိန်ရောက်လျှင် နာကျင်မှုကြောင့် အသံကုန်အော်ဟစ်နေသောသားကိုမကြည့်ရက်၍ ဆေးထည့်ခန်းအတွင်းမှ ရှောင်ထွက်သွားတတ်သည်။ သားအော်ဟစ်သံကို ကြားနေရပြန်တော့အနီးသို့ရောက်လာပြီး ဘယ်သူ့ကို စိတ်ဆိုးရမှန်း မသိဘဲ စိတ်ဆိုးနေတတ်ပြန်သည်။
          တစ်ခါကသူသွေးသွင်းရ၏။ သွေးသွင်းပေးသူမှာ ဒုတိယနှစ်စစ်သူနာပြု အမျိုးသမီး၊ သူ၏သွေးကြောကိုတော်တော်နှင့်ရှာမတွေ့၊ သူ၏လက်ဖျံမှာ အပ်ရာဗရပွဖောက်ခံထားပြီး ဖြစ်သည့်တိုင် သွေးကြောကိုမတွေ့ရသေး။တွေ့ပြန်လျှင်လည်း ခေတ္တသာ၊ သွေးကြောမမိ၍ လက်ဖျံယောင်လာပြန်သည်။ သွေးပုလင်းတစ်ဝက်ခန့်သာကုန်သွားသည်။ ခန္ဓာကိုယ်အတွင်းမရောက်ဘဲ ဖိတ်တစ်ဝက်၊ စဉ်တစ်ဝက်မို့ အဖေဒေါသထွက်လာသည်။သူလည်း စိတ်ညစ်စပြုလာသည်။ နောက်ဆုံးအဖေ စိတ်တိုပြီးထဆဲသည်။ မကြာလိုက်၊ အမျိုးသားသူနာပြုရဲဘော်တစ်ဦးအကြောရှာပေးမှ အောင်မြင်စွာသွေးသွင်းခြင်း ပြီးစီးလေတော့သည်။
          သူဒဏ်ရာရခြင်းသည်နိုင်ငံတော်အတွက် ဘယ်လောက်ဆုံးရှုံးသွားပြီလဲ၊ သူမတွက်ချက်တတ်ပါ။ သို့ရာတွင် သူ၏မိသားစုဘ၀ကိုကောင်းကောင်းထိခိုက်ခဲ့ရပါလေသည်။ အဖေရော၊ အမေရော တစ်နေ့လုပ်မှတစ်နေ့စားရသူတွေမို့ မိသားစုစီးပွားရေးတွေအခိုက်အတန့်ရပ်ခဲ့ရပြီ။ အမေ၏ဆိုင်လုပ်ငန်းဆိုလျှင် လုံးဝပိတ်လိုက်ရသည်။ အဖေက ကားအရောင်းအ၀ယ်အလုပ်သည်မို့အချိန်ပိုင်းထွက်လုပ်လို့ရနေသည်။ လောကကြီးသည် အဆိုးဆုံးဆိုတာတွေကိုချည်း ယူမလာပါ။ ထိုရက်များအတွင်းအဖေ့လုပ်ငန်းသည် အဆင်ပြေနေသဖြင့် သူတို့စားဝတ်နေရေး အခက်အခဲသိတ်မဖြစ်ပါ။ သားဒဏ်ရာကိုအကြောင်းပြုပြီး ရန်ကုန်သို့ပြောင်းရွှေ့ရန်အထိ သူတို့စဉ်းစားခဲ့ကြသည်ဟု သိရသည်။ ထိုစဉ်ကတောင်ဥက္ကလာမြင်သာတိုက်ခန်းတစ်ခန်း၏ပေါက်ဈေးမှာ ကျပ်ခုနှစ်ထောင်မှ ရှစ်ထောင်အတွင်းသာရှိသည်။ ပြည်မှာနေရတာ အခြေတကျဖြစ်နေပြီမို့မ၀ယ်ဖြစ်လိုက်တော့။
          မည်သို့ဆိုစေ၊ညနေလေးနာရီထိုးပြီးလျှင် မင်္ဂလာဒုံတပ်မတော်ဆေးရုံကြီး၏ ဒုတိယထပ်က စစ်သည်လေးတစ်ဦးသည်ပြတင်းဝကိုလှမ်းကြည့်ရင်း သူ့မိခင်ကိုမျှော်နေတတ်ပြီ။ မိဘမေတ္တာကို ခံစားနားလည် တတ်လေပြီ။
          မောင့်မိမောင့်ဘ၊ငါတို့စသည့်
          တကွမကွာ၊နှစ်တရာလျှင်
          ဖျားနာဖဲကြဉ်၊စည်းစိမ်းရှင်လျှက်
          မြင်ကြောင်းပစ္စည်း၊လုံ့လဆည်း၍
          ခမည်းမောင့်သွင်၊လ၀န်းပြင်သို့
          ရှုချင်ဖရဲ၊တလဲလဲလျှင်
          မကွဲမပြို၊မြင်ကြလို၏။
                                          (ကိုးခန်းပျို့ )
Monday, July 15, 2013
အဝေးဆုံးခရီးရဲ့အစ (၄)
တာဝါးစခန်းသို့မရောက်မီလမ်းလုံခြုံရေးအဖွဲ့နှင့်ဆုံသည်။လမ်းလုံခြုံရေးအဖွဲ့ခေါင်းဆောင်မှာသူငယ်ချင်း 
 မောင်တိုးဖြစ်သည်။ မတွေ့တာနှစ်ပတ်သာသာရှိသေည်လည်း မိမိတို့မှာပြောစရာစကားတွေ မကုန်နိုင်။ စခန်း တာဝန်ခံမှာဗိုလ်အောင်သန်းမြင့်၊ သူသည် စကားကိုအေးဆေးတည်ငြိမ်စွာ ပြောတတ်သူဖြစ်သည်။ လူပုံမှာအေးစက်စက်နိုင်သော်လည်း တာဝန်ပိုင်းနှင့်ပတ်သက်လျှင် အားမနာတမ်းပြောတတ်သူဖြစ်ကြောင်း ဆက်သွယ်ရေး စက်ပေါ်တွင်စစ်ကြောင်းရုံးနှင့် ပြောနေသောသူ့လေသံကိုနားထောင်ရုံမျှဖြင့် သိနေသည်။ မိုင်းအထိအများဆုံး စခန်းမို့ သူတို့မြေကြီးကိုသိတ်မယုံကြတော့။ ဒါကြောင့် စစ်ကြောင်းရုံးက ညွှန်ကြားသမျှ အလွယ်တကူခေါင်းမညိတ်တော့
 ဒီတစ်ခေါက်မိုင်းကြောင့်ထိခိုက်ကျဆုံးမှုများသည်။ တာဝါးစခန်းအထိအခိုက်အများဆုံးဖြစ်သည်။တိုက်ဆိုင် မှုလည်းဖြစ်နိုင်ပါသည်။ အမည်ရှေ့တွင် “မ”နှင့် စသော ကြာသကပတေးနေ့ဖွားများမိုင်းထိကြသည်။ မင်းမင်းမိုး၊ ဇော်မင်း၊ဆရာမိုးမြင့်၊ဆရာမောင်လွန်း၊ခင်မောင်ကြည်၊အားလုံးတာဝါးစခန်းကဖြစ်သည်။မင်းမင်းမိုး
ကကျဆုံးသွားသည်။ဆရာမိုးမြင့်က ခြေတစ်ဖက်၊ လက်တစ်ဖက်၊ မျက်လုံးတစ်ဖက် ပေးလိုက်ရသည်။ ကျန်သူတွေကဒူးအောက်တစ်ဖက်က စွန့်လွှတ်ရသည်။ စစ်ကြောင်း(၂)ဖက်ကမိုင်းထိသူတွေမှာလည်းကြာသပတေးနံနှင့်မလွတ်။ မိမိတို့လားရှိုးတွင် ယာဉ်တန်းစောင့်စဉ်က တပ်သားဇော်မင်းကိုရဟတ်ယာဉ်ဖြင့် သယ်လာတာကို တွေ့လိုက်ရသည်။
       ထိုစဉ်ကတာဝါးစခန်းမှာဗိုလ်ကြီးမြင့်ဆွေကတာဝန်ခံ။သိပ်မကြာမီ နှာခေါင်းရောဂါကိုအကြောင်းပြ၍
 ဆေးရုံတက်သွားသည်။သူ့နေရာကိုရောက်သူက ကိုအောင်သန်းမြင့်၊ သူလည်းနာမည်မှာ “မ”ပါသည်မို့ သည်စခန်းကိုမလာချင်။ဒါကြောင့်စစ်ကြောင်းကညွှန်ကြားချက်တိုင်းကိုလွယ်လွယ်နှင့်မဆောင်ရွက်
။ခေတ်စကားသုံး၍ဆိုရလျှင် ခတ်ကောကောလေး တုံ့ပြန်လေသည်။
          မိမိကိုတော့ ညီတစ်ယောက်လို ရင်းရင်းနှီးနှီးခေါ်ပြောဆက်ဆံပါသည်။ မောင်တိုးကလည်း သူနှင့်အဆင်ပြေပြေ ပေါင်း၍ ရကြောင်းပြောပြပါသည်။ မိမိတို့သုံးဦး အတန်ကြာထွေရာလေးပါး စကားဖလှယ်ပြီးမှအရပ်သားဝန်ထမ်းများကို နေရာချနိုင်ပါသည်။တာဝါးသည်ခံစစ်ရှင်၊စခန်းသည်ယာယီ
အခြေပြုရန်သာဖြစ်ပါသည်။ညဖက်စခန်းတစ်ခုလုံးကိုမိုင်းပတ်ပတ်လည်ဆင်ပြီးလွယ်မီးရှန်းတောင်ကြောပေါ်
က ပင်မစခန်းတွင် စုပေါင်းအခြပြုရမြဲ။ ဒီနေ့တော့ ယာယီ စခန်းတွင်ပါတီ၊ ကောင်စီအဖွဲ့နှင့် မိမိတို့အိပ်ရပေတော့မည်။
         တာဝါးရွာသည်မိမိကိုအခြေပြုရာစခန်းအောက်ဖက်၊ချောက်အတွင်းမှာရှိသည်။ တောရွှေတောင်ကြောပေါ်က ရန်သူ့လက်နက်ကြီးအချိန်မရွေးကျရောက်နိုင်သည်။မဲရွေးပွဲမြန်မြန်လုပ်၊ မြန်မြန်ပြန်နိုင်မှတော်ကာကျမည်
ဟု သုံးသပ် မိသည်။
          နေက်နေ့နံနက်မနက်စာစားပြီးသည်နှင့်တာဝါးရွာသို့ပါတီ၊ ကောင်စီအဖွဲ့နှင့်ဆင်းခဲ့ကြသည်။တာဝါး
သူကြီး၏တဲမှာပင်မဲရုံလုပ်လိုက်သည်။မိမိတို့အဖွဲ့ရောက်ပြီးမနှောင်းမှာသူကြီး၏ညီဆိုသူရွာပြင်ထွက်သွား
သည်။ယာထဲဆင်းသည်ဟုသိရသည်။ဆယ်နာရီသာသာတွင်မဲလာပေးကြသည်။ရွာနီးချုပ်စပ်က
လာသူတို့အားရန်သူ့သတင်းစုံစမ်းရသေးသည်။ထိုညနေသုံးနာရီခန့်တွင်မဲရုံပိတ်ပြီး ပြန်ခဲ့သည်။အခြေအနေမှာ
အားလုံးအေးအေးဆေးဆေးပင်၊ မောင်တိုးနှင့်တော့မတွေ့ရ။ သူတို့တဖွဲ့လုံး စခန်းမှာမရှိကြ၊ လုံခြုံရေး ယူထားရသည်လေ။
          ဒုတိယနေ့တွင်လည်းမနေ့ကအချိန်ဇယားအတိုင်းရွာထဲဆင်း၊မဲပုံးထောင်၊မဲထည့်ကြ၊ နေ့လည်တစ်နာရီသာသာ
တွင်မဲပေးလို့ပြီးသွားသည်။ သူကြီးကိုနှုတ်ဆက်ပြီး စိတ်လက်ပေါ့ပါးစွာ စခန်းဆီသို့ပြန်ခဲ့ကြသည်။ စခန်းမှာ သူငယ်ချင်း မောင်တိုးရော၊ တပ်ခွဲမှူး ကိုအောင်သန်းမြင့်ရောပြုံးရွှင်စွာဆီးကြိုနေသည်။ အားလုံးဘေးကင်းရန်ကင်းမို့ သူတို့မျက်နှာတွေ သိသိသာသာပျော်ရွှင်နေသည်။ အချိန်လည်းရသည်မို့ မန်ခါးသို့သွားရောက်ပူးပေါင်းရန်ကိုအောင်သန်းမြင့် ကပြောသည်။ မိမိတို့ရောက်နေသည်မှာ (၂)ရက်ရှိပြီ။ တာဝါးစခန်းကတပ်ခွဲတစ်ခွဲလုံးလည်း မနားရရှာ၊ ပါတီဥက္ကကြီးကလည်း သဘောတူသည်။ ဒီတော့ပြန်ဖို့ပြင်ဆင်ကြသည်။
          အပြန်ခရီးသည်အလာနှင့်မတူတော့။မိမိတို့လွယ်မီးရှန်း တောင်ကြောပေါ်ကဖြတ်၍ ပြန်ကြမည်။လားအဖွဲ့ကတောင်ပတ်လမ်းအတိုင်း သူ့အစီအစဉ်ဖြင့် ကွန်လုံအထိပြန်ရန် ဆုံးဖြတ်ကြသည်။မိမိတို့ကလည်း တာဝါးစခန်းက ရဲဘော်တွေကို အားနာသည်။ မိမိတို့ တစ်ရက်ဆက်နေလျှင်တစ်ရက်ကင်းပုန်းထပ်၍ ၀ပ်ရမှာသေချာသည်။ တာဝါးမှာ တစ်ညထပ်နေလျှင်၊တစ်ညပို၍အန္တရာယ်ရှိသည်မို့ မိမိတို့ကလည်း မန်ခါးကိုအမြန်ဆုံး ပူးပေါင်းချင်သည်။ အရင်လို သည်မို့ လမ်းတိုကိုရွေးချယ်လိုက်သည်။ သွားမည်။ သည်တောင်ပေါ်ကဖြတ်၍ ပြန်မည်။လမ်းလုံခြုံရေးလည်းယူပေးစရာမလိုတော့။ပင်ပန်းသော်လည်းအချိန်တိုအတွင်းမန်ခါးကိုရောက်နိုင်သည်။ လေးနာရီပင်မထိုးသေး။ မိမိတို့လွယ်မီးရှန်းတောင်ကိုစတက်နေပြီ။မိမိညာဘက်ပုခုံးမှာဆက်သွယ်ရေးစက်ကိုလွယ်၊ဘယ်ဘက်ပုခုံးထက်တွင်ကာဘိုင်ကိုလွယ်
လျှက် တောင်တက်လမ်းလေးအတိုင်းအလိုက်သင့်ချီတက်ခဲ့သည်။နာရီဝက်သာသာမှာလွယ်မီးရှန်းတောင်ကြော တည့်တည့်သို့ရောက်သည်။ နောက်ခပ်လှမ်းလှမ်းမှအပြေးလိုက်နေသောပါတီ၊ ကောင်စီအဖွဲ့ကို ခေတ္တစောင့်နေရသည်။
အလားတုန်းကနှင့်မတူ၊တောင်ကိုလှန်၍တက်နေရသောခရီးမို့ဒင်းတို့ဆီကလည်းဘာသံမျှမကြားရတော့။
 ကောင်းလေစွ။သူတို့မီသောအခါ ရှေ့ကဆက်ထွက်ကြသည်။မိမိရှေ့မှာ ပြေးအဖွဲ့နှစ်ယောက်၊သူတို့နှစ်
ဦးနောက်က မိမိခြေလှမ်း မှန်မှန်လိုက်ခဲ့သည်။ ဆယ်မိနစ်ခန့်တွင် တောင်ထိပ်ဖျားမှကွန်လုံမြို့နှင့် သံလွင်မြစ်ကိုလှမ်းမြင်ရသည်။ ပျော်လိုက်သည့်အဖြစ်၊သာမာန်ခရီးတစ်ခုကိုသွားရပါကလွတ်လပ်ပေါ့ပါးစွာ
 အော်ဟစ်မိမှာ သေချာသည်။ဟိုးတောင်ခြေမှာမန်ခါးရွာရှိလိမ့်မည်။လှမ်းမမြင်ရသေး။ တောင်ဆင်းလမ်း
သည်မတ်စောက်သဖြင့်ခရီးမတွင်၊အရှိန်နှင့်ဆင်းနေသောကိုယ်ကိုခြေဖြင့်ကန်ပြီးထိန်းပေးနေရသည်။ဘိန်းစိုက်
ခင်းကို ဖြတ်ဆင်းခဲ့သည်။ဒီရာသီအတွက်မစိုက်ရသေး၊မနှစ်ကအစေးခြစ်ထားသောဘိန်းပွင့်ခြောက်တွေနှင့်
အတူ သေနေပြီဖြစ်သောဘိန်းခင်းကြီး။တစ်ယောက်သွားလမ်းလေးအတိုင်း ရှေ့နောက်တစ်ယောက်ချင်း
 ခြေကန်ဆင်းနေရသည်။
ကံကြမ္မာ၏အလှည့်အပြောင်း၊ ဘ၀၏အချိုးအကွေ့။
လျှပ်ပြက်သလိုမျက်လုံးထဲ လက်ခနဲဖြစ်ပြီး တစ်ကိုယ်လုံး လေထဲသို့လွင့်စဉ်ထွက်သွားသည်။ဘာဖြစ်တာလဲ၊ဘယ်သူဘာဖြစ်တာလဲ။ မိမိလူးလဲထမည်ပြုသည်။ မရတော့၊ မိမိခြေချောင်းနှစ်ဖက်စလုံးအရည်ညှစ်ထားသော ကြံဖတ်သဖွယ် သွေးအလူးလူးဖြင့် အပိုင်းပိုင်း အမွှာမွှာ၊
ဘ၀တွင်စိတ်ကူးမျှော်လင့်မထားခဲ့သော ကြမ္မာဆိုးသည် မိမိထံရောက်ရှိလာချေပြီ။
မိမိကြောက်လန့်တကြား အော်သည်။ နာကျင်မှုကြောင့် သက်သာရာရကြောင်းလူးလှိမ့်အော်ဟစ်နေသည်။ မည်သူအနားသို့ မရောက်လာ၊ နောက်ထပ် ဆင်ထားသောမိုင်းများရှိနိုင်၏။ စနစ်တကျရှင်းပြီးမှ မိမိအနားရောက်လာသည်။မိမိဆက်သွယ်ရေးစက်နှင့် စခန်းများသို့ ဆက်သွယ်မှုရယူမည်။ မရတော့၊မိုင်း၏လန့်ကွဲအရှိန်ကြောင့် စက်ပျက်သွားပြီ။ ဆရာပန်းအောင်သည် သူ၏ကာဘိုင်ကို အတွဲလိုက်ဆွဲပစ်နေသည်။ ရဲဘောတစ်ဦးက မိမိကို ပွေ့ဖက်ထားရင်းသွေးရူးသွေးတမ်း ငိုနေသည်။မိမိလည်း ငိုနေသည်ပင်။
“ငါမနေချင်ဘူး၊ငါ့သေနတ်ကိုပေးပါ၊ ငါ့ကိုသတ်လိုက်ကြ”
“ခင်ဗျားမသေစေရဘူး၊ကျွန်တော်တို့အားလုံး အမြန်ဆုံးဆေးရုံရောက်အောင် စီစဉ်မယ်”
ပါတီယူနစ်ဥက္ကဋ္ဌမိမိအနားသို့ ရောက်လာသည်။
“ခင်ဗျားတို့မထိတာကျုပ်ဝမ်းသာတယ်၊ နို့မို့ဆိုကျနော်တို့ အများကြီးရှင်းရမယ်”
မိမိထင်ရာမြင်ရာကယောင်ကတမ်းစွတ်ပြောနေသည်။သူတို့မျက်နှာတွင် ကြောက်ရွံ့အားနာခြင်းများဖုံးလွှမ်းနေသည်။ ရှေးဦးသူနာပြု
နည်းဖြင့် ပြုစုကြသည်။ သွေးတိတ်ကွင်းစည်းပြီးသွေးထွက်မလွန်အောင် ဂရုစိုက် နေရသည်။ ထမ်းစင်လုပ်ဖို့သစ်ခုတ်ရသည်။စစ်စောင်ကြားဖြင့်ထမ်းစင်လုပ်ပြီးမန်ခါးကိုရောက်အောင်သွားရမည်။ ဆေးရုံကို
အချိန်မီရောက်အောင်သွားရမည်။ ကျောက်လှေခါးစခန်းမှာယာဉ်စောင့်နေမည်။ ဆေးအရာခံဗိုလ်ဆရာကြီး
သိန်းမောင်လည်းယာဉ်နှင့်လိုက်လာမည်။သွေးထွက်လွန်လာသည်နှင့်အမျှမိမိကယောင်ကတမ်း ဖြစ်လာသည်။ သတိလွတ်တော့မည်။ စိတ်ကတင်းမိပြန်သည်။ ငါမသေစေရဘူး၊ငါဟာငါ့အပတ်စဉ်မှာ ပထမဆုံးကျရှုံးတဲ့သူမဖြစ်ရဘူး။သတိအလွတ်မခံနဲ့၊သတိမေ့သွားရင်သေခြင်းဆိုတဲ့ချောက်ထဲ မင်းကျသွားလိမ့်မယ်၊ စိတ်ကိုတင်းထား။
စိတ်ကို တင်းထားပါသည်။သို့သော် သတိကမရတစ်ချက်၊ ရတစ်ချက်။ မန်ခါးအဖွဲ့နှင့်အတူ အထမ်းသမားများလည်းပါလာသည်။ လိုအပ်သော ရှေးဦးသူနာပြုလုပ်ငန်းများပြီးသည်နှင့် ထမ်းစင်ဖြင့်မန်ခါးသို့ စတင်သယ်သည်။ ညအမှောင်တွင်မန်ခါးမှ ကျောက်လှေခါးသို့ ဆက်ထွက်သည်။မိမိမခံစားနိုင်တော့။
“ဆေးရုံကို မြန်မြန်ရောက်အောင်သယ်ကြပါ။ခင်ဗျားတို့ဘယ်လိုလုပ်နေကြတာလဲ”
ရေငတ်၊ ဒေါသထွက်နေသဖြင့် သွေးရူးသွေးတမ်းအော်ဟစ်ဆဲဆို မိသည်။ ရေငတ်သော်လည်း အ၀မတိုက်ရ။ ဖြည်းဖြည်းချင်း၊နည်းနည်းချင်းသာပေးသည်။ ကျောက်လှေခါးသို့ ရောက်သည်နှင့် ဆေးအဖွဲ့က ဦးစွာ Drip သွင်းသည်။ဆရာကြီးသိန်းမောင်၏ ကြင်နာသောအသံကို မိမိကြားရသည်။
“ကျွန်တော်တို့ဆေးသွင်းပေးထားပြီး၊ဆေးရုံကိုမကြာမီရောက်တော့မယ်၊ စိတ်မပူနဲ့တော့”
ဆရာကြီး၏ စကားသံကြောင့်အားတက်သွားသည်လား၊ စိတ်လျှော့လိုက်မိသည်လားမသိ။ မိမိသတိမေ့သွားပြန်လေ၏။
ဒီလိုပဲပေါ့
တိုက်ပွဲဆိုတာ၊နာချင်နာမယ်
တိုက်ပွဲဆိုတာ၊သာချင်သာမယ်
ဘယ်မှာခန့်မှန်းသိနိုင်မလဲ။
နာနာသာသာ
ဘာမှမဖြုံ၊စိတ်လုံခြုံလျှင်
အဟုန်မတန့်ရပါဘူး
မတုန်မလန့်ဖျပ်ပါဘူး။
ရှေ့ဆီး၍
ခရီးလမ်းထဲ၊သစ်ပင်လှဲမလား။
ရှေ့ကကန့်၍
အဟန့်အတား၊ဆူးတွေတားမလား။
ယောက်ျားဟေ့နော်၊တိုက်ပွဲပျော်။    ။
                             (ဓနုဖြူကျော်ထွန်း)
Friday, July 12, 2013
အဝေးဆုံးခရီးရဲ့ အစ (၃)
လွယ်မီးရှန်း။
၁၉၇၅ခု၊ မေလ (၂၅)ရက်၊ တနင်္ဂနွေနေ့။
ညနေလေးနာရီသုံးဆယ်မိနစ်။
ဂျိမ်းဟူသောပေါက်ကွဲသံနှင့် မရှေးမနှောင်း ကာဘိုင်သေနတ်အတွဲလိုက် ဆွဲသံကြားရသည်။ စစ်ကြောင်း (၁)ရှိ ဆက်သွယ်ရေးစက်တွေ အားလုံးဖွင့်ကြပြီ။ မိုင်းသံသည် လွယ်မီရှန်းတောင်ပေါ်ကဖြစ်သည်။
“ဘယ်မှာကွဲတာလဲ၊ ဘယ်သူထိတာလဲ”
စခန်းအချင်းချင်း ဆက်သွယ်ကြသည်။ စောစောကပဲ တာဝါးစခန်းမှ အလုပ်သင်ဗိုလ် တင်ဝင်းဦးစီး တပ်စိတ် နှစ်စိတ် လွယ်မီးရှန်းတောင်ပေါ် ဖြတ်လမ်းမှ မန်ခါးရွာသို့ဆင်းသွားသည်။ ထိုတပ်ဖွဲ့နှင့် စက်အဆက် အသွယ်မရ။ ဘာဖြစ် လို့လဲ၊ ထိုအဖွဲ့မှာ ပီ(၁၀)တစ်လုံးပါသွာားသည်။ မန်ခါးရွာတွင် သူတို့ချန်ထားခဲ့သော တပ်စိတ်နှင့်ပူးပေါင်းရန်ဖြစ်သည်။ နာရီဝက်လောက်ကြာသွားသည်။ သတင်းတွေ အမျိုးမျိုးဖြစ်နေသည်။
ကွန်လုံနယ်မြေသည် ရက်လေးဆယ်စစ်ပွဲအပြီးကတည်းက မိုင်းပေါက်ကွဲမှုအများဆုံး နယ်မြေဖြစ်သည်။ မိုင်းဟောင်း၊ မိုင်းသစ်မကြာခဏကွဲသည်။ မိမိစစ်သည်များသာမက ကျေးရွာသားများ၊ တိရစ္ဆာန်များလည်း ထိမှန်ဒဏ်ရာ ရလေ့ရှိသည်။ ဒီတစ်ကြိမ်ပေါက်ကွဲမှုသည် လူကိုထိတာလား၊ နွားကိုထိတာလား၊ မိမိစစ်သည်နင်းသည့်မိုင်းလား၊ ရွာသားတစ်ဦး နင်းသည့်မိုင်းလား။
ကံကြမ္မာကား မိမိဘက်တွင် မရှိခဲ့ပါ။
ကိုယ်ပိုင်အမှတ် --------------------------၊ အလသဗ တင်ဝင်း ကွန်လုံမြို့ တွင် တောရွှေကျေးရွာအုပ်စု ကြားဖြတ်ရွေးချယ် တင်မြှောက်ပွဲ လုံခြုံရေးတာဝန် ထမ်းဆောင်နေစဉ် ၂၅-၅-၇၅ နေ့ ၁၆၅၀ ချိန်ခန့်မှန်းမြေပုံညွှန်း ပီ/၆၄၃၂၅၄ သို့ အရောက်တွင် ရန်သူ၏မိုင်းနင်းမိသဖြင့် ယာဘက်ခြေကျင်းဝတ်မှ ပြတ်ပြီးဝဲဘက်ခြေကျင်းဝတ်မှာလည်း ပြတ်လုနီးပါး ဒဏ်ရာရရှိ။
(တပ်မတော်မှတ်တမ်းရုံး၊ အပိုင်း (၂)အမိန့်၊ အမှတ်စဉ် (၂၆)
+++++++++++++
ကွန်လုံပြည်သူ့ဆေးရုံ
            ည (၇)နာရီခန့်မှာ ဆေးရုံသို့ရောက်သည်။ မီးအလင်းရောင်မှိန်ဖျော့ဖျော့၊ လူနာခုတင်ပေါ်တွင် သတိရတချက် မရတချက်၊ စောစောကသွေးလှူမည့် ရဲဘော်တစ်သိုက် ဆူဆူညံညံအသံတွေဖြင့် ပြန်သွားသံကြားနေရသည်။ ဆက်သွယ်ရေးစက်ဖြင့် မိမိသွေးအမျိုးအစား ပိုင်ရှင်တွေစုဆောင်းထားစေသည်။ စေ့စပ်သေချာသော ဆေးမှူးက သေချာအောင် ထပ်မံစစ်ကြည့်သည်။ ပထမ မိမိပြောသော သွေးအုပ်စုမဟုတ်။ သွေးသွင်းဖို့အချိန် အနည်းငယ် နှောင့်နှေးသွားသည်။ မိမိညံ့တာပဲဖြစ်မည်။ စစ်ကားကြီးနှင့် အေသွေးအုပ်စုဝင်စစ်သည်တွေ ဒုတိယအကြိမ် ရောက်လာသည်။ အမြန်ဆုံးသွေးသွင်းပေးလိုက်သည်။ သူသွေးထွက်အလွန်များနေသည်။ ခွဲစိတ်ကုသဖို့သွေးဖိအားမရှိ။ သွေးသွင်းပြီး သူ့အသက်ကို လုနေရဆဲ။ နာကျင်မှုကြောင့် မြေပြင်တွင်လူးလှိမ်းထားသည်မို့ သူ့ဒဏ်ရာမှာ ညစ်ပတ်နေသည်။ သန့်ရှင်းရေးကိုပဲ ဦးစားပေးလုပ်၊ ရဟတ်ယာဉ်ဖြင့် လားရှိုးစစ်ဆေးရုံ အမြန်ဆုံးပို့နိုင်ဖို့ စီစဉ်သည်။ အခြေအနေက (၅၀) (၅၀) အခြေအနေမျိုး၊ ဆေးရုံသို့ ဗျူဟာမှူး၊ တပ်ရင်းမှူးရောက်လာသည်။ ဖျော့တော့အပြုံးနှင့် သူကြိုးစားပြုံးပြသည်။
“ဆေးရုံကဆင်းတာနဲ့ ကျနော်ပြန်လာခဲ့မယ်”
လက်စားချေလိုခြင်း၊ အရှုံးမပေးလိုခြင်းတို့အပြင် ဆင်ခြေပေးခြင်း၊ တောင်းပန်ခြင်းလည်းဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ဗျူဟာမှူးက လူနာအတွက် လိုအပ်သမျှဖြည့်ဆည်းပေးဖို့ မှာကြားသံကိုကြားရသည်။ ည၏အမှောင်အောက်မှာ အသိစိတ်အားလုံး ပျောက်ဆုံးသွား ပြန်သည်။
            မည်မျှကြာကြာသတိမေ့မျောနေသည်မသိ။ မျက်လုံးကို အလင်းရောင်စူးစူးဝါးဝါးထိုးသဖြင့် မျက်စေ့စူးသည်ကို သတိပြုမိသည်။ မိမိကို ထမ်းစင်ဖြင့် ရဟတ်ယာဉ်ရှိရာဆီ သယ်ယူနေပြီ။ ရုံးဆင်းချိန်တွေမှာ မိမိ ဘောလုံးကစားလေ့ရှိသော ဒီကွင်းထဲမှာ ရဟတ်ယာဉ်ရပ်ထားသည်။ ညနေခင်းသည် ကြေကွဲဝမ်းနည်းစွာ သူ့ကိုနှုတ်ဆက်၏။ သံလွင်ရေစီးသံ သည်ပင် တိတ်တိတ်ဆိတ်ဆိတ်။
ကျဆုံးခြင်းနဲ့ ငါနှုတ်ဆက်ရမှာလားကွန်လုံရယ်။
                                    ++++++++++++++
ရှေ့တန်းအမှတ်(-----) ဌာနချုပ်
၁၉၇၅ ခု၊ မေလ (၂၂)ရက်၊ ကြာသပတေးနေ့။
တပ်မဌာနချုပ်၏ ကြေးနန်းစာအရ မိမိတပ်မှ တပ်စိတ်တစ်စိတ်၊ ကွန်လုံအခြေပြုခလရ (-)မှ အရာရှိဦးစီးတပ်စိတ် နှစ်စိတ်ဖြင့် ကွန်လုံမြို့ နယ်ပါတီ၊ ကောင်စီဥက္ကဋ္ဌတို့ လိုက်ပါမည့် ရွေးချယ်တင်မြှောက်ပွဲအတွက် လုံခြုံရေးတာဝန်ယူ ပေးရန် ဖြစ်သည်။ မိမိတပ်က တပ်စိတ်သည် မန်ခါးရွာတွင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် တာဝန်ယူလျှက်၊ ခလရ(-)မှ အရာရှိဦးစီးတပ်စိတ်နှစ်စိတ်သည် တောရွှေကျေးရွာအုပ်စုမှ မဲပုံးထောင်ရွေးကောက်ပွဲ ပြုလုပ်မည့် တာဝါးကျေးရွာအထိ လုပ်ပါစောင့်ရှောက်ရန်ဖြစ်သည်။ စင်စစ်တောရွှေသို့ မိမိတပ်မသွားနိုင်၊ ရန်သူသည်တောရွှေတွင် အခိုင်အမာအခြေပြု လျှက်ရှိသည်။ ဒါကြောင့် အမည်ခံသက်သက်မျှသာ ဖြစ်သောရွေးကောက်ပွဲကို တာဝါးမှာမဲပုံးထောင်စေလျှက် ပြုလုပ် ခြင်းပင်။
            တပ်ရင်းမှူးသည် မန်ခါးအထိလိုက်ပါမည့် တပ်စိတ်အတွက် မိမိကိုဦးစီးစေသည်။ ခလရ(-)မှ တပ်စိတ်နှစ်စိတ်ကို ဗိုလ်မြင့်သိန်းဦးစီးပြီး ပူးပေါင်းတပ်စုကို ၄င်းကပင်တာဝန်ယူအုပ်ချုပ်ရန် ကြေးနန်းဖြင့် ညွှန်ကြားပါသည်။ ခရီးထွက်ခွာမည့် နံနက်တွင် လုံခြုံရေးအစီအစဉ် ပြောင်းသွားချေပြီ။ မိမိတို့နှင့် ပူးတွဲတာဝန်ထမ်းဆောင်မည့် ခလရသည် တာဝါးအထိ လုံခြုံရေးမယူလိုကြောင်း၊ ယခင်နောက်ဆုံးအခေါက်ကတည်းကလည်း ၄င်းတို့တပ်ရင်းကလမ်းလုံခြုံရေး ယူခဲ့ပြီးဖြစ်၍ မန်ခါးအထိသာ လုံခြုံရေးလိုက်လိုကြောင်း တပ်မဌာနသို့ တင်ပြအကြောင်းကြားသိရလေသည်။ တာဝါးသို့ လိုက်ပါပြီး လုံခြုံရေးဆောင်ရွက်ရန် မိမိတပ်ရင်းမှူးက အမိန့်ပေးပါသည်။ တပ်မဌာနချုပ်၏ တရားဝင်ကြေးနန်းရ၊ မရမိမိမသိပါ။ မေလ ၂၃ ရက် နံနက် (၇)နာရီမှာ ပါတီ၊ ကောင်စီ၊ တပ်မတော်ပူးပေါင်းအင်အား (၃၅)ဦးခန့်သည် မန်ခါးကျေးရွာသို့ စတင်ထွက်ခွာခဲ့ပါသည်။ မန်အောင်ကွီးစခန်းမှ တာဝန်ဖြင့်ရောက်နေသော သူငယ်ချင်းလှသောင်းက မြို့ ထဲသို့အပြေး သွားပြီး မိမိလမ်းမှာစားဖို့ ပေါက်စီဝယ်ပေးလိုက်သည်။ နံနက်စာအဖြစ် ပေါက်စီစားရင်း သူငယ်ချင်းကို ကျေးဇူးအထူး တင်ရသည်။
            နံနက်(၁၀)နာရီခန့်တွင် မန်ခါးကိုရောက်သည်။ ထိုရွာသို့ရောက်သည်နှင့် မဲပုံးထောင်ပြီး မဲပေးခြင်းလုပ်ငန်း စတင်သည်။ မဲပေးနည်းမှာ အဖြူနှင့်အမည်းရောင် မဲပုံးနှစ်ပုံးကို သီးသန့်အခန်းတခုထဲမှာထားပြီး၊ မဲပေးသူက ထောက်ခံဆန္ဒပြုလျှင် အဖြူရောင်မဲပုံးထဲသို့ထည့်၊ ကန့်ကွက်လိုက အမည်းရောင်မဲပုံးထဲသို့ထည့်စေပြီး အဖြူရောင်မဲ များလျှင် အနိုင်သတ်မှတ်သည့်မဲပေးနည်းဖြစ်သည်။ အပြိုင်ရွေးချယ်ခြင်းမဟုတ်ဘဲ၊ တစ်ဦးတည်းပြိုင်ရခြင်း၊ အမည်းရောင်ပုံးထဲမှမဲများကို မသမာသောနည်းဖြင့် အဖြူရောင်ပုံးထဲသို့ ပြောင်းထည့်ရန် လွယ်ကူခြင်းစသည့် အားနည်း ချက်များကြောင့် ရွေးကောက်ပွဲမှာ ဟန်ပြသက်သက်သာဖြစ်ကြောင်း အထူးရှင်းပြရန် လိုမည်မဟုတ်။
            နေ့လည်စာကို မန်ခါးမှာစားကြသည်။ စားသောက်ပြီးသည်နှင့် ခရီးထွက်ဖို့ပြင်ဆင်သည်။ မတူသောတပ်ရင်း နှစ်ခုက တပ်စိတ်နှစ်စိတ်ကို အလုပ်သင်ဗိုလ်ပေါက်စကလေးက အုပ်ချုပ်ပြီးခရီးဆက်တော့မည်။ နောင်တော်စီနီယာကြီး ကတော့ တပ်စိတ်နှင့် မန်ခါးရွာမှာကျန်ခဲ့သည်။ မိမိတပ်ကရဲဘော်အချို့ က မကျေနပ်ချင်။ ပွစိပွစိလုပ်နေသဖြင့် ချော့မော့ ဖြောင့်ဖြရသည်။
            မန်ခါးရွာနှင့်တာဝါးရွာကို မြင့်မားမတ်စောက်သော လွယ်မီးရှန်းတောင်ကြီးက ပိုင်းခြားထားသည်။ ဒါကြေင့် မန်ခါးမှ တာဝါးသို့သွားလိုလျှင် တောင်ပတ်လမ်းအတိုင်း သုံးနာရီခွဲ၊ လေးနာရီခန့်သွားရသည်။ တောင်ကိုဖြတ်၍ တက်မည်ဆိုလျှင် နှစ်နာရီသာသာလောက်နှင့် ရောက်နိုင်သော်လည်း အသုံးပြုသူနည်းသည်။ မိမိတို့အဖွဲ့တွင် အရပ်သားများ၊ လားများပါသဖြင့် တောင်ပတ်လမ်းက ခရီးဆက်ခဲ့သည်။ တောင်ပတ်လမ်းတွင် ရန်သူမှနှောက်ယှက် ပစ်ခတ်နိုင်သဖြင့် တာဝါးမှတပ်စိတ်နှစ်စိတ် ထုတ်နှုတ်ပြီး လမ်းလုံခြုံရေးယူပေးရန် ကြေးနန်းပို့ထားပြီးဖြစ်သည်။ ရန်သူ၏ လုံထန်ကျေးရွာ ပြည်သူ့စစ်အဖွဲ့သည် မိမိတပ်ကို မကြာခဏလမ်းခုလပ်မှ နှောက်ယှက်တိုက်ခိုက်လေ့ရှိသည်။
            နေ့လယ်ခင်းဖြစ်သော်လည်း နေရောင်ကိုမတွေ့ရ။ အပူဒဏ်သက်သာ၍ ခရီးမနှောင့်နှေး။ ပြဿနာမှာ မိမိတို့နှင့်ပါလာသော အရပ်သားများ၏ ဆူညံကျယ်လောင်စွာ စကားပြောခြင်း၊ အလည်အပတ်ခရီးသွားသလို တစ်ဦးနှင့် တစ်ဦး နောက်ပြောင်ကျီစယ်ခြင်းတို့ကို မိမိစစ်သည်များက သတိပေးသော်လည်း အလေးဂရုမပြုခြင်းဖြစ်သည်။ ကြာလျှင် မလိုလားအပ်သော ပြဿနာဖြစ်လာနိုင်သဖြင့် ပါတီယူနစ်ဥက္ကဋ္ဌကို မိမိကပင်အားတုံ့အားနာနှင့် မေတ္တာရပ်ခံရသည်။ တနေရာတွင် ဖြောင့်ချောညီညာသောလမ်းဖြစ်ပါလျှက် ၀န်တင်လားသည် ရှေ့ သို့မသွားတော့ဘဲ ဒူးတုတ်ဝပ်လျှက် ပေကပ်နေသည်။ ခြေထောက်ကျွံသွားသလားကြည့်၏။ ဘာမျှမဖြစ်၊ နောက်ဆုံးကျောပေါ်မှ ရိက္ခာတွေကို ချပြီးဝိုင်းတွန်း ကြသည်။ ဒီတော့မှ မောင်မင်းကြီးသားက ပပထူမှထမယ်လေးဟူသောပုံစံနှင့် ထတော်မူလေ၏။
နိမိတ်၊ နိမိတ်၊ ရှေ့ ခရီးမဆက်စေလိုသောနိမိတ်။ ဒါတွေကို သတိလည်းမထားမိ။ သတိထားမိလျှင်လည်း မိမိတို့ ဘာများတတ်နိုင်ပါမည်နည်း။
ဝရဇိန်မိုးကြိုး၊ ထိပ်ထက်မိုးလည်း၊ ရွံ့ စိုးမတွန့်၊ နောက်မရွံ့ ဘဲ၊ ရဲဝံ့စွာဆောင်ရွက်တတ်သောသူ။
ရဲဝံ့စွာဆောင်ရွက်တတ်သောသူ။
ရဲဝံ့စွာဆောင်ရွက်တတ်သောသူ။
Thursday, July 4, 2013
အဝေးဆုံးခရီးရဲ့ အစ (၂)
          ၁၉၇၅ ခုနှစ်၊ ဧပြီလဆန်းမှာ သင်တန်းဆင်းခဲ့ပြီး ခြေမြန်တပ်ရင်းတွင် အလုပ်သင်ဗိုလ်အဖြစ် တာဝန် ထမ်းဆောင်ခွင့်ရသည်။ ပြင်ဦးလွင် စစ်တက္ကသိုလ်မှာ စာပေပညာ (၆)လ၊ မှော်ဘီသင်တန်းကျောင်းမှာ စစ်ပညာ (၁၈)လ လေ့ကျင့်သင်ကြားပေးခဲ့သည်။ ၁၉၇၅ခု၊ မတ်လနောက်ဆုံးသီတင်းပတ်တွင် သင်တန်းဆင်းပွဲပြုလုပ်ရန်ဖြစ်သော်လည်း နှစ်ကြိမ်တိုင် ရက်ရွှေ့ဆိုင်းခဲ့ပြီး (၇-၄-၁၉၇၅)ရက်နေ့တွင် သင်တန်းဆင်းခဲ့သည်။ သင်တန်းဆင်းမိန့်ခွန်းပြောကြားမည့် ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း) မအားလပ်၍ ရက်ရွှေ့ဆိုင်းရခြင်းဖြစ်၏။
          ဦးစွာ သက်ဆိုင်ရာတပ်မဌာနချုပ်သို့ သတင်းပို့ရသည်။ မိမိတို့ကို သြ၀ါဒပေးမည့် တပ်မမှူးစစ်ဆင်ရေးမှ ပြန်မရောက်သေး။ ထို့ကြောင့် တပ်မလက်အောက်ခံတပ်ရင်း (၁၀)ရင်းစလုံးမှ အလုပ်သင်ဗိုလ်များကို ခွင့်(၁၀)ရက် ပေးလိုက်သည်။ မိသားစုများနှင့် ပြန်လည်ဆုံတွေ့ရမည့် အခွင့်အရေးရသည်မို့ အားလုံးပျော်ရွှင်ဝမ်းမြောက်ကြသည်။ စီးပွားရေးကိစ္စတစ်ခုနှင့် မိတ္ထီလာတွင်ရောက်နေသော မိမိဖခင်၏ကားကြုံဖြင့် ကျောက်ပန်းတောင်း၊ မကွေးကားလမ်း ဘက်မှ ပြန်ခဲ့သည်။ ၀င်းကိုစိုးလည်း မိမိတို့သားအဖနှင့် ကားကြုံပါလာသည်။ သူက ပြည်မှတဆင့်ရန်ကုန်ကိုပြန်မည်။
          ခွင့်ရက်စေ့သောအခါ တပ်မဌာနချုပ်တွင် တပ်မမှူး၏သြ၀ါဒကို ခံယူပြီးနောက် သက်ဆိုင်ရာတပ်ရင်းအသီးသီးသို့ ထွက်ခွာကြသည်။ ကလော၊ မန္တလေး၊ ပျဉ်းမနားဖက်သို့ ခရီးဆက်ရမည့်သူအားလုံး သာစည်ဘူတာမှ အစပြုလမ်းခွဲရပြီ။ မိမိတို့စီးသည့်ရထားပေါ်မှာ တောင်တွင်းကြီး၊ ချောက်၊ စကုသို့ ဆက်လက်သွားရမည့်သူများ ပါဝင်သည်။ တပ်ကုန်း ဘူတာကို ရထားဆိုက်တော့ နေ့လယ်ဆယ့်တစ်နာရီလောက်ရှိပြီ။ မိမိနှင့်လှသောင်း၊ မောင်တိုးတို့သုံးဦး အရင်ဆုံးဆင်းရ မည့်ဘူတာ။ ရထားထွက်တော့ သူငယ်ချင်းများကို ဘူတာမှအော်ဟစ် လက်ပြနှုတ်ဆက်ဖြစ်ကြသည်။ မသေသေး ရင်တော့ ပြန်တွေ့ကြဦးမှာပေါ့ သူငယ်ချင်းတို့။
          မေလဆန်းမှာ လစာပို့အဖွဲ့နှင့် ရှေ့တန်းသို့ထွက်ခဲ့သည်။ တပ်ကုန်းဘူတာမှ ရထားဖြင့် မန္တလေး၊ မန္တလေးက တဆင့် လားရှိုးသို့ ရထားဖြင့်တနေ့စီးရသည်။ မန္တလေးမှ နံနက်စောစောထွက်လာသောရထားသည် ညနေမိုးချုပ်မီမှာ လားရှိုးသို့ဆိုက်လေသည်။ လာကြိုသောကားက ဘူတာရုံမှလားရှိုးကြီးသို့ လိုက်ပို့သည်။ ညမိုးချုပ်မှာ ကိုးကန့် ကျောင်းတွင် တည်းခိုကြသည်။ ဧရာမအဆောက်အအုံကြီးမို့ အခြားသောတပ်ရင်းမှ စစ်သည်များလည်း တည်းခိုနေ ကြသည်။ ရမခ အရံတပ်ရင်းအဖြစ် တာဝန်ယူထားသော မိမိတို့တပ်မမှ ခြေမြန်(၁၀၃)သည် ဤကိုးကန့်ကျောင်းမှာပင် အခြေပြုပါသည်။
          လားရှိုးတွင် မိမိတို့ဆက်လက်ထွက်ခွါရန် ယာဉ်တန်းစောင့်ရပါသည်။ မေလ(၈)ရက်နေ့တွင် မိမိတို့တပ်ရင်း အခြေပြုရာ ကွမ်းလုံ(ဒေသအခေါ်ကွန်လုံ)သို့ ယာဉ်တန်းထွက်လာခဲ့သည်။ အေတီဂိတတွင် ကားတန်းရှည်ကြီး စီရပ်ပြီး နံနက်(၈)နာရီခန့်မှာ စတင်ထွက်ခွာသည်။ သိပ်မကြာလိုက် သိန်းနီသို့ဖြတ်သည်။ လမ်းဘေးဝဲယာကို မျက်စေ့ကစား မိသည်။ ဆရာသိန်းဖေမြင့်၏ အရှေ့မြောက်တိုင်းတခွင် စာအုပ်ထဲက ရုပ်ရှင်မင်းသမီး စံရှားတင်နှင့် အလွန်တူသော ဒေါ်အဲနွေး၏စားသောက်ဆိုင်ကို တွေ့ရလေမလားအတွေးနှင့်ဖြစ်သည်။
          သိန်းနီမှာ ယာဉ်တန်းက နှစ်လမ်းခွဲသွား၏။ ကွတ်ခိုင်၊ မူဆယ်သွားမည့်ယာဉ်များ ၀ဲဖက်သို့ချိုးကွေ့သွားကြသည်။ မိမိတို့ ယာဉ်တန်းကတော့ ရှေ့တူရှေ့ရှု ဆက်မောင်းခဲ့သည်။
          နေ့လည်စာကို နန့်ဆလပ်မှာစားသည်။ ရှမ်းတို့မြေသို့ တကြိမ်မျှမရောက်ဘူးလေသော မိမိကိုရှမ်းအစား အသောက်သည် ဆွဲဆောင်ဖမ်းစားနိုင်၏။ ချောင်းတွင်းမှရသော ကျောက်ငါးကြင်းဖြင့် ချက်ထားသော ချိုချဉ်ကျော်ကို မိမိယနေ့အထိ အမှတ်ထင်ထင်။ တရုတ်ဟင်းလျာနှင့် ဆင်တူလေသော်လည်း အရသာမှာရှမ်းပုံစံ။
          နန့်ဆလပ်သည် ခရီးတ၀က်ဖြစ်ဟန်တူ၏။ ထိုနေရာမှစ၍ လမ်းလုံခြုံရေးကို ကွန်လုံအခြေစိုက်နယ်မြေခံတပ်က တာဝန်ယူတော့မည်ဖြစ်သည်။ လမ်းလုံခြုံရေး တာဝန်ယူမည့်အရာရှိမှာ မိမိနှင့်သင်တန်းကျောင်းမှာကတည်းက ခင်မင်ခဲ့သော ကိုလှသန်း၊ လူကအတန်ဝဖြိုးသော်လည်း အားကစားထူးချွန်သူတစ်ဦးဖြစ်သည်။ ဘော်လီဘော၊ ပြေးခုန်ပစ် ဘက်စုံထူးချွန်၏။ နေ့လယ်စာကို ကိုလှသန်းပါ မိမိတို့နှင့်အတူ စား၏။
          ကောက်ကွေ့ကျဉ်းမြောင်းသော နန့်ဆလပ်ကွန်လုံလမ်းအတိုင်း ခရီးဆက်ခဲ့သည်။ ညာဖက်မှာ မတ်စောက်သော တောင်ကမ်းပါး၊ ဘယ်ဖက်ချောက်ထဲမှာတော့ နမ့်တိမ်းချောင်းသည် ဖဲကြိုးစလေးတစ်စသဖွယ် စီးဆင်းနေသည်ကို လှမ်းမြင်နေရသည်။ လမ်းကွေ့ရောက်တိုင်း ရှေ့ကား၏နောက်ဖက် အပြင်ဘီးချောက်နှုတ်ခမ်းကို လွတ်သည်ဆိုယုံလေး မောင်းကွေ့သွားတာ မြင်ရတာအသည်းယားစရာ။ တစ်နာရီသာသာအကြာခန့်တွင် ဟိုလီကိုရောက်သည်။ ၀ဲဖက်က ဟိုလီကျေးရွာကြားနမ့်တိမ်းချောင်း ဖြတ်စီးနေပြီး ကြိုးတံတားလေးနှင့် ဆက်သွယ်ပေးထားသည်ကို ယာဉ်ပေါ်မှလှမ်းမြင် နေရသည်။
          ဟိုလီကိုကျော်သည်နှင့် ကွန်လုံကိုလှမ်းမြင်နေရပြီ၊ ဦးစွာနယ်မြေခံတပ်ရင်း၊ နောက်နာမည်ကျော်ကွန်လုံ ကြိုးတံတား၊ သံလွင်မြစ်ဖြတ်ကွန်လုံကြိုးတံတား၏ ဤမှာဘက်ကမ်းတွင် ကွန်လုံမြို့ရှိသည်။ မိမိတို့ယာဉ်တန်းသည် တံတားကိုလွန်သည်နှင့် ညာဖက်မြေလမ်းလေးအတိုင်း ဖြည်းညှင်းစွာမောင်းဝင်ခဲ့သည်။ ရှေ့တန်းတပ်ရင်းဌာနချုပ်သို့ ရောက်ရှိသတင်းပို့ရပြီ။ ကျောင်းဆင်းပြီးတစ်လနှင့် တစ်ရက်တိတိမှာရှေ့တန်းစစ်မြေပြင်သို့ ရောက်ခဲ့ပါပြီ။
          မိမိတပ်ရင်းမှူးသည် လူလတ်ပိုင်းအရွယ်ကျော်လွန်စ၊ စိနသွေးနှောသူ ဖြစ်ဟန်တူသည်။ အရွယ်နှင့် မလိုက်အောင် တက်ကြွဖြတ်လတ်သူတစ်ဦးဖြစ်သည်။ မိမိတို့ကို အရာရှိငယ်တစ်ဦးထက် သားသမီးငယ်တစ်ဦးလို ဆက်ဆံပြောဆိုကြောင်း ခံစားရပါသည်။ အလုပ်သင်ဗိုလ်သုံးဦးကို တာဝန်ချထားရာ မိမိသည်စစ်ကြောင်းဌာနချုပ်တွင် တာဝန်ချထားခြင်းခံရသည်။ တပ်ရင်းတွင်တပ်ခွဲ(၅)ခွဲရှိရာ မိမိတို့ရှေ့အပါတ်တွင် အလုပ်သင်ဗိုလ်သုံးဦးရှိပြီးဖြစ်၍ နောက်ထပ်ရောက်လာသော မိမိတို့သုံးဦးကို ကျန်လစ်လပ်နေသော တပ်ခွဲနှစ်ခွဲတွင် နေရာချထားပြီး ကျန်တစ်ဦးကို စစ်ကြောင်းရုံးတွင် တာဝန်ချလိုက်ခြင်းဖြစ်သည်။
          နောက်တစ်နေ့နံနက်တွင် ၄င်းတို့တာဝန်ကျရာစခန်းများက လာရောက်ခေါ်ဆောင်သွား၍ စစ်ကြောင်းဌာနချုပ်မှာ မိမိတစ်ဦးတည်း ကျန်ခဲ့ပြီဖြစ်သည်။ မိမိအတွက် ပေးထားသောနေရာတွင် ဆေးလက်ထောက်အရာခံဗိုလ် ဆရာကြီး သိန်းမောင်နှင့် ဆက်သွယ်ရေးမှ ဆရာမြသိန်းတို့ ရှိနှင့်ပြီးဖြစ်သည်။ ဆရာမြသိန်းမှာ သူ၏စက်တစ်လုံးနှင့် အချိန်ပြည့် အလုပ်ရှုပ်နေသူဖြစ်ပြီး ဆေးလက်ထောက်ဆရာကြီးမှာ မိမိနှင့်အသက်ကွာလွန်းလှ၍ ရောရောနှောနှော ပေါင်း၍မသင့်ပါ။
          တပ်မှူး၏စေတနာမှာ မိမိကိုစစ်ဆင်ရေးနယ်မြေအတွင်း တတ်နိုင်သရွေ့ နေရာစုံရောက်စေလိုသည့် ဆန္ဒ ဖြစ်သည်။ တပ်နားဖို့ တစ်လရက်စွန်းစွန်းလောက်သာ လိုတော့သည်။ နောက်ထပ်ဒီနယ်မြေကို ပြန်ရောက်ဖို့ မသေချာ။ ဒါကြောင့် ရောက်တုန်းရောက်ခိုက် စခန်းနေရာအများအပြားသို့ တာဝန်ပေးစေလွှတ်သည်။ ကျောက်လှေခါး၊ ပန်ညက်ထန်၊ လွယ်မန်ခါးစသည့် မိမိစခန်းများ၊ ရက်လေးဆယ်တိုက်ပွဲဟု အမည်တွင်ခဲ့သော နာမည်ကျော်  ဟိုက်ကမ်းပါး စခန်းများကို ပစ်မှတ်မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်စေသည်။ မိမိတပ်၏ မဆုတ်တမ်းခံစစ်နေရာများ ဖြစ်၍ မြေပြင်အနေအထားကို တပါတည်းလေ့လာသင်ယူစေခြင်း ဖြစ်ကြောင်း နားလည်ရပါသည်။ အထက်လူကြီးများ တပ်စစ်ဆေးရေးခရီးစဉ်များတွင် အနီးကပ်လိုက်ပါခြင်း၊ ဟိုပန်ကူးတို့ဆိပ်၊ နန့်ဟူး၊ ကြားစခန်း၊ စံပြ စသည့် လမ်းကြောင်းလုံခြုံရေး စသည့်တာဝန်များကို ထမ်းဆောင်ရသည်မှာ မိမိအတွက် တန်ဖိုးဖြတ်မရသည့် အတွေ့အကြုံ များပင်။ ရုံးချိန်တွင် ထောက်လှမ်းရေးအဖွဲ့နှင့် အတူတွဲပြီး ရုံးလုပ်ငန်းများကို လေ့လာရသည်။ ရံဖန်ရံခါ တပ်ရင်းမှူးက သူ့ရုံးခန်းသို့ခေါ်ထားပြီး စစ်သုံးမြေပုံပေါ်တွင် သူရှာဖွေခိုင်းသောမြေပုံညွှန်းများကို ဖတ်ခိုင်းခြင်း၊ မိမိတပ်ခွဲများ ဖြန့်ခွဲ နေရာချထားရာနေရာများကို ရှာဖွေစေခြင်းများ လေ့ကျင့်သင်ကြားပေးပါသည်။ ငယ်ငယ်က တူဝရီးတစ်သိုက် မြန်မာပြည် မြေပုံပေါ်တွင် မြို့ဖွက်တမ်းကစားနေရသည်နှင့် တူသေးတော့၊ ထောက်လှမ်းရေးအရာရှိကတော့ မိမိကိုသိပ် ရောရော နှောနှော ဆက်ဆံချင်ပုံမရ။
          နံနက်စာကို တပ်ရင်းမှူး၊ ထောက်လှမ်းရေးအရာရှိတို့နှင့်အတူ စားသောက်ရသဖြင့် မိမိအနေကြုံ့သည်။ ဗိုက်မ၀၊ ဒါကြောင့် သူတို့အလစ်မှာ ဆယ်မိနစ်သာသာလမ်းလျှောက်ပြီး ဈေးထဲသွား၊ လ္ဘက်ရည်သောက်ချင်သောက်၊ ဒါမှမဟုတ် ရှမ်းခေါက်ဆွဲစားချင်စား၏။ ဈေးမှာ ရှမ်းပြည်နယ်တို့ ထုံးစံငါးရက်တဈေးဖြစ်သည်။ ဗဟုသုတအလို့ငှာ ဈေးနေ့တနေ့ကို ရုံးမတက်မီ အပြေးသွားလည်ကြည့်သည်။ စည်စည်ကားကားမရှိလှဟုထင်သည်။ နောက်မှသိရသည်မှာ နံနက်ဆယ်နာရီ နောက်ပိုင်းရောက်မှ ဈေးကစတင်စည်ကားကြောင်း သိရသည်။ ဟုတ်သည်ပဲလေ၊ ပတ်ဝန်းကျင်ကျေးရွာတွေက ရပ်ဝေး တောင်ပေါ်ကလာရသည်မို့ မြို့ကြီးတွေမှာလို နံနက်စောစော ဘယ်လိုရောင်းဝယ်ဖောက်ကားနိုင်မှာလဲ။ ဈေးရောင်းသူ တို့လည်း ထိုနည်းနှင့် ဈေးပတ်လှည့်ရောင်းကြသူများမို့ နေမြင့်မှဈေးစည်ကားသည်မှာ သဘာဝကျပါသည်။
          ကွန်လုံသည် သံလွင်အရှေ့ခြမ်းက မြို့ဖြစ်သော်လည်း လူဦးရေမများပြားလှပါ။ ရှမ်းဘာသာဖြင့် ကွန်ဆိုသည်မှာ ကျွန်း၊ လုံဆိုသည်မှာ ကြီးသောဟု အနက်ရသဖြင့် ကြီးသောကျွန်းဟု ဆိုရပါမည်။ ထူးထူးခြားခြား ကုန်းကြမ်းမြို့နယ်ပါတီ ယူနစ်ရုံးဆိုင်းဘုတ်ကို ကွန်လုံမြို့ပေါ်တွင်တွေ့ရသည်။ ကွန်လုံမြို့နယ်ပါတီယူနစ်၊ ကောင်စီလှုပ်ရှားမှုမှန်သမျှ တပ်ကလုံခြုံရေးစီစဉ်ပေးရ၏။ ကွန်လုံသည် မိမိတို့အခေါ်အဝေါ်အားဖြင့် အညိုရောင်နယ်မြေ (Brown area)ဖြစ်ပါ၏။ ကွန်လုံသည် မိမိတို့တပ်မတော်၏ မဆုတ်တမ်းခံစစ်စည်းဖြစ်ပါ၏။
          အရှေ့မြောက်ဒေသ၊ အောင်ကျော်မိုးစစ်ဆင်ရေးတွင် အစိမ်းရောင်စစ်ဝတ်စုံ၏ ညာဘက်လက်မောင်းပေါ်တွင် ဖြောင့်တန်းသော အရစ်သုံးရစ်အလယ်မှာ ငါးထောင့်ကြယ်တပွင့် တပ်ဆင်ထားသော အလုပ်သင်ဗိုလ်လေးတစ်ဦး ကျန်းမာပျော်ရွှင်စွာဖြင့် တိုင်းပြည်တာဝန်များကို ထမ်းဆောင်လျှက်ရှိကြောင်း ပြည်မြို့နေ မိဘ၊ အဘိုးအဘွားများနှင့် မိသားစုအားလုံး သိရှိရန်အကြောင်းကြားပါသည်။
စုန်ပါတဲ့ဆန်ပါ။
ကျူးရိုးရှင်ပီပီကလေးနဲ့၊ တေးချိုလို့သာ။
ဘယ်မြို့ကလာ၊ ဘယ်ရွာကဆိပ်ကမ်း။
အပွင့်အပြာရောင်နဲ့
ဘယ်သောင်မှာနေချိုအေးလျှင်
မှေးအိပ်မယ်မှန်း ။  
                   (ဇော်ဂျီ)
ဘယ်ရွာဆိပ်ကမ်း၊ ဗေဒါလမ်းကဗျာစု။