၁၉၇၅
ခုနှစ်၊ ဧပြီလဆန်းမှာ သင်တန်းဆင်းခဲ့ပြီး ခြေမြန်တပ်ရင်းတွင် အလုပ်သင်ဗိုလ်အဖြစ် တာဝန်
ထမ်းဆောင်ခွင့်ရသည်။ ပြင်ဦးလွင် စစ်တက္ကသိုလ်မှာ စာပေပညာ (၆)လ၊ မှော်ဘီသင်တန်းကျောင်းမှာ
စစ်ပညာ (၁၈)လ လေ့ကျင့်သင်ကြားပေးခဲ့သည်။ ၁၉၇၅ခု၊ မတ်လနောက်ဆုံးသီတင်းပတ်တွင် သင်တန်းဆင်းပွဲပြုလုပ်ရန်ဖြစ်သော်လည်း
နှစ်ကြိမ်တိုင် ရက်ရွှေ့ဆိုင်းခဲ့ပြီး (၇-၄-၁၉၇၅)ရက်နေ့တွင် သင်တန်းဆင်းခဲ့သည်။ သင်တန်းဆင်းမိန့်ခွန်းပြောကြားမည့်
ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း) မအားလပ်၍ ရက်ရွှေ့ဆိုင်းရခြင်းဖြစ်၏။
ဦးစွာ
သက်ဆိုင်ရာတပ်မဌာနချုပ်သို့ သတင်းပို့ရသည်။ မိမိတို့ကို သြ၀ါဒပေးမည့် တပ်မမှူးစစ်ဆင်ရေးမှ
ပြန်မရောက်သေး။ ထို့ကြောင့် တပ်မလက်အောက်ခံတပ်ရင်း (၁၀)ရင်းစလုံးမှ အလုပ်သင်ဗိုလ်များကို
ခွင့်(၁၀)ရက် ပေးလိုက်သည်။ မိသားစုများနှင့် ပြန်လည်ဆုံတွေ့ရမည့် အခွင့်အရေးရသည်မို့
အားလုံးပျော်ရွှင်ဝမ်းမြောက်ကြသည်။ စီးပွားရေးကိစ္စတစ်ခုနှင့် မိတ္ထီလာတွင်ရောက်နေသော
မိမိဖခင်၏ကားကြုံဖြင့် ကျောက်ပန်းတောင်း၊ မကွေးကားလမ်း ဘက်မှ ပြန်ခဲ့သည်။ ၀င်းကိုစိုးလည်း
မိမိတို့သားအဖနှင့် ကားကြုံပါလာသည်။ သူက ပြည်မှတဆင့်ရန်ကုန်ကိုပြန်မည်။
ခွင့်ရက်စေ့သောအခါ
တပ်မဌာနချုပ်တွင် တပ်မမှူး၏သြ၀ါဒကို ခံယူပြီးနောက် သက်ဆိုင်ရာတပ်ရင်းအသီးသီးသို့ ထွက်ခွာကြသည်။
ကလော၊ မန္တလေး၊ ပျဉ်းမနားဖက်သို့ ခရီးဆက်ရမည့်သူအားလုံး သာစည်ဘူတာမှ အစပြုလမ်းခွဲရပြီ။
မိမိတို့စီးသည့်ရထားပေါ်မှာ တောင်တွင်းကြီး၊ ချောက်၊ စကုသို့ ဆက်လက်သွားရမည့်သူများ
ပါဝင်သည်။ တပ်ကုန်း ဘူတာကို ရထားဆိုက်တော့ နေ့လယ်ဆယ့်တစ်နာရီလောက်ရှိပြီ။ မိမိနှင့်လှသောင်း၊
မောင်တိုးတို့သုံးဦး အရင်ဆုံးဆင်းရ မည့်ဘူတာ။ ရထားထွက်တော့ သူငယ်ချင်းများကို ဘူတာမှအော်ဟစ်
လက်ပြနှုတ်ဆက်ဖြစ်ကြသည်။ မသေသေး ရင်တော့ ပြန်တွေ့ကြဦးမှာပေါ့ သူငယ်ချင်းတို့။
မေလဆန်းမှာ
လစာပို့အဖွဲ့နှင့် ရှေ့တန်းသို့ထွက်ခဲ့သည်။ တပ်ကုန်းဘူတာမှ ရထားဖြင့် မန္တလေး၊ မန္တလေးက
တဆင့် လားရှိုးသို့ ရထားဖြင့်တနေ့စီးရသည်။ မန္တလေးမှ နံနက်စောစောထွက်လာသောရထားသည် ညနေမိုးချုပ်မီမှာ
လားရှိုးသို့ဆိုက်လေသည်။ လာကြိုသောကားက ဘူတာရုံမှလားရှိုးကြီးသို့ လိုက်ပို့သည်။ ညမိုးချုပ်မှာ
ကိုးကန့် ကျောင်းတွင် တည်းခိုကြသည်။ ဧရာမအဆောက်အအုံကြီးမို့ အခြားသောတပ်ရင်းမှ စစ်သည်များလည်း
တည်းခိုနေ ကြသည်။ ရမခ အရံတပ်ရင်းအဖြစ် တာဝန်ယူထားသော မိမိတို့တပ်မမှ ခြေမြန်(၁၀၃)သည်
ဤကိုးကန့်ကျောင်းမှာပင် အခြေပြုပါသည်။
လားရှိုးတွင်
မိမိတို့ဆက်လက်ထွက်ခွါရန် ယာဉ်တန်းစောင့်ရပါသည်။ မေလ(၈)ရက်နေ့တွင် မိမိတို့တပ်ရင်း
အခြေပြုရာ ကွမ်းလုံ(ဒေသအခေါ်ကွန်လုံ)သို့ ယာဉ်တန်းထွက်လာခဲ့သည်။ အေတီဂိတတွင် ကားတန်းရှည်ကြီး
စီရပ်ပြီး နံနက်(၈)နာရီခန့်မှာ စတင်ထွက်ခွာသည်။ သိပ်မကြာလိုက် သိန်းနီသို့ဖြတ်သည်။
လမ်းဘေးဝဲယာကို မျက်စေ့ကစား မိသည်။ ဆရာသိန်းဖေမြင့်၏ အရှေ့မြောက်တိုင်းတခွင် စာအုပ်ထဲက ရုပ်ရှင်မင်းသမီး စံရှားတင်နှင့် အလွန်တူသော
ဒေါ်အဲနွေး၏စားသောက်ဆိုင်ကို တွေ့ရလေမလားအတွေးနှင့်ဖြစ်သည်။
သိန်းနီမှာ
ယာဉ်တန်းက နှစ်လမ်းခွဲသွား၏။ ကွတ်ခိုင်၊ မူဆယ်သွားမည့်ယာဉ်များ ၀ဲဖက်သို့ချိုးကွေ့သွားကြသည်။
မိမိတို့ ယာဉ်တန်းကတော့ ရှေ့တူရှေ့ရှု ဆက်မောင်းခဲ့သည်။
နေ့လည်စာကို
နန့်ဆလပ်မှာစားသည်။ ရှမ်းတို့မြေသို့ တကြိမ်မျှမရောက်ဘူးလေသော မိမိကိုရှမ်းအစား အသောက်သည်
ဆွဲဆောင်ဖမ်းစားနိုင်၏။ ချောင်းတွင်းမှရသော ကျောက်ငါးကြင်းဖြင့် ချက်ထားသော ချိုချဉ်ကျော်ကို
မိမိယနေ့အထိ အမှတ်ထင်ထင်။ တရုတ်ဟင်းလျာနှင့် ဆင်တူလေသော်လည်း အရသာမှာရှမ်းပုံစံ။
နန့်ဆလပ်သည်
ခရီးတ၀က်ဖြစ်ဟန်တူ၏။ ထိုနေရာမှစ၍ လမ်းလုံခြုံရေးကို ကွန်လုံအခြေစိုက်နယ်မြေခံတပ်က တာဝန်ယူတော့မည်ဖြစ်သည်။
လမ်းလုံခြုံရေး တာဝန်ယူမည့်အရာရှိမှာ မိမိနှင့်သင်တန်းကျောင်းမှာကတည်းက ခင်မင်ခဲ့သော
ကိုလှသန်း၊ လူကအတန်ဝဖြိုးသော်လည်း အားကစားထူးချွန်သူတစ်ဦးဖြစ်သည်။ ဘော်လီဘော၊ ပြေးခုန်ပစ်
ဘက်စုံထူးချွန်၏။ နေ့လယ်စာကို ကိုလှသန်းပါ မိမိတို့နှင့်အတူ စား၏။
ကောက်ကွေ့ကျဉ်းမြောင်းသော
နန့်ဆလပ်ကွန်လုံလမ်းအတိုင်း ခရီးဆက်ခဲ့သည်။ ညာဖက်မှာ မတ်စောက်သော တောင်ကမ်းပါး၊ ဘယ်ဖက်ချောက်ထဲမှာတော့
နမ့်တိမ်းချောင်းသည် ဖဲကြိုးစလေးတစ်စသဖွယ် စီးဆင်းနေသည်ကို လှမ်းမြင်နေရသည်။ လမ်းကွေ့ရောက်တိုင်း
ရှေ့ကား၏နောက်ဖက် အပြင်ဘီးချောက်နှုတ်ခမ်းကို လွတ်သည်ဆိုယုံလေး မောင်းကွေ့သွားတာ မြင်ရတာအသည်းယားစရာ။
တစ်နာရီသာသာအကြာခန့်တွင် ဟိုလီကိုရောက်သည်။ ၀ဲဖက်က ဟိုလီကျေးရွာကြားနမ့်တိမ်းချောင်း
ဖြတ်စီးနေပြီး ကြိုးတံတားလေးနှင့် ဆက်သွယ်ပေးထားသည်ကို ယာဉ်ပေါ်မှလှမ်းမြင် နေရသည်။
ဟိုလီကိုကျော်သည်နှင့်
ကွန်လုံကိုလှမ်းမြင်နေရပြီ၊ ဦးစွာနယ်မြေခံတပ်ရင်း၊ နောက်နာမည်ကျော်ကွန်လုံ ကြိုးတံတား၊
သံလွင်မြစ်ဖြတ်ကွန်လုံကြိုးတံတား၏ ဤမှာဘက်ကမ်းတွင် ကွန်လုံမြို့ရှိသည်။ မိမိတို့ယာဉ်တန်းသည်
တံတားကိုလွန်သည်နှင့် ညာဖက်မြေလမ်းလေးအတိုင်း ဖြည်းညှင်းစွာမောင်းဝင်ခဲ့သည်။ ရှေ့တန်းတပ်ရင်းဌာနချုပ်သို့
ရောက်ရှိသတင်းပို့ရပြီ။ ကျောင်းဆင်းပြီးတစ်လနှင့် တစ်ရက်တိတိမှာရှေ့တန်းစစ်မြေပြင်သို့
ရောက်ခဲ့ပါပြီ။
မိမိတပ်ရင်းမှူးသည်
လူလတ်ပိုင်းအရွယ်ကျော်လွန်စ၊ စိနသွေးနှောသူ ဖြစ်ဟန်တူသည်။ အရွယ်နှင့် မလိုက်အောင် တက်ကြွဖြတ်လတ်သူတစ်ဦးဖြစ်သည်။
မိမိတို့ကို အရာရှိငယ်တစ်ဦးထက် သားသမီးငယ်တစ်ဦးလို ဆက်ဆံပြောဆိုကြောင်း ခံစားရပါသည်။
အလုပ်သင်ဗိုလ်သုံးဦးကို တာဝန်ချထားရာ မိမိသည်စစ်ကြောင်းဌာနချုပ်တွင် တာဝန်ချထားခြင်းခံရသည်။
တပ်ရင်းတွင်တပ်ခွဲ(၅)ခွဲရှိရာ မိမိတို့ရှေ့အပါတ်တွင် အလုပ်သင်ဗိုလ်သုံးဦးရှိပြီးဖြစ်၍
နောက်ထပ်ရောက်လာသော မိမိတို့သုံးဦးကို ကျန်လစ်လပ်နေသော တပ်ခွဲနှစ်ခွဲတွင် နေရာချထားပြီး
ကျန်တစ်ဦးကို စစ်ကြောင်းရုံးတွင် တာဝန်ချလိုက်ခြင်းဖြစ်သည်။
နောက်တစ်နေ့နံနက်တွင်
၎င်းတို့တာဝန်ကျရာစခန်းများက လာရောက်ခေါ်ဆောင်သွား၍ စစ်ကြောင်းဌာနချုပ်မှာ မိမိတစ်ဦးတည်း
ကျန်ခဲ့ပြီဖြစ်သည်။ မိမိအတွက် ပေးထားသောနေရာတွင် ဆေးလက်ထောက်အရာခံဗိုလ် ဆရာကြီး သိန်းမောင်နှင့်
ဆက်သွယ်ရေးမှ ဆရာမြသိန်းတို့ ရှိနှင့်ပြီးဖြစ်သည်။ ဆရာမြသိန်းမှာ သူ၏စက်တစ်လုံးနှင့်
အချိန်ပြည့် အလုပ်ရှုပ်နေသူဖြစ်ပြီး ဆေးလက်ထောက်ဆရာကြီးမှာ မိမိနှင့်အသက်ကွာလွန်းလှ၍
ရောရောနှောနှော ပေါင်း၍မသင့်ပါ။
တပ်မှူး၏စေတနာမှာ
မိမိကိုစစ်ဆင်ရေးနယ်မြေအတွင်း တတ်နိုင်သရွေ့ နေရာစုံရောက်စေလိုသည့် ဆန္ဒ ဖြစ်သည်။ တပ်နားဖို့
တစ်လရက်စွန်းစွန်းလောက်သာ လိုတော့သည်။ နောက်ထပ်ဒီနယ်မြေကို ပြန်ရောက်ဖို့ မသေချာ။ ဒါကြောင့်
ရောက်တုန်းရောက်ခိုက် စခန်းနေရာအများအပြားသို့ တာဝန်ပေးစေလွှတ်သည်။ ကျောက်လှေခါး၊ ပန်ညက်ထန်၊
လွယ်မန်ခါးစသည့် မိမိစခန်းများ၊ ရက်လေးဆယ်တိုက်ပွဲဟု အမည်တွင်ခဲ့သော နာမည်ကျော် ဟိုက်ကမ်းပါး စခန်းများကို ပစ်မှတ်မှတ်ပုံတင်လုပ်ငန်းများ
ဆောင်ရွက်စေသည်။ မိမိတပ်၏ မဆုတ်တမ်းခံစစ်နေရာများ ဖြစ်၍ မြေပြင်အနေအထားကို တပါတည်းလေ့လာသင်ယူစေခြင်း
ဖြစ်ကြောင်း နားလည်ရပါသည်။ အထက်လူကြီးများ တပ်စစ်ဆေးရေးခရီးစဉ်များတွင် အနီးကပ်လိုက်ပါခြင်း၊
ဟိုပန်ကူးတို့ဆိပ်၊ နန့်ဟူး၊ ကြားစခန်း၊ စံပြ စသည့် လမ်းကြောင်းလုံခြုံရေး စသည့်တာဝန်များကို
ထမ်းဆောင်ရသည်မှာ မိမိအတွက် တန်ဖိုးဖြတ်မရသည့် အတွေ့အကြုံ များပင်။ ရုံးချိန်တွင် ထောက်လှမ်းရေးအဖွဲ့နှင့်
အတူတွဲပြီး ရုံးလုပ်ငန်းများကို လေ့လာရသည်။ ရံဖန်ရံခါ တပ်ရင်းမှူးက သူ့ရုံးခန်းသို့ခေါ်ထားပြီး
စစ်သုံးမြေပုံပေါ်တွင် သူရှာဖွေခိုင်းသောမြေပုံညွှန်းများကို ဖတ်ခိုင်းခြင်း၊ မိမိတပ်ခွဲများ
ဖြန့်ခွဲ နေရာချထားရာနေရာများကို ရှာဖွေစေခြင်းများ လေ့ကျင့်သင်ကြားပေးပါသည်။ ငယ်ငယ်က
တူဝရီးတစ်သိုက် မြန်မာပြည် မြေပုံပေါ်တွင် မြို့ဖွက်တမ်းကစားနေရသည်နှင့် တူသေးတော့၊
ထောက်လှမ်းရေးအရာရှိကတော့ မိမိကိုသိပ် ရောရော နှောနှော ဆက်ဆံချင်ပုံမရ။
နံနက်စာကို
တပ်ရင်းမှူး၊ ထောက်လှမ်းရေးအရာရှိတို့နှင့်အတူ စားသောက်ရသဖြင့် မိမိအနေကြုံ့သည်။ ဗိုက်မ၀၊
ဒါကြောင့် သူတို့အလစ်မှာ ဆယ်မိနစ်သာသာလမ်းလျှောက်ပြီး ဈေးထဲသွား၊ လ္ဘက်ရည်သောက်ချင်သောက်၊
ဒါမှမဟုတ် ရှမ်းခေါက်ဆွဲစားချင်စား၏။ ဈေးမှာ ရှမ်းပြည်နယ်တို့ ထုံးစံငါးရက်တဈေးဖြစ်သည်။
ဗဟုသုတအလို့ငှာ ဈေးနေ့တနေ့ကို ရုံးမတက်မီ အပြေးသွားလည်ကြည့်သည်။ စည်စည်ကားကားမရှိလှဟုထင်သည်။
နောက်မှသိရသည်မှာ နံနက်ဆယ်နာရီ နောက်ပိုင်းရောက်မှ ဈေးကစတင်စည်ကားကြောင်း သိရသည်။
ဟုတ်သည်ပဲလေ၊ ပတ်ဝန်းကျင်ကျေးရွာတွေက ရပ်ဝေး တောင်ပေါ်ကလာရသည်မို့ မြို့ကြီးတွေမှာလို
နံနက်စောစော ဘယ်လိုရောင်းဝယ်ဖောက်ကားနိုင်မှာလဲ။ ဈေးရောင်းသူ တို့လည်း ထိုနည်းနှင့်
ဈေးပတ်လှည့်ရောင်းကြသူများမို့ နေမြင့်မှဈေးစည်ကားသည်မှာ သဘာဝကျပါသည်။
ကွန်လုံသည်
သံလွင်အရှေ့ခြမ်းက မြို့ဖြစ်သော်လည်း လူဦးရေမများပြားလှပါ။ ရှမ်းဘာသာဖြင့် ကွန်ဆိုသည်မှာ
ကျွန်း၊ လုံဆိုသည်မှာ ကြီးသောဟု အနက်ရသဖြင့် ကြီးသောကျွန်းဟု ဆိုရပါမည်။ ထူးထူးခြားခြား
ကုန်းကြမ်းမြို့နယ်ပါတီ ယူနစ်ရုံးဆိုင်းဘုတ်ကို ကွန်လုံမြို့ပေါ်တွင်တွေ့ရသည်။ ကွန်လုံမြို့နယ်ပါတီယူနစ်၊
ကောင်စီလှုပ်ရှားမှုမှန်သမျှ တပ်ကလုံခြုံရေးစီစဉ်ပေးရ၏။ ကွန်လုံသည် မိမိတို့အခေါ်အဝေါ်အားဖြင့်
အညိုရောင်နယ်မြေ (Brown area)ဖြစ်ပါ၏။ ကွန်လုံသည် မိမိတို့တပ်မတော်၏ မဆုတ်တမ်းခံစစ်စည်းဖြစ်ပါ၏။
အရှေ့မြောက်ဒေသ၊
အောင်ကျော်မိုးစစ်ဆင်ရေးတွင် အစိမ်းရောင်စစ်ဝတ်စုံ၏ ညာဘက်လက်မောင်းပေါ်တွင် ဖြောင့်တန်းသော
အရစ်သုံးရစ်အလယ်မှာ ငါးထောင့်ကြယ်တပွင့် တပ်ဆင်ထားသော အလုပ်သင်ဗိုလ်လေးတစ်ဦး ကျန်းမာပျော်ရွှင်စွာဖြင့်
တိုင်းပြည်တာဝန်များကို ထမ်းဆောင်လျှက်ရှိကြောင်း ပြည်မြို့နေ မိဘ၊ အဘိုးအဘွားများနှင့်
မိသားစုအားလုံး သိရှိရန်အကြောင်းကြားပါသည်။
စုန်ပါတဲ့ဆန်ပါ။
ကျူးရိုးရှင်ပီပီကလေးနဲ့၊ တေးချိုလို့သာ။
ဘယ်မြို့ကလာ၊ ဘယ်ရွာကဆိပ်ကမ်း။
အပွင့်အပြာရောင်နဲ့
ဘယ်သောင်မှာနေချိုအေးလျှင်
မှေးအိပ်မယ်မှန်း ။ ။
(ဇော်ဂျီ)
ဘယ်ရွာဆိပ်ကမ်း၊ ဗေဒါလမ်းကဗျာစု။
No comments:
Post a Comment