တာဝါးစခန်းသို့မရောက်မီလမ်းလုံခြုံရေးအဖွဲ့နှင့်ဆုံသည်။လမ်းလုံခြုံရေးအဖွဲ့ခေါင်းဆောင်မှာသူငယ်ချင်း
မောင်တိုးဖြစ်သည်။ မတွေ့တာနှစ်ပတ်သာသာရှိသေည်လည်း မိမိတို့မှာပြောစရာစကားတွေ မကုန်နိုင်။ စခန်း တာဝန်ခံမှာဗိုလ်အောင်သန်းမြင့်၊ သူသည် စကားကိုအေးဆေးတည်ငြိမ်စွာ ပြောတတ်သူဖြစ်သည်။ လူပုံမှာအေးစက်စက်နိုင်သော်လည်း တာဝန်ပိုင်းနှင့်ပတ်သက်လျှင် အားမနာတမ်းပြောတတ်သူဖြစ်ကြောင်း ဆက်သွယ်ရေး စက်ပေါ်တွင်စစ်ကြောင်းရုံးနှင့် ပြောနေသောသူ့လေသံကိုနားထောင်ရုံမျှဖြင့် သိနေသည်။ မိုင်းအထိအများဆုံး စခန်းမို့ သူတို့မြေကြီးကိုသိတ်မယုံကြတော့။ ဒါကြောင့် စစ်ကြောင်းရုံးက ညွှန်ကြားသမျှ အလွယ်တကူခေါင်းမညိတ်တော့။
ဒီတစ်ခေါက်မိုင်းကြောင့်ထိခိုက်ကျဆုံးမှုများသည်။ တာဝါးစခန်းအထိအခိုက်အများဆုံးဖြစ်သည်။တိုက်ဆိုင် မှုလည်းဖြစ်နိုင်ပါသည်။ အမည်ရှေ့တွင် “မ”နှင့် စသော ကြာသကပတေးနေ့ဖွားများမိုင်းထိကြသည်။ မင်းမင်းမိုး၊ ဇော်မင်း၊ဆရာမိုးမြင့်၊ဆရာမောင်လွန်း၊ခင်မောင်ကြည်၊အားလုံးတာဝါးစခန်းကဖြစ်သည်။မင်းမင်းမိုး
ကကျဆုံးသွားသည်။ဆရာမိုးမြင့်က ခြေတစ်ဖက်၊ လက်တစ်ဖက်၊ မျက်လုံးတစ်ဖက် ပေးလိုက်ရသည်။ ကျန်သူတွေကဒူးအောက်တစ်ဖက်က စွန့်လွှတ်ရသည်။ စစ်ကြောင်း(၂)ဖက်ကမိုင်းထိသူတွေမှာလည်းကြာသပတေးနံနှင့်မလွတ်။ မိမိတို့လားရှိုးတွင် ယာဉ်တန်းစောင့်စဉ်က တပ်သားဇော်မင်းကိုရဟတ်ယာဉ်ဖြင့် သယ်လာတာကို တွေ့လိုက်ရသည်။
ထိုစဉ်ကတာဝါးစခန်းမှာဗိုလ်ကြီးမြင့်ဆွေကတာဝန်ခံ။သိပ်မကြာမီ နှာခေါင်းရောဂါကိုအကြောင်းပြ၍
ဆေးရုံတက်သွားသည်။သူ့နေရာကိုရောက်သူက ကိုအောင်သန်းမြင့်၊ သူလည်းနာမည်မှာ “မ”ပါသည်မို့ သည်စခန်းကိုမလာချင်။ဒါကြောင့်စစ်ကြောင်းကညွှန်ကြားချက်တိုင်းကိုလွယ်လွယ်နှင့်မဆောင်ရွက်
။ခေတ်စကားသုံး၍ဆိုရလျှင် ခတ်ကောကောလေး တုံ့ပြန်လေသည်။
မိမိကိုတော့ ညီတစ်ယောက်လို ရင်းရင်းနှီးနှီးခေါ်ပြောဆက်ဆံပါသည်။ မောင်တိုးကလည်း သူနှင့်အဆင်ပြေပြေ ပေါင်း၍ ရကြောင်းပြောပြပါသည်။ မိမိတို့သုံးဦး အတန်ကြာထွေရာလေးပါး စကားဖလှယ်ပြီးမှအရပ်သားဝန်ထမ်းများကို နေရာချနိုင်ပါသည်။တာဝါးသည်ခံစစ်ရှင်၊စခန်းသည်ယာယီ
အခြေပြုရန်သာဖြစ်ပါသည်။ညဖက်စခန်းတစ်ခုလုံးကိုမိုင်းပတ်ပတ်လည်ဆင်ပြီးလွယ်မီးရှန်းတောင်ကြောပေါ်
က ပင်မစခန်းတွင် စုပေါင်းအခြပြုရမြဲ။ ဒီနေ့တော့ ယာယီ စခန်းတွင်ပါတီ၊ ကောင်စီအဖွဲ့နှင့် မိမိတို့အိပ်ရပေတော့မည်။
တာဝါးရွာသည်မိမိကိုအခြေပြုရာစခန်းအောက်ဖက်၊ချောက်အတွင်းမှာရှိသည်။ တောရွှေတောင်ကြောပေါ်က ရန်သူ့လက်နက်ကြီးအချိန်မရွေးကျရောက်နိုင်သည်။မဲရွေးပွဲမြန်မြန်လုပ်၊ မြန်မြန်ပြန်နိုင်မှတော်ကာကျမည်
ဟု သုံးသပ် မိသည်။
နေက်နေ့နံနက်မနက်စာစားပြီးသည်နှင့်တာဝါးရွာသို့ပါတီ၊ ကောင်စီအဖွဲ့နှင့်ဆင်းခဲ့ကြသည်။တာဝါး
သူကြီး၏တဲမှာပင်မဲရုံလုပ်လိုက်သည်။မိမိတို့အဖွဲ့ရောက်ပြီးမနှောင်းမှာသူကြီး၏ညီဆိုသူရွာပြင်ထွက်သွား
သည်။ယာထဲဆင်းသည်ဟုသိရသည်။ဆယ်နာရီသာသာတွင်မဲလာပေးကြသည်။ရွာနီးချုပ်စပ်က
လာသူတို့အားရန်သူ့သတင်းစုံစမ်းရသေးသည်။ထိုညနေသုံးနာရီခန့်တွင်မဲရုံပိတ်ပြီး ပြန်ခဲ့သည်။အခြေအနေမှာ
အားလုံးအေးအေးဆေးဆေးပင်၊ မောင်တိုးနှင့်တော့မတွေ့ရ။ သူတို့တဖွဲ့လုံး စခန်းမှာမရှိကြ၊ လုံခြုံရေး ယူထားရသည်လေ။
ဒုတိယနေ့တွင်လည်းမနေ့ကအချိန်ဇယားအတိုင်းရွာထဲဆင်း၊မဲပုံးထောင်၊မဲထည့်ကြ၊ နေ့လည်တစ်နာရီသာသာ
တွင်မဲပေးလို့ပြီးသွားသည်။ သူကြီးကိုနှုတ်ဆက်ပြီး စိတ်လက်ပေါ့ပါးစွာ စခန်းဆီသို့ပြန်ခဲ့ကြသည်။ စခန်းမှာ သူငယ်ချင်း မောင်တိုးရော၊ တပ်ခွဲမှူး ကိုအောင်သန်းမြင့်ရောပြုံးရွှင်စွာဆီးကြိုနေသည်။ အားလုံးဘေးကင်းရန်ကင်းမို့ သူတို့မျက်နှာတွေ သိသိသာသာပျော်ရွှင်နေသည်။ အချိန်လည်းရသည်မို့ မန်ခါးသို့သွားရောက်ပူးပေါင်းရန်ကိုအောင်သန်းမြင့် ကပြောသည်။ မိမိတို့ရောက်နေသည်မှာ (၂)ရက်ရှိပြီ။ တာဝါးစခန်းကတပ်ခွဲတစ်ခွဲလုံးလည်း မနားရရှာ၊ ပါတီဥက္ကကြီးကလည်း သဘောတူသည်။ ဒီတော့ပြန်ဖို့ပြင်ဆင်ကြသည်။
အပြန်ခရီးသည်အလာနှင့်မတူတော့။မိမိတို့လွယ်မီးရှန်း တောင်ကြောပေါ်ကဖြတ်၍ ပြန်ကြမည်။လားအဖွဲ့ကတောင်ပတ်လမ်းအတိုင်း သူ့အစီအစဉ်ဖြင့် ကွန်လုံအထိပြန်ရန် ဆုံးဖြတ်ကြသည်။မိမိတို့ကလည်း တာဝါးစခန်းက ရဲဘော်တွေကို အားနာသည်။ မိမိတို့ တစ်ရက်ဆက်နေလျှင်တစ်ရက်ကင်းပုန်းထပ်၍ ၀ပ်ရမှာသေချာသည်။ တာဝါးမှာ တစ်ညထပ်နေလျှင်၊တစ်ညပို၍အန္တရာယ်ရှိသည်မို့ မိမိတို့ကလည်း မန်ခါးကိုအမြန်ဆုံး ပူးပေါင်းချင်သည်။ အရင်လို သည်မို့ လမ်းတိုကိုရွေးချယ်လိုက်သည်။ သွားမည်။ သည်တောင်ပေါ်ကဖြတ်၍ ပြန်မည်။လမ်းလုံခြုံရေးလည်းယူပေးစရာမလိုတော့။ပင်ပန်းသော်လည်းအချိန်တိုအတွင်းမန်ခါးကိုရောက်နိုင်သည်။ လေးနာရီပင်မထိုးသေး။ မိမိတို့လွယ်မီးရှန်းတောင်ကိုစတက်နေပြီ။မိမိညာဘက်ပုခုံးမှာဆက်သွယ်ရေးစက်ကိုလွယ်၊ဘယ်ဘက်ပုခုံးထက်တွင်ကာဘိုင်ကိုလွယ်
လျှက် တောင်တက်လမ်းလေးအတိုင်းအလိုက်သင့်ချီတက်ခဲ့သည်။နာရီဝက်သာသာမှာလွယ်မီးရှန်းတောင်ကြော တည့်တည့်သို့ရောက်သည်။ နောက်ခပ်လှမ်းလှမ်းမှအပြေးလိုက်နေသောပါတီ၊ ကောင်စီအဖွဲ့ကို ခေတ္တစောင့်နေရသည်။
အလားတုန်းကနှင့်မတူ၊တောင်ကိုလှန်၍တက်နေရသောခရီးမို့ဒင်းတို့ဆီကလည်းဘာသံမျှမကြားရတော့။
ကောင်းလေစွ။သူတို့မီသောအခါ ရှေ့ကဆက်ထွက်ကြသည်။မိမိရှေ့မှာ ပြေးအဖွဲ့နှစ်ယောက်၊သူတို့နှစ်
ဦးနောက်က မိမိခြေလှမ်း မှန်မှန်လိုက်ခဲ့သည်။ ဆယ်မိနစ်ခန့်တွင် တောင်ထိပ်ဖျားမှကွန်လုံမြို့နှင့် သံလွင်မြစ်ကိုလှမ်းမြင်ရသည်။ ပျော်လိုက်သည့်အဖြစ်၊သာမာန်ခရီးတစ်ခုကိုသွားရပါကလွတ်လပ်ပေါ့ပါးစွာ
အော်ဟစ်မိမှာ သေချာသည်။ဟိုးတောင်ခြေမှာမန်ခါးရွာရှိလိမ့်မည်။လှမ်းမမြင်ရသေး။ တောင်ဆင်းလမ်း
သည်မတ်စောက်သဖြင့်ခရီးမတွင်၊အရှိန်နှင့်ဆင်းနေသောကိုယ်ကိုခြေဖြင့်ကန်ပြီးထိန်းပေးနေရသည်။ဘိန်းစိုက်
ခင်းကို ဖြတ်ဆင်းခဲ့သည်။ဒီရာသီအတွက်မစိုက်ရသေး၊မနှစ်ကအစေးခြစ်ထားသောဘိန်းပွင့်ခြောက်တွေနှင့်
အတူ သေနေပြီဖြစ်သောဘိန်းခင်းကြီး။
ခြေကန်ဆင်းနေရသည်။
ကံကြမ္မာ၏အလှည့်အပြောင်း၊ ဘ၀၏အချိုးအကွေ့။
လျှပ်ပြက်သလိုမျက်လုံးထဲ လက်ခနဲဖြစ်ပြီး တစ်ကိုယ်လုံး လေထဲသို့လွင့်စဉ်ထွက်သွားသည်။ဘာဖြစ်တာလဲ၊ဘယ်သူဘာဖြစ်တာလဲ။ မိမိလူးလဲထမည်ပြုသည်။ မရတော့၊ မိမိခြေချောင်းနှစ်ဖက်စလုံးအရည်ညှစ်ထားသော ကြံဖတ်သဖွယ် သွေးအလူးလူးဖြင့် အပိုင်းပိုင်း အမွှာမွှာ၊
ဘ၀တွင်စိတ်ကူးမျှော်လင့်မထားခဲ့သော ကြမ္မာဆိုးသည် မိမိထံရောက်ရှိလာချေပြီ။
မိမိကြောက်လန့်တကြား အော်သည်။ နာကျင်မှုကြောင့် သက်သာရာရကြောင်းလူးလှိမ့်အော်ဟစ်နေသည်။ မည်သူအနားသို့ မရောက်လာ၊ နောက်ထပ် ဆင်ထားသောမိုင်းများရှိနိုင်၏။ စနစ်တကျရှင်းပြီးမှ မိမိအနားရောက်လာသည်။မိမိဆက်သွယ်ရေးစက်နှင့် စခန်းများသို့ ဆက်သွယ်မှုရယူမည်။ မရတော့၊မိုင်း၏လန့်ကွဲအရှိန်ကြောင့် စက်ပျက်သွားပြီ။ ဆရာပန်းအောင်သည် သူ၏ကာဘိုင်ကို အတွဲလိုက်ဆွဲပစ်နေသည်။ ရဲဘောတစ်ဦးက မိမိကို ပွေ့ဖက်ထားရင်းသွေးရူးသွေးတမ်း ငိုနေသည်။မိမိလည်း ငိုနေသည်ပင်။
“ငါမနေချင်ဘူး၊ငါ့သေနတ်ကိုပေးပါ၊ ငါ့ကိုသတ်လိုက်ကြ”
“ခင်ဗျားမသေစေရဘူး၊ကျွန်တော်တို့အားလုံး အမြန်ဆုံးဆေးရုံရောက်အောင် စီစဉ်မယ်”
ပါတီယူနစ်ဥက္ကဋ္ဌမိမိအနားသို့ ရောက်လာသည်။
“ခင်ဗျားတို့မထိတာကျုပ်ဝမ်းသာတယ်၊ နို့မို့ဆိုကျနော်တို့ အများကြီးရှင်းရမယ်”
မိမိထင်ရာမြင်ရာကယောင်ကတမ်းစွတ်ပြောနေသည်။သူတို့မျက်နှာတွင် ကြောက်ရွံ့အားနာခြင်းများဖုံးလွှမ်းနေသည်။ ရှေးဦးသူနာပြု
နည်းဖြင့် ပြုစုကြသည်။ သွေးတိတ်ကွင်းစည်းပြီးသွေးထွက်မလွန်အောင် ဂရုစိုက် နေရသည်။ ထမ်းစင်လုပ်ဖို့သစ်ခုတ်ရသည်။စစ်စောင်ကြားဖြင့်ထမ်းစင်လုပ်ပြီးမန်ခါးကိုရောက်အောင်သွားရမည်။ ဆေးရုံကို
အချိန်မီရောက်အောင်
သိန်းမောင်လည်းယာဉ်နှင့်လိုက်လာမည်။
စိတ်ကို တင်းထားပါသည်။သို့သော် သတိကမရတစ်ချက်၊ ရတစ်ချက်။ မန်ခါးအဖွဲ့နှင့်အတူ အထမ်းသမားများလည်းပါလာသည်။ လိုအပ်သော ရှေးဦးသူနာပြုလုပ်ငန်းများပြီးသည်နှင့် ထမ်းစင်ဖြင့်မန်ခါးသို့ စတင်သယ်သည်။ ညအမှောင်တွင်မန်ခါးမှ ကျောက်လှေခါးသို့ ဆက်ထွက်သည်။မိမိမခံစားနိုင်တော့။
“ဆေးရုံကို မြန်မြန်ရောက်အောင်သယ်ကြပါ။ခင်ဗျားတို့ဘယ်လိုလုပ်နေကြတာလဲ”
ရေငတ်၊ ဒေါသထွက်နေသဖြင့် သွေးရူးသွေးတမ်းအော်ဟစ်ဆဲဆို မိသည်။ ရေငတ်သော်လည်း အ၀မတိုက်ရ။ ဖြည်းဖြည်းချင်း၊နည်းနည်းချင်းသာပေးသည်။ ကျောက်လှေခါးသို့ ရောက်သည်နှင့် ဆေးအဖွဲ့က ဦးစွာ Drip သွင်းသည်။ဆရာကြီးသိန်းမောင်၏ ကြင်နာသောအသံကို မိမိကြားရသည်။
“ကျွန်တော်တို့ဆေးသွင်းပေးထားပြီး၊ဆေးရုံကိုမကြာမီရောက်တော့မယ်၊ စိတ်မပူနဲ့တော့”
ဆရာကြီး၏ စကားသံကြောင့်အားတက်သွားသည်လား၊ စိတ်လျှော့လိုက်မိသည်လားမသိ။ မိမိသတိမေ့သွားပြန်လေ၏။
ဒီလိုပဲပေါ့
တိုက်ပွဲဆိုတာ၊နာချင်နာမယ်
တိုက်ပွဲဆိုတာ၊သာချင်သာမယ်
ဘယ်မှာခန့်မှန်းသိနိုင်မလဲ။
နာနာသာသာ
ဘာမှမဖြုံ၊စိတ်လုံခြုံလျှင်
အဟုန်မတန့်ရပါဘူး
မတုန်မလန့်ဖျပ်ပါဘူး။
ရှေ့ဆီး၍
ခရီးလမ်းထဲ၊သစ်ပင်လှဲမလား။
ရှေ့ကကန့်၍
အဟန့်အတား၊ဆူးတွေတားမလား။
ယောက်ျားဟေ့နော်၊တိုက်ပွဲပျော်။ ။
(ဓနုဖြူကျော်ထွန်း)
No comments:
Post a Comment