လွယ်မီးရှန်း။
၁၉၇၅ခု၊ မေလ (၂၅)ရက်၊ တနင်္ဂနွေနေ့။
ညနေလေးနာရီသုံးဆယ်မိနစ်။
ဂျိမ်းဟူသောပေါက်ကွဲသံနှင့် မရှေးမနှောင်း ကာဘိုင်သေနတ်အတွဲလိုက် ဆွဲသံကြားရသည်။ စစ်ကြောင်း (၁)ရှိ ဆက်သွယ်ရေးစက်တွေ အားလုံးဖွင့်ကြပြီ။ မိုင်းသံသည် လွယ်မီရှန်းတောင်ပေါ်ကဖြစ်သည်။
“ဘယ်မှာကွဲတာလဲ၊ ဘယ်သူထိတာလဲ”
စခန်းအချင်းချင်း ဆက်သွယ်ကြသည်။ စောစောကပဲ တာဝါးစခန်းမှ အလုပ်သင်ဗိုလ် တင်ဝင်းဦးစီး တပ်စိတ် နှစ်စိတ် လွယ်မီးရှန်းတောင်ပေါ် ဖြတ်လမ်းမှ မန်ခါးရွာသို့ဆင်းသွားသည်။ ထိုတပ်ဖွဲ့နှင့် စက်အဆက် အသွယ်မရ။ ဘာဖြစ် လို့လဲ၊ ထိုအဖွဲ့မှာ ပီ(၁၀)တစ်လုံးပါသွာားသည်။ မန်ခါးရွာတွင် သူတို့ချန်ထားခဲ့သော တပ်စိတ်နှင့်ပူးပေါင်းရန်ဖြစ်သည်။ နာရီဝက်လောက်ကြာသွားသည်။ သတင်းတွေ အမျိုးမျိုးဖြစ်နေသည်။
ကွန်လုံနယ်မြေသည် ရက်လေးဆယ်စစ်ပွဲအပြီးကတည်းက မိုင်းပေါက်ကွဲမှုအများဆုံး နယ်မြေဖြစ်သည်။ မိုင်းဟောင်း၊ မိုင်းသစ်မကြာခဏကွဲသည်။ မိမိစစ်သည်များသာမက ကျေးရွာသားများ၊ တိရစ္ဆာန်များလည်း ထိမှန်ဒဏ်ရာ ရလေ့ရှိသည်။ ဒီတစ်ကြိမ်ပေါက်ကွဲမှုသည် လူကိုထိတာလား၊ နွားကိုထိတာလား၊ မိမိစစ်သည်နင်းသည့်မိုင်းလား၊ ရွာသားတစ်ဦး နင်းသည့်မိုင်းလား။
ကံကြမ္မာကား မိမိဘက်တွင် မရှိခဲ့ပါ။
ကိုယ်ပိုင်အမှတ် --------------------------၊ အလသဗ တင်ဝင်း ကွန်လုံမြို့ တွင် တောရွှေကျေးရွာအုပ်စု ကြားဖြတ်ရွေးချယ် တင်မြှောက်ပွဲ လုံခြုံရေးတာဝန် ထမ်းဆောင်နေစဉ် ၂၅-၅-၇၅ နေ့ ၁၆၅၀ ချိန်ခန့်မှန်းမြေပုံညွှန်း ပီ/၆၄၃၂၅၄ သို့ အရောက်တွင် ရန်သူ၏မိုင်းနင်းမိသဖြင့် ယာဘက်ခြေကျင်းဝတ်မှ ပြတ်ပြီးဝဲဘက်ခြေကျင်းဝတ်မှာလည်း ပြတ်လုနီးပါး ဒဏ်ရာရရှိ။
(တပ်မတော်မှတ်တမ်းရုံး၊ အပိုင်း (၂)အမိန့်၊ အမှတ်စဉ် (၂၆)
+++++++++++++
ကွန်လုံပြည်သူ့ဆေးရုံ
ည (၇)နာရီခန့်မှာ ဆေးရုံသို့ရောက်သည်။ မီးအလင်းရောင်မှိန်ဖျော့ဖျော့၊ လူနာခုတင်ပေါ်တွင် သတိရတချက် မရတချက်၊ စောစောကသွေးလှူမည့် ရဲဘော်တစ်သိုက် ဆူဆူညံညံအသံတွေဖြင့် ပြန်သွားသံကြားနေရသည်။ ဆက်သွယ်ရေးစက်ဖြင့် မိမိသွေးအမျိုးအစား ပိုင်ရှင်တွေစုဆောင်းထားစေသည်။ စေ့စပ်သေချာသော ဆေးမှူးက သေချာအောင် ထပ်မံစစ်ကြည့်သည်။ ပထမ မိမိပြောသော သွေးအုပ်စုမဟုတ်။ သွေးသွင်းဖို့အချိန် အနည်းငယ် နှောင့်နှေးသွားသည်။ မိမိညံ့တာပဲဖြစ်မည်။ စစ်ကားကြီးနှင့် အေသွေးအုပ်စုဝင်စစ်သည်တွေ ဒုတိယအကြိမ် ရောက်လာသည်။ အမြန်ဆုံးသွေးသွင်းပေးလိုက်သည်။ သူသွေးထွက်အလွန်များနေသည်။ ခွဲစိတ်ကုသဖို့သွေးဖိအားမရှိ။ သွေးသွင်းပြီး သူ့အသက်ကို လုနေရဆဲ။ နာကျင်မှုကြောင့် မြေပြင်တွင်လူးလှိမ်းထားသည်မို့ သူ့ဒဏ်ရာမှာ ညစ်ပတ်နေသည်။ သန့်ရှင်းရေးကိုပဲ ဦးစားပေးလုပ်၊ ရဟတ်ယာဉ်ဖြင့် လားရှိုးစစ်ဆေးရုံ အမြန်ဆုံးပို့နိုင်ဖို့ စီစဉ်သည်။ အခြေအနေက (၅၀) (၅၀) အခြေအနေမျိုး၊ ဆေးရုံသို့ ဗျူဟာမှူး၊ တပ်ရင်းမှူးရောက်လာသည်။ ဖျော့တော့အပြုံးနှင့် သူကြိုးစားပြုံးပြသည်။
“ဆေးရုံကဆင်းတာနဲ့ ကျနော်ပြန်လာခဲ့မယ်”
လက်စားချေလိုခြင်း၊ အရှုံးမပေးလိုခြင်းတို့အပြင် ဆင်ခြေပေးခြင်း၊ တောင်းပန်ခြင်းလည်းဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ဗျူဟာမှူးက လူနာအတွက် လိုအပ်သမျှဖြည့်ဆည်းပေးဖို့ မှာကြားသံကိုကြားရသည်။ ည၏အမှောင်အောက်မှာ အသိစိတ်အားလုံး ပျောက်ဆုံးသွား ပြန်သည်။
မည်မျှကြာကြာသတိမေ့မျောနေသည်မသိ။ မျက်လုံးကို အလင်းရောင်စူးစူးဝါးဝါးထိုးသဖြင့် မျက်စေ့စူးသည်ကို သတိပြုမိသည်။ မိမိကို ထမ်းစင်ဖြင့် ရဟတ်ယာဉ်ရှိရာဆီ သယ်ယူနေပြီ။ ရုံးဆင်းချိန်တွေမှာ မိမိ ဘောလုံးကစားလေ့ရှိသော ဒီကွင်းထဲမှာ ရဟတ်ယာဉ်ရပ်ထားသည်။ ညနေခင်းသည် ကြေကွဲဝမ်းနည်းစွာ သူ့ကိုနှုတ်ဆက်၏။ သံလွင်ရေစီးသံ သည်ပင် တိတ်တိတ်ဆိတ်ဆိတ်။
ကျဆုံးခြင်းနဲ့ ငါနှုတ်ဆက်ရမှာလားကွန်လုံရယ်။
++++++++++++++
ရှေ့တန်းအမှတ်(-----) ဌာနချုပ်
၁၉၇၅ ခု၊ မေလ (၂၂)ရက်၊ ကြာသပတေးနေ့။
တပ်မဌာနချုပ်၏ ကြေးနန်းစာအရ မိမိတပ်မှ တပ်စိတ်တစ်စိတ်၊ ကွန်လုံအခြေပြုခလရ (-)မှ အရာရှိဦးစီးတပ်စိတ် နှစ်စိတ်ဖြင့် ကွန်လုံမြို့ နယ်ပါတီ၊ ကောင်စီဥက္ကဋ္ဌတို့ လိုက်ပါမည့် ရွေးချယ်တင်မြှောက်ပွဲအတွက် လုံခြုံရေးတာဝန်ယူ ပေးရန် ဖြစ်သည်။ မိမိတပ်က တပ်စိတ်သည် မန်ခါးရွာတွင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် တာဝန်ယူလျှက်၊ ခလရ(-)မှ အရာရှိဦးစီးတပ်စိတ်နှစ်စိတ်သည် တောရွှေကျေးရွာအုပ်စုမှ မဲပုံးထောင်ရွေးကောက်ပွဲ ပြုလုပ်မည့် တာဝါးကျေးရွာအထိ လုပ်ပါစောင့်ရှောက်ရန်ဖြစ်သည်။ စင်စစ်တောရွှေသို့ မိမိတပ်မသွားနိုင်၊ ရန်သူသည်တောရွှေတွင် အခိုင်အမာအခြေပြု လျှက်ရှိသည်။ ဒါကြောင့် အမည်ခံသက်သက်မျှသာ ဖြစ်သောရွေးကောက်ပွဲကို တာဝါးမှာမဲပုံးထောင်စေလျှက် ပြုလုပ် ခြင်းပင်။
တပ်ရင်းမှူးသည် မန်ခါးအထိလိုက်ပါမည့် တပ်စိတ်အတွက် မိမိကိုဦးစီးစေသည်။ ခလရ(-)မှ တပ်စိတ်နှစ်စိတ်ကို ဗိုလ်မြင့်သိန်းဦးစီးပြီး ပူးပေါင်းတပ်စုကို ၄င်းကပင်တာဝန်ယူအုပ်ချုပ်ရန် ကြေးနန်းဖြင့် ညွှန်ကြားပါသည်။ ခရီးထွက်ခွာမည့် နံနက်တွင် လုံခြုံရေးအစီအစဉ် ပြောင်းသွားချေပြီ။ မိမိတို့နှင့် ပူးတွဲတာဝန်ထမ်းဆောင်မည့် ခလရသည် တာဝါးအထိ လုံခြုံရေးမယူလိုကြောင်း၊ ယခင်နောက်ဆုံးအခေါက်ကတည်းကလည်း ၄င်းတို့တပ်ရင်းကလမ်းလုံခြုံရေး ယူခဲ့ပြီးဖြစ်၍ မန်ခါးအထိသာ လုံခြုံရေးလိုက်လိုကြောင်း တပ်မဌာနသို့ တင်ပြအကြောင်းကြားသိရလေသည်။ တာဝါးသို့ လိုက်ပါပြီး လုံခြုံရေးဆောင်ရွက်ရန် မိမိတပ်ရင်းမှူးက အမိန့်ပေးပါသည်။ တပ်မဌာနချုပ်၏ တရားဝင်ကြေးနန်းရ၊ မရမိမိမသိပါ။ မေလ ၂၃ ရက် နံနက် (၇)နာရီမှာ ပါတီ၊ ကောင်စီ၊ တပ်မတော်ပူးပေါင်းအင်အား (၃၅)ဦးခန့်သည် မန်ခါးကျေးရွာသို့ စတင်ထွက်ခွာခဲ့ပါသည်။ မန်အောင်ကွီးစခန်းမှ တာဝန်ဖြင့်ရောက်နေသော သူငယ်ချင်းလှသောင်းက မြို့ ထဲသို့အပြေး သွားပြီး မိမိလမ်းမှာစားဖို့ ပေါက်စီဝယ်ပေးလိုက်သည်။ နံနက်စာအဖြစ် ပေါက်စီစားရင်း သူငယ်ချင်းကို ကျေးဇူးအထူး တင်ရသည်။
နံနက်(၁၀)နာရီခန့်တွင် မန်ခါးကိုရောက်သည်။ ထိုရွာသို့ရောက်သည်နှင့် မဲပုံးထောင်ပြီး မဲပေးခြင်းလုပ်ငန်း စတင်သည်။ မဲပေးနည်းမှာ အဖြူနှင့်အမည်းရောင် မဲပုံးနှစ်ပုံးကို သီးသန့်အခန်းတခုထဲမှာထားပြီး၊ မဲပေးသူက ထောက်ခံဆန္ဒပြုလျှင် အဖြူရောင်မဲပုံးထဲသို့ထည့်၊ ကန့်ကွက်လိုက အမည်းရောင်မဲပုံးထဲသို့ထည့်စေပြီး အဖြူရောင်မဲ များလျှင် အနိုင်သတ်မှတ်သည့်မဲပေးနည်းဖြစ်သည်။ အပြိုင်ရွေးချယ်ခြင်းမဟုတ်ဘဲ၊ တစ်ဦးတည်းပြိုင်ရခြင်း၊ အမည်းရောင်ပုံးထဲမှမဲများကို မသမာသောနည်းဖြင့် အဖြူရောင်ပုံးထဲသို့ ပြောင်းထည့်ရန် လွယ်ကူခြင်းစသည့် အားနည်း ချက်များကြောင့် ရွေးကောက်ပွဲမှာ ဟန်ပြသက်သက်သာဖြစ်ကြောင်း အထူးရှင်းပြရန် လိုမည်မဟုတ်။
နေ့လည်စာကို မန်ခါးမှာစားကြသည်။ စားသောက်ပြီးသည်နှင့် ခရီးထွက်ဖို့ပြင်ဆင်သည်။ မတူသောတပ်ရင်း နှစ်ခုက တပ်စိတ်နှစ်စိတ်ကို အလုပ်သင်ဗိုလ်ပေါက်စကလေးက အုပ်ချုပ်ပြီးခရီးဆက်တော့မည်။ နောင်တော်စီနီယာကြီး ကတော့ တပ်စိတ်နှင့် မန်ခါးရွာမှာကျန်ခဲ့သည်။ မိမိတပ်ကရဲဘော်အချို့ က မကျေနပ်ချင်။ ပွစိပွစိလုပ်နေသဖြင့် ချော့မော့ ဖြောင့်ဖြရသည်။
မန်ခါးရွာနှင့်တာဝါးရွာကို မြင့်မားမတ်စောက်သော လွယ်မီးရှန်းတောင်ကြီးက ပိုင်းခြားထားသည်။ ဒါကြေင့် မန်ခါးမှ တာဝါးသို့သွားလိုလျှင် တောင်ပတ်လမ်းအတိုင်း သုံးနာရီခွဲ၊ လေးနာရီခန့်သွားရသည်။ တောင်ကိုဖြတ်၍ တက်မည်ဆိုလျှင် နှစ်နာရီသာသာလောက်နှင့် ရောက်နိုင်သော်လည်း အသုံးပြုသူနည်းသည်။ မိမိတို့အဖွဲ့တွင် အရပ်သားများ၊ လားများပါသဖြင့် တောင်ပတ်လမ်းက ခရီးဆက်ခဲ့သည်။ တောင်ပတ်လမ်းတွင် ရန်သူမှနှောက်ယှက် ပစ်ခတ်နိုင်သဖြင့် တာဝါးမှတပ်စိတ်နှစ်စိတ် ထုတ်နှုတ်ပြီး လမ်းလုံခြုံရေးယူပေးရန် ကြေးနန်းပို့ထားပြီးဖြစ်သည်။ ရန်သူ၏ လုံထန်ကျေးရွာ ပြည်သူ့စစ်အဖွဲ့သည် မိမိတပ်ကို မကြာခဏလမ်းခုလပ်မှ နှောက်ယှက်တိုက်ခိုက်လေ့ရှိသည်။
နေ့လယ်ခင်းဖြစ်သော်လည်း နေရောင်ကိုမတွေ့ရ။ အပူဒဏ်သက်သာ၍ ခရီးမနှောင့်နှေး။ ပြဿနာမှာ မိမိတို့နှင့်ပါလာသော အရပ်သားများ၏ ဆူညံကျယ်လောင်စွာ စကားပြောခြင်း၊ အလည်အပတ်ခရီးသွားသလို တစ်ဦးနှင့် တစ်ဦး နောက်ပြောင်ကျီစယ်ခြင်းတို့ကို မိမိစစ်သည်များက သတိပေးသော်လည်း အလေးဂရုမပြုခြင်းဖြစ်သည်။ ကြာလျှင် မလိုလားအပ်သော ပြဿနာဖြစ်လာနိုင်သဖြင့် ပါတီယူနစ်ဥက္ကဋ္ဌကို မိမိကပင်အားတုံ့အားနာနှင့် မေတ္တာရပ်ခံရသည်။ တနေရာတွင် ဖြောင့်ချောညီညာသောလမ်းဖြစ်ပါလျှက် ၀န်တင်လားသည် ရှေ့ သို့မသွားတော့ဘဲ ဒူးတုတ်ဝပ်လျှက် ပေကပ်နေသည်။ ခြေထောက်ကျွံသွားသလားကြည့်၏။ ဘာမျှမဖြစ်၊ နောက်ဆုံးကျောပေါ်မှ ရိက္ခာတွေကို ချပြီးဝိုင်းတွန်း ကြသည်။ ဒီတော့မှ မောင်မင်းကြီးသားက ပပထူမှထမယ်လေးဟူသောပုံစံနှင့် ထတော်မူလေ၏။
နိမိတ်၊ နိမိတ်၊ ရှေ့ ခရီးမဆက်စေလိုသောနိမိတ်။ ဒါတွေကို သတိလည်းမထားမိ။ သတိထားမိလျှင်လည်း မိမိတို့ ဘာများတတ်နိုင်ပါမည်နည်း။
ဝရဇိန်မိုးကြိုး၊ ထိပ်ထက်မိုးလည်း၊ ရွံ့ စိုးမတွန့်၊ နောက်မရွံ့ ဘဲ၊ ရဲဝံ့စွာဆောင်ရွက်တတ်သောသူ။
ရဲဝံ့စွာဆောင်ရွက်တတ်သောသူ။
ရဲဝံ့စွာဆောင်ရွက်တတ်သောသူ။
No comments:
Post a Comment