Thursday, December 31, 2015

မင်းသွားနှင့်တော့..



သူ့ဓါတ်ပုံတွေကိုယ့်ဆီမှာရှာကြည့်တော့ဒီတစ်ပုံပဲရှိတယ်။မှတ်မှတ်ရရ(၁၃-၂-၁၃)ရက်နေ့ကပြည်ကိုပြန်တုံးသူ့အိမ်ရှေ့မှာTimerနဲ့ရိုက်ခဲ့တဲ့ဓါတ်ပုံလေး။
ကာတွန်းဆရာပီသချက်က... Shutter ပွင့်ခါနီးလေးမှ  ဝတ်ထားတဲ့စပို့ရှပ်ကိုဆတ်ခနဲချွတ်ပစ်လိုက်တော့ပုံမှာမြင်တဲ့အတိုင်းမကိုးမကားနဲ့။
ဒီဖက်ခေတ်လူငယ်တွေကသူ့လက်ရာကိုသိတ်တွေ့ရမယ်မထင်ဘူး။သူ့အပြောင်မြောက်ဆုံးလက်ရာတွေက၈၈နောက်ပိုင်းကာလတွေမှာ"တက်လမ်း""ဓန""မြန်မာ့ဓန"မှာဆွဲခဲ့တဲ့ကာတွန်းတွေပေါ့။စိစစ်ရေးရဲ့ပစ်မှတ်ကာတွန်းဆရာမို့သူ့လက်ရာအတော်များများဟာဆင်ဆာထဲပါသွားလေ့ရှိတော့သူ့ပရိတ်သတ်နဲ့အဆက်ပြတ်သလိုဖြစ်ခဲ့ရတယ်။
၂၀၁၃, ၈၈ငွေရတုအထိမ်းအမှတ်မဂ္ဂဇင်းထဲကကာတွန်းဆရာနည်းနည်းပါးပါးရဲ့လက်ရာထဲမှာသူပါခဲ့တယ်။
၂၀၁၃,နိုဝင်ဘာမှာထုတ်တဲ့အ.ထ.က(၃)ပြည်ရဲ့နှစ်ပတ်လည်မဂ္ဂဇင်းထဲက ကာတွန်းလက်ရာတွေဟာသူ့ရဲ့နောက်ဆုံးလက်ရာဖြစ်ကောင်းဖြစ်မယ်။
ဘာဖြစ်လို့လဲဆို၂၀၁၄နဲ့၂၀၁၅မှာသူ့ကာတွန်းတွေမတွေ့တော့လို့ပဲ။ပြီးခဲ့တဲ့စက်တင်ဘာလမှာသူ့အကိုကဖုန်းဆက်ပြီးဖိုးချွဲရဲ့ကျန်းမာရေးအတော်ချို့ယွင်းနေပြီပြောမှကိုယ်လည်းသူ့ကျန်းမာရေးမကောင်းကြောင်းသိတော့တယ်။ဖုန်းဆက်အားပေးပြီးရန်ကုန်ကိုဆေးကုလာခဲ့ဖို့ပြောလိုက်တယ်။သူ့အကိုနဲ့လည်းတိုင်ပင်ထားတယ်(သူ့ညီအငယ်ဆုံးနဲ့ကျွန်တော့်ညီဝမ်းကွဲဖိုးဝရဲ့ကုသရမယ့်အသည်းဝေဒနာကလည်းတူနေတယ်လေ။)
ကျွန်တော့်ညီကတော့ရန်ကုန်အထိရောက်လာပေမယ့်သူ့ရောဂါကဆေးမမီတော့ပါဘူး။အောက်တိုဘာလထဲမှာဆုံးပါးသွားတယ်။ဖိုးချွဲကအခြေအနေတည်ငြိမ်တယ်လို့သိရလို့တအားတက်ခဲ့ရတယ်။ဖုန်းဆက်ပြီးရန်ကုန်လာခဲ့ဖို့အားပေးရတယ်။
တန်ဆောင်တိုင်ပွဲအပြီးပြည်ကပြန်လာတဲ့သူတွေတဆင့်စကားအရသိတ်မလွယ်ဘူးလို့သိရပြန်တယ်။သူ့အကိုဆရာဝန်ကိုယ်တိုင်ထိန်းပေးထားလို့အသက်ဆက်နေပုံရတယ်။
မနေ့ကမနက်စောစောရန်ကုန်ကသူ့အကိုဖုန်းဆက်ပြီးဒီမနက်၅နာရီခွဲလောက်ကဆုံးပါးသွားပြီလို့ပြောတယ်။
ဒီနေ့ညနေသုံးနာရီလူပျိုကြီးကာတွန်းဆရာဖိုးချွဲကိုပြည်မှာသင်္ဂြီုဟ်ပါတော့မယ်။
ကာတွန်းဆရာပီပီသူ့ဈာပနမှာသရော်တဲ့Performance များလုပ်ဦးမှာလားသိချင်ပါဘိ..ညီလေးချိန်ခွင် မောင်မောင်လွင်ရေ...

မင်းသွားနှင့်တော့..သွားနှင့်တော့..နောက်ကလိုက်ခဲ့မယ်လေညီလေးရေ
နာမည်ကောင်းတစ်ခု..ရှင်သေမင်းက..သေရွာမခေါ်နိုင်ဘူး...

Tuesday, December 15, 2015

မြေးလေးအတွက်အိပ်ရာဝင်ပုံပြင်

မြေးလေးအတွက်အိပ်ရာဝင်ပုံပြင်
ညက အိပ်မယ်ကြံယုံ ရှိသေး၊ မြေးမလေးက အတင်းနှိုးပြီး ပုံပြောခိုင်းတော့သည်။ မျက်လုံး ဖွင့်မရတော့သဖြင့် ဇွတ်ပေပြီး ဆက်အိပ်နေလိုက်သေးသည်။ ဒီတခါတော့ ထူးထူးဆန်းဆန်း၊ ပုံပြောခိုင်းတာမဟုတ်၊ ဖိုးဖိုးတို့ငယ်ငယ်က ကျောင်းတက်တဲ့အကြောင်း ပြောပြဆိုပြီး တိုက်တွန်းပူဆာ နေ၏။
အကြောင်းရှိပါသည်။ယခုလို ဆောင်းအေးအေးမှာ သူတို့ကို အိပ်ရာနှိုးရတာ အလွန်ခက်ပါသည်။ အဖွားဖြစ်သူက မြည်တွန်တောက်တီးပြီး ရိုက်မယ်ပုတ်မယ် လုပ်မှ မထချင်ထချင်ဖြင့် အိပ်ရာထကြသည်။ တစ်ရက် မြေးတွေကို အော်ဟစ်ငေါက်ငမ်းလျှက် အိပ်ရာထဖို့ နှိုးဆော်ရင်း“တို့ငယ်ငယ်က ကျောင်းနောက်ကျရင် ဆရာကြီးက ကျောင်းပေါက်ဝကစောင့်ပြီး ကြိမ်လုံးနဲ့ဆော်တာ”ဟုပြောလိုက်သည်။ဒါကို နိုးလျှက်နှင့် အိပ်ရာထဲကမထပဲ အပျင်းကြီးနေသော မြေးမလေးကြားသွားသည်။
ဒါကြောင့် ဒီညပုံပြင်အစား ဖိုးဖိုးတို့ငယ်ငယ်က ကျောင်းတက်တဲ့အကြောင်း ပြောပြဆိုပြီး ပူဆာနေခြင်းဖြစ်သည်။ ငယ်ငယ်က ကျောင်းတက်တဲ့ အကြောင်းဆိုတော့ ဖိုးဖိုးကလည်း ပြောချင်လာသည်။ သည်လိုနှင့် အိပ်ချင်စိတ်တစ်ဝက်နှင့် မျက်လုံး ကောင်းကောင်းမဖွင့်နိုင်သေးပဲ ပြောရတော့သည်။ ဦးဆုံး ဖိုးဖိုးတို့ ကျောင်းနောက်ကျတဲ့အကြောင်း ပြောဟုဆိုလာသည်။ မနက်ခင်းတုံးက တစ်စွန်းတစ်စ ကြားထားပြီးမို့ သိချင်စိတ်နှင့် မေးလာမှန်း သတိပြုမိလိုက်သည်။
“ဖိုးဖိုးတို့ကျောင်းက မနက်ခြောက်နာရီခွဲ တက်တာသမီးရဲ့။ အိပ်ရာစောစောထပြီး ကျောင်းသွားဖို့ ပြင်ဆင်ရတယ်။ ကျောင်းနဲ့အိမ်က အခု ဖိုးဖိုးတို့နေတဲ့အိမ်နဲ့ ပြည်လမ်းမကြီးလောက် ဝေးတယ်(နှစ်ဖါလုံသာသာမျှ)။ သမီးတို့လို ကျောင်းကားနဲ့ ကျောင်းသွားရတာ မဟုတ်ဘူး၊ ဒီတိုင်း လမ်းလျှောက်သွားရတာ။ ဆောင်းတွင်းဆို ကျောင်းတက်ခေါင်းလောင်းသံက အိမ်ကနေကြားရတယ်။ ခေါင်းလောင်းသံ ကြားရပြီဆို ဒီနေ့တော့ ကျောင်းနောက်ကျပြီ ဆိုတာသိလိုက်ပြီ။ အဲဒါဆို ကျောင်းဝင်းထိပ်မှာ ဆရာကြီးမရှိပါစေနဲ့ ဆုတောင်းရတော့တာပဲ”
မှန်ပါသည်။ ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးသည် ဝင်ပေါက်ထိပ်တွင် မိန့်မိန့်ကြီးရပ်ပြီး ကျောင်းနောက်ကျသော ကျောင်းသားများကို စူးစူးစိုက်စိုက် ကြည့်နေပါသည်။ ဘာမျှတော့ မပြောပါ။ သို့သော် ကျောင်းနောက်ကျသော ကျောင်းသူကျောင်းသားများမှာ ဆရာကြီး၏အကြည့်ကို အလွန်ကြောက်ကြပါသည်။ ထိုကြောင့် ကျွန်တော်တို့ေ ကျာင်းမနောက်ကျရဲပါ။ တစ်ခါတစ်ရံတော့ နောက်ကျသော ကျောင်းသားများကို မေးခွန်းထုတ်လေ့ရှိသည် ဟုဆိုပါသည်။ ကိုယ်တိုင်တော့ မကြုံဘူးခဲ့ပါ။
ထိုသို့ပြောသောအခါ မြေးလေးက ခိုးခိုးခစ်ခစ် ရယ်မောပြီး“သမီးတို့ကျောင်းမှာ တစ်နာရီ၊နှစ်နာရီလောက် နောက်ကျလည်း ဆရာမကြီးက ဘာမှမပြောဘူး”ဟုဆိုပါသည်။
“ဟုတ်လား၊ ဖိုးဖိုးတို့ ဆရာကြီးက ကျောင်းချိန်အရမ်းနောက်ကျတဲ့သူဆိုရင် ကြိမ်လုံးနဲ့ တင်ပါးကို အားရပါးရဆော်တာ”
ကျွန်တော် သာသာထိုးထိုး ပြောတော့ မြေးကလေးက“သမီးတို့ကျောင်းက ကောင်လေးတွေက ဆရာမကြီး ဘယ်လောက်ရိုက်ရိုက်၊ မကြောက်ဘူး ဖိုးဖိုးရဲ့”ဟု တုန့်ပြန်ပါသည်။“ဖိုးဖိုးတို့တော့ ဆရာကြီး ကြိမ်လုံး ကိုင်ထားတာနဲ့တင်လန့်နေပြီ”ဟုဆိုရာ သူအလွန်သဘောကျပြီး အားရပါးရရယ်ပြန်သည်။
ကျွန်တော့်ပုံပြင်က သည်မှာပြီးပြီ ထင်သော်လည်း သူကဆက်ပြန်ပါ၏။“ဖိုးဖိုးတို့ကျောင်းတက်တဲ့အကြောင်းတွေပြောဦး”ဟုဆိုလာပြန်ပါသည်။ရုတ်တရက် ဘာပြောရမှန်း မသိသော်လည်း ကလေးနှစ်သက်မည်ထင်သည့် ကစားပွဲအကြောင်း ပြောဖြစ်ပါသည်။
“ဖိုးဖိုးတို့ နှစ်တန်းတုံးကပေါ့။ မုန့်စားကျောင်းဆင်းရင် ဆရာမကြီးဒေါ်လွန်းမေဦးစီးပြီး ကျောင်းသားတွေက ခုံးစီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ စီးချင်းထိုး(ကိုယ်လုံးချင်းတိုက်) ကြတယ်။ ကျောင်းသူတွေက အားပေးရတယ်။ ဆရာမကြီးက ဒိုင်လူကြီးပေါ့။ မြင်းလုပ်တဲ့လူခြင်း ကိုယ်စောင်းပြိုင် တိုက်ရတာ၊ မြေပေါ်လဲကျတဲ့ အတွဲက အရှုံးပဲ၊ ကျောင်းတက်ခေါင်းလောင်း မထိုးမခြင်း အဲလိုကစားရတာ တအားပျော်ဖို့ ကောင်းတာဘဲ”
ဖိုးဖိုး၏အပျော်တွေ သူ့ဆီကူးစက် ကုန်သည်။အားရပါးရ သူရယ်ပြန်သည်။“နောက်ကော..”။စဉ်းစားရ ပြန်သည်။
“ဖိုးဖိုးတို့ငယ်ငယ်က ဆရာတွေက တအားချစ်တာ၊ တစ်တန်းကို တစ်ယောက်ပဲ သင်တာ။ ဖိုးဖိုးသူငယ်တန်းလေးမှာ ဆရာမ ဒေါ်သန်းခင်၊ သူငယ်တန်းကြီးမှာ ဆရာမဒေါ်အုန်းလှ”
“သူငယ်တန်းလေး အောင်ရင်တစ်တန်းကိုမတက်ဘူးလားဖိုးဖိုး”
“ဖိုးဖိုးတို့ငယ်ငယ်က သူငယ်တန်းမှာ နှစ်နှစ်နေရတယ်ကွယ့်၊ သူငယ်တန်းလေးကို(LKG )၊သူငယ်တန်းကြီးကို(UKG )ခေါ်တယ်၊ နောက်ပြီး ဖိုးဖိုးတို့ကျောင်းက ဆရာမတွေကိုအန်တီလို့ ခေါ်ကြတယ်။”မြေးလေး ရယ်ပြန်သည်။
“အဲ.. တစ်တန်းရောက်တော့ အန်တီချော သင်တယ်၊ နှစ်တန်းမှာ အန်တီဒေါ်လွန်းမေ၊ သုံးတန်းရောက်တော့ ဆရာဦးချစ်တင်၊ လေးတန်းရောက်တော့ အန်တီဒေါ်အုန်းစိန်၊ ငါးတန်းရောက်တော့ ဆရာတွေ အများကြီးခွဲသင်ပြီ။ ကျောင်းကြီးကလည်း အစိုးရကျောင်း ဖြစ်သွားပြီ”
အစိုးရကျောင်း ဆိုတာ သူနားမလည်ပေမယ့် ဆရာတွေ အများကြီးသင်သည် ဆိုတာကိုတော့ စပ်စုပြန်သည်။
“ငါးတန်းရောက်တော့ အတန်းကြီးလာပြီ၊ ဘာသာတွေကလည်း များလာပြီ။ ခုနှစ်ဘာသာ တောင်သင်ရတာ။ မြန်မာစာတစ်ယောက်၊ အင်္ဂလိပ်စာတစ်ယောက်၊ သချာင်္တစ်ယောက်၊ ပထဝီတစ်ယောက်၊ သမိုင်းတစ်ယောက်၊ အထွေထွေသိပ္ပံတစ်ယောက် ခွဲသင်ပေးတာ”
“သမီးတို့ကျောင်းမှာလည်း လူမှုရေးကို ဆရာမတစ်ယောက် သပ်သပ်သင်တယ်၊(သူကသုံးတန်း)ဖိုးဖိုးတို့ လူမှုရေး မသင်ရဘူးလား ဟင်”
“ဖိုးဖိုးတို့ငယ်ငယ်က ပြည်သူ့နီတိ ဆိုတာ သင်ရတယ်၊ ငါးတန်းရောက်တော့ မသင်ရတော့ဘူး၊ ပြည်သူ့နီတိ ဆိုတာ သမီးတို့ အခုသင်တဲ့ လူမှုရေးပဲဖြစ်မှာပေါ့” (အမှန်ပင် ငါးတန်းရောက်တော့ နီတိ မသင်ရတော့ပါ။ သို့သော် သစ္စာအဓိဌာန် ငါးချက်တို့ ကျွန်ုပ်တို့၏ယုံကြည်ချက်တို့ တော့ဆိုရပါသည်။)
“ပြောရဦးမယ် သမိးရယ့်၊ ဖိုးဖိုးတို့ဆရာတွေက ဖိုးဖိုးတို့ကို သိတ်ချစ်တာ၊ ဖိုးဖိုးတို့ကလည်း ငယ်ငယ်က စာသင်ပေးတဲ့ ဆရာတွေကို ခုထိ ချစ်တုန်းပဲ၊ တလောက ဖိုးဖိုး ပြည်ကိုပြန်တော့ အန်တီဒေါ်သန်းရှင်ကို ဆေးခန်းတစ်ခုမှာ ဆုံတော့ ကန်တော့ခဲ့သေးတယ်။ ဆရာဝန်ကလည်း အန်တီတို့ရဲ့ တပည့်ဟောင်းပဲလေ။ သူက ကျောင်းကဆရာ၊ ဆရာမဟောင်းတွေကို မေတ္တာနဲ့ ပြုစု ကုသ ပေးနေတယ်”
“ဖိုးဖိုးခုနက ပြောတဲ့ ဆရာတွေထဲက ဒေါ်သန်းခင်ဆို ဆုံးသွားပြီ၊ ဒေါ်အုန်းလှဆိုရင် ပြီးခဲ့တဲ့နှစ် အသက် တစ်ရာကျော်မှ ဆုံးသွားတာ။ အန်တီချောလည်း မမာဘူးကြားတယ်။ အန်တီဒေါ်အုန်းစိန်က အသက်တစ်ရာ နားကပ်နေပေါ့၊ ခုထိ ဆရာကန်တော့ပွဲကို ကိုယ်တိုင် တက်တုံး”
ကျွန်တော်တို့ခေတ် ဆရာတပည့်ဆက်ဆံရေးကို မြေးလေး နားမလည်သလို ငေးငေးလေး ကြည့်နေပြန်သည်။ သူစိတ်ဝင်စားအောင် ခေါင်းစဉ်ပြောင်း လိုက်ရသည်။
“သုံးတန်းက ဆရာဦးချစ်တင်ဆို အရမ်းအရိုက်ကြမ်းတာ သမီးရဲ့”
သူမျက်လုံးလေး ပြူးလာသည်။“သူက ရိုက်ပြီဆို ကြိမ်လုံးနဲ့ တရွှမ်းရွှမ်းဆော်ရင်း ပါးစပ်ကလည်း အမဲသား..အမဲသားနဲ့ အော်အော်ပြီး ရိုက်တတ်တာ”သူမျက်လုံး ကျယ်သွားသည်။
“ဖိုးဖိုးကော အရိုက်မခံရ ဘူးလားဟင်”
သူ့အဖိုးအတွက် စိတ်ပူဖေါ်ရသေး၏။“ဖိုးဖိုးက ဆရာဦးချစ်တင် ရိုက်တာ မခံခဲ့ရဘူး၊ ဒါပေမယ့် လေးတန်းမှာ အန်တီဒေါ်အုန်းစိန်ရဲ့ ဗိုက်ခေါက် လိမ်တာတော့ တစ်နှစ်လုံးခံ ခဲ့ရဘူးတယ်။ ငါးတန်းရောက်တော့ ဖိုးဖိုးဘယ်ဖက်ဗိုက်ပြင်မှာ အညိုမည်းကြီး မပျောက်သေးဘူး”
သူစိတ်မကောင်း ဖြစ်သွားဟန်တူသည်။
“အန်တီဒေါ်အုန်းစိန် ကျေးဇူးနဲ့ ဖိုးဖိုးသချာင်္မှာ အရမ်းတော်ခဲ့ တာပေါ့။ ခုထိ ကျေးဇူးတင် နေဆဲပဲ”
ဟုတ်သည်။ ဒေါ်အုန်းစိန်၏ လက်မနှစ်ချောင်းနှင့် (အန်တီကလက်ပွားလေးပါသည်) ညှပ်ပြီး လိမ်ဆွဲလိုက်လျှင် ဆွေမျိုးမေ့ လောက်ပါသည်။ ထိုအတူ အမှားကို နောက်တစ်ကြိမ် မမှားရဲလောက်အောင် မိမိတို့ သင်ခန်းစာ ရခဲ့ပါသည်။ ထိုသို့ဆိုသော် သူ ကျေနပ် သွားပါသည်။
သူအိပ်သွားတော့ ကိုယ့်မှာ တမျှော်တခေါ်ကြီး လွမ်းကျန်ရစ်သည်။ အိပ်ချင်စိတ်တွေလည်း ဘယ်ရောက် ကုန်သည်မသိ။ မြေးလေးကတော့ အိပ်ရာဝင်ပုံပြင် အသစ်နားထောင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ။ သေချာပြောနိုငိတာ တစ်ခုတော့ရှိပါသည်။ ကျွန်တော်တို့ ပညာသင်ကြားခဲ့သော ကျောင်းသည် ကျွန်တော်တို့ကို အောင်လက်မှတ် တစ်ခုတည်းသာ ပေးလိုက်သည်မဟုတ်။ လူပီပီသသ ဘဝကို ရင်ဆိုင်တတ်စေရန်အတွက် လိုအပ်သော ခွန်အားများလည်း တစ်ပါတည်း ထည့်ပေးလိုက်သည် ထင်ပါသည်။








Friday, October 16, 2015

အမှောင်လမ်းကိုလျှောက်လှမ်းသူ

ဒီတခေါက်ဆိတ်ငြိမ်ရာဒေသကပြန်ရောက်ရောက်ချင်းပဲ မျှော်လင့်ထားပြီးသား သတင်းဆိုးနှစ်ခုကြားရတယ်။
ပဌမသတင်းက နယ်ကညီဝမ်းကွဲ ရန်ကုန်ဆေးရုံကြီးမှာ အသည်းရောဂါနဲ့ ရောက်နေကြောင်းပါ။ ထုံးဘိုမှာနေတဲ့သမီးနှစ်ယောက်ဖခင် လည်းဖြစ်တဲ့မောင်ဖိုးဝဟာ အသက်လေးဆယ်စွန်းစွန်း ပဲရှိဦးမပေါ့။ ကျွန်တော်ဗိုလ်သင်တန်းတက်နေတုံးခွင့်ပြန်လာတဲ့သင်္ကြန်တွင်းမှာ အဒေါ်အလတ်ကမွေးတာ ဆိုတော့(၄၁)ပေါ့နော။ သူ့ရောဂါကို ရန်ကုန်ရွာသာကြီးစိတ်ရောဂါအထူးကုဆေးရုံမှာ ကုမှဖြစ်တော့မယ့်အခြေအနေမို့ အဒေါ့်ကို ရန်ကုန်ခေါ်ဖို့ကျွန်တော်ကပဲ စီစဉ်ခိုင်းတာပါ။
ကျွန်တော်ပြန်ရောက်တော့ မောင်ဖိုးဝရန်ကုန်တော့ ရောက်နေပါပြီ။ ဒါပေမယ့်ကျန်းမာရေးဖေါက်လာလို့ ဆေးရုံကြီးမှာ အပြေးတင်ထားရသတဲ့။ စိုးရိမ်ရတဲ့အခြေအနေပါ။ တိုက်ဆိုင်ချင်တော့ ဒီတစ်ပါတ်တရားပြဆရာမက ရွာသာကြီးဆေးရုံ ပါမောက္ခဆရာဝန်ကြီးပါ။ မေတ္တာနေ့ကဆရာမကြီးကို အရက်စွဲဝေဒနာသည် ညီငယ်ကို လာပြဖို့ရှိကြောင်းပြောတော့ ဆရာမကြီးကတောင်“မအိုဆေးမှီဝဲကြတာလေ”ဆိုပြီးရယ်ပွဲဖွဲ့ပြောလိုက်သေး။ အခြေအနေကရွာသာကြီးဆီတောင် ကုသဖို့ရောက်ပါ့ဦးမလားမသိ။
နောက်သတင်းကတော့ ဗိုလ်သင်တန်းအတူတူတက်၊ စက်မှု(၁)မှာလည်း တာဝန်အတူတူထမ်းခဲ့တဲ့ တစ်ပါတ်ထဲဆင်းသူငယ်ချင်းရဲ့ နာရေးသတင်းပါ။ သူ့အခြေအနေကတော့ ကိုယ်ခရီးမထွက်ခင် သွားကြည့်ပြီးကတည်းက မျှော်လင့်ချက်မရှိတော့ဘူး ဆိုတာရိပ်စားမိ။ သူအငြိမ်းစားယူမယ့်(၂ဝ၁၃)မှာသူတာဝန်ကျတဲ့ကြံခင်းကို သူ့အရင်အငြိမ်းစားယူပြီးဖြစ်တဲ့ ကျွန်တော်တို့သူငယ်ချင်းတသိုက် အလည်သွားဖြစ်ခဲ့တယ်။
ကားပေါ်ကဆင်းဆင်းချင်းပဲ သူကကျွန်တော်တို့တသိုက်ကိုကျန်းမာရေးဘယ်လိုလဲ မေးရှာတယ်။ ပါလာတဲ့အထဲက တစ်ယောက်က သွေးတိုးနည်းနည်းရှိကြောင်းပြောတော့ သူကပဲ“တရားထိုင်၊တရားထိုင်”ဆိုပြီးလမ်းညွှန်နေသေးရဲ့။
သူလည်းတရားထိုင်နေကြောင်း၊ ကျန်းမာရေးသိသိသာသာကောင်းလာကြောင်း နည်းပေးလမ်းပြလုပ်နေသေးတယ်။ ဒါပေမယ့် ငယ်ငယ်ထဲက နှစ်ရှည်အတူနေလာတဲ့သူငယ်ချင်းတွေမို့ သူ့အကြောင်းအတွင်းသိအစဉ်းသိတွေမို့ မယုံတဝက်၊ယုံတဝက်ပါပဲ။ သူဟာဘာပဲလုပ်လုပ်၊မရပ်မနားစွဲစွဲမြဲမြဲလုပ်တတ်တဲ့ အစွန်းရောက်တတ်သူမို့ပဲ။ ကျွန်တော်တို့သွားလည်တဲ့ကာလက ဝိပဿနာတရားကိုနေ့နေ့ညည မနားတမ်းအားထုတ် နေချိန်ဖြစ်တယ်။ အိပ်တာတောင် ဘုရားခန်းမှာပဲ အိပ်တယ်။ သူ့နေ့စဉ်ဝတ်စုံဟာလည်း ယောဂီဝတ်စုံပဲဖြစ်တယ်။ (စကားချပ်။။ဝါးနက်ချောင်းစက်ရုံမှာစက်ရုံမှူးလုပ်နေစဉ်တစ်ခေါက်ရောက်ဘူးတယ်။ရုံးမှာတောင်ယောဂီဝတ်စုံဝတ်လို့။)
သူအဲဒိနှစ်ကုန်ပိုင်းမှာ သက်ပြည့်အငြိမ်းစား ယူဖြစ်တယ်။ အငြိမ်းစားယူပြီး ဝါးနက်ချောင်းနားက ရေတာရှည်ကျေးရွာလေးမှာ အခြေချနေကြောင်း သိရတယ်။ တခါမှတော့မရောက်ဖြစ်။ ရန်ကုန်မှာ သူငယ်ချင်းတွေ့ဆုံပွဲကို လာတက်လေ့ရှိတယ်။ အလှမ်းဝေးတော့ အမြဲတမ်းတော့ မလာနိုင်ဘူးပေါ့။
ဒီနှစ်(၂ဝ၁၅)သူငယ်ချင်းတွေ့ဆုံပွဲ ကိုသူရောက်မလာဘူး။ စိတ်ထဲထင့်တော့သွားတယ်။ သူက ရန်ကုန်ကိုလာရင် ဇနီးသားချွေးမမြေးတွေ အကုန်ခေါ်လာတာ။ ခရီးကထောက်တော့ ရန်ကုန်လာရင် မိသားစုလိုက် လာမှလည်းတန်မယ် မို့လား။ သူနေတဲ့အရပ်က ဆက်သွယ်ရေး လည်းကောင်းကောင်းမရဘူး။ သူ့ဆီဖုန်းဆက်မရရင်VIBER ကနေ   message လေးလှမ်းပို့ ထားလိုက်တယ်။ တွေ့ရင်လည်းတွေ့ပေါ့လေ။
ဒီလိုနဲ့(၅-၉-၁၅)ရက်နေ့က သူ့ဇနီးဖုန်းဆက်လာတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က ရန်ကုန်ဆေးရုံကြီးတင်တယ်။ တညပဲထားပြီး ဆေးရုံကဆင်းခိုင်းလိုက်သတဲ့။ သောကြာနေ့ မှော်ဘီပြန်ခေါ်လာပြီး သူငယ်ချင်းတွေကို အခုမှအသိပေးခြင်း ဖြစ်တယ်။
တနင်းလာ(၇-၉-၁၅)ရက်နေ့မှာ အားတဲ့သူငယ်ချင်းငါးယောက် လောက်နဲ့မှော်ဘီကို လူနာမေးသွားကြတယ်။ သူကခုတင်ပေါ်မှာ ပက်လက်လေး၊ သတိတောင်မရတချက်၊ ရတချက်။ ပိန်ကပ်ပြားချပ်နေပြီး ဗိုက်ကတော့ ဖေါင်းနေတာပေါ့။ ဆီးဝမ်းလည်း မထိန်းနိုင်တော့။ စက္ကူပါးလေးတရွက် ခုတင်ပေါ်မှာ ချထားသလိုပဲ။ သူ့ကို စူးစိုက်ပြီးကြည့်ရင်း အိုခြင်း၊ နာခြင်း တရားကို သုံးမိနစ်လောက် စူးစူးစိုက်စိုက် ရှုမှတ်မိတယ်။
သူ့ဇနီးပြောတာက ငါးလဆက်တိုက် နေ့ညအချိန်မရွေး အရက်ကိုမနားတမ်း သောက်သွားတယ်တဲ့။ မိုးလင်းကမိုးချုပ်၊ တရေးနိုးလည်းသောက်သတဲ့။ ဘာမှမစားတော့ အရက်ကလူကို အနိုင်ယူသွားပြီပေါ့။ ဒါပေမယ့် သူ့ကြည့်ရတာ သေချင်လည်း သေစေတော့၊ အဝသောက်ပြီး သေခြင်းဆီကို ရဲရဲဝံ့ဝံ့အရောက် သွားတော့မယ်လို့ စိတ်ပိုင်းဖြတ်ပြီး သောက်ခဲ့တဲ့ပုံပဲ။
သူ့ဆေးဖိုးဝါးခ သူငယ်ချင်းတွေ တတ်နိုင်သလောက်လေး ထောက်ပံ့ခဲ့ကြတယ်။ အတူပါတဲ့ သူငယ်ချင်းတစ်ယောက်ကတော့ မြန်မာဆေးမြီးတို နည်းလေးပေးပြီး ဘုရားကု ကုကြည့်ဖို့ ဆေးပေးခဲ့တယ်။ အခြေအနေထူးရင်လည်း အချိန်မရွေးဆက်သွယ်ဖို့ ပြောခဲ့ရတယ်။ သေဖေါ်သေဖက်၊ တိုက်ဖေါ်တိုက်ဖက်၊ ငတ်ဖေါ်ငတ်ဖက် ငယ်သူငယ်ချင်းတွေဆိုတော့ ဘယ်လောက်ဆိုးဆိုး၊ ဘယ်လောက်ပေပေ...ပစ်မထားရက်ကြဘူးပေါ့။
ကိုယ်ပြန်ရောက်တော့သူ့ကိုသဂြိုဟ်လို့တောင်ပြီးပါပြီ။
လောကမှာလူ(၄)မျိုးရှိသတဲ့။
အမှောင်ကအမှောင်ထဲကိုသွားတဲ့သူ
အမှောင်ကအလင်းထဲကိုသွားတဲ့သူ
အလင်းက အမှောင်ကို သွားတဲ့သူ
အလင်းက အလင်းကို သွားတဲ့သူ...ဆိုပြီးလေးမျိုးရှိသတဲ့။
ကိုယ်ရောက်နေရာ အရပ်က ကိုယ်သွားရမယ့် လမ်းကိုရွေးချယ်ဖို့ တစ်ဦးချင်းတစ်ယောက်ချင်းစီရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှရွေးလို့မပေးနိုင်ပါဘူး။
ရာထူးတွေ၊ ဂုဏ်တွေ၊ စည်းစိမ်ဥစ္စာတွေက ကိုယ်သွားနေတဲ့ နေရာကိုမညွှန်ပြနိုင်ပေဘူး လို့ဆင်ခြင်လိုက် မိတော့တယ်။

ခြစားခံရခြင်း



ရတုကိုစကြားဘူးတာ ပြည်လှဖေရဲ့နတ်ရှင်နောင် သီချင်းထဲမှာပေါ့။ နည်းနည်းကြီးလာတော့ ဒါရိုက်တာမောင်မောင်မြင့်ရိုက်တဲ့ “၁၃ရက်၁၃ယောက်၁၃နာရီ”ဆိုတဲ့ရုပ်ရှင်ဇာတ်ကား ဇာတ်သိမ်းခန်းမှာ“သင်ပေါင်းရိုးရှည်၊ ခိုင်မြောက်စည်လျှက်၊ အမည်ခေါ်မှန်း..” စတဲ့ရတုချိုးလေးပါတဲ့ ရေဒီယိုသီချင်းလေးနဲ့ ဇာတ်သိမ်းထားတော့ ရတုကို စိတ်ဝင်စားလာတယ်။ ရတုဆိုရင် နတ်ရှင်နောင်ကို ပြေးပြေးမြင်လျှက်သား ဖြစ်နေခဲ့ပေါ့။ စောစောကသင်ပေါင်းရိုးရှည်..ကတော့ နတ်ရှင်နောင်ရတုပေါင်းချုပ်မှာ မတွေ့ရပေဘူး။ နောက်တခါတွံတေးသိန်းတန်(ထင်ရဲ့)က“တင့်လှပေဟန်၊ ဖက်မဲ့ရန်တည့်၊ ခြောက်တန်နတ်ရွာ၊ ဘုံကလာသို့..” ကိုသီချင်းဖွဲ့ဆိုပြန်တော့ ဒီအဖွဲ့အနွဲ့ကို နားရည်ဝခဲ့ပြီး ငယ်ဘဝမှာ ရတုရဲ့လွှမ်းမိုးမှု အတော်အတန်ရှိခဲ့ဘူးတယ်။
(ဒါတောင်တပ်ထဲရောက်တော့ ကိုယ့်ထက်ပိုပြီး ရတုခရေဇီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တပ်စုတစ်စုထဲကျလို့ ကိုယ့်မှာအသာ ခေါင်းလျှိုနေခဲ့ရဘူးတယ်။ သူကကိုယ်ပိုင် မယ်ဘွဲ့ရတုတွေရေးပြီး သံကုန်ရွတ်နေတော့ နဝဒေးကြီးတို့ နတ်ရှင်နောင်တို့က နတ်ရွာစံ ကံကုန်သွားပေမယ့် ကိုယ်တို့တသိုက်မှာတော့ ကံဆိုးသူတွေမို့ နားဝကြားရ မသက်သာခဲ့တာ နှစ်နဲ့ချီခဲ့ရတယ်။)
ပြောချင်တာက ရတုအကြောင်း မဟုတ်ပါဘူး။ တမြန်မနေ့က စာအုပ်ပုံရှင်းလင်းရေးလုပ်ရင်း ၁၉၇၃ခုနှစ်ကဝယ်ထားတဲ့ စာအုပ်လေးပြန်တွေ့တော့ ငယ်ချစ်ဟောင်းကိုပြန်တွေ့သလို စိတ်လက်ပျော်ရွှင်ဖြစ်ပြီး“  ကံကောင်းလေတဲ့ စာအုပ်လေး၊ ကံကြီးပေလို့သာ ခုလိုအကောင်းပြကတေ့ ပြန်တွေ့ရပေတယ်”လို့ နှုတ်ခွန်းချိုချိုစကားဆိုမိတယ်။ ကျောဖုံးလှန်ကြည့်မိတော့မှ သူ့ဒါဏ်ရာဒါဏ်ချက်ကို တွေ့ရတော့တယ်။ သို့ပေမယ့် ကံကြီးပေတော့ စာအုပ်အဆုံးအထိ စာသားရှိနေပြီး နောက်ဆက်တွဲတချို့သာ ခြ၏နှိပ်စက်ခြင်းခံရပေတယ်။
ဝန်ထမ်းလုပ်သက် လေးဆယ်နီးပါးမှာ ဒေသစုံပြောင်းရွှေ့ခဲ့ရတော့ စာအုပ်တွေလည်း ဒေသစုံကခြတွေအကြိုက် အာဟာရ ဖြစ်ခဲ့ဘူးတာပေါ့။ အဆိုးရွားဆုံး ခြစားခံရမှု (ဘုရားစူး၊တကယ့်ခြပါခင်ဗျာ) ကတော့ ကိုယ်နောက်ဆုံးနေခဲ့တဲ့ ရန်ကုန်မြို့က အိမ်မှာပါပဲ။ စာအုပ်စင်မှာထားရင်ခြရန်ကြောက်ရလို့ ထင်းရှူးသေတ္တာထဲမှာ သိမ်းဆည်းထားတဲ့ စာအုပ်သေတ္တာ(၂)လုံးကို အားရပါးရ စားသောက်ဝါးမြိုခြင်း ခံလိုက်ရတာပါပဲ။ အနှစ်နှစ်အလလက ချစ်ခင်နှစ်သက်စွာ စွဲလမ်းရတဲ့ စာအုပ်တွေ သုံးစွဲလို့မရတော့အောင် ပျက်စီးသွားတာ ကြည့်ရင်း ဒေါသနဲ့ ဝမ်းနည်းယူကြုံးမရမှုတွေ တလှည့်စီ ခံစားခဲ့ရဘူးတယ်။
ကိုယ့်တသက်တွင်မဟုတ်၊ သားစဉ်မြေးဆက် ကိုးကားဖတ်ရှုရလေအောင်ဝယ်ယူထားတဲ့ အဘိဓါန်အမျိုးမျိုး (အင်္ဂလိပ်-မြန်မာ၊အင်္ဂလိပ်-အင်္ဂလိပ်၊မြန်မာ-အင်္ဂလိပ်) စွယ်စုံကျမ်းအချို့ (အတွဲအစုံမဟုတ်ပါ။) တို့လို ကတ္ထူအဖုံးတွေ သာမက၊ လေးစားအားကျခဲ့တဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင်၊ ဆရာအောင်သင်း တို့စာအုပ်တော်တော်များများနဲ့ သားတွေ လက်လှမ်းမီရာ ဖတ်ဖို့ဝယ်ပေးထားတဲ့ စာအုပ်တွေ မြေကြီးခဲချပ်ပြားတွေ ဖြစ်ကုန်ခဲ့တာပါပဲ။
ဖြစ်ပုံက အိပ်ခန်းလွတ်တစ်လုံးမှာ ထင်းရှူးသေတ္တာတွေ ဆင့်ပြီးထပ်ထား၊ ကိုယ့်ထက်နောက်ကျပြီး ရန်ကုန်ပြောင်းလာတဲ့ ညီမက တိုက်ခန်းမှာ နေရသူဆိုတော့ သူတို့အခန်းနဲ့မဆန့်တဲ့ သေတ္တာတွေ ခုနကအခန်းလွတ်ထဲမှာ ဆင့်ပြီးတင်ထားကြတာပေါ့။ ဖြစ်ချင်တော့ လူမနေတဲ့အခန်းရဲ့ ခေါင်မလုံပဲ မိုးယိုနေတာ တအိမ်လုံးမသိကြဘူး။တနေ့သေတ္တာထဲက ပစ္စည်းတစ်ခုဝင်ရှာရင်း သေတ္တာတွေ ခြကိုက်ခံရမှန်း သိရတော့တာပဲ။ ကုန်ရောပေါ့ဗျာ။
ရက်တော်တော်ကြာမှ ကိုယ့်ဖါသာ သင်ခန်းစာ ဖေါ်ထုတ်မိတယ်။ အမှန်က ကျွန်တော်တို့ဟာ စာအုပ်တွေကို စွဲလမ်းတဲ့စိတ်နဲ့ သိမ်းဆည်းထားတာပဲ။ သေတ္တာတစ်လုံးထဲမှာ သော့ပိတ်သိမ်းခံရတဲ့ စာအုပ်တစ်အုပ်ရဲ့ တန်ဖိုးဟာ ဘာမျှတက်လာစရာ အကြောင်းမရှိပါ။ ဒါကြောင့် ယခုဆိုစာအုပ်ဖတ်ချင်သူ မိတ်ဆွေ အပေါင်းအသင်းများကို မနှမြောမတွန့်တိုပဲ ကြည်ဖြူစွာ ငှါးရမ်းခြင်း၊ လစဉ်ထုတ်နဲ့ အပါတ်စဉ်ထုတ် ဂျာနယ်မဂ္ဂဇင်းများကို လှူဒါန်းခြင်းဖြင့် စာပေကုသိုလ်ယူပါတယ်။
ဒီနတ်ရှင်နောင်ရတုပေါင်းချုပ် စာအုပ်လေးကတော့ ကံကောင်းစွာပဲ ကျောဖုံးနဲ့ အတွင်းစာရွက်အချို့ အကိုက်ခံရပြီး အိုးစားမကွဲပဲ ကျန်ရစ်နေတာပါပဲ။
ဪ..စွဲလမ်းမှု သမုဒယကြောင့် ဖြစ်သော ဆင်းရဲခြင်းပါတကား။






Tuesday, July 28, 2015

သူတို့တာဝန်ကျေပါသည်


သူတို့ဆိုတာ ကိုရွှေထူး(ပြည်)၊ စိုးသော်တာ(ပြည်) နှင့်သရဝဏ်(ပြည်)တို့ သုံးဦးဖြစ်ပါသည်။
သုံးဦးစလုံး နိုင်ငံကျော်ကာတွန်းဆရာ စာရေးဆရာများဖြစ်ကြောင်း ကျွန်တော်ရှင်းပြစရာ လိုမည်မထင်ပါ။ ယခုရက်ပိုင်းအတွင်း ထိုဆရာသုံးဦး ပြည်မြို့သို့ပြန်ခဲ့ကြပြီး  Barcamp(Pyay) အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သူတို့၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် သိခွင့်ရနေပါသည်။ အမှန်တော့ Barcampဆိုသည်မှာ အစဉ်အလာအခမ်းအနားပုံစံမျိုးမှခွဲထွက်လာသော လူငယ်ထုပညာရပ်ဆွေးနွေးဖလှယ်သောပွဲ ဟုဆိုနိုင်ပါ၏။ ပြည်မြို့တွင်ယခုနှစ် Barcamp ပွဲအပါအဝင် လေးကြိမ်ကျင်းပ ခဲ့ပြီးဖြစ်သည်။ ယခင်သုံးကြိမ်ကျင်းပသည့်ပွဲသည် ယခုနှစ်လို နာမည်ကျော်အနုပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ခြင်း မရှိဘူးပါ။ သို့သော် သူအတိုင်းအတာနှင့်သူ အောင်မြင်ခဲ့ပါသည်။ ယခုနှစ်ကဲသို့ ရပ်ဝေးရောက် ပြည်သားအနုပညာရှင်များ ပူးပေါင်းအားဖြည့်လိုက်ခြင်းဖြင့် အချိုပေါ်သကာလောင်း လိုက်သည်ဟု ကျွန်တော်ယူဆပါသည်။ ပွဲပိုလှသွားသည် ဆိုရမည်ပင်။
သို့ပင်သို့ငြားမူလBarcamp ၏အနှစ်သာရကိုထိခိုက်သည်ဟုကျွန်တော်မယူဆပါ။ Barcampဆိုသည်သင်ခန်းစာပို့ချပြီး သင်ကြားမှုပုံစံမဟုတ်မူပဲ မိမိနှစ်သက်ရာအကြောင်းအရာ၊ မိမိဆွေးနွေးလိုသည့်အကြောင်းအရာ ကိုလွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခွင့်ပေးထားပါသည်။
ထိုဆရာသုံးဦးသည် ရန်ကုန်မြို့တွင်အခြေချနေထိုင်ပြီး စာပေနယ်တွင်ကျင်လည်နေရသူများဖြစ်ရာ သူတို့အတွက် အချိန်ပို အင်မတန်ဆင်းရဲမည်မှာ သေချာပါသည်။ သို့သော် မိမိဇာတိရပ်ရွာအရေးနှင့် ပတ်သက်လာသောအခါ အချိန်ဆင်းရဲမှုကို လစ်လျှူရှုခဲ့ပြီး တက်ကြွစွာ ပါဝင်ခဲ့ကြသဖြင့် သာဓုအကြိမ်ကြိမ်ခေါ်ရပါ၏။
အမှန်ကိုပြန်ပြောရလျှင် ထိုဆွေးနွေးပွဲပဌမဆုံး ပြုလုပ်သည့်နှစ်က ကျွန်တော်တက်ရောက်ရန် အစီအစဉ်ရှိခဲ့ဘူးပါ၏။ Organizing Committee မှတာဝန်ခံလူငယ်ကို တယ်လီဖူန်းနှင့်ဆက်သွယ်ပြီး မိမိတက်ရောက်ဆွေးနွေးလိုကြောင်းပင် စာရင်းတို့ခဲ့ပါ၏။

ဦးဆုံးပြုလုပ်သည့်ပွဲမို့ သူတို့စိတ်လှုပ်ရှားမှုရှိနေသည်ကိုလည်း တယ်လီဖုန်းထဲကလူငယ်၏အသံကို နားထောင်ပြီး မိမိခန့်မှန်းမိလိုက်သည်။ ကျွန်တော့်ကိုလည်း လှိုက်လှဲစွာကြိုဆိုလျှက် နေရေး၊စားရေးအစီအစဉ်များကအစ အသေးစိတ်ရှင်းပြပါသည်။ ကျွန်တော်အမှတ်အသားမမှားခဲ့ဘူးဆိုလျှင် နယ်မှတက်ရောက်သူများအတွက် ခရီးစရိတ်တစိတ်တဒေသကိုပြန်ထုတ်ပေးမည်ဟုကြေညာခဲ့သည် ထင်ပါသည်။ ကျွန်တော်ကတော့ပြည်သားဖြစ်ကြောင်း ကျွန်တော့်အတွက်ဘာမှမလိုအပ်ကြောင်း ပြန်ရှင်းပြခဲ့ပါသည်။ ထိုလူငယ်ကပင် မိမိဆွေးနွေးမည့်ခေါင်းစဉ်ကို သိလို့ရမလားဟု မေးလာပါသည်။
ကျွန်တော်ပြည်ကိုပြန်ချင်သည်မှာ ယခုလိုပွဲမျိုးကိုတက်ခွင့်သာလျှင် အသက်ခြောက်ဆယ်နားကပ်နေသော သက်ကြီးပိုင်းကွန်ပျူတာနည်းပညာနှင့်အလှမ်းဝေးနေသူများကို အင်တာနက်၏အသုံးဝင်ပုံနှင့် အသုံးချနိုင်မည့်အခွင့်အလမ်းများ အကြောင်းဆွေးနွေးလိုရင်းဖြစ်ပါသည်။ တနည်းအားဖြင့် သက်ကြီးကွန်ပျူတာမတတ်သူပပျောက်ရေး ဆွေးနွေးလိုရင်းဖြစ်ပါသည်။
ဒါဖြင့် ဦးဆောင်ဆွေးနွေးမည့် ကျွန်တော်က ကွန်ပျူတာဘယ်လောက်တတ်နေပြီလဲ ။ထိုအချက်သည် ကျွန်တော် အဆွေးနွေးချင်ဆုံးပင်။ ကွန်ပျူတာသင်တန်းပင်မတက်ဘူးသော မိမိကိုယ်တွေ့နှင် နှိုင်းယှဉ်ပြီး သိလိုသောအချက်အလက်ကို ကွန်ပျူတာ(သို့)မိုဘိုင်းဖုန်းဖြင့် ဘယ်လိုရှာဖွေရမည်ကို ဆွေးနွေးအားပေးသွားရန် ရည်ရွယ်ပါသည်။
သို့သော်ပွဲနီးကပ်ချိန်တွင် ကိုယ်ရေးကိစ္စတစ်ခု ရုတ်တရက်ပေါ်လာသဖြင့် မသွားလိုက်ရတော့ပါ။ မိမိဇာတိရပ်ရွာအရေးကို ကိုယ်နိုင်သလောက်ပါဝင်လိုသော်လည်း မဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောလိုရင်းဖြစ်ပါသည်။ ကျွန်တော်ဆွေးနွေးမည့် Subject သည်ပညာတတ်လူငယ်များ စိတ်မဝင်စားနိုင်သော်ငြား အိုင်တီနည်းပညာနှင့် နီးစပ်မှုမရှိသော လူလတ်နှင့်လူကြီးပိုင်းကို target လုပ်ပါသည်။မိမိစိတ်ကူးများက အကောင်အထည် မပေါ်လာသော်ငြားလည်း နည်းပညာတို့ကဖြင့် ရပ်တန့်မနေပါ။ အဖိုးကြီးတွေကအိုင်တီကိုဝေ;ဝေးရှောင်နေသော်ငြား နည်းပညာတို့က သူတို့ထံအတင်းတိုးခွေ့ ဝင်လာနေပါပြီ။ ဆိုခဲ့သည့်အချိန်ကထက် ယနေ့အင်တာနက်(အထူးသဖြင့်မိုဘိုင်း)နှင့်application  များကသုံးစွဲရ အလွန်လွယ်လို့လာနေပါပြီ။ Barcamp ဟူသည်ဆယ်ကျော်သက် တို့အတွက်သာမဟုတ်၊ ဦးဦးတို့ ဒေါ်ဒေါ်တို့ ဖိုးဖိုးဖွားဖွားတို့အတွက်လည်း အကျိုးများနိုင်ကြောင်း ထပ်ကြိုးစားကြည့်ပါဦးမည်။
ဆိုခဲ့သလိုပင်၊ ကျွန်တော်ကတော့ ဆာသော်ဒိုးတို့ ကိုရွှေထူးတို့ သရဝဏ်တို့လို နာမည်ကျော်လည်းမဟုတ်ပါ။ သို့သော်ကိုယ့်မြို့ကိုယ့်ရွာအရေးကိုတော့ဖြင့် ကိုယ်နိုင်သလောက် ထမ်းပိုးချင်သည့် စိတ်ကမလျှော့ပါ။ ကိုယ်မလုပ်နိုင်သေးသော၊ ကိုယ်မလုပ်နိုင်သောတာဝန်ကို ဦးထမ်းပဲ့ထမ်း တမ်းခဲ့ကြကုန်သော ညီငယ်သုံးဦးကို လေးစားဂုဏ်ယူကြောင်းပြောလိုရင်းဖြင့်Barcamp Pyay 2015 ကိုဂုဏ်ပြုလိုက်ပါ၏။




Sunday, July 5, 2015

နှောင်းတမြေ့မြေ့

ခံစားချက်က တကယ့်အဟောင်းကြီးပါ။
ကြာလှပေါ့။ ဒါပေမယ့်ရင်ထဲမှာ တဆစ်ဆစ်နဲ့စူးနစ် နေတဲ့ဆူး
တချောင်းလိုပဲ။
လူတိုင်းနီးနီးကြည့်ဘူးကြတဲ့ “နှောင်းတမြေ့မြေ့” ဆိုတဲ့ဇာတ်လမ်းလေးအကြောင်း။
အထက်တန်းကျောင်းသားဘဝမှာ စာရေးဆရာမြတ်ထန်ရဲ့ ပဌမဦးဆုံးလုံးချင်းဝတ္ထုကို ဖတ်ရတယ်။မြ တ်ထန်ဆိုတာဘယ်သူမှန်းမသိတဲ့ ကလောင်သစ်တစ်ဦးလို့ ထင်လိုက်တယ်။ ဟုတ်တယ်။ကလောင်သစ် တော့အမှန်ပဲ။ ဒါပေမယ့် ဗိုလ်မှူးကြီးဟောင်းတစ်ယောက်ဆိုတာ ဝတ္ထုဖတ်ပြီးမှသိလိုက်ရ။
စစ်သားဟောင်းကြီးဆိုတော့လည်း သူ့ရဲ့ဦးဆုံးစာအုပ်က စစ်အခြေခံဇာတ်လမ်းပဲဖြစ်မှာပေါ့။ ဟုတ်တယ်။ ဒါပေမယ့်တပ်မတော်အရာရှိနှစ်ဦးရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပါ။ စာအုပ်ဆုံးသွားတော့ ရင်ထဲမှာအလွမ်းဝေဒနာတွေ ကျန်ရစ်ခဲ့တယ်။ ဝတ္ထုရဲ့ခေါင်းစည်းလေးကို ဆရာမြတ်ထန်က ဇာတ်သိမ်းမှဖေါ်လိုက်တယ်။
ညအိပ်ယာဝင်စစ်ခရာသံလေးက အေးအေးငြိမ့်ငြိမ့် လေးလေးတွဲ့တွဲ့။ အဲဒီစစ်ခရာသံလေးဟာ ဆွတ်ပျံ့လွမ်းမောဖွယ်သီကြူးနေပုံနဲ့ ဇာတ်သိမ်းလိုက်တယ်။ ကိုးတန်းကျောင်းသားကိုယ်က အဲ့ဒီခရာသံနားမထောင်ဘူးပေမယ့် ဝတ္ထုထဲကဇာတ်ကောင် ဗိုလ်မှူးသက်မွန်နဲ့ခင်လေးတို့ရဲ့ ကြေကွဲဖွယ်ဇာတ်လမ်းကြောင့် ဝမ်းနည်းခဲ့ရတယ်။
ရှေ့တန်းမှာဒါဏ်ရာရပြီး ဆေးရုံရောက်တော့ အပါတ်စဉ်ဗုဒ္ဓဟူးနဲ့စနေနေ့တွေရောက်တိုင်း ဆေးရုံမှာရုပ်ရှင်ကြည့်ဖြစ်တယ်။ တနေ့..ဒါရိုက်တာမောင်ဝဏ္ဏရဲ့ “နှောင်းတမြေ့မြေ့” ကိုအမှတ်မထင်ကြည့်ရတယ်။ ကျောင်းသားဘဝကဖတ်ဘူးတဲ့ဝတ္ထုကောင်းတစ်ပုဒ် ဆိုတာသိထားတဲ့ကိုယ်က ရုပ်ရှင်ပြောင်းရှိက်ရင် ဘယ်လိုမှကောင်းနိုင်မယ် မထင်ဘူးဆိုတဲ့စိတ်ထားပြီး ကြည့်ဖြစ်တယ်။
ကိုယ်..အထင်နဲ့အမြင်လုံးဝမှားသွားကြောင်း ဝန်ခံလိုက်ရပေါ့။ သာမန်သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း ရိုးရိုးစင်းစင်းကြီးကို စလယ်ဆုံးမငြီးငွေ့ရအောင် ဆရာမောင်ဝဏ္ဏက အသေးစိတ်ချယ်မှုန်းပြထားတယ်။ အသေးစိတ်ဆိုလိုက်လို့ သာမန်ရုပ်ရှင်ပရိတ်သတ်တစ်ဦးအတွက် မျက်ခုံးပင့်မေးစရာရှိကောင်းရှိနေနိုင်ပါတယ်။
ကျနော်ကရုပ်ရှင်ဝေဖန်ရေးဆရာမဟုတ်လို့တစ်ခုချင်းဘာကောင်းတယ်၊ဘယ်လိုကောင်းတယ်၊ ဆင်းန်တွေကဘယ်လို၊အရုပ်တွေ၊ အသံတွေကဘယ်လိုဆိုတာ ပြောနိုင်မှာမဟုတ်ပါဘူး။
ကျနော်ပြောမှာကဒီရုပ်ရှင်မှာမူရင်းစာရေးဆရာပေးချင်တဲ့ Theme ကိုဒါရိုက်တာမောင်ဝဏ္ဏက အမိအရဘယ်လိုရိုက်ပြပြီး ပရိတ်သတ်ဆီပို့ပေးလိုက်သလဲ ဆိုတာလေးပါ။
ဒီနေရာမှာဝတ္ထုကိုရုပ်ရှင်ပြောင်းတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ Theme ပျောက်မသွားအောင်ဒါရိုက်တာပညာနဲ့ ကျွမ်းကျင်စွာကိုင်တွယ်ပုံလေးကို ကြားဖြတ်ပြောပြပါရစေ။ ရုပ်ရှင်ကြည့်ဘူးသူအများစုကတော့ ဗိုလ်စိုးနိုင်ကျဆုံးပြီး ဗိုလ်မှူးသက်မွန်နဲ့မခင်လေးတို့ ညားကြလေသတည်း လို့ပဲသိကြပါတယ်။
မူရင်းဝတ္ထုထဲမှာဆရာမြတ်ထန်က ဆေးတပ်ဗိုလ်မှူးသက်မွန် တိုက်ပွဲကျသွားတဲ့အတွက် မခင်လေးက စစ်ကိုင်း
ချောင်မှာ သက်ဆုံးတိုင် သီလရင်ဘဝနဲ့ အရိုးထုတ်။ဗိုလ်စိုးနိုင်အိမ်ထောင်ကျပြီး သားလေးမွေးလာတော့ သူ့သားလေးကို“သက်မွန်”လို့နာမည်ပေးပါတယ်။
ဝတ္ထုထဲမှာသက်မွန်သေပေမယ့် ရုပ်ရှင်ပြောင်းတဲ့အခါမတော့ စိုးနိုင်ကိုသေပေးလိုက်ပါတယ်။ သေပုံကတော့ မူရင်းအတိုင်းအသက်နဲ့လဲပြီး ကာကွယ်ရင်းသေတာပါပဲ။ အမှန်ဝန်ခံရရင် ရုပ်ရှင်ဇာတ်သိမ်းလေးက ကျနော့်ရင်ကိုပိုပြီးရိုက်ခတ် စေပါတယ်။ စစ်အခမ်းအနားနဲ့ဗိုလ်စိုးနိုင်ကိုသဂြိုဟ်တဲ့ပြကွက်မှာ နောက် ကြောင်း
ပြန်အနှေးရိုက်ချက်တွေနဲ့ တိုက်ပွဲဖြစ်စဉ်၊ အသက်ပေးကာကွယ်ပုံရိုက်ချက်တွေဟာ ပရိတ်သတ်ကိုရင်နင့်စေခဲ့တယ်။ ဒါ
ရိုက်တာရဲ့ပညာစွမ်းကို အဲဒီဇာတ်သိမ်းမှာ မြင်ခဲ့ရတယ်။ ဝတ္ထုထဲမှာလုံးဝမပါတဲ့ စစ်အခမ်းအနားနဲ့သဂြိုဟ်တဲ့ပြကွက်မှာပဲ မူရင်းစာရေးသူလိုချင်တဲ့Theme ကိုအမိအရ ဆုတ်ဖမ်းပြလိုက်တယ်။
ဟုတ်ပါတယ်။ ကျဆုံးသွားတဲ့စစ်သည်ကို နောက်ဆုံးဂုဏ်ပြုတဲ့ စစ်ခရာသံပါပဲ။ တပ်ထဲမှာတော့ Linedown Bugle လို့ခေါ်ပါတယ်။ ညကိုးနာရီအိပ်ယာဝင်ချိန်မှာ မှုတ်တဲ့ခရာသံပါ။ ဆွေးမြေ့လေးတွဲ့တဲ့ အဲဒိခရာသံနဲ့ ကျဆုံးသူကိုနောက်ဆုံးအလေးပြု နှုတ်ဆက်တာကို အသေးစိတ်ရိုက်ကူးပြသွားတယ်။ တကယ်တော့ ဆရာမြတ်ထန်ပြောချင်တဲ့“နှောင်းတမြေ့မြေ့”ဆိုတာ အဲဒီခရာသံပါပဲ။ ကျဆုံးသွားပြီဖြစ်သော ဗိုလ်စိုးနိုင်ကို သေနတ်မြေစိုက် အလေးပြုနေချိန်မှာ“နှောင်းတမြေ့မြေ့”စစ်ခရာသံလေးပါပဲ။ မောင်ဝဏ္ဏရဲ့ဒါရိုက်တာပညာကို တလေးတစား အသိအမှတ်ပြုလိုက်ရတယ်။

     ***************            ***************         ****************
ဖေဖေါ်ဝါရီတစ်လလုံး ကျွန်တော်လူသူကင်းဝေးရာ ရောက်နေသည်။ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်။ ပြင်ပလောကကြီးနှင့်လုံးဝအဆက်ပြတ်။ ရေတံခွန်တောင်ခြေသည် အေးအေးစိမ့်စိမ့်။ တောင်ရိပ်မိုးနေသဖြင့် နံနက်ခင်းနေရောင်သည် နောက်ကျစွာရောက်၏။ ဆောင်းမကုန်သော အညာမှာ အနွေးထည်ထူထူကြောင့် နေသာယုံမျှသာ။
တပေါင်းလဆန်း(၃)ရက်ည။
လှိုင်ဂူစေတီတွင်း၌ ဝိပဿနာကိုစူးစိုက်စွာအားထုတ်လျှက် ငြိမ်သက်စွာ။ ရုတ်တရက် တဝေါဝေါမြည်သံများကြားမိသည်။ လှိုင်းတွေကမ်းခြေကျောက်ဆောင်ကို တိုက်ခတ်သလိုလိုဆူညံမြည်ဟီး။ စိတ်အာရုံကိုပြန်လည်စုစည်းလိုက်သည်။ အသံတွေက နားဆီသို့တိုးတိုက်ဆဲ။ လှိုင်းအော်သံတွေ တသောသော။ သတိကိုနှာဝဆီသို့ ပြန်ကပ်ထားလိုက်။ ဝင်လေတိုးတိုး နှာသီးဖျားနွေးသွားယုံ ၊ထွက်လေနွေးနွေး နှာသီးစပ်မှတိုးထွက်သွား။
လှိုင်းသံတို့ဆူညံကျယ်လောင်။
ဒါမှမဟုတ်အပြင်မှာ မိုးသည်းသည်းရွာနေလား။ အသံတို့ ပိုမိုကျယ်လောင်အော်ဟစ်။ ဝင်လေထွက်လေမှာ စိတ်ကိုမနည်းပြန်စုစည်းနေရ၏။ ခက်ခဲစွ။
ဆယ်သုံးရက်မြောက်ယနေ့ညကိုခက်ခဲစွာဖြတ်သန်းရပြီ။
ဘုရားကိုဦးသုံးကြိမ်ချကန်တော့ပြီး စေတီတွင်းမှဆင်းလာခဲ့သည်။ တသောသောတိုက်နေသော တောင်လေသည် ကျွန်းရွက်တွေကို ဟိုမှသည်မှသယ်ဆောင်ပြီး မြေပြင်အနှံ့ပြေးလွှားနေသည်။ မြေကြီးနှင့်ကျွန်းရွက်တို့ပွတ်တိုက်သံကို မျက်ဝါးထင်ထင်မြင်ရပြီ။ လရောင်ထိုးကျနေသော်ငြား လမင်းကိုမမြင်ရ။
ကိုးနာရီမထိုးသေး၊ အိပ်ဆောင်သို့မပြန်လို၍ စေတီရှေ့ ခုံတန်းပေါ်ထိုင်ချလိုက်သည်။ တောင်ခြေဘုန်းကြီးကျောင်းဆီက မျောက်တွေအဆက်မပြတ် အူနေသည်။ ကြွေရွက်တို့က သောသောလှုပ်လျှက်လေဆောင်ရာမျောနေဆဲ။ နားထဲသို့အသံတစ်ခုဝင်လာနေသည်။
ဖေဖေါ်ဝါရီ(၂ဝ)ရက်။
ခရာသံ။
စစ်ခရာသံ၊ တိတ်ဆိတ်သောညမှာ အဝေးဆီကခရာသံကိုကြားနေရသည်။ ဟိုးရက်တွေကတရုတ်နှစ်သစ်ကူးမှာကြားခဲ့ရဘူးသော ဆူညံသည့်မီးရှုးမီးပန်းဖေါက်သည့်အသံ တွေနှင့်လုံးဝမတူ။ တိုးတိုးငြင်ငြင်၊နူးနူးညံ့ညံ့။
ပြီးတော့ဆွေးဆွေးမြေ့မြေ့။
Linedown bugle သံပါလား။
မျက်စေ့အောက်မှာပင် နွေကိုထင်ထင်ရှားရှား မြင်နေရ၊ Linedown bugle သံကိုကြားနေရ။ ညသည်အရာရာကို ပြောင်းလဲနေစေပြီ။ ခုံတန်းလျားပေါ်ထိုင်နေရင်း လွမ်းမောစိတ်ဖြင့်တောင်ခြေဆီငေးရီလျှက်ကျောက်ဆစ်ရုပ်လိုငြိမ်သက်စွာ.. .. ..နှောင်း တ မြေ့ မြေ့… ဖြင့်…….




မိတ်ဆွေဟောင်းတစ်ဦး

မနေ့ကသေပြီလို့ကိုယ်ထင်ထားခဲ့တဲ့ ရဲဘော်ရဲဘက်တစ်ယောက်နဲ့ ပြန်လည်ဆုံစည်းခွင့်ရခဲ့တယ်။ ဟုတ်တယ်။ ကိုယ့်စိတ်သညာထဲမှာ သူသေခဲ့ပြီလို့မှတ်ထားခဲ့တာ နှစ်တော်တော်ကြာခဲ့ပြီပဲ။ အခုသူ့အသက်က (၈၆)နှစ်ဆိုတော့ ကိုယ်အမှတ်လွဲခဲ့တာလည်း နည်းနည်းယုတåိရှိနေသလို။
နောက်ပြန်ပြီးစဉ်းစားတယ်။ ကိုယ်တို့ဆေးရုံပေါ်ရောက်ခဲ့တဲ့ ကာလအပိုင်းအခြားက ပုဂ္ဂိုလ်တော်တော်များများ လောကကြီးကိုနှုတ်ဆက်ထွက်ခွါ သွားကြပြီလေ။ ရိုးရိုးထိခိုက်ဒါဏ်ရာရသူတွေကို ထည့်မတွက်ပဲ ကိုယ်လိုခြေထောက်စွန့်ခဲ့သူတွေချည်း ရေတွက်ကြည့်မယ်။ အင်း..ကိုသောင်းမြင့်(ဒူးအောက်တစ်ဖက်)ကိုလှတင်(ဒူးအောက်)ကိုဥာဏ်တင်(ဒူးအောက်)ကိုမောင်ဇော်(ဒူးအောက်နှစ်ဖက်)ကျော်မြင့်(ပဲခူး)(ဒူးအောက်)ကိုအောင်ခန့်(ဒူးထက်)ကိုသိန်းဆွေမြင့်(ဒူးထက်)ဗိုလ်ကြီးဝင်းဖေ(ဒူးအောက်)ဗိုလ်မှူးစိန်မင်း(ဒူးထက်)ဗိုလ်ကြီးကိုကို(ဒူးအောက်)...
အခုကိုယ်ပြောတဲ့ ဗိုလ်မှူးဘရစ်(ဂ်ျ)ရိုင်းက အသက်(၈၆)နှစ်ဆိုတော့ သေတဲ့စာရင်းထဲ မှားသွင်းမိတာ သိတ်တော့မလွန်။ ဒါတောင်အခုလက်တန်း ရွတ်သွားတာ ကိုယ်အင်္ဂါစွန့်ခဲ့ရသူစာရင်း သက်သက်ရှိသေး။ ရှေ့မှာရာထူးတပ်ခေါ်ထားတဲ့ပုဂ္ဂိုလ်များဟာ အသက်အရွယ်အရ ကိုယ်တို့နဲ့တော်တော်အဟတ်ကွာ သူတွေမို့ဖြစ်တယ်။
မှူးရိုင်း ဆေးရုံပေါ်ရောက်လာတာ ၁၉၇၆ခုနှစ်၊ ရွှေကျင်ကျောက်ကြီးဖက်က မိုင်းထိလာတာ။ စရောက်ကတည်းကပျော်ပျော်ပဲ။ ကိုယ့်လို ကျန်တဲ့ခြေတစ်ဖက်ကလည်း အရိုးသွင်သွင်ကျိုးလို့ပေါင်ရင်းထိ ကျောက်ပတ်တီးစည်းထားရတယ်။ သူ့လက်သုံးစကားလေး အမှတ်ရမိသေးတယ်။
“တို့ကဆပ်ကပ်ထဲကမီးကစားတဲ့သူတွေလိုပဲကွ၊အခန့်မသင့်တဲ့တနေ့တော့မီးအဟတ်ခံရတာပဲပေါ့”
ဆေးရုံနဲ့တပ်ရင်းကနီးတော့ မိသားစုလိုက်ဆေးရုံလာကြည့် စောင့်ရှောက်ကြတယ်။ စတီရီယိုကက်ဆက်တစ်လုံးလည်းပါတော့ သီချင်းတွေမနားတမ်းဖွင့်နေတာပဲ။ သီချင်းဖွင့်တယ်ဆိုလို့ ခေတ်ပေါ်သီချင်းလုံးဝ နားမယဉ်သူဖြစ်တယ်။ ကိုယ်ကတံခွန်ဂျာနယ်ထဲ ကြော်ငြာသမျှစီးရီးခွေတွေကို ဝယ်ခိုင်းသမျှ အကုန်ဝယ်ပြီး မိုးလင်းမိုးချုပ်ကိုဖွင့်တော့တာ။ ခေတ်မီမီနေတတ်တယ်ဆိုရမလားပဲ။ ကိုယ်နဲ့ကအသက်အစိတ်ကျော်လောက်ကွာပေမယ့်ကိုယ့်ကို“အငယ်ဆုံးညီလေး”လို့ပဲခေါ်တယ်။ တခါတလေလည်း မဟာမိတ်”လို့ခေါ်ချင်ခေါ်တယ်။ဘိုဆန်ဆန်“ကွန်းမရိတ်”လို့ခေါ်တဲ့အခါလည်းခေါ်ရဲ့။သေချာတာကတော့အရွယ်မတူသူသုံးဦးဖြစ်တဲ့သူရယ်၊ကိုယ်ရယ်၊ ဗိုလ်ကြီးမောင်ဇော်ရယ်ဟာ အရာရှိကုသဆောင်ရဲ့သက်တမ်းကြာ အမာခံများဖြစ်ကြလေတော့ ညီရင်းအကိုတွေလို ပေါင်းသင်းဆက်ဆံဖြစ်ကြခြင်းပဲ။
မြန်မာစကားအားနည်းတာလေးလည်း တမျိုးချစ်ဖို့ကောင်းတယ်။ တခါကရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ကို ကိုမောင်ဇော်နဲ့ကိုယ့်ကို ပြန်ပြောပြတယ်။
“ကောင်လေးကကောင်မလေးကို၁၅ဝဝအချစ်နဲ့ချစ်တယ်ဗျာ။ဒါပေမဲ့ကောင်မလေးကသူ့ကို..ခြောက်ရာခုနှစ်ရာကျော်လောက်ဗျာ..ဟို..နံပါတ်တော့ကျနော်မမှတ်မိဘူး..”
“၅၂၈လုပ်ပါဗိုလ်မှူးရယ်”ခေါင်းကုတ်စဉ်းစားနေသောသူ့ကို ကိုမောင်ဇော်ကစကားထောက်ပေးရတယ်။
သူမြစ်ဝကျွန်းပေါ်တပ်မှာနေတုံးကမော်တင်စွန်းဖက်မှာတာဝန်ကျတုံးကရဟန္တåာမြင်ခဲ့ရတာကိုပြန်ပြောပြပုံက
“မော်တင်စွန်းမှာ out post ယူတုံးကဗျာ..ကောင်းကင်မှာ ဘုန်းကြီးတွေမတ်တပ်ရပ် ပျံနေတာတွေ့ဘူးတယ်။ တခါလည်းမဟုတ်ဘူး၊ ခဏခဏတွေ့တာ၊ဆွမ်းခံကြွတာလည်း မဟုတ်ဘူး”
“အဲဒါရဟန္တåာဈာန်ပျံတယ်ခေါ်တယ်ဗိုလ်မှူးရဲ့”
သူနားလည်အောင်ပြောပြရတယ်။

ရှည်လျားတဲ့ကျနော်တို့ရဲ့ဆေးရုံနေ့များမှာ သက်ကြီးစကားသက်ငယ်ကြားဆိုသလို သူ့အတွေ့အကြုံတွေကလည်း များမှများပဲ။ ဂမ္ဘီရဆန်တဲ့နောက်ထပ်အတွေ့အကြုံတစ်ခုက သူမင်းဘူးစေတုတ္ထရာဖက်မှာတွေ့ခဲ့ဘူးတဲ့ တန်ခိုးရှင်တယောက်အကြောင်းပဲ။ ပရိတ်သတ်အတော်များများစုဝေးနေချိန် အဲ့ဒီပုဂ္ဂိုလ်ဟာ အဆောက်အဦးနံရံကိုဖြတ်ပြီးထွက်လာတာ သူကိုယ်တိုင်မြင်ခဲ့ရဘူးသတဲ့။ ရုပ်ရှင်ထဲက special effect  အတိုင်းပဲတဲ့ဗျာ။
ပျော်ပျော်နေတတ်တဲ့ဗိုလ်မှူးဟာ ကျနော့်လိုပဲခြေတုတစ်ဖက်၊ ကျန်တဲ့ခြေထောက်ကခြေအားပြုကိရိယာတတ်ပြီးမှ လမ်းလျှောက်နိုင်ပါတယ်။နှစ်ကြီးသမားသုံးယောက်အနက် အရင်ဆုံးခြေတုတပ်ပြီး ဆေးရုံဆင်းတာကျနော်ပါ။သူတို့နှစ်ယောက်က ကျနော့်နောက်မှဒါဏ်ရာရတာဆိုတော့ အရင်ရောက်တဲ့သူ အရင်ဆင်းတဲ့သဘောပါပဲ။ကျနော့်ဆေးရုံသက်တမ်းက သုံးနှစ်ပြည့်ဖို့(၂)လပဲ လိုပါတော့တယ်။
ဗိုလ်မှူးရိုင်းတစ်ယောက် ဆေးရုံဆင်းပြီး ကုန်းလမ်းပို့ဆောင်ရေး(မန်း)ကို ပြောင်းရွှေ့သွားကြောင်းပဲ သိခဲ့ရပြီးအပြင်မှာ တစ်ခါမှပြန်မဆုံတော့ပါဘူး။မနေ့က ပင်စင်ထုတ်ပြီးအပြန် သူငယ်ချင်းစောနု(Saw Aung)မန်းကဖုန်းဆက်ပါတယ်။သူကပုသိမ်ကြီးကတပ်ရင်းမှာ တပ်ရင်းမှူး၊ခုအငြိမ်းစား။ဗိုလ်မှူးရိုင်းကိုသိလား ဆိုတော့အံ့ဩရတယ်။ကိုယ်ထင်တာက စောစောကပြောသလို သေပြီပဲထင်တာ။စောနုက ဗိုလ်မှူးနဲ့ဖုန်းပြောခိုင်းတယ်။နှစ်ယောက်စလုံး ဘာကစမေးရပြောရမှန်းမသိအောင် ဝမ်းသာနေကြတယ်။အသက်(၈၆)နှစ်အဖိုးအိုတစ်ယောက်က အကြားအာရုံ ချို့ချို့တဲ့တဲ့။သူ့မိသားစု၊ကိုယ့်မိသားစုအကြောင်း ရောက်ပြန်တော့ စိတ်မကောင်းဖြစ်ရတယ်။သားသမီးများတဲ့ဗိုလ်မှူး၊တချို့သမီးတွေ ကိုယ့်ထက်တောင် အသက်ကြီးသေး။သားတွေကလည်း များမှများ။သူပြောတော့ သားတွေအားလုံးသေပြီဗျာ တဲ့။တလေးတွေက ဟိုကတည်းက နည်းနည်းဆိုးတယ်။အခုသမီးနှစ်ယောက်နဲ့ ပုသိမ်ကြီးမှာနေတယ်တဲ့။ ဗိုလ်မှူးကတော်အကြောင်းမေးတော့ ကျနော်ပိုပြီး စိတ်ထိခိုက်ရတယ်။အိပ်ရာထဲလဲနေတာ(၃၅)နှစ်ရှိပြီတဲ့။အိပ်ရာပူနာ( Bed sore)မဖြစ်လို့ တော်သေးဆိုရမယ်။တွေ့ချင်သေးတယ် ဗိုလ်မှူးရယ်၊လာဖြစ်အောင်လာခဲ့မယ် လို့လည်းပြောလိုက်တယ်။
ဒီမနက်သူငယ်ချင်းစောနုကဗိုလ်မှူးဓါတ်ပုံတွေ Tag ပေးလိုက်လို့ကြည့်ဖြစ်တယ်။မတွေ့တာ(၃၇)နှစ်ရှိပေမဲ့ ဗိုလ်မှူးမျက်နှာက ဟိုးလွန်ခဲ့တဲ့ဆေးရုံပေါ်မှာ တွေ့ခဲ့တဲ့အတိုင်း မပြောင်းမလဲ။ လောကဓံရဲ့အထုအထောင်းကို ကြံ့ကြံ့ခန့်နေနိုင်တဲ့ သူ့စိတ်ဓါတ်ကို လေးစားဦးညွှတ်မိတယ်။
လူရယ်လို့ဖြစ်လာရင်အိုရမယ်..နာရဦးမယ်..ပြီးရင်သေကြရဦးမှာပါပဲ။
ဇာတိ၊ဇရာ၊ဗျာဓိ၊မရဏဆိုသော်လည်းမအိုခင်နာချင်နာကြရ၊မနာခင်သေချင်သေကြရပေမှာပဲ။ဆရာမောင်သာရရဲ့ဝတ္ထတြစ်ပုဒ်” လှချင်သမျှလှခဲ့ကြစမ်း” ဆိုမွေးပြီးပြီးချင်းသေဆုံးရတဲ့လူသားတယောက်အကြောင်းရေးထားတာတရားရဖို့ကောင်း။
အသက်ရှင်နေသမျှတော့လောကဓံရဲ့အထုအထောင်း၊အရိုက်အပုတ်ကို(ဗိုလ်မှူးလို)ကြံ့ကြံ့ခံနိုင်ဖို့လိုပါတယ်။
အရေးကြီးဆုံးကအသက်ရှင်နေသ၍လောကဓံကိုအရှူံးမပေး၊လက်နက်မချဖို့ပဲမဟုတ်ပါလားခင်ဗျာ။